“နတ်ဘုရား မျက်လုံး”
နောက်တစ်စက္ကန့်တွင် စုကျဲက ဖြည်းညင်းစွာ အော်ဟစ်လိုက်ရာ သူ၏ ဘယ်ဘက်မျက်လုံးသည် အနီရောင် ရေဝဲတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
ရေဝဲမှတစ်ဆင့် စုကျဲ၏ ဓမ္မရုပ်ပုံလွှာကို ဝေဝါးဝါး မြင်တွေ့နိုင်သည်။ မိုးပျံတောင်ကြီး တစ်လုံးကဲ့သို့ ကြီးမား ခမ်းနားသော ဖရိုဖရဲ ဓမ္မရုပ်ပုံလွှာကြီး ဖြစ်ပြီး ကျောဘက်တွင် အတောင်ပံ တစ်စုံ ရှိကာ မျက်နှာမှာ ရေဝဲတစ်ခုတည်းဖြင့်သာ ဖွဲ့စည်းထားသည်။
ယခင်က စုကျဲအတွက် သူ၏ ဓမ္မရုပ်ပုံလွှာကို အသုံးပြုရန် အလွန် ခက်ခဲခဲ့သည်။ အကြောင်းမှာ သူ၏ မူလဝိညာဉ်မှာ နတ်ဘုရား ပေါင်းစည်းခြင်း အဆင့်တွင်သာ ရှိသေးသောကြောင့်ပင်။
မူလဝိညာဉ်ကို လက်နက် အဖြစ် ပြောင်းလဲကာ ရန်သူများကို တိုက်ခိုက်ရန် ဓမ္မရုပ်ပုံလွှာ ဖန်တီးခြင်းက ယန်နတ်ဘုရား အဆင့်ရှိ မူလဝိညာဉ်မှသာလျှင် လုပ်ဆောင်နိုင်သော အရာဖြစ်သည်။
ယန်နတ်ဘုရား ဆိုသည်မှာ တာအိုစင်မြင့် အဆင့် အထက်ရှိ ခရမ်းရောင်နန်းတော် ကျင့်ကြံသူများ၏ မူလဝိညာဉ် စံနှုန်း ဖြစ်သည်။ ခရမ်းရောင်နန်းတော် ကျင့်ကြံသူများသည် အနည်းငယ် သဘောထား ကွဲလွဲသည်နှင့် သူတို့၏ မူလဝိညာဉ် လက်နက်ဖြစ်သော ဓမ္မရုပ်ပုံလွှာကို ဆွဲထုတ်ကာ ရန်သူများကို ပြာကျသွားအောင် တိုက်ခိုက်လေ့ ရှိကြသည်။
စုကျဲက နောက်ဆုံးအကြိမ် သူ၏ ဓမ္မရုပ်ပုံလွှာကို အသုံးပြုခဲ့စဉ်က သူကိုယ်တိုင်လည်း ဓမ္မရုပ်ပုံလွှာ၏ ဖိအားကို မခံနိုင်သောကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
သို့သော် ယခုအခါ စုကျဲ၏ ဘယ်ဘက်မျက်လုံး အဓိက သွေးကြောဆုံမှတ်သည် ကမ္ဘာမြေ၏ ကောင်းကင်တာအို အရှိန်အဝါနှင့် မကြာခဏ ချိတ်ဆက်ကာ သူ၏ မူလဝိညာဉ်ကို သန့်စင်ပေးခဲ့သောကြောင့် စုကျဲ၏ မူလဝိညာဉ်မှာ အကြီးအကျယ် တိုးတက်လာခဲ့ပြီး ဓမ္မရုပ်ပုံလွှာကို အသုံးပြုရာတွင်လည်း ပိုမို ကျွမ်းကျင်လာစေခဲ့သည်။ ယခင်က စုကျဲ၏ ဓမ္မရုပ်ပုံလွှာ မူလဝိညာဉ်သည် တစ်ကြိမ်သာ တိုက်ခိုက်နိုင်သော်လည်း ယခုအခါ စုကျဲသည် သုံးကြိမ် ဆက်တိုက် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
ကမ္ဘာမြေရှိ အားနည်းသော ကောင်းကင်တာအိုသည် မူလဝိညာဉ် ကြီးထွားမှုအတွက် အလွန် အကျိုး ရှိလှသည်။ တာအိုစင်မြင့် အဆင့်သို့ ချိုးဖောက် ဝင်ရောက်ရန် တဖြည်းဖြည်းချင်း ကြိုးစားမှုများ အောက်တွင် စုကျဲ၏ မူလဝိညာဉ်သည်လည်း သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။
စုကျဲသည် တာအိုစင်မြင့် အဆင့်တွင် ရှိနေစဉ်မှာပင် သူ၏ မူလဝိညာဉ်ကို ယန်နတ်ဘုရား အဆင့်သို့ ကျင့်ကြံနိုင်လိမ့်မည်ဟု ခံစားနေရသည်။ ထိုအချိန်ရောက်လျှင် သူ၏ ဓမ္မရုပ်ပုံလွှာကို အသုံးပြုခြင်းသည် ထမင်းစား ရေသောက်သကဲ့သို့ လွယ်ကူသွားမည် ဖြစ်သည်။ တစ်စုံတစ်ယောက်ကို သူ မကြည့်ချင်ပါက သူ၏ ဖရိုဖရဲ ဓမ္မရုပ်ပုံလွှာကို တိုက်ရိုက် ဆွဲထုတ်ကာ အမှုန့်ကြိတ်ပစ်လိုက်မည် ဖြစ်သည်။
“တာအိုစင်မြင့် အဆင့်... ငါ ဒီအဆင့်ကို ရောက်တော့မယ် ဆိုတာတောင် မယုံနိုင်ဘူး”
စုကျဲ စကားပြောနေစဉ် သူ၏ နှုတ်ခမ်းထောင့်တွင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
တာအိုစင်မြင့် အဆင့်ဆိုသည်မှာ ရုပ်ခန္ဓာနှင့် မူလဝိညာဉ် နှစ်ခုစလုံးကို သန့်စင်ရန် လိုအပ်ပြီး အတွင်းအင်္ဂါ ငါးခု၏ အဆီအနှစ် စွမ်းအင်များက အဓိက သွေးကြောဆုံမှတ် ခုနစ်ခုကို ပြောင်းပြန် သန့်စင်ကာ မဟာတာအို မြစ်ကြီးကလည်း မူလဝိညာဉ်ကို သန့်စင်ပေးရလေသည်။ တာအိုစင်မြင့် အဆင့်တွင် လူ့ခန္ဓာကိုယ်၏ အဓိက သွေးကြောဆုံမှတ် ခုနစ်ခုနှင့် ကိုက်ညီသော အဆင့် ခုနစ်ဆင့် ရှိသည်။
စုကျဲ၏ ဘယ်ဘက်မျက်လုံး အဓိက သွေးကြောဆုံမှတ်သည် ပြီးပြည့်စုံအောင် ကျင့်ကြံပြီးဖြစ်ရာ သူသည် တာအိုစင်မြင့်၏ ပထမအဆင့် တံခါးဝသို့ ခြေတစ်လှမ်း လှမ်းဝင်နေပြီ ဖြစ်သည်။
စုကျဲတွင် တာအိုစင်မြင့် အဆင့်အတွက် ကျင့်ကြံမှု အခြေခံ ရှိနေပြီးသား ဖြစ်သည်။ သူ ယခုတိုင် ချိုးဖောက် မဝင်ရောက်သေးရခြင်းမှာ ကမ္ဘာမြေ၏ ပတ်ဝန်းကျင်က မသင့်တော်သောကြောင့်ပင်။
တာအိုစင်မြင့် အဆင့်သို့ ချိုးဖောက် ဝင်ရောက်ရန် ဝိညာဉ်စွမ်းအင် အမြောက်အမြား လိုအပ်ပြီး ချိုးဖောက် ဝင်ရောက်ခြင်း လုပ်ငန်းစဉ်သည်လည်း အချိန်မည်မျှ ကြာမည် မသိသောကြောင့် သီးသန့် ကျင့်ကြံနိုင်မည့် ပတ်ဝန်းကျင် တစ်ခုကို လိုအပ်သည်။ ထို့ကြောင့် စုကျဲသည် တာအိုစင်မြင့် အဆင့်သို့ တက်လှမ်းရန် ထျန်းယွမ် ကမ္ဘာသို့ သွားရန် စီစဉ်ထားသည်။
တွေးကြည့်လျှင် လွန်ခဲ့သော နှစ်အနည်းငယ်က စုကျဲသည် သရဲတောင်ကြား နန်းတော်၏ အဆင့်နိမ့် အင်းဆက်ဖမ်း တပည့် တစ်ယောက်မျှသာ ဖြစ်ခဲ့သော်လည်း ယခုအခါ သူသည် တာအိုစင်မြင့် အဆင့်ရှိ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာတော့မည် ဖြစ်သည်။
သရဲတောင်ကြား နန်းတော်၏ ဂိုဏ်းချုပ် ကျန်းကျွင်းဝေကလည်း တာအိုစင်မြင့် အဆင့် ကျင့်ကြံမှု၌သာ ရှိသေးရာ ယင်းက တာအိုစင်မြင့် အဆင့်သည် မည်မျှ တန်ဖိုးရှိကြောင်း ပြသနေသည်။
စုကျဲသည် တာအိုစင်မြင့် အဆင့်သို့ ချိုးဖောက် ဝင်ရောက်ရန် ပြင်ဆင်ရန် သာမက ထျန်းယွမ် ကမ္ဘာရှိ ကွမ်ချောင် နန်းဆောင်တွင် ပုံမှန် မဟုတ်သော လှုပ်ရှားမှုများ ရှိနေသောကြောင့် သရဲတောင်ကြား နန်းတော်၏ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားစု တစ်ခုအနေဖြင့် ဂိုဏ်းကို ပြန်လည် စောင့်ကြပ်ရန် ထျန်းယွမ် ကမ္ဘာသို့ ပြန်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် ထျန်းယွမ် ကမ္ဘာသို့ မပြန်မီ ကမ္ဘာမြေတွင် သူ့ကို စောင့်ကြိုနေသော အခမ်းအနား တစ်ခု ရှိနေသေးသည်။
………………….
ယနေ့သည် စုကျဲ၏ မွေးနေ့လည်း ဖြစ်သည်။
လာအိုနိုင်ငံ ၊ လောင်နမ်သမြို့။
ယနေ့တွင် လောင်နမ်သမြို့တစ်ခွင်တွင် မီးပုံးများ၊ တံခွန်ကုက္ကားများဖြင့် အလှဆင်ထားပြီး ကျဲခယ် ရိပ်သာလမ်းတွင် ကြီးကျယ်ခမ်းနားသော အခမ်းအနား တစ်ခုကို ကျင်းပနေသည်။
ဤအခမ်းအနားသို့ ထိုင်းမှ ဘုရင် ဖူးပွန်၊ မလေးရှား သမ္မတ ဒါတူဟောက်၊ အာသံမှ ဒိုင် အာဟုန်နှင့် အခြားသူများ တက်ရောက်ကြသည်။
အရှေ့တောင်အာရှတွင် မူလက နိုင်ငံ ၁၁ နိုင်ငံ ရှိသော်လည်း အင်ဒိုနီးရှားကို ကျဲခယ် အဖွဲ့က ဆူမန်နိုင်ငံ အဖြစ် ခွဲထုတ်လိုက်သောကြောင့် ယခုအခါ အရှေ့တောင်အာရှတွင် ၁၂ နိုင်ငံ ရှိလာပြီး အာသံပါ ပေါင်းလိုက်လျှင် စုစုပေါင်း နိုင်ငံ ၁၃ နိုင်ငံမှ အရေးကြီး ပုဂ္ဂိုလ်များ ဤအခမ်းအနားသို့ တက်ရောက်ကြခြင်း ဖြစ်သည်။
ထို့အပြင် ကျဲခယ် အဖွဲ့၏ မိတ်ဖက် နိုင်ငံများနှင့် ကျဲခယ် အဖွဲ့နှင့် ဆက်ဆံရေး ကောင်းမွန်သော လူပုဂ္ဂိုလ် အချို့ကိုလည်း ဤအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားပြီး ၎င်းကို တစ်ကမ္ဘာလုံးသို့ တိုက်ရိုက် ထုတ်လွှင့် ပြသလျက် ရှိသည်။
အခမ်းအနား၏ အဓိက ရည်ရွယ်ချက်မှာ စုကျဲ၏ မွေးနေ့ကို အခွင့်ကောင်းယူကာ အရှေ့တောင်အာရှကို အောင်မြင်စွာ ပေါင်းစည်းနိုင်ခဲ့သော ကျဲခယ် အဖွဲ့၏ သမိုင်းဝင် အောင်မြင်မှုကို အောင်ပွဲခံရန် သာမက ကျဲခယ် အဖွဲ့က အဖွဲ့အစည်း တစ်ခု တည်ထောင်တော့မည် ဖြစ်သောကြောင့် သူတို့၏ သစ္စာတော်ခံ နိုင်ငံခေါင်းဆောင်များကို စုစည်းရန်လည်း ဖြစ်သည်။
နံနက် ဆယ်နာရီ အချိန်တွင် စုကျဲနှင့် လျူယင်းယင်းတို့သည် အမိုးပွင့် အထူးကား တစ်စီးကို စီးနင်းကာ ကျဲခယ် ရိပ်သာလမ်း တစ်လျှောက် ဖြည်းညင်းစွာ မောင်းနှင်လာကြသည်။
အသစ် ဖောက်လုပ်ထားသော ကျဲခယ် ရိပ်သာလမ်းသည် ကျယ်ဝန်းပြီး သန့်ရှင်း သပ်ရပ်ကာ အလျား ၉ ဒသမ ၈ ကီလိုမီတာ၊ အနံ ၁၂၀ မီတာ ရှိပြီး အရှေ့ဘက် ချန်နန်ဂိတ်မှ အနောက်ဘက် ယွန်းထျန်းဂိတ် အထိ သွယ်တန်းနေကာ အလယ်တွင် ၄၃၈ မီတာ မြင့်သော ကျဲခယ် အဖွဲ့ ဌာနချုပ် အဆောက်အအုံ ရှိသည်။
ကျဲခယ် ရိပ်သာလမ်း တစ်ဖက်တစ်ချက်စီတွင် ပြည်သူ သန်းပေါင်းများစွာ စုရုံးနေကြပြီး နိုင်ငံတော် အလံများကို ဝှေ့ယမ်းကာ စည်ကား သိုက်မြိုက်သော အငွေ့အသက်ကို ဖန်တီးနေကြသည်။
စုကျဲ၏ အထူးကား ဖြတ်သန်းသွားသောအခါ လူအုပ်ကြီးသည် အပြာရောင် လှိုင်းလုံးကြီးများကဲ့သို့ လှုပ်ရှားသွားပြီး လူများက နိုင်ငံတော် အလံများကို ဝှေ့ယမ်းကာ သူတို့၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုများ ပြည့်နှက်နေပြီး အော်ဟစ်သံများက ကောင်းကင်သို့ ပဲ့တင်ထပ်နေသည်။ ဤအချိန်တွင် လူအားလုံးက ဘုံနာမည် တစ်ခုတည်းကိုသာ အော်ဟစ်နေကြသည်။
“စုကျဲ… စုကျဲ… စုကျဲ…”
တစ်ချိန်က သုတေသန အဖွဲ့အစည်း တစ်ခုသည် လာအိုနိုင်ငံတွင် စုကျဲအပေါ် ပြည်သူလူထု၏ ထောက်ခံမှု နှုန်းထားကို စစ်တမ်း ကောက်ယူခဲ့ဖူးသည်။ စစ်တမ်း ရလဒ်များ ထွက်လာပြီးနောက် သုတေသန အဖွဲ့အစည်းသည် အချက်အလက်များ မှားယွင်းနေသည်ဟုပင် သံသယ ဝင်ခဲ့ကြသည်။ အကြောင်းမှာ လာအိုနိုင်ငံတွင် စုကျဲ၏ ထောက်ခံမှု နှုန်းထားမှာ ၉၈ ဒသမ ၃ ရာခိုင်နှုန်း အထိ မြင့်မားနေသောကြောင့်ပင်။
လာအိုနိုင်ငံ ပြည်သူများက စုကျဲကို မည်မျှတောင် ချစ်ခင်ကြသလဲ။ သာမန် သစ်သီးစိုက် တောင်သူ တစ်ဦးက စုကျဲထံသို့ ပေးပို့သော စာတစ်စောင်တွင် ဤသို့ ရေးသားထားသည်။
“ကျွန်တော် နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ဆန္ဒ ပြည့်ဝသွားပြီး တန်ဖိုးကြီး စတော်ဘယ်ရီ မျိုးစိတ်သစ် တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါပြီ။ တပ်မှူးကြီး စုကျဲ အပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ လေးစား ချစ်ခင်မှုကို ပြသတဲ့ အနေနဲ့ ဒီမျိုးစိတ်သစ်ကို ‘စုကျဲ စတော်ဘယ်ရီ’လို့ နာမည်ပေးခွင့် ပြုဖို့ ရိုသေစွာ တောင်းပန်အပ်ပါတယ်”
ကျဲခယ် အဖွဲ့သည် နေ့စဉ် ထိုကဲ့သို့သော စာပေါင်း ထောင်နှင့်ချီ၍ လက်ခံရရှိနေပြီး အလုပ်သမားများ၊ လယ်သမားများ၊ စစ်သားများ၊ ပညာတတ်များ၊ အစိုးရ အရာရှိများနှင့် မူလတန်း ကျောင်းသားများ အပါအဝင် အသက်အရွယ်စုံ၊ အလုပ်အကိုင်စုံ၊ ကျားမ မရွေး ရေးသား ပေးပို့ကြခြင်း ဖြစ်သည်။
အချစ်စိတ်များဖြင့် လောင်ကျွမ်းနေသော မိန်းမပျိုလေးများက “တပ်မှူးကြီး စုကျဲမှာ ကလေးမရှိဘူးလို့ ကြားရတာက လာအိုနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်မကို ညဘက် အိပ်မပျော်အောင် ဖြစ်စေပါတယ်။ ဒါကြောင့် တပ်မှူးကြီး စုကျဲ... ကျွန်မ ရှင်နဲ့ ကလေးတစ်ယောက် ရချင်ပါတယ်။ ဒါက လာအိုနိုင်ငံသူ တစ်ယောက်ရဲ့ အရိုးရှင်းဆုံး ဆန္ဒလေးပါ” ဟု ရေးသားထားသော စာများမှာလည်း ဒုနှင့်ဒေးပင်…။
ကျန်ရှိသော စာအများစုမှာ စုကျဲအပေါ် သူတို့၏ ကျေးဇူးတင်မှုကို ဖော်ပြထားခြင်း ဖြစ်သည်။ စုကျဲသာ မရှိခဲ့လျှင် သူတို့၏ လာအိုနိုင်ငံသည် ပြိုကွဲ ပျက်စီးနေသော နေရာတစ်ခုသာ ဖြစ်နေဦးမည် ဖြစ်သည်။ စုကျဲ ရှိလာသောအခါ လာအိုနိုင်ငံသည် ပြန်လည် မွေးဖွားလာခဲ့ပြီး သူတို့သည် ကမ္ဘာ့အလယ်တွင် အမှန်တကယ် မားမားမတ်မတ် ရပ်နိုင်ခဲ့သည်။
ထို့ကြောင့် ပြည်သူအများ၏ စုကျဲအပေါ် ချစ်ခင်မှုကို နားလည်လွယ်ပေသည်။
တွေးကြည့်ပါ... သင့်နိုင်ငံသည် ဆယ်စုနှစ်များစွာကြာ ပြည်တွင်းစစ် ဖြစ်ပွားနေပြီး စစ်ဘုရင်များက နယ်မြေများကို ခွဲဝေ အုပ်ချုပ်ကာ ပြည်သူများ ဆင်းရဲမွဲတေပြီး လူဦးရေ၏ ၈၅ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုဖြင့် နေထိုင်ရကာ ငွေကြေးဖောင်းပွမှုက တစ်နေ့တခြား ဆိုးရွားလာနေသည် ဆိုပါစို့။
သင် ခရီးဝေး သွားသောအခါ လမ်းကြေး အကြိမ် တစ်ဒါဇင်ကျော် ပေးရသည်။ အကြောင်းမှာ စစ်ဘုရင် အသီးသီး၏ နယ်မြေများကို ဖြတ်သန်းသွားရခြင်းသည် မတူညီသော နိုင်ငံများကို ဖြတ်သန်းသွားရခြင်းနှင့် တူပြီး ငွေပေးရသောကြောင့်ပင်။
သင့်ကလေး ကျောင်းမနေနိုင်ဘူး။ ဝမ်းဝအောင် မစားရဘူး။ သင့်မိန်းမ ဆေးကုသမှု မခံယူနိုင်ဘူး။ ကိုယ်ဝန်ရှိနေချိန်မှာတောင် ရက်ပေါင်းများစွာ ဆက်တိုက် အလုပ်လုပ်နေရတယ်။
သင့်ဆွေမျိုးတွေက အချိန်မရွေး အသတ်ခံရနိုင်တယ်။ ဒဏ်ရာရနိုင်တယ်။ လူကုန်ကူးခံရနိုင်တယ်။
အသက်ရှင်သန်ဖို့အတွက် စစ်ဘုရင်တွေအတွက် ဘိန်းစိုက်ပေးရတယ်။ စစ်ဘုရင်တွေကို လူခွန် ပေးရတယ်။
အဲ့ဒီအချိန်မှာ ရုတ်တရက် လူတစ်ယောက်က ထွက်လာပြီး စစ်ဘုရင်တွေကို မောင်းထုတ်မယ်။ နိုင်ငံကို ပေါင်းစည်းမယ်။ ပြီးတော့ ဒီနိုင်ငံက ကလေးတွေ အားလုံး ကျောင်းတက်နိုင်ရမယ်။ နေ့တိုင်း ပေါင်မုန့်နဲ့ နွားနို့ စားရမယ်လို့ ပြောလာတယ်။
သင့်မိန်းမကို ကြမ်းတမ်းတဲ့ ကာယအလုပ်တွေ ဆက်မလုပ်ရတော့အောင် ၊ နေမကောင်းဖြစ်ရင် ဆရာဝန်ပြနိုင်အောင် လုပ်ပေးတယ်။
သင့်ကို ငွေပိုရှာနိုင်အောင်နဲ့ ဘိန်းစိုက်ဖို့ အသက်စွန့်စရာ မလိုတော့အောင် လုပ်ပေးတယ်။
ပြီးတော့ ကတိတွေ အားလုံးကို တည်တယ်။ သင့်နိုင်ငံကို ဝန်းရံနေတဲ့ မြေခွေးတွေနဲ့ ကျားတွေကို အနိုင်ယူဖို့ ဦးဆောင်တယ်။ အရှေ့တောင်အာရှ တစ်ခွင်လုံးကို တိုက်ခိုက် သိမ်းပိုက်တယ်။ ကမ္ဘာ့အရှင်သခင် ဖြစ်တဲ့ အမေရိကန်ကို တိုက်ရိုက် ထိပ်တိုက် ရင်ဆိုင်ပြီး ဒီနိုင်ငံ တစ်ခါမှ မရဖူးတဲ့ အမျိုးသား ဂုဏ်သိက္ခာကို တည်ဆောက်ပေးတယ်။
အဲဒီလို လူမျိုးကို ခေါင်းဆောင်ဖြစ်လာဖို့ သင် ထောက်ခံမလား ၊ ဆန့်ကျင်မလား…။
အဖြေက ရှင်းပေသည်။ ထောက်ခံရမည်ပေါ့။
ပြင်ပကမ္ဘာက ကျဲခယ် အဖွဲ့ကို အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်းလို့ ခေါ်ပြီး စုကျဲကို သွေးဆာနေတဲ့ မိစ္ဆာ၊ စစ်သွေးကြွ လို့ ခေါ်ရင်တောင် လာအိုနိုင်ငံ ပြည်သူတွေ၏ အမြင်မှာတော့ သူဟာ သူတို့ သေတဲ့ အထိ ထောက်ခံရမည့် ခေါင်းဆောင်ကောင်း တစ်ယောက်ပင်…။
***