"အဖိုးကြီးကျန်... ငါတို့ ပြောတာတွေ လွန်သွားပြီလား မသိဘူး"
ကျန်တီး၏ မိခင်သည် အပေါ်ထပ်သို့ တက်ကာ သမီးဖြစ်သူအား ကြည့်ရှုလိုသော်လည်း တစ်ဖက်တွင်မူ သူမ၏ သမီးကို အကြံအစည်ရှိသော လူများနှင့် မပတ်သက်စေလိုသည့် ဆန္ဒက ပြင်းပြနေသည်။
"တခြားနည်းလမ်း မရှိတော့ဘူးလေ ကလေးတွေဆိုတာ အခရာကျတဲ့ အချက်ကို ထောက်မပြရင် နားဝင်ကြတာ မဟုတ်ဘူး"
ဟု ကျန်အဖိုးကြီးက သက်ပြင်းချလျက် ဆိုသည်။
ထိုစဉ် ကျန်တီးသည် အဝတ်သေတ္တာကို ဆွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"မင်း... ရှောင်တီး၊ ဒါက ဘာသဘောလဲ ယောကျ်ားတစ်ယောက်အတွက်နဲ့ မိဘတွေကို စွန့်ခွာတော့မလို့လား"
ကျန်တီး၏ မိခင်မျက်နှာမှာ ခါးသက်သွားရသည်။ ဤမြင်ကွင်းမှာ သူမအတွက် ရင်းနှီးလွန်းလှသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ ထိုလူနှင့် လက်ထပ်ရန် ဇွတ်အတင်း လုပ်ခဲ့စဉ်ကလည်း သူမ၏ မိဘများက ဤမေးခွန်းကိုပင် မေးခဲ့ဖူးသည် မဟုတ်ပါလား။
"မေမေ... သမီး သူ့ကို ချစ်တယ် တခြားဘာကိုမှ ဂရုမစိုက်ဘူး"
ယခုအခါ သမီးဖြစ်သူက ထိုစကားကိုပင် သူမအား ပြန်လည် ပြောဆိုနေလေပြီ။
"ဝဋ်ပဲ ဒါတွေအားလုံးက ငါ့ဝဋ်တွေပဲ”
ကျန်တီး ထွက်ခွာသွားသည်ကို ကြည့်ရင်း အိမ်ထဲ၌ တရှုံ့ရှုံ့ ငိုရှိုက်သံများသာ ကျန်ရစ်ခဲ့တော့သည်။
"ခယ်ဟယ်... ကျွန်မကို မိဘတွေက အိမ်ပေါ်က နှင်ချလိုက်ပြီ လာကြိုပေးပါဦး"
ခယ်ဟယ်မှာ ရုတ်တရက်ဖြစ်သွားသော်လည်း အခွင့်အရေးဟု ယူဆကာ ချက်ချင်းပင် ကားမောင်း၍ ရောက်လာခဲ့သည်။
ကျန်တီးသည် လမ်းဘေး၌ ဆောင့်ကြောင့်လေး ထိုင်နေပြီး သူမ၏ ဘေးနားရှိ အဝတ်သေတ္တာကြီးမှာ သူမထက်ပင် ကြီးမားနေသကဲ့သို့ ထင်ရသည်။
"ကားပေါ်တက် ဘာတွေဖြစ်ကုန်တာလဲ မင်းဦးလေးနဲ့ အန်တီက ဒီလောက်အထိ ရက်စက်ရတာလား"
ခယ်ဟယ်၏ အသံမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော်လည်း ကျန်တီး၏ မျက်ဝန်းထဲတွင်မူ လှောင်ပြောင်ရိပ်များ ကိန်းအောင်းနေသည်။
သူမသည် ငယ်စဉ်ကတည်းက သူတစ်ပါးအိမ်၌ ခိုကပ်နေထိုင်ရသူပီပီ စိတ်ခံစားမှုများကို ဖတ်ရခြင်း၌ ကျွမ်းကျင်သူ ဖြစ်သည်။
သူမသည် 'လင်တိုက်ယွီ' ကဲ့သို့ပင် အထိမခံသော ဆူးများဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားသည့် ဖြူကောင်လေးတစ်ကောင်နှင့် တူလှသည်။
"ခယ်ဟယ်... ရှင် ကျွန်မကို တကယ်ချစ်ရဲ့လား"
ကျန်တီး၏ နက်မှောင်သော မျက်ဝန်းများက သူ့ကို စိုက်ကြည့်လိုက်သည့်အခါ ခယ်ဟယ်၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားရသည်။
"ရှောင်တီး... ကိုယ် မင်းကို ချစ်တာပေါ့ ဒီနေ့ ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား"
ဟု သူက ကားကို လမ်းဘေး၌ ရပ်ကာ အလွန်အမင်း ဂရုစိုက်ဟန် ပြလိုက်သည်။
ကျန်တီးမှာမူ ထိုဟန်ဆောင်မှုများကို ကြည့်ကာ ရင်ထဲ၌ ပျို့အန်ချင်စိတ်ကို အောင့်ထားရသည်။
"အနီးဆုံး ဟိုတယ်ကို မောင်းပါ"
"ကိုယ်က မင်းကို ဟိုတယ်မှာ ဘယ်လို ထားရက်မှာလဲ၊ ကိုယ့်အိမ်မှာပဲ လာနေပါလား"
ခယ်ဟယ်၏ ဟန်ဆောင်စကားကို ကျန်တီးက လှောင်ပြုံးဖြင့် တုံ့ပြန်လိုက်၏။
"မနက်ဖြန် ကိုယ်တို့ လက်ထပ်စာချုပ် သွားချုပ်ကြရအောင်လေ"
ခယ်ဟယ်၏ အပြုံးမှာ တောင့်တင်းသွားသည်။
သူက အတင်းအကျပ် ပြုံးလျက်
“ဒါက ကိုယ် အလိုချင်ဆုံး အရာပဲပေါ့"
ဟု ဖြေလိုက်သော်လည်း သူ၏ သွားများမှာ တင်းတင်းစေ့နေတော့သည်။
"ကျွန်မကို ကျန်မိသားစုက အမွေပြတ် စွန့်လွှတ်လိုက်ပြီ အဖေကလည်း သမီးအဖြစ်ကနေ ပယ်ထုတ်လိုက်သလို၊ အစ်ကိုကလည်း ညီမ မရှိတော့ဘူးလို့ ပြောလိုက်ပြီ"
ဟု ကျန်တီးက လုပ်ကြံပြောဆိုလိုက်သည့်အခါ ခယ်ဟယ်၏ မျက်နှာမှာ ချက်ချင်းပင် အရောင်ပြောင်းသွားတော့သည်။
"ဘာလို့လဲ မင်းအစ်ကိုက ဘာလို့ အဲဒီလို ပြောရတာလဲ"
သူ့ရှေ့မှ အမျိုးသားသည် ညီမဖြစ်သူ၏ နာကျင်မှုထက် သူမ၏ အစ်ကို (ကျန်ကျွင်း) နှင့် ပတ်သက်သော အနေအထားကို ပိုမို စိုးရိမ် နေသည်မှာ အထင်အရှားပင်။
"ရှင့်ရဲ့ အိပ်မက်တွေ ပျက်စီးသွားပြီ၊ စီနီယာ..."
ကျန်တီးက အေးစက်စွာ လှောင်ရယ်လိုက်သည်။
"ရှင် ကျွန်မအစ်ကိုကတစ်ဆင့် ဥက္ကဋ္ဌမိုနဲ့ နီးစပ်ဖို့ ကြိုးစားနေတာ မဟုတ်လား အခုတော့ အဲဒီလမ်းကြောင်းက ပိတ်သွားပြီ"
ခယ်ဟယ်၏ နှလုံးသားမှာ ဗုန်းဗုန်းလဲကျသွားရသည်။ သူက တစ်စုံတစ်ရာကို ရှင်းပြရန် ကြိုးစားသော်လည်း ကျန်တီးက နားမထောင်တော့ပေ။
"ကျွန်မ အခု ဒီစတီယာရင်ကို ဆွဲကွေ့လိုက်ရင် ရှင်နဲ့ကျွန်မ အတူတူ သေသွားမလား ကံကြမ္မာကိုပဲ ပုံအပ်လိုက်ကြမလား ရှင် အသက်ရှင်ခဲ့ရင် ရှင် လိမ်ညာခဲ့တာတွေကို ကျွန်မ ခွင့်လွှတ်ပေးမယ်"
ခယ်ဟယ်မှာ ထိတ်လန့်သွားကာ ဘရိတ်ကို နင်းရန် ပြင်လိုက်သည်။
"မောင်းစမ်း... ဆက်မောင်း မရပ်နဲ့”
ကျန်တီး၏ အမိန့်ပေးသံမှာ အေးစက်ပြတ်သားလှသည်။ အစဉ်အမြဲ နူးညံ့လှသော ယုန်ငယ်လေးသည် ယခုအခါတွင်မူ ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝေဒနာရှင်တစ်ဦးအလား ပြောင်းလဲသွားလေပြီ။
ခယ်ဟယ်မှာ နဖူးမှ ချွေးစက်များ စီးကျလာရင်း ဟိုတယ်သို့ ရောက်ရှိသည်အထိ တုန်တုန်ရင်ရင် ဖြင့် မောင်းနှင်ခဲ့ရတော့သည်။
သူသည် ကျန်တီးကို ဟိုတယ်အခန်းထဲအထိ ပို့ဆောင်ပေးပြီးနောက် ကားကို အမြန်ဆုံး မောင်းထွက်ခဲ့သည်။
"တောက်... ဘာတွေ ဖြစ်ကုန်တာလဲ"
သူ့အတွက်မူ အရာအားလုံးမှာ ကမောက်ကမ ဖြစ်ကုန်လေပြီ။
သူ၏ ပြင်းပြသော ရည်မှန်းချက်များမှာ ကျန်တီးဆိုသော မိန်းကလေး၏ လက်ထဲတွင် ကစားစရာသဖွယ် ဖြစ်နေရသည်ကို သူ မခံမရပ်နိုင် ဖြစ်နေတော့သည်။
ကျန်တီး၏ ပြောင်းလဲသွားသော စရိုက်က ခယ်ဟယ်ကို အတော်လေး ထိတ်လန့်သွားစေခဲ့ပါပြီ။
***