နာရီအနည်းငယ် အကြာတွင် တောင်ပိုင်း မဟာမိတ်အဖွဲ့၏ အဓိက ဆွေးနွေးမှုများ ပြီးဆုံးသွားပြီး လူတိုင်း လူစုခွဲသွားကြသည်။ သို့သော် ကျဲခယ်အုပ်စု၏ ဝန်ထမ်းများမှလွဲ၍ အရှေ့တောင်အာရှ နိုင်ငံများမှ နိုင်ငံရေး ခေါင်းဆောင်များမှာ ခါးသီးသော မျက်နှာများဖြင့် ထွက်ခွာသွားကြသည်။
"အိန္ဒိယနိုင်ငံက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စာလွှာကို ပေးပို့လာပါပြီ။ သူတို့က ကျွန်မတို့နဲ့ ညှိနှိုင်းဖို့ ဆန္ဒ ရှိပြီး အရှေ့ပိုင်းခရိုင် ခြောက်ပြည်နယ်ကို စွန့်လွှတ်ဖို့ သဘောတူတဲ့အပြင် သီးသန့် လျော်ကြေးငွေ ပေးဖို့ကိုလည်း ကတိပြုထားပါတယ်။ သူတို့ မျှော်လင့်တာက ကျွန်မတို့ရဲ့ လူသိရှင်ကြား ကြေညာချက်မှာ သူတို့နဲ့ ပူးပေါင်းပြီး အရှေ့ပိုင်းခရိုင် ခြောက်ပြည်နယ်က လွတ်လပ်ရေးရတာ မဟုတ်ဘဲ ကျဲခယ်အုပ်စုနဲ့ အိန္ဒိယနိုင်ငံဆိုတဲ့ နိုင်ငံကြီးနှစ်ခုကြားက ကြားခံနယ်မြေ ဖြစ်တယ်လို့ ပြောပေးဖို့ပါပဲ။ ပြီးတော့ သူတို့ အိန္ဒိယနိုင်ငံက အာသံလူမျိုးတွေရဲ့ ဆန္ဒကို လေးစားတဲ့အတွက် အာသံကို ကူညီတည်ထောင်ပေးတာက အဓိက ရည်ရွယ်ချက် ဖြစ်တယ်လို့ ပြောပေးဖို့ တောင်းဆိုထားပါတယ်"
လူတိုင်း ထွက်သွားပြီးနောက် လျူယင်းယင်းသည် စုကျဲ၏ အနောက်သို့ ရောက်လာပြီး သူ၏ ပခုံးများကို နှိပ်နယ်ပေးရင်း အရေးကြီးသော ကိစ္စကို ပြောလိုက်သည်။
"အိန္ဒိယနိုင်ငံက ပျော့ကျသွားပြီ။ ဒါပေမယ့် မျက်နှာတော့ လိုချင်နေတုန်းပဲ။ သဘောတူလိုက်ပါ။ ငါတို့ အကျိုးအမြတ် ရနေသရွေ့ ဒါက လုံလောက်ပြီ"
စုကျဲက ရယ်မောလိုက်သည်။ ကျဲခယ်အုပ်စုသည် ယခုအခါ အရှေ့တောင်အာရှ တစ်ခွင်ကို လွှမ်းမိုးထားပြီး အမေရိကန်ပင်လျှင် သူတို့ကို ရန်မစရဲဘဲ စစ်တပ်များကို ရုပ်သိမ်းကာ ထွက်ခွာသွားခိုင်းခဲ့ရသည်။
ယခု ကျဲခယ်အုပ်စုနှင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေဆဲ တစ်ခုတည်းသော နိုင်ငံမှာ အိန္ဒိယနိုင်ငံသာ ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး အကြောက်တရားမှာ ကျဲခယ်အုပ်စုက သူတို့၏ သေနတ်ပြောင်းဝများကို လှည့်ကာ သူတို့အပေါ် အပြည့်အဝ အာရုံစိုက်လာမည်ကိုပင် ဖြစ်သည်။
ယခုအခါ စစ်သည်အင်အား သန်းပေါင်းများစွာ၊ လူဦးရေ သန်း ၆၀၀ နှင့် စတုရန်းကီလိုမီတာ ငါးသန်း နီးပါး ကျယ်ဝန်းသော နယ်မြေကို ပိုင်ဆိုင်ထားသည့် ကျဲခယ်အုပ်စုသည် အန္တရာယ်အများဆုံးနှင့် ကြောက်စရာ အကောင်းဆုံး အနေအထားတွင် ရှိနေသော ခြင်္သေ့ပျို တစ်ကောင်နှင့် တူနေသည်။ အရှေ့တောင်အာရှ နိုင်ငံများ၏ ကံကြမ္မာကို ကြည့်ပြီးနောက် ကျဲခယ်အုပ်စု၏ အစွယ်များက သူတို့ကို လာရောက် ကိုက်ခဲမည်ကို အိန္ဒိယနိုင်ငံက အလွန်ကြောက်ရွံ့နေကြောင်း သိသာလေသည်။
သူတို့သည် အရှေ့ပိုင်းခရိုင် ခြောက်ပြည်နယ်ကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။ အကယ်၍ သူတို့ကို ကျဲခယ်အုပ်စုက ထပ်မံ တိုက်ခိုက်မည်ဆိုပါက နောက်ထပ် နယ်မြေမည်မျှ ဆုံးရှုံးရမည် သို့မဟုတ် ကျဲခယ်အုပ်စု၏ အစာအိမ်ကို ပြည့်ဝစေရန် အသားမည်မျှ ဖြတ်ပေးရမည်ကို မည်သူက သိနိုင်မည်နည်း။
ယနေ့ပြုလုပ်သည့် စစ်ရေးပြပွဲတွင် ကျဲခယ်အုပ်စုက ၎င်း၏ စစ်ရေးအင်အားကို ကမ္ဘာသို့ ပြသလိုက်ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ အိန္ဒိယနိုင်ငံသည် အမှန်တရားကို အသိအမှတ် ပြုလိုက်ရသည်။ သူတို့၏ ခေတ်နောက်ကျနေသော စစ်တပ်နှင့် စစ်သားများ၏ အရည်အသွေးကြောင့် အရှေ့ပိုင်းခရိုင် ခြောက်ပြည်နယ်ကို ကျဲခယ်အုပ်စုထံမှ မည်သည့်အခါမျှ ပြန်လည် သိမ်းပိုက်နိုင်မည် မဟုတ်ပေ။
ယခုအခါ အမေရိကန်ကိုလည်း အားကိုး၍ မရတော့သဖြင့် သူတို့အတွက် အရှေ့ပြည်နယ် ခြောက်ပြည်နယ်ကို ရရန် အခွင့်အရေး ပို၍ပင် နည်းပါးသွားသည်။ နာကျင်မှုကို ကြာရှည် ခံစားနေမည့် အစား မြန်မြန် ပြီးဆုံးသွားခြင်းက ပိုကောင်းသည်။ ကျဲခယ်အုပ်စုက သူတို့ကို ပစ်မှတ်ထားပြီး အိန္ဒိယနိုင်ငံဘက်သို့ နယ်မြေ တိုးချဲ့လာမည်ကို စိုးရိမ်ရသဖြင့် အရှေ့ပိုင်းခရိုင် ခြောက်ပြည်နယ်ကို မြန်မြန် စွန့်လွှတ်လိုက်ခြင်းက ပိုကောင်းပေသည်။
"အမေရိကန်ကတော့ သူတို့ရဲ့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု သုံးခုကို ရုပ်သိမ်းသွားပြီ။ ဒီမှာ နှစ်ခုပဲ ကျန်တော့တယ်"
လျူယင်းယင်းက ဆက်ပြောသည်။ ကျဲခယ်အုပ်စုက အရှေ့တောင်အာရှတွင် ကြီးစိုးလာပြီဆိုသည့် အချက်ကို အသိအမှတ်ပြု လက်ခံလိုက်သော အမေရိကန်သည် ကျဲခယ်အုပ်စုနှင့် ဆက်လက် စစ်ခင်းရန် ဆန္ဒ မရှိတော့ကြောင်း သူမက ဆိုလိုခြင်း ဖြစ်သည်။
အကယ်၍ သူတို့သာ စစ်တိုက်ချင်ပါက ကျဲခယ်အုပ်စုက စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ကို ဝင်ရောက် စီးနင်းစဉ်ကတည်းက ရှေ့ထွက်လာသင့်သည်။ ထိုအချိန်က သူတို့ စစ်မစခဲ့ရာ ယခုလို အရှေ့တောင်အာရှ တစ်ခုလုံးကို သိမ်းပိုက်ပြီးစီးသွားသော ကျဲခယ်အုပ်စုကို ရင်ဆိုင်ရချိန်တွင်တော့ သေချာပေါက် စစ်စတင်မည် မဟုတ်တော့ချေ။
စစ်ပွဲမဖြစ်တော့သလို ကျဲခယ်အုပ်စုကလည်း သူတို့၏ ခြိမ်းခြောက်မှုကို မကြောက်ရွံ့သောကြောင့် ဤမျှကြီးမားသော ရေတပ်စုကြီးကို အလှပြရန်အတွက် ဆက်လက် ထားရှိမည် မဟုတ်ပေ။
လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုများသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားကို ထိန်းသိမ်းရန် လိုအပ်သည်။ ကျဲခယ်အုပ်စု အနီးတစ်ဝိုက်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းက အချိန်ကုန်၊ ငွေကုန်ပြီး အကျိုးအမြတ်လည်း မရှိချေ။
အမေရိကန်သည် ပထမဆုံး ရောက်လာစဉ်က အလွန် ဟန်ရေးပြခဲ့သော်လည်း ရောက်လာပြီးနောက် ကျဲခယ်အုပ်စုက အရှေ့တောင်အာရှ နိုင်ငံတစ်ခုပြီး တစ်ခုကို မျိုချနေသည်ကိုသာ လက်ပိုက်ကြည့်နေခဲ့ရပြီး နောက်ဆုံးတွင် အမြီးကုပ်ကာ အိမ်ပြန်ပြေးရတော့သည်။
"ငါက အမေရိကန်ရဲ့ သည်းခံနိုင်စွမ်းကို လျှော့တွက်မိသေးတယ်။ ဒီလို သည်းခံနိုင်စွမ်းကို သာမန်လူတွေ သင်ယူလို့ မရနိုင်ဘူး"
စုကျဲက ခေါင်းခါရင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
မူလက စုကျဲသည် အမေရိကန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန်၊ အမေရိကန်၏ နာမည်ကြီး လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စုများကို ပင်လယ်ပြင်တွင် အရှက်ခွဲရန်နှင့် ထို့နောက်မှ အရှေ့တောင်အာရှ နိုင်ငံများကို သိမ်းပိုက်ကာ သူ၏ နယ်မြေများ အဖြစ် သွတ်သွင်းရန် စီစဉ်ထားခဲ့သည်။
သို့သော်လည်း အမေရိကန်က အလွန် လျင်မြန်စွာ နောက်ဆုတ်ခဲ့သဖြင့် ကျဲခယ်အုပ်စုက လှုပ်ရှားရန်ပင် မလိုခဲ့ပေ။ အမေရိကန် ကိုယ်တိုင်က အရှေ့တောင်အာရှ၏ နယ်မြေထဲမှ မိမိသဘောဆန္ဒ အလျောက် ဆုတ်ခွာသွားခဲ့သည်။
မူလက စစ်တိုက်ပြီးမှ ရယူရမည့် အရာများကို ယခုအခါ စစ်မတိုက်ဘဲ ရရှိနိုင်ပြီ ဖြစ်သောကြောင့် ကျဲခယ်အုပ်စုသည် ပို၍ပင် စိတ်အေးသက်သာ ဖြစ်သွားပြီး အရှေ့တောင်အာရှ ဆိုသည့် အဆီတစ်ဝင်းဝင်း အသားတုံးကြီးကို ပျော်ရွှင်စွာ မျိုချလိုက်လေသည်။
"ဒါက အမှန်ပဲ။ အမေရိကန်က ဝင်ပါလိမ့်မယ်လို့ ကျွန်မ အကြိမ်ကြိမ် ထင်ခဲ့တာ။ စင်ကာပူကို သိမ်းတုန်းကရော၊ ချန်ဂီ ရေတပ်စခန်းကို သိမ်းပိုက်တုန်းကရော၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကို သိမ်းတုန်းကရော အမေရိကန်က တစ်ခါမှ ဝင်မစွက်ဖက်ခဲ့ဘူး"
လျူယင်းယင်းက မနေနိုင်ဘဲ ညည်းတွားလိုက်သည်။ ထိုအချိန်က သူမသည် အမေရိကန်နှင့် စစ်ပွဲ စတင်ပြီးနောက် အမျိုးသား စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများကို စစ်ကာလ စနစ်သို့ ပြောင်းလဲရန်နှင့် ထောက်ပံ့ပို့ဆောင်ရေး ပြဿနာ မရှိစေရန်အတွက် လာအိုနိုင်ငံတွင် စစ်ပစ္စည်းများကို တက်ကြွစွာ ပြင်ဆင်နေခဲ့သည်။
ရလဒ်အနေဖြင့် ပြင်ဆင်မှုများ တစ်ခုမှ အသုံးမဝင်ခဲ့ပေ။ အမေရိကန် ကိုယ်တိုင်က နောက်ဆုတ်ရန် ရွေးချယ်ခဲ့သည်။
"အမေရိကန်က လိမ္မာနေတော့ ငါတို့ ဒုက္ခသက်သာတာပေါ့"
စုကျဲက လျူယင်းယင်းကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး ပြောလိုက်သည်။ "ငါ ခဏလောက် ထွက်သွားရဦးမယ်။ ငါ့အတွက် ကိစ္စတွေကို အသေးစိတ် ဂရုစိုက်ပေးဖို့ မမေ့နဲ့နော်”
"အင်းပါ"
လျူယင်းယင်းသည် စုကျဲ၏ လက်သရမ်းမှုများကို ခံစားလိုက်ရပြီး စုကျဲက ထပ်မံ ထွက်သွားတော့မည်ကို သတိရသွားသောအခါ မနေနိုင်ဘဲ သူမ၏ နှုတ်ခမ်းနီနီလေးများကို သူ၏အပေါ် ဖိကပ်လိုက်သည်။
စိတ်ဆန္ဒများ ပြင်းပြလာသောအခါ သဘာဝကျစွာပင် ယစ်မူးဖွယ်ကောင်းသော တိုက်ပွဲညတစ်ည ဖြစ်လာပြီး လှိုင်းများ တက်လိုက် ကျလိုက်ဖြင့် အိပ်မပျော်သော ညတစ်ည ဖြစ်ခဲ့ရသည်။
တောင်ပိုင်း မဟာမိတ်အဖွဲ့ တည်ထောင်ခြင်းကို လူသိရှင်ကြား ကြေညာလိုက်သောအခါ ကမ္ဘာတစ်ဝန်းတွင် ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
တောင်ပိုင်းမဟာမိတ် အဖွဲ့သည် မည်သူကမျှ မည်သူ့ကိုမှ အမှန်တကယ် မနာခံဘဲ စီးပွားရေးအရသာ ချိတ်ဆက်ထားပြီး စစ်ရေးနှင့် နိုင်ငံရေးအရ လူတိုင်းက ကိုယ့်လမ်းကိုယ် လျှောက်ကာ နိုင်ငံအသီးသီးတွင် ကိုယ်ပိုင် လျှို့ဝှက် အစီအစဉ်များ ရှိနေသည့် ဥရောပသမဂ္ဂကဲ့သို့သော လျော့ရဲသည့် အဖွဲ့အစည်းများနှင့် မတူပေ။
တောင်ပိုင်း မဟာမိတ်အဖွဲ့၏ လမ်းညွှန်မူများနှင့် သဘောတူစာချုပ်များကို ကြည့်ပါက ဤအရာသည် စစ်ရေး မဟာမိတ်အဖွဲ့တစ်ခုနှင့် ပိုတူကြောင်း ထင်ရှားသည်။
စီးပွားရေးအရ နဂါးငွေကြေးက လုံးလုံးလျားလျား လွှမ်းမိုးထားပြီး ပေါင်းစပ် စစ်လက်နက်ပစ္စည်းများ၊ တောင်ပိုင်း မဟာမိတ် စစ်တပ်ဟု ခေါ်သည့် အရာနှင့် တောင်ပိုင်း မဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုင်စွဲထားသော ကြီးမားလှသည့် အာဏာများက ဤသည်မှာ ကြီးမားသော စစ်ရေး မဟာမိတ်အဖွဲ့ကြီး တစ်ခု ဖြစ်ကြောင်း ညွှန်ပြနေသည်။ ထို့အပြင် ကျဲခယ်အုပ်စု၏ အပြည့်အဝ ခေါင်းဆောင်မှုနှင့် ထိန်းချုပ်မှုအောက်တွင် လူတစ်ဦးတည်းက ဦးဆောင်သည့် အာဏာရှင်ဆန်ဆန် အင်အားကြီး အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။ ၎င်းကို စုကျဲ၏ ကိုယ်ပိုင် စစ်တပ်ဟုပင် ခေါ်ဆိုနိုင်သည်။
ကမ္ဘာ့နိုင်ငံ အများအပြားသည် တောင်ပိုင်းမဟာမိတ် အဖွဲ့ အတွက် အတော်လေး ခေါင်းကျိန်းနေရ၏။ ထိုအထဲတွင် အမေရိကန်သည် ခံရအခက်ဆုံး ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ကျဲခယ်အုပ်စုသည် သူတို့၏ နှာခေါင်းအောက်တွင် တစ်ဆင့်ပြီး တစ်ဆင့် ကြီးထွားလာခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
ကျဲခယ်အုပ်စုက အစပိုင်းတွင် စစ်ဘုရင်ငယ်လေး တစ်ဦးမျှသာ ဖြစ်စဉ်ကပင် အမေရိကန်က အာရုံစိုက်ပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
ထိုအချိန်က အမေရိကန်သည် ဤမျှ တိုတောင်းသော နှစ်အနည်းငယ်အတွင်း ကျဲခယ်အုပ်စုက စတုရန်း ကီလိုမီတာ ငါးသန်းနီးပါး ကျယ်ဝန်းသော နယ်မြေ၊ လူဦးရေ သန်း ၆၀၀၊ ပြည့်စုံသော ရေတပ်၊ ကြည်းတပ်၊ လေတပ်များနှင့် အင်အားကြီး နိုင်ငံတစ်ခု ဖြစ်လာလိမ့်မည်ဟု တွေးတောင် မတွေးမိခဲ့ချေ။
သို့သော် ယခုအခါ အမေရိကန်အတွက် နောင်တရရန် နောက်ကျသွားပြီ ဖြစ်သည်။ ယခု သူတို့သည် ကျဲခယ်အုပ်စု၏ လွှမ်းမိုးမှု ရှိနေသော အရှေ့တောင်အာရှ ပတ်ဝန်းကျင် ရေပြင်မှ သူတို့၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုများကို မျက်ရည်များဖြင့်သာ ရုပ်သိမ်းနိုင်တော့သည်။
အဘယ်ကြောင့်ဆိုသော် တောင်ပိုင်း မဟာမိတ်အဖွဲ့သည် ဥရောပနှင့် အာရှအကြားရှိ အရေးပါသော ပင်လယ်ရေကြောင်း လမ်းများကို လုံးလုံးလျားလျား ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။ ပစိဖိတ်သမုဒ္ဒရာ လမ်းကြောင်းကို မယူပါက ကျော်ဖြတ်ရန် နည်းလမ်း မရှိပေ။ ထိုသို့လုပ်မည် ဆိုပါက ခရီးစဉ် ကြာချိန်နှင့် သင်္ဘောစရိတ်များ လုံးဝ လက်ခံနိုင်စရာ မရှိလောက်အောင် တိုးလာမည် ဖြစ်သည်။
ထို့ကြောင့် သူတို့က တောင်ပိုင်း မဟာမိတ်အဖွဲ့နှင့် မဖြစ်မနေ ဆက်ဆံဖို့ လိုလေသည်။
သို့သော် တောင်ပိုင်း မဟာမိတ်အဖွဲ့ တည်ထောင်ကြောင်း ကြေညာပြီးပြီးချင်းမှာပင် ကျဲခယ်အုပ်စုက အနောက်နိုင်ငံများမှ သင်္ဘောကုမ္ပဏီများအတွက် ဈေးနှုန်းများ တိုးမြှင့်ကာ တူးမြောင်း ဖြတ်သန်းခများကို တိုးမြှင့်မည်ဟု ကြေညာခဲ့သည်။
အရှေ့တောင်အာရှ နိုင်ငံများသည် အနောက်နိုင်ငံများ၏ အဆင့်နိမ့် ကုန်ထုတ် လုပ်ငန်းများ အတွက် ကုန်ထုတ်လုပ်ရေးနှင့် တပ်ဆင်ရေး ဇုန်များလည်း ဖြစ်သည်။ Apple၊ Samsung နှင့် အခြားသော ကုမ္ပဏီများသည် အရှေ့တောင်အာရှ ဒေသတွင် စက်ရုံများ တည်ဆောက်ရန် ကြီးမားစွာ ရင်းနှီး မြှုပ်နှံထားကြသည်။
ယင်းတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ကဲ့သို့သော အဓိက နည်းပညာများ ပါဝင်သော စက်မှု လုပ်ငန်းများလည်း ပါဝင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဝေစု၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းခန့်က အရှေ့တောင်အာရှတွင် ရှိနေသည်။
တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်မှုလုပ်ငန်း ကွင်းဆက်၏ အဆင့်နိမ့် နေရာတွင်သာ ရှိသော်လည်း ဝေစုက ကြီးမားလှပြီး အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများလည်း ရှိသေးသည်။ ဥပမာအားဖြင့် စင်ကာပူသည် အဆင့်မြင့် လုပ်ငန်းများကို အာရုံစိုက် လုပ်ကိုင်သည်။ စင်ကာပူရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်မှုလုပ်ငန်းတွင် ကမ္ဘာလုံးဆိုင်ရာ ချစ်ပ် ထိပ်သီးကုမ္ပဏီကြီးများ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော် ရှိသည်။
မော်တော်ကား၊ မိုဘိုင်းဖုန်း၊ ချစ်ပ်နှင့် ကွန်ပျူတာများ ကဲ့သို့သော စက်မှုလုပ်ငန်းများသည် အရှေ့တောင်အာရှ၏ ဈေးပေါသော လုပ်အားနှင့် နှိုင်းယှဉ်ပါက ပြည့်စုံသော အခြေခံ အဆောက်အအုံများကြောင့် ဤနေရာတွင် စည်ပင်ဝပြောနေပြီး လုပ်အားအခြေပြု စက်မှုလုပ်ငန်းများအတွက် ရေပန်းစားသော နေရာတစ်ခု ဖြစ်လာခဲ့သည်။
တောင်ပိုင်း မဟာမိတ်အဖွဲ့ တည်ထောင်ပြီး မကြာမီတွင် အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများကို ပစ်မှတ်ထား၍ ကျဲခယ်အုပ်စုသည် ငွေပိုရှာရန် လူသတ်ဓားကို မြှောက်လျက် ကြီးမားသော ဒဏ်ကြေးများကို ပြတ်သားစွာ ချမှတ်ခဲ့သည်။ သူတို့သည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုက်နာမှု၊ အလုပ်သမားများအတွက် လုပ်အားခ တိုးမြှင့်မှုနှင့် အခွန်ပိုမို ကောက်ခံမှုတို့ကို လုပ်ခဲ့ကြ၏။
အနောက်နိုင်ငံများသည် ကျဲခယ်အုပ်စုအပေါ် အမြဲတမ်း ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားပြီး ကျဲခယ်အုပ်စု၏ ကဏ္ဍအသီးသီးကို ကန့်သတ်ထားကြောင်း သိထားရမည်။ ကျဲခယ်အုပ်စုက မှောင်ခိုကူးနိုင်သော်လည်း ဤအရာက စိတ်အနှောင့်အယှက် ဖြစ်စရာပင်…။
ယခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီ။ ကျဲခယ်အုပ်စုက အရှေ့တောင်အာရှကို ထိန်းချုပ်လိုက်ပြီ ဖြစ်သဖြင့် ၎င်းတို့သည် သူတို့၏ သဘောကျအတိုင်း လုပ်ဆောင်ရတော့မည်။
မင်းတို့က ငါတို့ ကျဲခယ်အုပ်စုကို ပိတ်ဆို့ အရေးယူနိုင်မှတော့ ငါကလည်း မင်းတို့ နိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူတာက ကျိုးကြောင်းဆီလျော်တယ် မဟုတ်ဘူးလား။
ဘာလဲ။ ကျဲခယ်အုပ်စုက ကုမ္ပဏီ မဟုတ်ဘူးလို့ ပြောချင်တာလား။ ကျဲခယ်အုပ်စုက အဲဒါကို လက်မခံဘူး။
ဒါက သာမန် ကုမ္ပဏီထက် နည်းနည်း ပိုကြီးတဲ့၊ စတုရန်း ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းတဲ့ နယ်မြေ၊ သန်းရာချီတဲ့ ဖောက်သည်တွေ၊ ကိုယ်ပိုင် ငွေကြေးနဲ့ ကိုယ်ပိုင် စစ်တပ်တွေ ရှိတဲ့ ကုမ္ပဏီ တစ်ခုဆိုတာ ရှင်းနေတာပဲ။ အဲဒါကို ဘယ်လိုလုပ် ကုမ္ပဏီလို့ မခေါ်နိုင်မှာလဲ။
အရှေ့အိန္ဒိယ ကုမ္ပဏီကိုလည်း ကုမ္ပဏီလို့ ခေါ်ခဲ့သလိုပဲလေ။
သို့သော် ကျဲခယ်အုပ်စုသည် သမိုင်းဝင် အရှေ့အိန္ဒိယ ကုမ္ပဏီထက် များစွာ ပိုမို အစွမ်းထက်သည်။ ၎င်းသည် လူ့သမိုင်းတွင် အင်အားအကြီးဆုံး ကုမ္ပဏီ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။
ကျဲခယ်အုပ်စု၏ ငွေညှစ်မှုကို ရင်ဆိုင်ရသောအခါ အနောက်နိုင်ငံမှ ကုမ္ပဏီများ အားလုံး ဒေါသကြောင့် စိမ်းဖန့်သွားကြပြီး ညည်းညူကာ အဆက်အသွယ်များ ရှာဖွေ၍ အခွန်ငွေတို့ လျှော့ပေါ့ ပေးရအောင် လုပ်ဖို့ ကြိုးစားခဲ့ကြသည်။
သို့သော် အသုံးမဝင်ပေ။ ကျဲခယ်အုပ်စုကတော့ တင်းမာနေဆဲ ဖြစ်ပြီး သူတို့ကို သိုးမွှေးရိတ်သလို တစ်လွှာချင်း ရိတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ အကယ်၍ သူတို့က အမေရိကန်ကို မကိုင်တွယ်နိုင်လျှင်တောင် စီးပွားရေး လုပ်ငန်းငယ်လေးများကိုတော့ သေချာပေါက် ကိုင်တွယ်နိုင်ရပေမည်။
အဆုံးတွင်တော့ အနောက်နိုင်ငံများမှ ကုမ္ပဏီများသည် ကျဲခယ်အဖွဲ့၏ အလိုကျအတိုင်း ဒဏ်ကြေးများကို နာခံစွာ ပေးဆောင်ခဲ့ရသည်။
မည်သို့ပင်ဆိုစေ သူတို့သည် အရှေ့တောင်အာရှတွင် စီးပွားရေးက ဆက်လုပ်ရဦးမည် မဟုတ်ပါလား။ အကယ်၍ သူတို့သာ အရှေ့တောင်အာရှမှ သူတို့၏ စက်ရုံများကို အမှန်တကယ် ရုပ်သိမ်းလိုက်ပါက လုပ်အားနှင့် အခြေခံအဆောက်အအုံများ ပေါများသော မြေကို ဘယ်မှာ သွားရှာမည်နည်း။
ထိုသို့သော နေရာများသည် ကမ္ဘာတစ်ဝန်းတွင် အလွယ်တကူ မရှိပေ။ သို့မဟုတ်ပါက ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီများသည် စက်ရုံများ ဖွင့်လှစ်ရန် အရှေ့တောင်အာရှသို့ အလုအယက် လာကြမည် မဟုတ်ချေ။
ကုန်ထုတ်လုပ်ငန်း ပြောင်းရွှေ့မှု လမ်းကြောင်းသည် သင့်လျော်သော ဒေသများတွင်သာ ဖွံ့ဖြိုးလာမည် ဖြစ်သောကြောင့် ကျဲခယ်အုပ်စုက ကြီးမားသော ဒဏ်ကြေးများကို ချမှတ်လျှင်ပင် သူတို့တွင် ရွေးချယ်စရာ မရှိပေ။
အကယ်၍ မင်းတို့သာ စက်ရုံတွေကို တကယ် ရုပ်သိမ်းသွားမယ်ဆိုရင် ကျဲခယ်အုပ်စုက မင်းတို့ရဲ့ ထုတ်ကုန်တွေကို သူ့ရဲ့ တူးမြောင်းကနေ ဖြတ်သန်းခွင့် ပိတ်ပင်ကြောင်း တိုက်ရိုက် ကြေညာနိုင်တယ်။ ကျဲခယ်အုပ်စုက နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို ပိတ်ဆို့ အရေးယူနိုင်တယ် ဆိုတာ သိထားသင့်တယ်။
အရှေ့တောင်အာရှ မြေကို ထိန်းချုပ်ထားသောကြောင့် သူတစ်ပါး၏ လည်ချောင်းကို ညှစ်ရသည့် ကိစ္စတွင် ကျဲခယ်အုပ်စုက ထိုမျှအထိ အင်အားကြီးမားပြီး အများကြီး သာလွန်နေလေသည်။
***