"အိမ်မှာ လက်ဖက်ခြောက်တွေ အများကြီး ရှိပါသေးတယ် ဘကြီးရဲ့ အားမနာပါနဲ့ ကျွန်မတို့ မိသားစုကို အမြဲစောင့်ရှောက်ပေးလို့လည်း ကျေးဇူးတင်ပါတယ်"
မင်ယွဲ့က ယဉ်ကျေးပျူငှာစွာ ဆိုလိုက်သော်လည်း ရွာလူကြီးကမူ မိမိအနေဖြင့် မင်ယွဲ့တို့မိသားစုကို ဘာတစ်ခုမျှ ထိထိရောက်ရောက် မကူညီနိုင်ခဲ့ကြောင်း ကောင်းကောင်းကြီး သိရှိနေသည်။
မင်ယွဲ့က သူတို့အပေါ် စေတနာထားသည်မှာ မှန်သော်လည်း သူမတို့မိသားစု ရွာတွင်အခြေချနေထိုင်စဉ်က ပိုမိုစောင့်ရှောက်ပေးနိုင်ခဲ့လျှင် ပိုကောင်းမည်ဟု သူတွေးတောမိသည်။
"ကောင်းပါပြီ... ဒါဆိုရင်တော့ ဘကြီး အားမနာတော့ဘူး နောက်နောင် တစ်ခုခုအကူအညီလိုရင်လည်း ပြောနော်၊ ဘကြီး တတ်နိုင်သလောက် သေချာပေါက် ကူညီပေးပါ့မယ်"
သူတို့နှစ်ဦး၏ စကားဝိုင်းမှာ အလွန်ပင် ပြေပြစ်ချောမွေ့လှသည်။
ရွာလူကြီးသည် မင်ယွဲ့ကို အလွန်သဘောကျမိသည်။ ပညာတတ်ဘွဲ့ရ လူငယ်အချို့တွင် တွေ့ရတတ်သည့် ထောင်လွှားသောအမူအရာမျိုး သူမထံတွင် အစအနပင် မရှိဘဲ အလွန်ပင် ရိုသေကိုင်းရှိုင်းလှပေသည်။
"ဘကြီး... ကျွန်မတို့ စက်ရုံဘက်ကို ခဏလောက် သွားကြည့်ကြမလား"
မင်ယွဲ့သည် ရွာတွင် လက်မှုပညာသုံး ကုန်ထုတ် စက်ရုံတစ်ခုကို တည်ထောင်ခဲ့သည်။
သူမသည် ပတ်ဝန်းကျင်ဒေသများမှ ဝါးများကို ဝယ်ယူစုဆောင်းပြီး ရွာသူရွာသားများက ထိုဝါးများဖြင့် ခြင်းတောင်းများ၊ စကာများနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။
သူမသည် အလုပ်ချိန်ကို တင်းကျပ်စွာ သတ်မှတ်ထားခြင်း မရှိပေ။ ရွာသူရွာသားများအနေဖြင့် မိမိတို့အိမ်သို့ ပစ္စည်းများယူဆောင်ကာ အားလပ်ချိန်တွင် လုပ်ကိုင်နိုင်ခွင့် ပေးထားသည်။
"ဘကြီး... စက်ရုံအတွက် အလုပ်သမားခေါ်တဲ့အခါ လူရွေးချယ်ရေးအပိုင်းကို ကူညီပေးပါဦးနော်"
မင်ယွဲ့၏ စကားအရ လီအောက်ရွာသားများကိုသာ ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ကြောင်း ရွာလူကြီး နားလည်လိုက်သဖြင့် မျက်နှာတွင် အပြုံးပန်းများ ဝေဆာသွားတော့သည်။
ရွာရှိ အမျိုးသားများသည် ဤကဲ့သို့သော လက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်ကြသူများဖြစ်ရာ အားလပ်ချိန်တွင် လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေကို ဖြည့်တင်းနိုင်မည်ဖြစ်သည်။
"လက်ရာကောင်းတဲ့သူတွေကိုတော့ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်မှာပါ သူတို့အတွက် သီးသန့်လေ့ကျင့်ရေးအစီအစဉ်တွေလည်း ထားရှိပေးမှာဖြစ်ပါတယ်"
ရွာသားများကို ကူညီရင်းနှင့်ပင် စီးပွားရေးအရ အမြတ်အစွန်းရရှိရန်မှာလည်း သဘာဝကျသောကိစ္စဖြစ်ကြောင်း မင်ယွဲ့ ဆိုလိုက်သည်။
သာမန်လက်မှုပစ္စည်းနှင့် အဆင့်မြင့် အနုပညာလက်ရာမြောက် လက်မှုထုတ်ကုန်များကြားတွင် ကွာခြားချက်ရှိနေဆဲပင် ဖြစ်သည်။
"နောက်ပြီးတော့ တစ်ချိန်ကျရင် မြို့ထဲမှာ ကစားစရာစက်ရုံတစ်ခုလည်း ဖွင့်ဖို့ ရှိပါတယ်"
သူမသည် မြို့ကြီးပြကြီးများမှ ကျွမ်းကျင်သော ကစားစရာဒီဇိုင်နာများကို ငှားရမ်းပြီး ရွာသူရွာသားများကို အလုပ်အကိုင် ပေးအပ်ရန် ရည်မှန်းထားသည်။
စက်ရုံနှစ်ခုလုံးသည် လီအောက်ရွာသားများကိုသာ အဓိက ဦးစားပေး ခန့်အပ်သွားမည် ဖြစ်သည်။
ဤအစီအစဉ်သည် ကျေးလက်ဒေသတွင် ကျန်ရစ်ခဲ့သော အမျိုးသား၊ အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်း ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး လူနေမှုဘဝကိုလည်း သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
မင်ယွဲ့၏ စီမံကိန်းများကို နားထောင်ရင်း ရွာလူကြီးသည် တောက်ပသော အနာဂတ်မြင်ကွင်းကို မျက်ဝါးထင်ထင် မြင်တွေ့နေရတော့သည်။
ပြီးခဲ့သည့် မြို့နယ်အဆင့် အစည်းအဝေးတွင်ပင် သူသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မျက်နှာပွင့်လန်းခဲ့ရသေးသည်။
အပြင်သို့ ရောက်ဖူးသူတိုင်း လီအောက်ရွာ၏ ကြီးမားသော ပြောင်းလဲမှုများကို သိရှိနေကြပြီဖြစ်သည်။
ထို့နောက် ရွာလူကြီးသည် မင်ယွဲ့ကို ကျောင်းသို့ လိုက်လံပြသသည်။ အချိန်ပိုဆင်း၍ လုပ်ဆောင်ခဲ့ကြသဖြင့် အဆောက်အအုံ၏ အပြင်ဘက်ပိုင်းမှာ ပြီးစီးနေပြီဖြစ်ကာ အတွင်းပိုင်း အလှဆင်ရန်သာ လိုတော့သည်။
"ဘကြီး... ကျွန်မတို့ ဆရာ၊ ဆရာမတွေ စခေါ်နေပါပြီ"
တည်ဆောက်ဆဲကျောင်းကြီးကို ကြည့်ရင်း မင်ယွဲ့သည် ငယ်စဉ်က ဖုန်ထူသော မြေကွင်းပြင်တွင် ကြိုးခုန်ကစားခဲ့သည့် မိမိကိုယ်မိမိ ပြန်လည်မြင်ယောင်မိသည်။
လီအောက်ရွာသည် သူမ၏ အမှတ်တရများဖြင့် ပြည့်နှက်နေသည်။ လူတို့သည် မိမိ၏ ဇာတိချက်မြေကို ခွဲခွာရန် အဘယ်ကြောင့် ခက်ခဲကြသည်ကို သူမ နားလည်နိုင်ပြီဖြစ်သည်။
မိမိကို မွေးဖွားသန့်စင်ပေးခဲ့သော ဤမြေဆီလွှာထက်တွင် ငယ်စဉ်ဘဝ၏ ခြေရာလက်ရာများမှာ နှံ့စပ်စွာ တည်ရှိနေဆဲပင်။
"အရင်က ဆရာကြီးတွေက အကုန်အနားယူတော့မှာ တကယ်လို့သာ တို့ရွာကျောင်းက အဆင့်မမြှင့်နိုင်ရင် နောင်ကျရင် သူငယ်တန်းကနေ လေးတန်းအထိပဲ ရှိတော့မှာ ငါးတန်းဆိုရင် ကလေးတွေက မြို့ကျောင်းမှာ သွားတက်ပြီး အဆောင်နေကြရတော့မှာလေ"
"အဲဒါက ကလေးတွေအတွက် သိပ်ငယ်လွန်းသေးတယ်"
အရွယ်မတိုင်မီ အဆောင်နေထိုင်ရခြင်းသည် ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် မကောင်းလှပေ။
"ဟုတ်တယ်၊ ဒါပေမဲ့ ဘာမှလုပ်လို့မရဘူးလေဆရာအသစ်တွေကလည်း မလာချင်ကြဘူး၊ အဟောင်းတွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ကုန်ကြပြီ ကလေးဦးရေကလည်း နည်းလာတော့ ကျောင်းက ပျက်လုပျက် ခင် ဖြစ်နေတာ"
ရွာလူကြီး၏ ရိုးသားစွာ ပြောပြချက်များက ရင်နာစရာ ကောင်းလှသည်။
"ဒါပေမဲ့ အခုတော့ အခြေအနေတွေ ကောင်းလာ ပြီပဲဥစ္စာ"
မင်ယွဲ့က ပြန်လည်နှစ်သိမ့်လိုက်သည်။
"ဟုတ်ပါရဲ့... ကျေးဇူးတင်လိုက်တာ ယွဲ့ယွဲ့ရယ်"
သူသည် မင်ယွဲ့ကို ကျေးဇူးတင်စကား မည်မျှပြောခဲ့ပြီးပြီလဲဆိုသည်ကိုပင် မမှတ်မိတော့ပေ။
"ဆရာ၊ ဆရာမခေါ်တဲ့အခါ ပုံမှန်လစာအပြင် ကျွန်မတို့ လီအောက်ရွာကနေ တစ်လကို ၂၀၀၀ ယွမ် အပိုဆောင်း ထောက်ပံ့ပေးသွားမှာပါ"
လျှောက်ထားသူ နည်းပါးရခြင်း၏ အကြောင်းရင်းတစ်ခုမှာ လစာနည်းပါးခြင်းကြောင့်လည်း ပါဝင်သည်။
အားလုံးက မြို့ပေါ်တွင် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ရန် ရုန်းကန်နေကြခြင်း ဖြစ်သည်။
ခရိုင်အဆင့် စာမေးပွဲမအောင်မြင်သူများပင်လျှင် ကျေးလက်ပညာရေးကို ခြေကုပ်စခန်းတစ်ခုအဖြစ်သာ အသုံးချလိုကြသည်။
မင်ယွဲ့သည် ဆရာ၊ ဆရာမများကို ဤနေရာတွင်ပင် မြဲမြံစေလိုသဖြင့် ငွေကြေးတိုက်ရိုက် ထောက်ပံ့ခြင်းမှာ အထိရောက်ဆုံး နည်းလမ်းတစ်ခုပင် ဖြစ်သည်။
ထို့အပြင် ယခုအခါ ဒေသခံ တက္ကသိုလ်ကျောင်းသားများလည်း ပေါများလာပြီဖြစ်ရာ လုံလောက်သော အခွင့်အရေးများ ပေးအပ်နိုင်လျှင် သူတို့အား ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။
ကျောင်းတည်ဆောက်မှုမှာ ယန်ကျင်းတက္ကသိုလ် ရှိ အဆောက်အအုံများကို ပုံစံတူယူ၍ ခေတ်မီစက်ကိရိယာများ ထည့်သွင်းထားသည်။
မူလက နှစ်အနည်းငယ်ပင် ခံတော့မည်မဟုတ်သော ဟောင်းနွမ်းစုတ်ပြတ်နေသည့် ကျောင်းလေးမှာ ယခုအခါ မြေပြင်မှ ထိုးထွက်လာသည့် သုံးထပ်စာသင်ဆောင်ကြီး၊ ပလတ်စတစ်ပြေးလမ်းကြီးနှင့် ဘောလုံးကွင်းတို့ဖြင့် ခမ်းနားထည်ဝါစွာ ပေါ်ထွက်လာတော့မည် ဖြစ်သည်။
ထို့အပြင် ဘတ်စကက်ဘောကွင်းနှင့် စာကြည့်တိုက်တို့လည်း ပါဝင်သေးသည်။
အကျယ်အဝန်းအားဖြင့် မကြီးမားလှသော်လည်း ပတ်ဝန်းကျင်ရှိ မူလတန်းကျောင်းများနှင့် ယှဉ်လျှင် အလွန်ပင် ပြည့်စုံလွန်းလှသည်။
"ဟိုဘက်ရွာက မိဘတွေတောင် သူတို့ကလေးတွေကို ဒီမှာ လာထားလို့ရမလားဆိုပြီး လာမေးနေကြပြီ"
ရွာလူကြီး၏ မျက်ဝန်းများတွင် ရွာ၏ တိုးတက်မှုအတွက် ကြည်နူးရိပ်များ ပြည့်လျှံနေသည်။
"ကျွန်မတို့ရွာက ကလေးတွေကို ဦးစားပေးပါမယ် နေရာပိုမှသာ တခြားသူတွေကို ခွင့်ပြုမှာပါ"
"မန်နေဂျာချုပ် မင်"
"မင်္ဂလာပါ မစ္စတာမင်”
မင်ယွဲ့နှင့် ရွာလူကြီးတို့ လမ်းလျှောက်နေစဉ် ကုမ္ပဏီမှ တာဝန်ပေးချက်အရ ရောက်ရှိနေသော ဝန်ထမ်းများနှင့် တိုးလေသည်။
"မင်္ဂလာပါ... ဒီမှာနေရတာ အဆင်ပြေကြရဲ့လား"
မင်ယွဲ့က ဂရုတစိုက် မေးမြန်းလိုက်သည်။
ဤသူများသည် မင်ယွဲ့ စေလွှတ်လိုက်သူများ ဖြစ်ကြောင်း ရွာလူကြီး သိထားသည်။
ယခုအခါ ဝန်ထမ်းများက မင်ယွဲ့အပေါ် ထားရှိသည့် ရိုသေလေးစားမှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရသဖြင့် မင်ယွဲ့သည် ယန်ကျင်းမြို့တွင် အမှန်တကယ်ပင် ဩဇာအာဏာကြီးမားသူဖြစ်ကြောင်း သူ ပိုမိုခံစားလိုက်ရသည်။
"အဆင်ပြေပါတယ် မစ္စတာမင်၊ ရွာသူရွာသားတွေကလည်း အလွန်ဖော်ရွေကြပါတယ်"
သူတို့မှာ လုပ်ဖော်ကိုင်ဖက် အများအပြား ရှိနေသဖြင့် ပျင်းရိစရာ မရှိပေ။
ပိတ်ရက်များတွင် ခရိုင်မြို့ထဲသို့ ကားမောင်းသွားကာ ကာရာအိုကေဆိုခြင်း၊ ဟော့ပေါ့စားခြင်းများ ပြုလုပ်နိုင်ကြသည်။
လစာမှာလည်း မနည်းလှသည့်အပြင် ဤနေရာရှိ ကုန်ကျစရိတ်မှာ ပေကျင်းထက် များစွာသက်သာလှသဖြင့် လီအောက်ရွာသည် ငွေစုရန် အလွန်ကောင်းသော နေရာဖြစ်သည်ဟုပင် သူတို့ တွေးတောနေကြသည်။
"အသားကျသွားအောင် နေကြပါ၊ လိုအပ်တာရှိရင် ကျွန်မဆီ တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်"
မင်ယွဲ့သည် အကျိုးအကြောင်းမသိသော သူတစ်ဦး မဟုတ်ပေ။
မိမိတွင် ငွေရှိရုံမျှဖြင့် အလုပ်သမားများကို ခေါင်းပုံဖြတ်မည့်သူ မဟုတ်သည်မှာ အသေအချာပင်။
"သူတို့အားလုံးက မင်းရဲ့ကုမ္ပဏီကပဲလား" ဟု ရွာလူကြီးက မေးသည်။
"ဟုတ်ကဲ့... ယန်ကျင်းကုမ္ပဏီကနေ စေလွှတ် လိုက်တာပါ"
"ယွဲ့ယွဲ့ရယ်... မင်းကတော့ တကယ့်ကို အံ့ဩစရာပဲ"
ရွာလူကြီးသည် သူမကို ချီးမွမ်းရန် စကားလုံးများစွာ စဉ်းစားသော်လည်း အဆုံးတွင်
"တကယ့်ကို အံ့ဩစရာပဲ"
ဟူသော စကားကိုသာ ထပ်တလဲလဲ ဆိုနေတော့သည်။
မင်ယွဲ့သည် အလုပ်တွင် လျင်မြန်သွက်လက်သူဖြစ်ရာ 'ပန်ဒါထုတ်ကုန်များ' အမည်ရှိ ဝါးလက်မှုစက်ရုံကို ချက်ချင်းပင် မှတ်ပုံတင်ဖွင့်လှစ် လိုက်သည်။
စက်ရုံ၏ အမှတ်တံဆိပ်မှာ ရွှေဒင်္ဂါးပုံစံဖြစ်ပြီး စက်ရုံမန်နေဂျာအဖြစ် သူမ၏ ဦးလေးဖြစ်သူကို ခန့်အပ်လိုက်သည်။
ဦးလေးမင်မှာ ကျွမ်းကျင်မှုရှိပြီး စိတ်ရှည်သည်းခံတတ်သူဖြစ်ရာ ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဟု သူမ ယုံကြည်လေသည်။
***