"—အပေါ်ကလူက အခု Blind Date လုပ်နေတာလား၊ အဆင်ပြေသွားရင်လည်း သိရအောင် ကျွန်တော့်အကြောင်းလေး အရင်ပြောပြပါရစေ အစ်မ... ကျွန်တော့်ကို ကြည့်ပါဦး၊ ကျွန်တော့်မှာ ဟိုင်ချန်နဲ့ ယန်ကျင်း နှစ်နေရာလုံးမှာ အိမ်ပိုင်ရှိပါတယ်၊ ကြိုက်တဲ့နေရာမှာ နေလို့ရတယ် ကျွန်တော့်မိသားစုကလည်း စီးပွားရေးလုပ်တာဆိုတော့ အတော်လေး ချမ်းသာပါတယ်..."
"အွန်လိုင်းပေါ်က ကံကြမ္မာက ကျွန်တော်တို့ကို ဆုံစည်းပေးခဲ့တာပဲ၊ ဒီအဆက်အသွယ်လေးကို တန်ဖိုးထားပါရစေ အစ်မတို့... ကျွန်တော့်ကို ကြည့်လိုက်ပါ၊ ကျွန်တော်က ချစ်စရာကောင်းတဲ့ ခွေးပေါက်လေးလိုရော၊ ကြောက်စရာကောင်းတဲ့ ဝံပုလွေလိုရော ပုံစံမျိုးစုံ ဖြစ်ပေးနိုင်ပါတယ်၊ အစ်မတို့ လိုချင်တာ အကုန်ရှိတယ်..."
......
မှတ်ချက်ပေးသည့် ကဏ္ဍမှာ ရုတ်တရက် လားရာပြောင်းလဲသွားတော့သည်။
မိုဟန်ကျီကို ဝေဖန်ရာမှ မင်ယွဲ့ကို လမ်းခွဲရန် တိုက်တွန်းသည့်အဆင့်၊ ထို့နောက်တွင်မူ မိမိကိုယ်ကိုယ် အိပ်ဖော်အဖြစ် ကမ်းလှမ်းသည့် အဆင့်အထိ ပွက်လောရိုက်သွားခဲ့သည်။
ရုံးခန်းထဲတွင် ထိုင်နေသော မိုဟန်ကျီ၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေတော့သည်။
"လက်ထောက်လင်... ဝင်ခဲ့စမ်း"
လက်ထောက်လင်သည် ဖရဲသီးခင်းထဲမှ ဖျံတစ်ကောင်ကဲ့သို့ အကောင့်သုံးခုကြားတွင် ကူးလူးပျံနှံ့နေခဲ့သူ ဖြစ်သည်။
သူသည် အလုပ်အကိုင် ကျင့်ဝတ်ရှိသူပီပီ အလွန်အမင်း ရယ်ချင်နေသော်လည်း အောင့်ထားလိုက်ရသည်။ သူဌေး ခေါ်သံကြားသည့်အခါ သူသည် ပြုံးစိစိဖြစ်နေသော နှုတ်ခမ်းကို အတင်းထိန်းချုပ်ကာ တံခါးဖွင့်၍ ဝင်သွားလိုက်၏။
"မစ္စတာမို... ခေါ်တာလားခင်ဗျ"
"ဒီမှာ လျှောက်ပြောနေတဲ့ အကောင့်တွေအကုန်လုံးကို ပိတ်ပစ်လိုက်စမ်း"
မိုဟန်ကျီသည် စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ခပ်ပြင်းပြင်း ခေါက်နေမိသည်။ သူ၏ စိတ်မအေးမှုကို ပြသနေခြင်းပင်။
"မစ္စတာမို... အဲဒါတွေက အပျော်သဘော နောက်ပြောင်နေကြတာပါ၊ အလေးအနက်မထားပါနဲ့ မစ္စတာမိုနဲ့ မင်ယွဲ့လေးကမှ တကယ့်အချစ် စစ်တွေပါဗျ"
ဟု လက်ထောက်လင်က အလျင်အမြန် ချော့မော့လိုက်သည်။
မိုဟန်ကျီသည် ဟောင်ဖျင်းနေကြသော ကလေးငယ်များကို ကြည့်ကာ မင်ယွဲ့က အလေးထားမည် မဟုတ်ကြောင်း သိသော်လည်း ဒေါသထွက်နေမိဆဲ ဖြစ်သည်။
လက်ထောက်လင်ကတော့ သက်ပြင်းသာ ချမိတော့သည်။ သူ၏ သူဌေးမှာ အင်တာနက် သိပ်သုံးလေ့မရှိသူဖြစ်ရာ ခေတ်ပေါ် ဟာသများနှင့် စကားပြောအဖွဲ့များ၏ သဘောသဘာဝကို အမှန်တကယ်ပင် နားမလည်ရှာပေ။
မိုဟန်ကျီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး ဖုန်းကို တင်းတင်းဆုပ်ကိုင် လိုက်သည်။
"တစ်ယောက်ယောက်ကို 'ဇနီး' လို့ ခေါ်တာ ထားပါဦး၊ အခုဟာက အမျိုးသမီးတစ်ယောက်ကို 'ခင်ပွန်း' လို့ ဘယ်လိုလုပ် ခေါ်နိုင်ရတာလဲ၊ ဒါက ယဉ်ကျေးမှုကို စော်ကားတာပဲ"
လက်ထောက်လင်သည် သူ၏ တွန့်ချိုးသွားသော မျက်ခုံးများနှင့် ထိန်းမရသော ပြုံးချင်စိတ်ကို ဖုံးကွယ်ရန် ခေါင်းကို ငုံ့ထားလိုက်ရသည်။
မစ္စတာမို သဝန်တိုလာလျှင် တစ်ရုံးလုံး ချဉ်စော်နံတော့မည် မဟုတ်ပါလား။
မင်ယွဲ့မှာမူ ထိုမှတ်ချက်များကို ဒေါသတကြီး ပြန်လည်ဖြေကြားနေသော မိုဟန်ကျီကို ကြည့်ကာ ပို၍ပင် ရယ်မောနေမိသည်။
ရှောင်ယွဲ့: "ဒီည ကျွန်မရဲ့ အိပ်ရာကို လာနွေးပေးဖို့ ဘယ်လိုလဲ"
ထို့နောက် သူမသည် မိုဟန်ကျီ၏ အကောင့်မှ တင်ထားသော (မင်းက ဒီလိုပုံစံမျိုးကို ကြိုက်တာလား၊ ငါကတော့ ၂၄ နာရီလုံး အဆင်သင့်ရှိနေပါတယ်) ဆိုသည့် မှတ်ချက်ကို တိုက်ရိုက် 'Forward' လုပ်လိုက်သည်။
အထူးအကြောင်းကြားချက် အသံမြည်လာသည်နှင့် မိုဟန်ကျီသည် မင်ယွဲ့၏ Weibo ပို့စ်ကို ချက်ချင်း မြင်လိုက်ရသည်။
လက်ထောက်လင်သည် ရုံးခန်းအတွင်းရှိ လေထုမှာ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသော်လည်း ဥက္ကဋ္ဌကြီးက သူ့ကို မေ့သွားပုံရသည်။
သူလည်း အတင်းအဖျင်းတွေကို ဆက်ဖတ်ချင်သေးသဖြင့် အပြင်ထွက်ခိုင်းရန်သာ မျှော်လင့်နေမိသည်။
"ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ... ချစ်ရတဲ့ ရှောင်ယွဲ့လေး"
ဤသို့ ပြန်လည်ရေးသားပြီးနောက်တွင်မူ မိုဟန်ကျီသည် စိတ်ကျေနပ်မှု အပြည့်ဖြင့် လန်းဆန်းသွားတော့သည်။ လက်ထောက်လင်မှာလည်း သူဌေး၏ ပျော်ရွှင်မှုကို အတိုင်းသား သိမြင်နေရသည်။
"မင်း ရှိနေသေးတာလား၊ အပြင်ထွက်ပြီး အလုပ်သွားလုပ်တော့"
မိုဟန်ကျီက လက်ကာပြလိုက်ရာ လက်ထောက်လင်သည် ချက်ချင်းပင် အပြင်သို့ ထွက်လာခဲ့ပြီး ဖုန်းကို ထုတ်ကြည့်လိုက် တော့သည်။
ရုံးခန်းအနီးတွင် ဝန်ထမ်းများ သွားလာနေသဖြင့် သူသည် အနားယူခန်းသို့ သွားလိုက်သည်။ သို့သော် အနားယူခန်းထဲတွင်လည်း ဝန်ထမ်းများမှာ ဤသတင်းကိုပင် စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရ၏။
"ဒီအတွဲကတော့ ငါတို့ကို အချိုတွေ ကျွေးပြန်ပြီ၊ တကယ့်ကို ပျော်စရာနေ့လေးပဲ"
"သူများတွေ အချစ်နယ်ကျွံနေတာကို ကြည့်ရတာ အချစ်ထက်တောင် ပိုချိုမြိန်သေးတယ်"
မိုဟန်ကျီသည် ဖုန်းကို ပျော်ရွှင်စွာ ကြည့်နေဆဲ ဖြစ်သည်။
"—ညီမတို့ရေ... မစ္စတာမို တင်တာကို ကြည့်ကြဦး၊ 'ချစ်ရတဲ့ ရှောင်ယွဲ့လေး' တဲ့၊ အဲဒါ ပန်းချီဆရာမလေးရဲ့ အကောင့်နာမည် မဟုတ်ဘူးလား"
"ဒါဆို ရှောင်ယွဲ့က မင်ယွဲ့လေးပေါ့၊ ငါကလည်း အတုံးလိုက် အတစ်လိုက်ပဲ... ဒါကိုတောင် မစဉ်းစားမိဘူး"
"ယန်ကျင်းတက္ကသိုလ်ကနေ ဘဏ္ဍာရေးနဲ့ နိုင်ငံခြားဘာသာစကား မဟာဘွဲ့ နှစ်ခုလုံးရထားတဲ့သူက ပန်းချီဆွဲတာ ဒီလောက် တော်လိမ့် မယ်လို့ ဘယ်သူထင်မှာလဲ"
"ဒီလောက် ငယ်ငယ်လေးနဲ့ နယ်ပယ်စုံမှာ ကျွမ်းကျင်နေတာ အံ့သြဖို့ကောင်းလိုက်တာ"
"—မင်းတို့ရဲ့ ချစ်ခြင်းတွေ ထာဝရ တည်မြဲပါစေ"
"အာ... မစ္စတာမိုက ငါ့ပို့စ်ကို 'Like' ပေးသွားတယ်၊ ငါ့ဘဝမှာ ဒီလောက် ကံကောင်းဖူးတာ ဒါပထမဆုံးပဲ၊ ဆုတောင် တစ်ခါမှ မပေါက်ဖူးဘူး၊ အရမ်းရင်ခုန်တာပဲ"
ဟု ပရိသတ်တစ်ဦးက အော်ဟစ်လိုက်သည်။
မိုဟန်ကျီသည် ထိုကံကောင်းသော ပရိသတ်ကို ငွေကျပ် (၁၀,၀၀၀) တန်ဖိုးရှိ ဆုတစ်ခုကို တိုက်ရိုက် ပေးအပ်လိုက်သည်။ ထိုအခါတွင်မူ မှတ်ချက်ပေးသည့် ကဏ္ဍမှာ ပိုမို ဆူညံသွားတော့သည်။
"မင်ယွဲ့လေးက တကယ်ကို မျက်စိပွင့်နားပွင့် ရှိတာပဲ၊ မစ္စတာမိုရဲ့ ခန္ဓာကိုယ်က တကယ်ကို မိုက်တယ်ဟ"
"ရှောင်ယွဲ့လေး... ကလေးက ဗိုက်ဆာနေပြီ၊ အစာကျွေးပါဦး"
မင်ယွဲ့မှာမူ ထိုမှတ်ချက်များကြောင့် မျက်နှာတွင် အစင်းကြောင်းများ ထင်သွားတော့သည်။
ရှောင်ယွဲ့: "ဒါ ငါ့အပိုင်ပဲ၊ နင်တို့ကို မပြနိုင်ဘူး"
မိုဟန်ကျီ: "ကျွန်တော်က မင်းရဲ့ တစ်ဦးတည်းသော သစ္စာရှိနောက်လိုက် ဖြစ်နေမှာပါ"
မိုဟန်ကျီ၏ စကားကြောင့် ဖန်သားပြင်ထက်တွင် အော်ဟစ်သံများနှင့် ကောင်းချီးပေးသံများ ပြည့်နှက်သွားသည်။
"မင်္ဂလာဆောင်ရင် ကျွန်တော့်ကို ဖိတ်ဖို့ မမေ့နဲ့ဦးနော်"
"ကျွန်တော် လူပျိုကြီးကတော့ ကြည့်ရင်းနဲ့ ငိုရမလို ရယ်ရမလိုပဲ၊ အမေကတော့ ကျွန်တော့်ကို အရူးထနေတယ် ထင်နေပြီ"
အွန်လိုင်းပေါ်မှ အပြန်အလှန် တုံ့ပြန်မှုများကြောင့် မိုဟန်ကျီ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ တားမရ ဆီးမရ ဖြစ်ပေါ်လာသည်။
သူသည် အလုပ်စားပွဲကို ချက်ချင်း သိမ်းဆည်းပြီး လက်ထောက်လင်ကို မှာကြားစရာရှိသည်များ မှာကာ အလုပ်မှ စောစော ပြန်ခဲ့တော့သည်။
လက်ထောက်လင်သည် အမျိုးသားတစ်ဦးပီပီ သူ၏ သူဌေး ဤမျှ အလောတကြီး ထွက်သွားရခြင်း အကြောင်းရင်းကို ကောင်းကောင်း နားလည်သည်။ ချစ်သူ၏ ချိုမြိန်သော စကားသံများကို မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။
အိမ်ပြန်ပြီး တစ်ယောက်ကိုတစ်ယောက် ဖက် တွယ်ထားချင်ကြသည်မှာ ဓမ္မတာပင်။
ရှင်းယောင်လုပ်ငန်းစု၏ PR ဌာနမှာလည်း အခြေအနေကို စောင့်ကြည့်ရင်း လူထု၏ သဘောထားမှာ သူတို့ဘက်တွင် ရှိနေသည်ကို သိရှိသွားသည်။ ထို့ကြောင့် ကုမ္ပဏီက ကံစမ်းမဲအစီအစဉ်တစ်ခုကို စတင်လိုက်သည်။
#လှပသောအချစ်များက_ကျွန်ုပ်တို့ကို_ဆုံစည်းပေးခဲ့သည်_ဘဝဆိုတာ_ခဏတာမို့_မင်းရဲ့_ကံပါသူနဲ့_ဆုံတွေ့ပါစေ#
ရှင်းယောင်းသည် ဤတစ်ကြိမ်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံလိုက်ပြီး မော်လ်ဒိုက်ကျွန်းသို့ နေစရိတ် စားစရိတ်ငြိမ်း ခရီးစဉ်များကို ဆုအဖြစ် ပေးအပ်ခဲ့သည်။
မိုဟန်ကျီ စတင် ချစ်သူရကတည်းက ရှင်းယောင်လုပ်ငန်းစု၏ Weibo အကောင့်မှာ ပိုမို တက်ကြွလာခဲ့သည်။ စင်စစ်တွင် ဤသည်မှာ ရှင်းယောင်းက ကြိုးပမ်းနေသည့် အပြောင်းအလဲတစ်ခု ဖြစ်သည်။
၎င်းသည် ပြည်သူများ၏ လိုအပ်ချက်နှင့်အညီ စတင်ခဲ့ပြီး လူမှုပတ်ဝန်းကျင် တိုးတက်မှုနှင့်အတူ ရင်ပေါင်တန်းခဲ့သော လုပ်ငန်းတစ်ခု ဖြစ်သည်။
ရှင်းယောင်းသည် ယခုအခါ မြင့်မြတ်လှသော စင်မြင့်ထက်တွင် ထိုင်နေသည့် ဘုရားတစ်ဆူကဲ့သို့ မဟုတ်ဘဲ ပြည်သူများထဲမှ ပေါက်ဖွားလာသော ပြည်သူ့လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လိုခြင်း ဖြစ်သည်။
မိုဟန်ကျီနှင့် မင်ယွဲ့တို့၏ ဆက်ဆံရေးကို အသုံးချကာ ရှင်းယောင်းသည် လူထုနှင့် ပိုမို နီးကပ်လာခဲ့သည်။
"ငါ ပေါက်ပြီ... ငါ ပေါက်ပြီ... ငါ့ရဲ့ အချစ်ကံဇာတ်လမ်းလည်း ပြောင်းလဲတော့မယ် ထင် တယ်"
"ငါလည်း ပေါက်တယ်ဟေ့၊ မဲမနှိုက်ခင် ဆယ်မိနစ်လောက် လက်ကို သေသေချာချာ ဆေးခဲ့တာ တကယ် အလုပ်ဖြစ်တယ်"
"ငါ ဘာလို့ မပေါက်ရတာလဲ၊ မနာလိုလိုက်တာ၊ မော်လ်ဒိုက်ကို သွားချင်လိုက်တာ"
ယခုအပိုင်းတွင် ခယ်ဟယ်၏ ရည်မှန်းချက်နှင့် မိုဟန်ကျီတို့ ဇနီးမောင်နှံ၏ အချိုမြိန်ဆုံး အချိန်များကို မြင်တွေ့ရပြီ ဖြစ်သည်။
***