ခယ်ကျင့်နှင့် ခယ်ဝင်တို့ မောင်နှမနှစ်ဦး၏ မျက်ဝန်းများမှာ မျှော်လင့်ချက်များဖြင့် တောက်ပသွားကြသည်။
"ကောင်းပြီလေ"
မင်ယွဲ့က အေးဆေးစွာပင် သဘောတူလိုက် သည်။
သူမအတွက်မူ ငြိမ်သက်နေသော ပစ်မှတ်များသည် စိန်ခေါ်မှုတစ်ရပ် မဟုတ်တော့ပေ။ ပိုမိုကျယ်ဝန်းသော ကွင်းပြင်သို့ ရောက်ရှိလာသည့်အခါ မြားပစ်နည်းပြဖြစ်သူကလည်း မြားတစ်စင်းကို ကောက်ကိုင်လိုက်သည်။
"ကျွန်တော့်အနေနဲ့ မမလေးနဲ့ ပညာချင်း ဖလှယ် ခွင့်ရမလားခင်ဗျာ"
ဤနေရာတွင် အလုပ်လုပ်ကိုင်နေစဉ်အတွင်း သူတွေ့ဆုံရသော ဖောက်သည်အများစုမှာ အပျော်တမ်းကစားသူများသာ ဖြစ်ကြရာ ယခုကဲ့သို့ ကျွမ်းကျင်မှု မြင့်မားသူတစ်ဦးနှင့် ဆုံတွေ့ရသည့်အခါ သူ၏ ပညာရပ်ကို ထုတ်ဖော်ပြသလိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မင်ယွဲ့ကလည်း မငြင်းပယ်ခဲ့ပေ။
ခယ်ကျင့်နှင့် ခယ်ဝင်တို့မှာမူ ဘေးသို့ အလိုအလျောက် ဖယ်ပေးလိုက်ကြပြီး နောက်ခံလူများအဖြစ်သာ ကြည့်ရှုနေကြတော့သည်။
စတင်စဉ်ကာလတွင် နည်းပြနှင့် မင်ယွဲ့တို့မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယှဉ်နိုင်စွမ်းရှိသော်လည်း ရွေ့လျားပစ်မှတ်၏ အရှိန်မှာ တစ်စထက်တစ်စ မြန်ဆန်လာသည့်အခါတွင်မူ သူတို့နှစ်ဦးကြားရှိ ကွာဟချက်မှာ ထင်ရှားစွာ ပေါ်လွင်လာတော့သည်။
မင်ယွဲ့သည် ရွေ့လျားနေသော ပစ်မှတ်၏ တည်နေရာနှင့် လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်သကဲ့သို့ပင်။ မည်မျှပင် ထင်မှတ်မထားသော အရှိန်မျိုးဖြင့် လာပါစေ သူမကမူ တစ်ချက်တည်းဖြင့် ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိသည်။
မင်ယွဲ့၏ အာရုံခံစားမှုများသည် သာမန်လူတို့ထက် များစွာ သာလွန်လှသည်။
သူမသည် စနစ်၏ ဟင်းလင်းပြင်ထဲတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သူဖြစ်ရာ မြားကို ကျည်တောက်ထဲမှ ထုတ်ယူပြီးသည်နှင့် အချိန်ဆွဲခြင်းမရှိဘဲ တန်း၍ ပစ်လွှတ်လိုက်ရုံသာ။
ဘေးမှ ကြည့်နေသူများအဖို့မူ သူမသည် ပစ်မှတ်ကိုပင် သေချာချိန်ရွယ်ခြင်း မရှိဘဲ ပစ်နေသကဲ့သို့ ထင်မှတ်ရသည်။
အမှန်စင်စစ်တွင်မူ သူမ၏ စိတ်အာရုံထဲတွင် ပစ်မှတ်ကို ချိန်ရွယ်ပြီးသား ဖြစ်နေကာ လက်ကို မြှောက်လိုက်ရုံဖြင့် တိကျပြတ်သားစွာ ထိမှန်သွားခြင်းပင် ဖြစ်သည်။
"မစ္စမင်... ကျွန်တော် ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်"
ဂိမ်းအဆုံးတွင် နည်းပြမှာ ပူအိုက်ခြင်းကြောင့် မဟုတ်ဘဲ စိတ်လှုပ်ရှားလွန်းသဖြင့် ချွေးများပင် ပြန်နေတော့သည်။
ဤသည်မှာ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
သူ ရှုံးနိမ့်သွားသော်လည်း ဤမျှ တော်သူနှင့် ယှဉ်ပြိုင်ခွင့်ရခြင်းမှာ ထိုက်တန်သည်ဟု ခံစားမိသည်။ နည်းပြက သူတို့ သုံးဦးအား အကူအညီ မလိုတော့ကြောင်း သိသဖြင့် ထွက်ခွာသွားခဲ့သည်။
ခယ်ဝင်သည် မင်ယွဲ့ထံမှ နည်းစနစ်များကို စိတ်အားထက်သန်စွာ မေးမြန်းရာ မင်ယွဲ့ကလည်း သူမ၏ အသိပညာများကို လက်တွန့်ခြင်းမရှိဘဲ မျှဝေပေးခဲ့သည်။
"နောက်နောင်ကျရင် မစ္စမင်နဲ့ ဆက်ဆံရေး ကောင်းအောင် တည်ဆောက်ထားရမယ်နော်၊ နားလည်လား"
မင်ယွဲ့၏ ကားလေး ထွက်ခွာသွားသည်ကို ကြည့်ရင်း ခယ်ကျင့်က ညီမဖြစ်သူအား မှာကြားလိုက်ခြင်း ဖြစ်သည်။
"သိပါတယ် ကိုကိုရယ် ကျွန်မ စီးပွားရေးသမားတွေရဲ့ အမြတ်အစွန်းတစ်ခုတည်းကိုပဲ ကြည့်တဲ့ စိတ်ဓာတ်ကို အမုန်းဆုံးပဲ ကိုကို မပြောရင်တောင် သူမနဲ့ ကျွန်မ သူငယ်ချင်း ဖြစ်ချင်တာ သူမကို တကယ် သဘောကျမိတယ်"
ခယ်ဝင်က နှုတ်ခမ်းလေး စူကာ ပြောလိုက်သည်။
အပြင်လူများရှေ့တွင် ခန့်ညားတည်ငြိမ်လှသော သူမမှာ ယခုမူ ကလေးတစ်ယောက်ကဲ့သို့ပင်။ ခယ်ကျင့်က သူမ၏ နဖူးလေးကို လက်ညှိုးဖြင့် ချစ်စနိုး တွန်းလိုက်သည်။
မင်ယွဲ့သည် တစ်ဖန် ပြန်လည် အလုပ်ရှုပ်လာပြန်သည်။ သူမနှင့် မိုဟန်ကျီတို့သည် ညနေခင်းအချိန်များကိုသာ အတူတူ ကုန်ဆုံးဖြစ်ကြသည်။ နိုးထလာသည့်အခါတွင်မူ မိမိတို့၏ ကိုယ်ပိုင်အလုပ်များကို အသီးသီး လုပ်ဆောင်ကြပြန်သည်။
နာမည်ကျော်များ စုဝေးရာ ဂါလာပွဲတွင် မင်းသမီး ကျန်ယင်းဟောက်၏ ဝတ်စုံမှာ အမှန်တကယ်ပင် တောက်ပလှပလွန်းလှသဖြင့် လူပြောအများဆုံး ဖြစ်ခဲ့သည်။
မင်ယွဲ့သည် ပျင်းရိတတ်သူဖြစ်ရာ ဒီဇိုင်နာအမည်နှင့် အမှတ်တံဆိပ်အမည် နှစ်ခုလုံးကို "M" ဟုသာ အလွယ်တကူ သုံးထားသည်။
ကျန်ကျွင်းမှတစ်ဆင့် မင်ယွဲ့ထံသို့ ကိုယ်ပိုင်အော်ဒါများ ရောက်ရှိလာခဲ့သော်လည်း သူမသည် အလုပ်များနေသဖြင့် လက်မခံခဲ့ပေ။
ယခုအခါ မင်ယွဲ့သည် မာစတာဘွဲ့ ယူရန် နီးကပ်လာပြီဖြစ်သဖြင့် ဘွဲ့လွန်ကျမ်း အတွက် စတင်ပြင်ဆင်ရတော့မည်ဖြစ်သည်။ သုတေသန ခေါင်းစဉ်ရွေးချယ်ခြင်း၊ အချက်အလက်များ စုဆောင်းခြင်းနှင့် ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခြင်းများဖြင့် သူမ၏ နေ့ရက်များမှာ အလွန်ပင် အလုပ်ရှုပ်နေတော့သည်။
အချိန်တွေက ကုန်လွန်သွားသည်မှာ မြန်ဆန်လှသဖြင့် သူမ စိတ်ထဲတွင် များစွာ ခံစားမိရသည်။
ပါမောက္ခရန်က မင်ယွဲ့အား ဘွဲ့ရပြီးသား ကျောင်းသားဟောင်းများနှင့် မိတ်ဆက်ပေးကာ လိုအပ်သည်ရှိလျှင် အချိန်မရွေး ဆက်သွယ် နိုင်ကြောင်း ပြောကြားခဲ့သည်။
"ယန်ကြီး... မင်းရဲ့ ကျောင်းသူကို အခုချက်ချင်း ခေါ်လာခဲ့စမ်း"
မင်ယွဲ့နှင့် ပါမောက္ခယန်တို့ ကျမ်းအကြောင်း ဆွေးနွေးနေစဉ် ကျောင်းအုပ်ကြီးထံမှ ရုတ်တရက် ဖုန်းဝင်လာခြင်းဖြစ်သည်။
ပါမောက္ခယန်၏ လက်ရှိ အကျော်ကြားဆုံး ကျောင်းသူမှာ မင်ယွဲ့ပင် ဖြစ်သည်။
ကျောင်းအုပ်ကြီး ဘာကြောင့် ဤမျှ အသည်းအသန် ခေါ်နေရသည်ကို မသိသော်လည်း သူ မင်ယွဲ့ကို ခေါ်ဆောင်သွားခဲ့သည်။ ကျောင်းအုပ်ကြီးကိုယ်တိုင် ကားတံခါးကို ဖွင့်ပေးကာ သူတို့ နှစ်ဦးကို တင်ဆောင်သွားခဲ့သည်။
"အကျဉ်းချုပ် ရှင်းပြမယ် အခု နိုင်ငံတကာ ချစ်ကြည်ရေးခရီးစဉ်မှာ ဘာသာပြန်တစ်ယောက် မတော်တဆဖြစ်သွားလို့ လိုနေတယ် နိုင်ငံခြားရေးဝန်ကြီးဌာနက အစားထိုးဖို့ ရှာနေတာ အဲဒီလူက ဘာသာစကားမျိုးစုံ ကျွမ်းကျင်ရမယ့်အပြင် ဧည့်သည်နဲ့အတူ အမြဲ လိုက်ပါနိုင်ရမယ် သူတို့က မင်ယွဲ့ကို အကြံပြုထားကြတယ်"
မင်ယွဲ့သည် ယခင်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပါဝင်ကူညီခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်တွင် သူမကို ချက်ချင်းပင် သတိရသွားကြခြင်းဖြစ်သည်။
"မင်ယွဲ့... စိတ်မလှုပ်ရှားနဲ့နော် ဒါက ရုပ်သံမှာလည်း ပြမှာဆိုတော့ အကောင်းဆုံး ပြင်ဆင်ထားပါ"
ပါမောက္ခယန်ကလည်း သူမအတွက် စိုးရိမ်ပေးရှာသည်။ မိမိကျောင်းသူမှာ ဘာသာစကား ကျွမ်းကျင်သည်ကို သိသော်လည်း မီဒီယာများရှေ့တွင် ရောက်ရှိမည်ဖြစ်ရာ သူ အနည်းငယ် စိတ်ပူနေခြင်းဖြစ်သည်။
"ကျောင်းအုပ်ကြီး... ကျွန်မ နားလည်ပါပြီ"
မင်ယွဲ့သည် မည်သည့် ပညာရပ်ကိုမျှ လျစ်လျူမရှုခဲ့ပေ။ လေ့လာသင်ယူခြင်းသည် အမြဲတမ်း အကျိုးရှိသည်ဟု သူမ ယုံကြည်သည်။
တစ်နေ့နေ့တွင် ရွှေဒင်္ဂါးများ ရုတ်တရက် ပျောက်ကွယ်သွားလျှင်ပင် သူမတွင် မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်းနှင့် ချမ်းသာကြွယ်ဝမှုများကို ပြန်လည် တည်ဆောက်နိုင်စွမ်း ရှိရမည် ဖြစ်သည်။
ကျောင်းအုပ်ကြီးနှင့် ပါမောက္ခယန်တို့သည် မင်ယွဲ့ကို သွားရောက်ပို့ဆောင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက စောင့်ကြိုနေကြသည်။
သူတို့က ကျောင်းအုပ်ကြီးနှင့် ပါမောက္ခကို နှုတ်ဆက်ကာ မင်ယွဲ့ကို အထဲသို့ ခေါ်ဆောင်သွားတော့သည်။ အထဲတွင်မူ အခြေအတင် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။
"မင်ယွဲ့... အဲဒါ G နိုင်ငံရဲ့ ဝန်ကြီးချုပ်ပဲ မင်းက သူနဲ့အတူ ယာယီ ဘာသာပြန်အဖြစ် လိုက်ပေးရမယ်"
ဝန်ကြီးချုပ်သည် အင်္ဂလိပ်ဘာသာစကားကို နားလည်သော်လည်း အခြားသော နိုင်ငံစုံစကားများကိုမူ နားမလည်ဘဲ မျက်မှောင်ကြုတ်နေလေသည်။
ထိုစဉ် သူ့နောက်ကွယ်မှ အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပြီး လိုအပ်သော ဘာသာပြန်မှုများကို ချက်ချင်း ကူညီပေးလိုက်သည်။
သူ လှည့်ကြည့်လိုက်သည့်အခါတွင်မူ ငယ်ရွယ်သော အမျိုးသမီးလေးတစ်ဦးကို တွေ့လိုက်ရသည်။
"မင်္ဂလာပါ... ကျွန်မက အခုကစပြီး ရှင့်ရဲ့ ကိုယ်ပိုင် ဘာသာပြန်ပါ"
နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မင်ယွဲ့အနေဖြင့် နိုင်ငံအသီးသီးမှ အာဏာရှိသူများကြားတွင် တည်ငြိမ်ရင့်ကျက်စွာဖြင့် ပြေပြေပြစ်ပြစ် ဆက်ဆံနိုင်သည်ကို တွေ့ရသည့်အခါ အလွန်ပင် ချီးကျူးမိကြသည်။
"နှမြောစရာပဲ၊ သူမက ဘာလို့ ဝန်ကြီးဌာနကို ဝင်ဖို့ မလိုလားရတာလဲမသိဘူး"
"သူမက လိုအပ်တဲ့အချိန်မှာ ကူညီမယ်လို့ ပြောထားတာပဲ ကျေနပ်ရမှာပေါ့"
ထို့နောက်တွင်မူ မင်ယွဲ့၏ တောက်ပသော အချိန်များ ဖြစ်လာခဲ့သည်။
ဘာသာပြန်များထဲတွင် မင်ယွဲ့ကဲ့သို့ ငယ်ရွယ်သူများမှာ သူမလောက် ဘာသာစကား မစုံကြဘဲ ဘာသာစကား စုံလင်သူများမှာလည်း သူမထက် အသက်အရွယ် များစွာ ကြီးရင့်ကြသူများသာ ဖြစ်သည်။
တီဗီမှ ကြည့်ရှုနေကြသော လူများမှာလည်း အံ့အားသင့်နေကြသည်။
"— အဲဒါ ဥက္ကဋ္ဌကတော် မဟုတ်လား"
ရှင်းယောင်းလုပ်ငန်းစုမှ ဝန်ထမ်းတစ်ဦးသည် အလုပ်လုပ်ရင်း တီဗီကို ခိုးကြည့်မိရာမှ ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရခြင်းဖြစ်သည်။ သေသေချာချာ ကြည့်လိုက်သည့်အခါတွင်မူ ဥက္ကဋ္ဌကတော်ကြီး ဖြစ်နေသည်ကို သိလိုက်ရသည်။
"အကြီးမရေ... ဒီကို လာကြည့်ဦး ဒီကလေးမက ငါတို့ ယွဲ့ယွဲ့နဲ့ အတော်တူတာပဲ"
မင်ယွဲ့၏ အဘိုးဖြစ်သူသည် သတင်းများ ကြည့်ရသည်ကို ဝါသနာပါသူဖြစ်သည်။
ယခုအခါ နိုင်ငံစုံ ချစ်ကြည်ရေး သတင်းများကို ကြည့်နေရင်း မြေးမလေးနှင့် တူလွန်းသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရခြင်း ဖြစ်သည်။
"ဒါ ယွဲ့ယွဲ့ပဲ ဖြစ်ရမယ် မျက်ခုံးမျက်လုံးတွေက တစ်ပုံစံတည်းပဲ"
မင်ယွဲ့၏ အဒေါ်ဖြစ်သူက တီဗီနားသို့ တိုးကြည့်ကာ အံ့ဩတကြီး ဆိုလိုက်သည်။
သူမသည် မင်ယွဲ့၏ မိဘများကိုပါ ချက်ချင်း ဖုန်းဆက်ခေါ်လိုက်တော့သည်။ လူအားလုံး စုမိသွားသည့်အခါ ထိုသူမှာ မင်ယွဲ့ ဟုတ်၊ မဟုတ် အငြင်းပွားနေကြသည်။
ရွာလူကြီးမှာလည်း ချက်ချင်း ရောက်ရှိလာခဲ့သည်။
"ယွဲ့ယွဲ့ကတော့ ငါတို့ရွာအတွက် တကယ်ကို ဂုဏ်ယူစရာပဲ”
"သေတော့ မသေချာသေးပါဘူး"
မင်ယွဲ့၏ ဖခင်မှာ မျှော်လင့်ချက် ကြီးသွားမည်ကို စိုးရိမ်နေသည်။
ယခင်က မင်ယွဲ့မှာ စာတော်ပြီး ငွေရှိသည်ဟုသာ သူတို့ သိထားသော်လည်း လူကြီးသူမများ၏ အမြင်တွင် တီဗီထဲသို့ ပါလာခြင်းမှာ အဆင့်အတန်း တစ်ခုပင် ဖြစ်သည်။
၎င်းမှာ သာမန် တီဗီအစီအစဉ် မဟုတ်ဘဲ အစိုးရ အရာရှိကြီးများနှင့်အတူ ပါလာခြင်း ဖြစ်ရာ အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။
***