"မစ္စမင်"
နည်းပြနှစ်ဦး၏ နှုတ်ဆက်စကားအဆုံးတွင် မင်ယွဲ့ကလည်း ယဉ်ကျေးစွာ တုံ့ပြန်နှုတ်ဆက် ရင်း သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင် လိုက်သည်။
"စားချင်တာရှိတာ အကုန်မှာပါ"
အစောပိုင်းက ကိတ်မုန့်သေးသေးလေးတစ်ပွင့်ကိုပင် ဈေးကြီးလွန်းသည်ဟု ငြင်းဆိုခဲ့သော အမျိုးသားမှာ မင်ယွဲ့အပေါ်တွင်မူ အံ့ဩဖွယ်ကောင်းလောက်အောင် ရက်ရောပြနေတော့သည်။
သူသည် မုန့်စာရင်းစာအုပ်ကို မင်ယွဲ့ထံသို့ တန်း၍ ကမ်းပေးလိုက်သည်။
မင်ယွဲ့ကလည်း အားနာမနေဘဲ ကော်ဖီတစ်ခွက် နှင့် ကိတ်မုန့်သုံးမျိုးကို ရွေးချယ်မှာယူလိုက် သည်။
"ဘကြီးနာမည်က ဟွမ်ပါ၊ နည်းပြဟွမ်လို့ပဲ ခေါ် နိုင်ပါတယ် ဒါကတော့ နည်းပြဝမ်ပါ"
စကားပြောဆိုသူ နည်းပြဟွမ်မှာ လေးထောင့်ကျကျ မျက်နှာပေါက်ရှိပြီး အနက်ရောင် အနွေးထည်ကို ဝတ်ဆင်ထားကာ အလွန်ပင် တည်ကြည်ဖြောင့်မတ်သော အသွင်ရှိသည်။
သူ့ဘေးရှိ နည်းပြဝမ်မှာမူ မျက်နှာတွင် အမြဲတမ်း အပြုံးရိပ်သန်းနေပြီး ပိုမိုချဉ်းကပ်ရ လွယ်ကူသောပုံစံ ရှိသည်။
"မင်္ဂလာပါ နည်းပြဟွမ်နဲ့ နည်းပြဝမ်... ကျွန်မနာမည်က မင်ယွဲ့ပါ၊ ဘကြီးတို့လည်း သိထားပြီးသား ဖြစ်မှာပါ"
သူတို့နှစ်ဦးအနေဖြင့် သူမ၏အမည်မှာ မင်ယွဲ့ဖြစ်ကြောင်းနှင့် ယန်ကျင်းတက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်ကြောင်းကိုသာ သိရှိထားကြခြင်း ဖြစ်သည်။
ကျန်သည့် အချက်အလက်များကိုမူ သိပ်မသိကြပေ။
နည်းပြနှစ်ဦးမှာ နေ့စဉ်နှင့်အမျှ လေ့ကျင့်ရေးကွင်းနှင့် အိမ်ကိုသာ ကူးချည်သန်းချည် လုပ်နေကြသူများဖြစ်ရာ အွန်လိုင်းမှ သတင်းအချက်အလက်များကို အလေးထားကြည့်ရှုလေ့ မရှိကြခြင်းကြောင့်ပင်။
"သမီးအနေနဲ့ လက်ရွေးစင်အသင်းထဲကို ဝင် ချင်လား ဘကြီးတို့က မြားပစ်အသင်းရဲ့ နည်းပြတွေပါ၊ သမီးကို အသင်းထဲဝင်ဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ချင်ပါတယ်"
နည်းပြဟွမ်က သူ၏လက်ကို ကမ်းပေးလိုက် သည်။
ထက်မြက်သူများ ဖြစ်ကြသည့်အလျောက် စကားအများကြီး ဆိုနေရန် မလိုဘဲ သူတို့၏ ရည်ရွယ်ချက်ကို မင်ယွဲ့ နားလည်နိုင်မည်ဟု သူ ယုံကြည်သည်။
"ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ"
မင်ယွဲ့သည် ဝေခွဲမရဖြစ်တတ်သူ မဟုတ်ပေ။
မိမိနိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ရန်ဟူသော ဆန္ဒမှာ တရုတ်လူမျိုးတိုင်း၏ နှလုံးသားထဲတွင် ငယ်စဉ်ကတည်းက ကိန်းအောင်းနေသည့် စိတ်ဓာတ်ပင် ဖြစ်သည်။
ယခုအခါ ထိုဆန္ဒကို အကောင်အထည်ဖော်ရန် အခွင့်အရေးမှာ သူမရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရှေ့မှ ကမ်းပေးထားသော လက်ကို ဆုပ်ကိုင် လိုက်ရုံဖြင့် အရာရာ ဖြစ်နိုင်ချေရှိပေသည်။
ဤလက်ဆွဲနှုတ်ဆက်ခြင်းသည်ပင် မင်ယွဲ့အား အနာဂတ်၏ အမျိုးသမီး မြားပစ်လောကတွင် ရွှေတံဆိပ်ရှင်တစ်ဦး ဖြစ်လာစေရန် လမ်းစဖော်ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
"ဒါပေမဲ့ ကျွန်မရဲ့ လေ့ကျင့်ရေးအချိန်တွေက အသင်းနဲ့ တူချင်မှ တူမှာပါ"
မင်ယွဲ့တွင် လုပ်ဆောင်စရာ ကိုယ်ပိုင်အလုပ်များ ရှိနေသေးရာ လက်ရွေးစင်အသင်း၏ စုပေါင်းလေ့ကျင့်မှုများနှင့် အံဝင်ခွင်ကျဖြစ်ရန် ကြိုတင်ညှိနှိုင်းရမည် ဖြစ်သည်။
"အချိန်ရမယ်ဆိုရင် မနက်ဖြန် အခြေစိုက်စခန်းကို လိုက်ခဲ့ပါ၊ သမီးရဲ့ အရည်အချင်းကို စမ်းသပ်ကြည့်ရအောင် အသင်းအနေနဲ့ ထူးချွန်တဲ့ ကစားသမားတွေကို အထူးအခွင့်အရေး ပေးလေ့ရှိပါတယ် သမီးရဲ့ လက်စွမ်းကသာ တကယ်ကောင်းမယ်ဆိုရင် လေ့ကျင့်ရေးအချိန်တွေကို လျှော့ပေါ့ပေးလို့ ရပါတယ်"
နည်းပြဟွမ်၏ စကားမှာ ရှင်းလင်းလှသည်။
မင်ယွဲ့သာ အရည်အချင်း အမှန်တကယ် ရှိမည်ဆိုပါက စည်းမျဉ်းများကို ကျော်လွန်၍ ခြွင်းချက်ပေးရန် အသင့်ရှိနေကြခြင်း ဖြစ်သည်။
နောက်တစ်နေ့တွင် မင်ယွဲ့သည် ချိန်းဆိုထားသည့်အတိုင်း သတ်မှတ်ထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။ နည်းပြဝမ်က တံခါးဝမှ ကြိုဆိုနေသည်။
"ဒါက ကျွန်တော်တို့ရဲ့ ပြင်ပလေ့ကျင့်ရေးကွင်းပါ ရွေ့လျားပစ်မှတ်တွေကို သမီးပစ်တာ တွေ့ဖူးတယ်၊ အတော်လေး ကောင်းပါတယ် ဒီနေ့လည်း တည်တည်ငြိမ်ငြိမ်နဲ့သာ ပစ်မယ်ဆိုရင် အဆင်ပြေမှာပါ"
လေ့ကျင့်ရေးကွင်းထဲသို့ ဝင်လိုက်သည်နှင့် စိတ်နှလုံးမှာ ရုတ်တရက် ပွင့်လင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
အမိုးအကာအောက်ရှိ မြားပစ်ကွင်းထက်စာလျှင် ဤကဲ့သို့ လွတ်လပ်ကျယ်ဝန်းသော ပတ်ဝန်းကျင်တွင် မြားပစ်ရခြင်းမှာ ပိုမို စိတ် လှုပ်ရှားစရာ ကောင်းလှသည်။
မင်ယွဲ့သည် နည်းပြနောက်မှ လိုက်ပါလာစဉ် ဘေးပတ်ဝန်းကျင်မှ လူအချို့က သူမအား အကဲခတ်ကြည့်ရှုနေကြသော်လည်း မည်သူမျှ စကားလာမပြောကြပေ။
ရှေ့နားမှ လူစုလူဝေးကို မြင်လိုက်ရသည့်အခါ ပန်းတိုင်သို့ ရောက်ပြီဖြစ်ကြောင်း သူမ သိလိုက်သည်။
ထိုလူစုထဲတွင် ယခင်က ဆုံခဲ့ဖူးသော နည်းပြဟွမ်ကိုလည်း တွေ့ရသည်။
နည်းပြဟွမ်က လက်ခုပ်တီး၍ အချက်ပေးလိုက်ရာ ဆူညံနေသမျှ ရုတ်ခြည်း တိတ်ဆိတ်သွားတော့သည်။
အနက်ရောင် လေ့ကျင့်ရေးဝတ်စုံများကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် နိုင်ငံတော်အလံပုံပါသော အသင်းသားများသည် စစ်သားများကဲ့သို့ မတ်မတ်ရပ်ကာ ကြည့်နေကြသည်။
သူတို့၏ မျက်ဝန်းများထဲတွင် မင်ယွဲ့အပေါ် စူးစမ်းမှု၊ ကြိုဆိုမှုနှင့်အတူ အချို့သော မျက်ဝန်းများတွင်မူ မလိုလားသော အရိပ်အယောင်များကို သူမ ခံစားမိသည်။
ပင်ပန်းကြီးစွာ လေ့ကျင့်နေကြရသည့်ကြားမှ ရုတ်တရက် အပြင်လူတစ်ယောက် အခွင့်ထူးခံအဖြစ် ရောက်ရှိလာခြင်းအပေါ် သူတို့အနေဖြင့် မကျေမနပ် ဖြစ်မိကြသည်မှာ သဘာဝကျပေသည်။
မင်ယွဲ့ကမူ ထိုခံစားချက်များကို အရေးမစိုက်ပေ။ သူမသည် သူငယ်ချင်းဖွဲ့ရန် လာခြင်းမဟုတ်ဘဲ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရန် လာခြင်းသာ ဖြစ်သည်။
"စမ်းကြည့်မလား"
နည်းပြဟွမ်က လေးနှင့် မြားကို ကိုင်ဆောင်ကာ မင်ယွဲ့အနားသို့ ချဉ်းကပ်လာပြီး ဖိတ်ခေါ်လိုက် သည်။
မင်ယွဲ့ကလည်း နားလည်မှုရှိရှိဖြင့် လေးကို လှမ်းယူကာ ဘေးသို့ ခပ်သွက်သွက် လှမ်းထွက် လိုက်သည်။
သူမသည် အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်ရန် ငြင်းပယ်လိုက်သည်။
ကြီးမားသော လေးကြီးကို ကိုင်ထားသည့် မင်ယွဲ့၏ ခန္ဓာကိုယ်လေးမှာ သေးငယ်လှသော်လည်း သူမ၏ ဟန်ပန်မှာမူ ယုံကြည်မှု အပြည့်ရှိနေသည်။
ရှေးဟောင်းမြားပစ်ပညာရပ်များဖြစ်သော မြင်းစီးမြားပစ်၊ အမဲလိုက်မြားပစ်တို့ကို လေ့ကျင့်ခဲ့ဖူးသော်လည်း ယနေ့အတွက်မူ သူမသည် စနစ်၏ ဟင်းလင်းပြင်ထဲတွင် ခေတ်မီမြားပစ်နည်းစနစ်များကို ကြိုတင်လေ့ကျင့်လာခဲ့ပြီး ဖြစ်သည်။
မင်ယွဲ့သည် လေး၏ အလေးချိန်ကို စမ်းသပ်ကြည့်ကာ စနစ်မှ ပေးအပ်သော လေ့ကျင့်မှုများနှင့် တစ်ထပ်တည်း ကျနေသည့်အတွက် ကျေနပ်မိသွားသည်။
နည်းပြဝမ်က မင်ယွဲ့ စိတ်လှုပ်ရှားနေမည်စိုးသဖြင့် နည်းစနစ်အချို့ကို သရုပ်ပြရှင်းလင်းပေးသည်။
မင်ယွဲ့ကလည်း စိတ်ရှည်စွာ နားထောင်ပြီးနောက် မြားတစ်စင်းကို ကျည်တောက်ထဲမှ ထုတ်ယူလိုက်သည်။ သူမ၏ ရပ်တည်ဟန်မှာ ခိုင်မာပြီး မျက်ဝန်းများမှာ စူးရှလှသည်။
"ဝူး..." ခနဲ အသံနှင့်အတူ မြားတစ်စင်းသည် လေထဲတွင် ဝဲခနဲဖြစ်သွားကာ မီတာ ၅၀ အကွာရှိ ပစ်မှတ်၏ အလယ်ဗဟိုကို တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။
ဘေးမှ ကြည့်နေသူများမှာ အံ့အားသင့်သွားကြသော်လည်း နည်းပြဟွမ်အတွက်မူ ဤသည်မှာ မျှော်လင့်ထားသည့် ရလဒ်ပင် ဖြစ်သည်။
"မီတာ ၇၀ ပစ်မှတ်ကို ပြောင်းလိုက်"
နည်းပြဟွမ်၏ အမိန့်အဆုံးတွင် မင်ယွဲ့သည် လေးကို တစ်ဖန်ပြန်၍ တင်လိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ သူမ၏ လက်အရှိန်မှာ ယခင်ကထက်ပင် ပို၍ မြန်ဆန်နေတော့သည်။
"ဆယ်မှတ်ကွင်း”
ပစ်မှတ်အနီးရှိ အသင်းသားများ၏ အာမေဍိတ်သံများ ထွက်ပေါ်လာသည်။
မီတာ ၇၀ အကွာအဝေးမှ ပစ်မှတ်ကို မှန်ဘီလူးမပါဘဲ ပစ်ခတ်ရန်မှာ မလွယ်ကူလှပေ။
သို့သော် မင်ယွဲ့မှာမူ ထိုမျှဖြင့် ရပ်တန့်မသွားဘဲ မြားများကို တစ်စင်းပြီးတစ်စင်း မရပ်မနား ပစ်လွှတ်လိုက်သည်။
မြားများမှာ တစ်စင်းနှင့်တစ်စင်း ထပ်လျက် ပစ်မှတ်၏ အလယ်ဗဟိုတွင် ဟတ်ချ်ဟော့ဆူးများကဲ့သို့ စုပြုံစိုက်ဝင်နေတော့သည်။ အချို့မြားများမှာ နောက်မှ လာသောမြား၏ အရှိန်ကြောင့် အက်ကွဲကာ မြေပေါ်သို့ပင် ကျလာရသည်။
ဤမျှ ပြင်းထန်သော အားအင်နှင့် တိကျမှုမျိုးကို မြင်လိုက်ရသည့်အခါ တစ်ကွင်းလုံး တိတ်ဆိတ်သွားရသည်။
"ကောင်းတယ်... ကောင်းတယ်... တကယ်ကို ကောင်းတယ်”
နည်းပြဟွမ်မှာ ဝမ်းသာလွန်းသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။
မင်ယွဲ့ကဲ့သို့ ပါရမီရှင်တစ်ဦး အသင်းထဲသို့ ရောက်လာခြင်းမှာ အသင်းကြီးအတွက် အဆင့် မြှင့်တင်မှု တစ်ရပ်ပင် ဖြစ်သည်။
အခြားသော အသင်းသားများ၏ မျက်ဝန်းထဲတွင်လည်း မလိုလားမှုများ ပျောက်ကွယ်သွားပြီး အားကျလေးစားရိပ်များ အစားထိုး ဝင် ရောက်လာတော့သည်။
မင်ယွဲ့သည် ထိုနေ့ တစ်နေ့လုံး အသင်းသားများနှင့်အတူ ရှိနေခဲ့ပြီး သူမ၏ ဖော်ရွေတည်ငြိမ်သော အမူအရာကြောင့် အားလုံးက သူမကို ခင်မင်သွားကြသည်။
"မမယွဲ့ယွဲ့... နောက်ခါကျရင် ကျွန်မကို မြားသုံးစင်း တစ်ပြိုင်တည်း ပစ်နည်း သင်ပေးဦးနော်"
အသင်း၏ အငယ်ဆုံးလေးဖြစ်သူ ကျိုးခယ်က မင်ယွဲ့၏ လက်ကိုဆွဲကာ ကလေးတစ်ယောက် ကဲ့သို့ တောင်းဆိုနေသည်။
မင်ယွဲ့က သူမ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
သူမသည် ယွမ်ပေါ့ကို ပွတ်သပ်ပေးနေကျဖြစ်ရာ ယခုလည်း အမှတ်မထင် လုပ်မိသွားခြင်း ဖြစ်သည်။
လက်ကို ပြန်ရုပ်သိမ်းရန် ပြင်လိုက်သော်လည်း ကျိုးခယ်က သူမ၏ လက်ဖဝါးအောက်သို့ ခေါင်းလေးကို ပို၍ တိုးဝင်လာခဲ့သည်။
မင်ယွဲ့သည် သဘောကျစွာ ပြုံးလိုက်ရင်း—
"နောက်တစ်ခါ လာရင် သေချာပေါက် သင်ပေးမယ်... အခုတော့ ကျွန်မ ပြန်ဦးမယ်နော်၊ နောက်မှ ဆုံကြတာပေါ့"
***