မင်ယွဲ့နှင့် မိုဟန်ကျီတို့သည် မုနီယန်ပေးအပ်ထားသော အထူးဖိတ်ကြားစာများကို ကိုင်ဆောင်ကာ သီးသန့်ဝင်ပေါက်မှတစ်ဆင့် ပြပွဲခန်းမအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခဲ့ကြသည်။
စင်နောက်ကွယ်တွင်မူ မုနီယန်တစ်ယောက် အလုပ်ရှုပ်လျက်ရှိသည်။
ယနေ့သည် သူမ၏ ကိုယ်ပိုင်ဖက်ရှင်ရှိုးဖြစ်ရာ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသော်လည်း ပွဲတိုင်းကို သူမ၏ဘဝတွင် အရေးအကြီးဆုံးအရာအဖြစ် မှတ်ယူကာ အစွမ်းကုန် အာရုံစိုက်ထားခြင်း ဖြစ်သည်။
ဖက်ရှင်ရှိုး စတင်သည်နှင့် ခန်းမအတွင်းရှိ မီးများမှာ ရုတ်ချည်း ငြိမ်းသွားပြီး စင်မြင့်ထက်တွင်မူ ဝေဝေဆာဆာ လင်းလက်လာတော့သည်။
စင်မြင့်၏ နောက်ခံကားချပ်မှာ ပန်းရောင်ပင်လယ်ပြင်ကြီးအလား ဖန်တီးထားပြီး နာမည်ကျော်ဒီဇိုင်းနာ မုနီယန်၏ ယခုအကြိမ် အဓိကသဘောတရားမှာ "ပန်းများဖူးပွင့်ဝေဆာခြင်း" ပင် ဖြစ်သည်။
မော်ဒယ်လ်များ စင်ပေါ်သို့ လျှောက်လှမ်းလာသည့်အခါ သူတို့၏ ခြေလှမ်းတိုင်းမှာ နူးညံ့သိမ်မွေ့လှသည်။
ဖန်သားပြင် ကြမ်းပြင်ထက်တွင် ခြေချလိုက်တိုင်း ပန်းရောင်မက်မွန်ပန်းလေးများ ပွင့်အံလာသည့် မြင်ကွင်းမှာ အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။
အကောင်းဆုံးသော ရှုခင်းကြည့်နေရာတွင် ထိုင်နေသည့် မင်ယွဲ့မှာ စင်မြင့်ထက်၌ လွင့်ပျံနေသော မက်မွန်ပွင့်ဖတ်လေးများကိုပင် အနီးကပ် မြင်တွေ့နေရသည်။
ဤကဲ့သို့ သာမန်မျက်စိဖြင့် ကြည့်ရုံနှင့် သရီးဒီ (3D) အကျိုးသက်ရောက်မှုကို ရရှိစေရန်အတွက် နည်းပညာကုန်ကျစရိတ်မှာ အလွန်မြင့်မားမည်မှာ အသေအချာပင်။
ဤမျှ လှပလွန်းလှသော ပတ်ဝန်းကျင်အလယ်တွင် မော်ဒယ်လ်များ ဝတ်ဆင်ထားသော ဝတ်စုံများမှာ မှေးမှိန်မသွားဘဲ ပိုမို၍ပင် ထင်ပေါ်နေတော့သည်။
လက်မောင်းလှုပ်ရှားမှု၊ အင်္ကျီလက်ဖျားလေးများကို ခါထုတ်လိုက်ပုံနှင့် နောက်သို့လှည့်ကြည့်လိုက်သည့် အကြည့်တိုင်းက ဝတ်စုံ၏ လှပမှုကို အစွမ်းကုန် ဖော်ဆောင်နေသည်။
မင်ယွဲ့သည် မုနီယန်၏ အရည်အချင်းအပေါ် အထူးပင် လေးစားမိသွားသည်။ သူမအနေဖြင့် သင်ယူရမည့်အရာများစွာ ရှိနေသေးကြောင်းလည်း ကိုယ်တိုင် ခံစားလိုက်ရသည်။
ဖက်ရှင်ရှိုးအဆုံးတွင် ဒီဇိုင်းနာနှင့် မော်ဒယ်လ်များက ပရိသတ်ကို ဂါရဝပြုကြသည်။
စင်အလယ်တွင် စကားပြောနေသော မုနီယန်သည် အလွန်ပင် တောက်ပနေတော့သည်။ ထိုစဉ် ဖန်သားပြင်ကြီးပေါ်၌ မင်ယွဲ့ ပါဝင်ရိုက်ကူးထားသည့် ပရိုမိုးရှင်း ဗီဒီယိုကို ပြသလိုက်သည်။
"ဒီ 'ပန်းများဖူးပွင့်ခြင်း' စီးရီးမှာ ကျွန်မ အကြိုက်ဆုံးကတော့ သစ်တော်ပန်းစီးရီးပါပဲ။
ကျွန်မ လေးစားရတဲ့သူတစ်ယောက်က ဒါကို ဝတ်ဆင်ပြပေးတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။
အခု သစ်တော်ပန်းစီးရီးအပြင် တခြားစီးရီးတွေကိုလည်း တရားဝင်ဝက်ဘ်ဆိုက်မှာ စတင်ဝယ်ယူနိုင်ပါပြီ" ဟု မုနီယန်က ဆိုသည်။
မိုဟန်ကျီမှာမူ မုနီယနိပြောသည်ကို အာရုံမရဘဲ ဖန်သားပြင်ပေါ်ရှိ မင်ယွဲ့၏ ပုံရိပ်ကိုသာ ငေးကြည့်နေမိသည်။
အွန်လိုင်းတွင် ကြည့်ဖူးသော်လည်း ဤကဲ့သို့ ဧရာမဖန်သားပြင်ကြီးပေါ်တွင် မြင်တွေ့ရခြင်းမှာ ခံစားချက်ချင်း လုံးဝ မတူပေ။
အထူးသဖြင့် အွန်လိုင်းဗီဒီယိုတွင် အချိန်ကန့်သတ်ချက်ကြောင့် ဖြတ်တောက်ထားသော အခန်းအချို့ကိုပါ ယနေ့တွင် အပြည့်အစုံ မြင်တွေ့လိုက်ရသည်။
ပရိသတ်များမှာလည်း အွန်လိုင်းထက်တွင် တခဲနက် ဆွေးနွေးနေကြသည်။ မင်ယွဲ့နှင့် မိုဟန်ကျီတို့ လက်ချင်းတွဲကာ ပွဲကြည့်နေသည့်ပုံရိပ်ကို ကင်မရာက ဖမ်းမိသွားသည့်အခါ သူတို့မှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြတော့သည်။
"မမယွဲ့ယွဲ့က အပြင်မှာ ပိုလှတာပဲ ဒါ မိတ်ကပ်မပါတဲ့ မျက်နှာပဲ ဖြစ်ရမယ်"
"အသားအရေက နို့နှစ်ရောင်လို ဝင်းပနေတာပဲနှုတ်ခမ်းနီနီ သွားဖြူဖြူဆိုတာ ဒါမျိုးကို ပြောတာပဲ ဖြစ်မယ်"
သူတို့၏ ချစ်ကြည်နူးမှုကို ကြည့်ကာ အားကျသူများ ရှိသကဲ့သို့ တစ်ဖက်တွင်လည်း 'ဟယ်ယို' ဝက်ဘ်ဆိုက်၌ အဝတ်အစားများကို အလုအယက် မှာယူနေကြသူများကြောင့် ပစ္စည်းများမှာ မိနစ်ပိုင်းအတွင်းမှာပင် ပြတ်လပ်သွားခဲ့ရသည်။
ဤဖက်ရှင်ရှိုးသည် ရောင်းအားကို ကောင်းကင်ဘုံသို့ ရောက်ရှိသွားစေသည်ဟုပင် ဆိုနိုင်ပေသည်။
လေ့ကျင့်ရေးကွင်းသို့ မင်ယွဲ့ ရောက်ရှိလာသည့်အခါ ကျိုးခယ်က မီးရှူးမီးပန်းလေးအလား အပြေးလေး ရောက်လာသည်။
"မမယွဲ့ယွဲ့”
မင်ယွဲ့က သူမ၏ ခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း—
“နေကောင်းလား... နည်းပြတို့ မင်္ဂလာပါရှင်"
ဟု နှုတ်ဆက်လိုက်သည်။
ထိုစဉ် အမျိုးသားအသင်းသားများလည်း ရောက်ရှိလာကြသည်။
အမျိုးသားအသင်းနည်းပြ လျူသည် မင်ယွဲ့ကို မြင်သည်နှင့် စူးစမ်းကြည့်သည်။
ဤမျှ လှပသော မိန်းကလေးမှာ အသင်းဝင်သစ် ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အားကစားလောကတွင် ပါရမီမှာ အရေးကြီးသော်လည်း စောစီးစွာ လေ့ကျင့်မှုက ပို၍ အရာရောက်တတ်သည်။ သို့သော် နည်းပြဟွမ်တို့၏ ရွေးချယ်မှုကို သူ ယုံကြည်ရန် ဆုံးဖြတ်လိုက်ညသည်။
ယနေ့တွင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းကြား ယှဉ်ပြိုင်ပွဲ ပြုလုပ်မည် ဖြစ်သည်။ အသင်းသားများမှာ အုပ်စုနှစ်စု ခွဲ၍ မြား ၃၆ စင်းစီ ပစ်ခတ်ရမည် ဖြစ်သည်။
မင်ယွဲ့သည် ဒုတိယအုပ်စုတွင် ပါဝင်သည်။
သူမသည် အသင်း၏ ဝတ်စုံကို ဝဲဘက်ရင်ဘတ်တွင် နိုင်ငံတော်အလံပါရှိသော လေ့ကျင့်ရေးဝတ်စုံနှင့် လဲလှယ်လိုက်သည့်အခါ ပို၍ပင် ခန့်ညားသွားတော့သည်။
နည်းပြ၏ အမိန့်အဆုံးတွင် မင်ယွဲ့သည် မြားကို ကျည်တောက်ထဲမှ ဆွဲထုတ်ကာ လေးကြိုးတင်ပြီး အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်။
သူမ၏ လှုပ်ရှားမှုတိုင်းမှာ ချီတုံချတုံ ဖြစ်နေခြင်း မရှိဘဲ ပြတ်သားလွန်းလှသည်။
"သူ ပစ်မှတ်ကို ထိရဲ့လား"
ဟု နည်းပြလျူက မယုံသင်္ကာ မေးသည်။
မင်ယွဲ့မှာ အလွန်ပင် ပေါ့ပေါ့ပါးပါး ပစ်ခတ်နေသဖြင့် ရလဒ်ကောင်းမည်ဟု သူ မထင်မိခြင်း ဖြစ်သည်။
"သူက အမြဲတမ်း ဒီလိုပဲ... ခဏနေရင် သိရမှာပေါ့"
ဟု နည်းပြဟွမ်က တည်ငြိမ်စွာ ဆိုသည်။
မှတ်တမ်းတင်သူ၏ အသံထွက်ပေါ်လာသည့် အခါ အားလုံး မှင်တက်သွားကြသည်။
"၃၅၉ မှတ်”
နည်းပြလျူမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဤမျှ မြင့်မားသော ရမှတ်မျိုးကို သူ၏ သက်တမ်းတစ်လျှောက် တွေ့ရခဲလှသည်။
"ဒါက သူ့ရဲ့ အကောင်းဆုံးရလဒ် မဟုတ်သေးဘူး သူ အမှတ်ပြည့် ၃၆၀ တောင် ရဖူးသေးတယ်"
ဟု နည်းပြဟွမ်က ဂုဏ်ယူစွာ ပြောလိုက်သည်။
ဤရလဒ်သည် အမျိုးသားအသင်းသားများကိုပါ တုန်လှုပ်သွားစေသည်။
အမျိုးသားအသင်းမှ ပထမရသူ ကျန်းဟယ်ပင် ၃၄၀ မှတ်သာ ရရှိခဲ့သည်။
ကျန်းဟယ်သည် မင်ယွဲ့ကို လှမ်းကြည့်လိုက်ရင်း သူမ၏ အရည်အချင်းအပေါ် အံ့ဩလေးစားစိတ်များ ဖြစ်ပေါ်လာတော့သည်။
မင်ယွဲ့သည် သူမ၏ ကိုယ်ပိုင် ရည်မှန်းချက်ဖြစ်သော နိုင်ငံတော်အတွက် ဂုဏ်ဆောင်ရန်ဟူသော ပန်းတိုင်ဆီသို့ ကောင်းကင်ဘုံသို့ ပျံတက်မည့် ငှက်ငယ်တစ်ကောင်အလား အရှိန်အဟုန်ဖြင့် စတင်ချီတက်နေပြီ ဖြစ် တော့သည်။
***