ကျန်းယီသည် တစ်ဖက်လူ၏ မောက်မာလွန်းလှသော အမူအရာကို အမုန်းဆုံးပင် ဖြစ်သည်။
သူကိုယ်တိုင်မှာလည်း တစ်ခါတစ်ရံ အလိုလိုက်ခံထားရသော သခင်လေးတစ်ဦးကဲ့သို့ ဆိုးနွဲ့တတ်သော်လည်း ဟူခွန်းနှင့် ယှဉ်လိုက်လျှင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
"ငါကတော့ အသက်ရာကျော်ရှည်မှာ သေချာတယ်၊ မင်းကတော့ အဲဒီလောက် နေရပါ့မလား မသိဘူးနော်"
ကျန်းယီက မေးစေ့ကို အသာပင့်ကာ ဆိုလိုက် သည်။
ထိုစဉ် ဆိုင်တံခါးဝဆီမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသောအခါ သူ၏ မျက်ဝန်းများမှာ စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ တောက်ပသွားတော့သည်။
"ဟူခွန်း... မင်း ဘာတွေ ရူးကြောင်ကြောင် လုပ်နေတာလဲ”
မင်ယွဲ့သည် ဘေးနားရှိ အမျိုးသားဖြစ်သူ ဖုန်းကို အသာအယာ ပြန်သိမ်းလိုက်သည်ကို သတိထားမိလိုက်သည်။
သူသည် မိမိ၏ လုပ်ဆောင်ချက်ကို လျှို့ဝှက်ထားကာ အောင်မြင်မှုကို အေးဆေးစွာ ခံစားနေသည့် ပုံစံမျိုးပင်။
‘ဟောင်တဲ့ခွေးက လူမကိုက်ဘူး' ဟူသော စကားပုံကို သူမ ရုတ်တရက် သတိရသွားကာ ပြုံးမိသွားသည်။
အကယ်၍ မိုဟန်ကျီသာ သူမ ဘာတွေးနေသည်ကို သိသွားပါက မည်သို့ ခံစားရမည်နည်း။ ခွေးလေးဆိုလျှင်ပင် သူမ၏ 'ဝံပုလွေခွေးလေး' သာ ဖြစ်ပေလိမ့်မည်။
"ဖေဖေ... ဖေဖေက ဒီကို ဘယ်လိုဖြစ်ပြီး..."
ဟူခွန်းသည် ဘီလူးတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်ချောက်ချားသွားကာ စကားများပင် ထစ်ကုန်တော့သည်။
"ရှင်ပဲ သူ့အဖေကို ခေါ်လိုက်တာလား"
ဟု မင်ယွဲ့က မိုဟန်ကျီ၏ လက်မောင်းကို အသာတို့ကာ တိုးတိုးလေး မေးလိုက်သည်။
မိုဟန်ကျီက သူမ၏ လက်ကလေးကို သူ၏ လက်ဖဝါးကြီးကြီးထဲတွင် ထည့်ကာ အသာအယာ ဆုပ်ကိုင်ထားလိုက်သည်။
"သူ့အဖေက အခုတလော ရှင်းယောင်းနဲ့ လက်တွဲဖို့ ကြိုးစားနေတာလေ ဒီနေ့လည်း ကုမ္ပဏီကို လာတွေ့သေးတယ်၊ ဒါပေမဲ့ ကိုယ်က ငြင်းလိုက်တာ"
မိုဟန်ကျီသည် ဟူမိသားစု၏ လုပ်ကိုင်ပုံများကို သဘောမကျပေ။
သူတို့သည် စီးပွားရေး အောင်မြင်နေသော်လည်း ကိုယ်ကျင့်တရားပိုင်းတွင် အားနည်းချက်များ ရှိနေကြသည်။
ထိုသို့သော မိသားစုမျိုးနှင့် လက်တွဲခြင်းမှာ ရေရှည်တွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သည်ဟု သူ တွေးထားခြင်း ဖြစ်သည်။
အမှန်စင်စစ်တွင်မူ သားအဖနှစ်ဦးစလုံး ယနေ့ ဤနေရာသို့ ရောက်နေခြင်းမှာ တိုက်ဆိုင်မှုဟု ဆိုနိုင်သော်လည်း မိုဟန်ကျီက ၎င်းကို အခွင့်ကောင်းယူကာ ဖန်တီးလိုက်ခြင်း ဖြစ်သည်။
သူသည် လက်ထောက်လင်းအား ဟူဥက္ကဋ္ဌကို ဤဆိုင်သို့ ခေါ်ဆောင်လာရန် ညွှန်ကြားခဲ့ခြင်းပင်။
"မင်း ငါ့အလုပ်တွေကို မဖျက်စီးစမ်းနဲ့၊ ဒီနေ့ ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိတယ်"
ဟူဥက္ကဋ္ဌသည် သားဖြစ်သူအား အေးစက်စွာ သတိပေးလိုက်သည်။
သူသည် မိုဟန်ကျီနှင့် တွေ့ဆုံခွင့်ရရန် အသည်းအသန် ကြိုးစားနေသူ ဖြစ်ရာ ယခုကဲ့သို့ အခွင့်အရေး ရလာချိန်တွင် သားဖြစ်သူ၏ ရိုင်းစိုင်းမှုများက အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
သူသည် ကျန်းယီကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။
ကျန်းမိသားစု၏ သခင်လေးမှာ ငွေဖြင့် ဖြေရှင်း၍ရသော လူစားမျိုး မဟုတ်ကြောင်း သူ သိထားသည်။
"ရှောင်ယီ... ဟူခွန်းက ကလေးဆိုတော့ ဘာမှနားမလည်လို့ပါ ဦးလေးက သူ့ကို အခုပဲ ပြန်လွှတ်လိုက်ပါ့မယ်၊ စိတ်ထဲမထားပါနဲ့နော်"
ဟု ဟူဥက္ကဋ္ဌက မျက်နှာချိုသွေးကာ ဆိုသည်။
"သူ့ကို ကျွန်တော့်ကို တောင်းပန်ခိုင်းလိုက်ပါ"
ဟု ကျန်းယီက ခပ်ပြတ်ပြတ် ဆိုသည်။
သူသည် အကြောင်းမဲ့ အနိုင်ကျင့်ခံရမည့် လူစားမျိုး မဟုတ်ပေ။
"မင်း အိပ်မက်မက်နေတာလား! ဘယ်တော့မှ မဖြစ်နိုင်ဘူး”
ဟု ဟူခွန်းက အော်ဟစ်လိုက်ပြန်သည်။
"ပါးစပ်ပိတ်စမ်း”
ဟု ဆိုကာ ဟူဥက္ကဋ္ဌက သားဖြစ်သူ၏ ကျောကို ဖြတ်ခနဲ ရိုက်ချလိုက်သည်။
"ရှောင်ယီ... ဦးလေးက မင်းရဲ့ လူကြီးတစ်
ယောက်ပဲလေ၊ မျက်နှာလေးတော့ ထောက်ပါဦး"
ကျန်းယီက မေးစေ့ကို ပင့်ကာ တစ်ဖက်လူအား အထက်စီးမှ ကြည့်လိုက်ပြီးနောက်—
“ဦးလေးရဲ့ မျက်နှာကို ကြည့်ဦး၊ ပြီးရင် ကျွန်တော့်မျက်နှာကို ကြည့် ဘယ်လိုလုပ် ဦးလေးက ကျွန်တော့်ရဲ့ လူကြီး ဖြစ်နိုင်မှာလဲ ပြီးတော့ ကျွန်တော့်ကို 'ရှောင်ယီ' လို့ မခေါ်ပါနဲ့... ရွံဖို့ကောင်းလို့"
ဟု ပြောချလိုက်တော့သည်။
"ခစ်..."
ကျန်းယီ၏ အမူအရာကို ကြည့်ကာ မင်ယွဲ့သည် မနေနိုင်ဘဲ ရယ်မောမိသွားသည်။
ဟူဥက္ကဋ္ဌသည် ဒေါသတကြီးဖြင့် ကြည့်လိုက်ရာ ကျန်းယီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မိုဟန်ကျီကို မြင်လိုက်ရသည့်အခါ တစ်ကိုယ်လုံး တုန်တက်သွားတော့သည်။
"ဥက္ကဋ္ဌမို... ဥက္ကဋ္ဌမို”
သူသည် ထိတ်လန့်တုန်လှုပ်သွားကာ အခြေအနေမှာ ဆိုးရွားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
မိမိ၏ သားဖြစ်သူ ပြဿနာတက်နေသည့် လူမှာ ဥက္ကဋ္ဌမိုနှင့် ဆက်စပ်နေသူ ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"လက်တွဲဖို့ ကိစ္စကို ထပ်ပြောနေစရာ မလိုတော့ဘူး ထင်တယ်"
မိုဟန်ကျီသည် မင်ယွဲ့၏လက်ကို ဆွဲကာ ထရပ်လိုက်သည်။
ကျန်းယီကလည်း နောက်မှ လိုက်ပါလာရင်း ဟူခွန်းအား လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ ထွက်ခွာသွားတော့သည်။
မိုဟန်ကျီ၏ ကျောပြင်ကြီးကို ကြည့်ရင်း ကျန်းယီသည် အားကျစိတ်များ ဖြစ်ပေါ်လာသည်။
"လက်တွဲစရာ မလိုတော့ဘူး"
ဟူသော စကားတစ်ခွန်းတည်းဖြင့် ရန်သူတော်ကို အပြတ်အသတ် အနိုင်ယူနိုင်စွမ်းမှာ အလွန်ပင် ခန့်ညားလှပေသည်။
ကိုယ်ပိုင်အရည်အချင်းနှင့် အာဏာရှိခြင်း၏ အရေးပါပုံကို သူ ပထမဆုံးအကြိမ် လေးလေးနက်နက် ခံစားမိသွားတော့သည်။
"နေဦး... ကျွန်တော့်ကို စောင့်ကြဦးလေ”
သူသည် ရှေ့မှ ထွက်ခွာသွားသော နှစ်ဦးသားနောက်သို့ အပြေးလိုက်သွားခဲ့သည်။
"မင်း ကုမ္ပဏီကိုပဲ ပြန်တော့၊ တို့တွေ ညနေကျရင် လုပ်စရာရှိသေးတယ်"
ဟု မိုဟန်ကျီက တားမြစ်လိုက်သည်။
ကျန်းယီသည် သက်ပြင်းတစ်ချက်ချကာ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်လျက် ကုမ္ပဏီဘက်သို့ ပြန်လည် ထွက်ခွာခဲ့တော့သည်။
***