"တကယ်ကို ထူးချွန်တဲ့သူပဲ"
ဟု အရပ်ရှည်ရှည်နှင့် အမျိုးသားကြီးက အနည်းငယ် ဝဲနေသော အင်္ဂလိပ်စကားဖြင့် ချီးကျူးစကားဆိုသည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်"
မင်ယွဲ့သည် ထိုသူက သူမအား တရုတ်စကားဖြင့်ပါ ကြိုးစား၍ ချီးမွမ်းပြောဆိုသည့်အတွက် အတိုင်းထက်အလွန် ဝမ်းမြောက်မိသည်။
"တွေ့ရတာ ဝမ်းသာပါတယ် အလှလေး"
ထိုသူသည် ယဉ်ကျေးပျူငှာစွာ လက်ကမ်းပေးလာသဖြင့် သူတို့နှစ်ဦး ခေတ္တမျှ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
သူသည် လူကြီးလူကောင်းဆန်လှသဖြင့် မကြာမီမှာပင် တင်းမာမှုများ လျော့ကျသွားခဲ့သည်။
"နောက်တစ်ကြိမ် ပြန်ဆုံခွင့်ရဖို့ မျှော်လင့်ပါတယ် ကျွန်တော်တို့နိုင်ငံကိုလည်း လာရောက်
လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်"
နောက်ဆုံးတွင် အလုပ်များအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
မင်ယွဲ့သည် အိမ်သို့ပြန်ကာ ရေမိုးချိုးပြီးနောက် ကုတင်ပေါ်သို့ ချက်ချင်းပင် လှဲချကာ အိပ်စက် အနားယူလိုက်တော့သည်။
မိုဟန်ကျီ ပြန်ရောက်လာသည့်အခါ အိမ်ထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့ရသည်။ ပုံမှန်ဆိုလျှင် မင်ယွဲ့မှာ အိမ်သို့ ရောက်နှင့်နေပြီ ဖြစ်သည်။
သူသည် အိပ်ခန်းတံခါးကို အသာအယာ တွန်းဖွင့်ကြည့်လိုက်သောအခါ စောင်ပုံထဲတွင် ငြိမ်သက်စွာ ခွေယောင်းအိပ်စက်နေသော မိန်းမပျိုလေးကို တွေ့လိုက်ရသည်။
သူမ နိုးမသွားစေရန် တံခါးကို ဂရုတစိုက် ပြန်ပိတ်လိုက်ပြီးနောက် မီးဖိုချောင်သို့ဝင်ကာ ညစာအတွက် ချက်ပြုတ်ပြင်ဆင်နေတော့သည်။
မင်ယွဲ့ နိုးလာသည့်အခါတွင်မူ သူမ၏ ခန္ဓာကိုယ်၌ အားအင်များ ပြန်လည်ပြည့်ဖြိုးလာခဲ့သည်။ အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားရသဖြင့် မိုဟန်ကျီ ပြန်ရောက်နေပြီဖြစ်ကြောင်း သူမ သိလိုက်သည်။
အိမ်တွင်းစီးဖိနပ်လေးများကို စီးကာ အပြင်သို့ ထွက်လာသည့်အခါ မီးဖိုချောင်တွင် အလုပ်ရှုပ်နေသော အမျိုးသားကို မြင်တွေ့လိုက်ရသည်။
"နိုးပြီလား... ညစာက မကြာခင် အဆင်သင့် ဖြစ်တော့မှာ ထိုင်စောင့်နေလိုက်ဦး"
မိုဟန်ကျီသည် လက်ဆေးထားကာစ ဖြစ်၍ လက်များ စိုစွတ်နေသဖြင့် သူမကို မကိုင်တွယ်သော်လည်း ခါးကိုကိုင်းကာ မင်ယွဲ့ကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
ထို့နောက်မှ မီးဖိုချောင်ထဲသို့ ပြန်ဝင်ကာ ဟင်းပွဲများကို ပြင်ဆင်လေတော့သည်။ ယွမ်ပေါ့မှာမူ ထိုင်ခုံပေါ်သို့ ကြိုတင်ခုန်တက်ကာ စားရန် အသင့်စောင့်နေချေပြီ။
မိုဟန်ကျီသည် မိသားစုနှင့်အတူ ရှိနေရသော ဤခံစားချက်ကို အလွန်နှစ်သက်သည်။
တိတ်ဆိတ်စွာ ထမင်းလက်ဆုံစားရုံမျှဖြင့်ပင် သူ့အတွက် ပြည့်စုံလွန်းလှသည်။ မော့ကြည့်လိုက်တိုင်း မင်ယွဲ့၏ မျက်နှာလေးကို မြင်တွေ့ရခြင်းက သူ၏ နှလုံးသားကို ပိုမိုလှုပ်ခတ်စေသည်။
အမှန်တကယ် ချစ်ရသူတစ်ဦးကို မည်သို့လျှင် ငြီးငွေ့နိုင်ပါမည်နည်း။
တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမိုချစ်မြတ်နိုးလာကာ ဘဝအဆုံးတိုင်အောင် အကန့်အသတ်မရှိသော အချစ်များဖြင့်သာ ဝန်းရံထားချင်မိတော့သည်။
"ဒီနှစ် တရုတ်နှစ်သစ်ကူးကျရင် မင်းရဲ့ ဖေဖေနဲ့ မေမေကို ပေကျင်းကို ဖိတ်လိုက်ရမလား"
ညဘက် ကုတင်ပေါ်တွင် လဲလျောင်းနေစဉ် မိုဟန်ကျီက မင်ယွဲ့ကို ရင်ခွင်ထဲ ထည့်ထားရင်း မေးလိုက်ခြင်းဖြစ်သည်။
သူသည် မင်ယွဲ့၏ မိဘများကို မိမိ၏ မိဘရင်းကဲ့သို့ပင် သတ်မှတ်ထားပြီး ဖြစ်သည်။ မင်ယွဲ့ကမူ စိတ်ထဲမရှိသော်လည်း သူမ၏ မိဘများမှာမူ အလွန်အမင်း ပျော်ရွှင်ကြလိမ့်မည် မဟုတ် ကြောင်း သိနေသည်။
"ရွာမှာဆိုရင် နှစ်သစ်ကူးကာလမှာ ဘိုးဘွားတွေကို ကန်တော့တာတို့၊ ဘုရားကျောင်း သွားတာတို့ ရှိတယ်လေ သူတို့က ရွာမှာပဲ နေချင်ကြလိမ့်မယ် ထင်တယ်"
မိုဟန်ကျီသည်လည်း ဒေသအလိုက် ရိုးရာဓလေ့များကို အလေးထားတတ်ကြောင်း သိသဖြင့် အတန်ကြာ စဉ်းစားပြီးနောက် ပြန်ပြောသည်။
"ဒါဆိုရင် နှစ်သစ်မကူးခင် ခဏလာနေခိုင်းပြီးမှ နှစ်သစ်ကူးဖို့ ရွာကို ပြန်ကြတာပေါ့"
"ကျွန်မ သူတို့ကို မေးကြည့်ပါ့မယ်"
မင်ယွဲ့ ဖုန်းခေါ်ရန် ပြင်နေစဉ်မှာပင် အိမ်မှ ဖုန်းဝင်လာခဲ့သည်။
"ဖေဖေ... ကျွန်မ ဖုန်းခေါ်မလို့ လုပ်နေတာနဲ့ အတော်ပဲ ဘာကိစ္စရှိလို့လဲဟင်"
မင်ယွဲ့သည် ကိုယ်ကို အနည်းငယ် မတ်လိုက် သည်။
မိုဟန်ကျီကလည်း သူမ မှီနိုင်ရန် သူ၏ ရင်ခွင်ကို ပြင်ပေးထားသည်။
"မင်းအဘိုးက ဒီနေ့ တီဗီထဲမှာ နင့်ကို မြင်လိုက် တယ်ဆိုလို့ ငါလည်း သွားကြည့်တာ... တကယ်ကို နင်နဲ့ တူလွန်းလို့ပါ"
မင်ယွဲ့သည် သူတို့က ဤအကြောင်းကို ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဖေဖေရယ်... အဲဒါ ကျွန်မပါပဲ။ဍ ကိုယ့်သမီးကိုယ်တောင် မမှတ်မိတော့ဘူးလား"
ဟု ရယ်မောကာ ပြန်ပြောလိုက်သည်။
"ယွဲ့ယွဲ့လေး... တကယ် နင်ပဲလား ငါ့သမီးကို ငါ မှတ်မိသားပဲလို့ ပြောသားပဲ”
ဟု သူမ၏ မိခင်ဖြစ်သူ အော်ပြောသံကိုပါ ကြားလိုက်ရသည်။
မိသားစုဝင်များ အချင်းချင်း အခြေအနေများ မေးမြန်းပြီးနောက် မင်ယွဲ့က မိုဟန်ကျီ၏ ဖိတ်ကြားချက်ကို ပြောပြလိုက်သည်။
"ဖေဖေတို့... ဟန်ကျီက နှစ်သစ်မကူးခင် ယန် ကျင်းကို လာလည်ဖို့ ဖိတ်နေတယ် လာချင်ကြလားဟင်"
သူမသည် မိဘများမှာ အသက်အရွယ် ရလာပြီဖြစ်၍ ပတ်ဝန်းကျင်သစ်သို့ မရွှေ့ပြောင်းလိုကြသည်ကို သိသဖြင့် ယန်ကျင်းတွင် အိမ်ရှိသော်လည်း အတင်းအကျပ် လာနေရန် မတိုက်တွန်းခဲ့ပေ။
သူမသည် သူတို့၏ ဆန္ဒအတိုင်းသာ ထားရှိပြီး တတ်နိုင်သမျှ အကောင်းဆုံးသော ဘဝကိုသာ ဖန်တီးပေးထားသည်။
"ဖေဖေနဲ့ မေမေ တိုင်ပင်ကြည့်ဦးမယ် ပြီးမှ ပြန်ပြောမယ်လေ"
ဟု မင်ဖခင်က တုံ့ဆိုင်းစွာ ပြောသည်။
ဖုန်းချပြီးနောက် မင်ယွဲ့သည် နောက်ကျောဘက်မှ နွေးထွေးမှုကို ခံစားလိုက်ရသည်။ အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်ဖြစ်ကြောင်း လှည့်ကြည့် ရန်ပင် မလိုဘဲ သူမ သိနေသည်။
"ဒီနေ့ ယွဲ့ယွဲ့ တကယ်ကို တော်ခဲ့တာပဲ”
မအိပ်စက်မီ မိုဟန်ကျီက ရုတ်တရက် ချီးကျူးလိုက်ရာ မင်ယွဲ့သည် ပြုံးလျက်ဖြင့်ပင် အိပ်ပျော်သွားခဲ့သည်။
မိုဟန်ကျီသည် မင်ယွဲ့ ဘာသာစကား ကျွမ်းကျင်သည်ကို သိသော်လည်း ဤမျှ နိုင်ငံစုံမှ လူများကြားတွင် ရဲရဲဝံ့ဝံ့နှင့် ပါးနပ်စွာ ဆက်ဆံနိုင်သည်ကို မြင်လိုက်ရသည့်အခါ သူမအတွက် အလွန်ပင် ဂုဏ်ယူမိရသည်။
မင်ယွဲ့သည် တစ်ကျော့ပြန် နာမည်ကြီးလာခဲ့သလို ယန်ကျင်းတက္ကသိုလ်မှာလည်း ဂုဏ်တက်ခဲ့ရသည်။ အွန်လိုင်းတွင်လည်း ချီးကျူးသံများ ညံနေတော့သည်။
"ဒီမမလေးက တကယ်ကို ရုပ်ရော ရည်ရော ပြည့်စုံတာပဲ ဥက္ကဋ္ဌမိုကတော့ မျက်စိစူးရှတာပဲ"
"ကျွန်မရဲ့ အိပ်မက်က ဘွဲ့ရရင် နိုင်ငံတော် ဘာသာပြန်အဖွဲ့ထဲ ဝင်ဖို့ပဲ၊ ဒါပေမဲ့ အဲဒါက သိပ် ခက်တာ အဲဒီထဲက လူတွေက သန်းပေါင်းများစွာထဲက တစ်ယောက်တွေချည်းပဲ ဒါပေမဲ့ မစ္စမင်ယွဲ့ကတော့ တန်းပြီး ထိပ်ဆုံးကို ရောက်သွားတာပဲကြည့်ဦး... သူမဘေးမှာ ရပ်နေတာ G နိုင်ငံရဲ့ ဝန်ကြီးချုပ်လေ"
မင်ယွဲ့သည် သူမ၏ ကျော်ကြားမှုတန်ဖိုးများ တရိပ်ရိပ် တက်လာသည်ကို သိသာစွာ ခံစားနေရသည်။
ယွမ်ပေါ့မှာလည်း အလွန်ပျော်ရွှင်နေသဖြင့် မင်ယွဲ့က ဂုဏ်ပြုသည့်အနေဖြင့် ကျော်ကြားမှု အမှတ် ၁၀၀ ကို တန်းပေးလိုက်သည်။
ယွမ်ပေါ့သည် မုန့်မျိုးစုံနှင့် အဝတ်အစားများစွာကို အားရပါးရ ဝယ်ယူတော့သည်။
မင်ယွဲ့သည် သူမ၏ လက်ထဲရှိ ငွေကြေး သန်းထောင်ပေါင်းများစွာကို ကြည့်ကာ ပြုံးမိသည်။ သူမတွင် ငွေကြေး လိုအပ်ချက် မရှိတော့ပေ။ ထို့ကြောင့် ကျန်ဟန်အား ကုမ္ပဏီတိုးချဲ့မှုများကို အရှိန်မြှင့်လုပ်ဆောင်ရန် ညွှန်ကြားလိုက်သည်။
တစ်ဖက်တွင်လည်း အမျိုးသား မြားပစ်အသင်းဝင်များမှာ ထိုနေ့က မြားပစ်ကွင်းတွင် မင်ယွဲ့၏ လက်ရာကို ဗီဒီယိုမှတစ်ဆင့် သိရှိသွားကြသည်။
နည်းပြဖြစ်သူမှာ မင်ယွဲ့၏ မြားပစ်ချက်မှာ လျင်မြန်၊ တိကျပြီး အားပါလွန်းလှသဖြင့် ဗီဒီယိုကို အကြိမ်ကြိမ် ပြန်ကြည့်နေခဲ့ခြင်းဖြစ်သည်။
သူသည် အမျိုးသားအသင်း နည်းပြနှင့် သူငယ်ချင်းဖြစ်သဖြင့် ထိုဗီဒီယိုကို ပြသခဲ့ရာမှ အသင်းက မင်ယွဲ့ကို ဆက်သွယ်လိုလာကြသည်။
သူတို့သည် ခယ်ကျင့်မှတစ်ဆင့် မင်ယွဲ့၏ ဖုန်းနံပါတ်ကို ရရှိခဲ့ပြီးနောက် ဆက်သွယ်လာကြသည်။
"ဟယ်လို... ဘာကူညီပေးရမလဲရှင်"
"မင်္ဂလာပါ... မစ္စမင်ယွဲ့လားခင်ဗျာ"
တစ်ဖက်မှ အသံမှာ အလွန်စိတ်လှုပ်ရှားနေပြီး လူအများအပြား ရှိနေပုံရသည်။
"ဟုတ်ပါတယ်"
"ကျွန်တော်တို့က အမျိုးသား လက်ရွေးစင် အသင်းကပါ မင်းနဲ့ တွေ့ဆုံဖို့ အချိန်ရမလားဟင်"
မင်ယွဲ့သည် လက်ရွေးစင်အသင်းက သူမကို ဆက်သွယ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
တရုတ်လူမျိုးများအနေဖြင့် လက်ရွေးစင်အသင်းအပေါ် အမြဲတမ်း လေးစားမှု ရှိကြသဖြင့် သူမ သဘောတူလိုက်သည်။
"ကိုယ် လိုက်ခဲ့ပေးရမလား"
မိုဟန်ကျီက
“ငါ့ကိုပါ ခေါ်သွားပါ"
ဟူသော မျက်လုံးများဖြင့် ကြည့်ကာ မေးသည်။
"မလိုပါဘူး... ကျွန်မက ကလေးမှ မဟုတ်တာ၊ ကိုယ့်ဘာသာ သွားနိုင်ပါတယ်"
မိုဟန်ကျီမှာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားရသည်။
သူ၏ ချစ်သူမှာ သူ့ကို အမှန်တကယ် မလိုအပ်တော့သကဲ့သို့ ခံစားရသဖြင့် ချစ်သူတစ်ယောက်အနေဖြင့် မိမိကိုယ်မိမိ မည်သို့ အရေးပါအောင် လုပ်ရမလဲဟု တွေးတောနေမိသည်။
မင်ယွဲ့ကမူ သူ ဘာတွေတွေးနေသည်ကို လုံးဝ မသိရှိဘဲ ချိန်းဆိုထားသော နေရာသို့ ကားမောင်းထွက်လာခဲ့သည်။
ထိုနေရာမှာ ကော်ဖီဆိုင်လေး တစ်ဆိုင်ဖြစ်သည်။
"ဒါကို စားချင်လို့လား"
"မဝယ်ပါဘူးကွာ ဒီကိတ်မုန့်သေးသေးလေးကို ဒီလောက်စျေးကြီးတာ အဲဒီပိုက်ဆံနဲ့ဆို ဆန် ဘယ်နှအိတ် ဝယ်လို့ရမလဲ"
"ရန်ပုံငွေက မလောက်မငဖြစ်နေတာ၊ မဖြုန်းသင့်ဘူးလေ"
"ဒါဆိုရင် ဘာလို့ ဒီမှာ ချိန်းတာလဲ"
"မိန်းကလေးငယ်လေးတွေက ဒီလိုနေရာမျိုး ကြိုက်တတ်ကြတယ် မဟုတ်လား"
မင်ယွဲ့ အထဲသို့ ဝင်လာသည့်အခါ အမျိုးသားနှစ်ဦး စာအုပ်တစ်အုပ်ကို ကိုင်ကာ တိုးတိုးတိတ်တိတ် ဆွေးနွေးနေသည်ကို တွေ့လိုက်ရသည်။
သူတို့မှာ သူမကို ချိန်းထားသည့်သူများ ဖြစ်ကြောင်း သူမ သိလိုက်သည်။
သူမ အနားသို့ ချဉ်းကပ်သွားသည့်အခါ ထိုသူနှစ်ဦးမှာ လန့်ဖျပ်ကာ မော့ကြည့်လိုက်ကြသည်။
ဗီဒီယိုထဲတွင် လှပသည်ဟု သိထားသော်လည်း အပြင်တွင်မူ စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ထူးကဲလှပနေသော သူမ၏ ရုပ်ရည်ကြောင့် သူတို့မှာ မှင်တက်ကာ ကျန်ရစ်ခဲ့ရတော့သည်။
***