အားကျစိတ်၊ တောင့်တစိတ်နှင့် လေးစားစိတ်တို့သည် နောက်ဆုံးတွင် တိုက်ပွဲဝင်လိုသော စိတ်ဓာတ်အဖြစ်သို့ ကူးပြောင်းသွားကြတော့သည်။
"သူက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ... ငါလည်း ပိုပြီး ကြိုးစားရမယ်"
နည်းပြလျူသည် အမျိုးသားအသင်း၏ ထိပ်တန်းကစားသမား ကျန်းဟယ်ကို ကြည့်ကာ အံ့အားသင့်နေမိသည်။
ကျန်းဟယ်၏ မျက်ဝန်းထဲတွင် ယခင်က မမြင်ဖူးခဲ့သော ပြင်းပြသည့် စိတ်ဓာတ်များ တောက်လောင်နေသည်ကို သူ သတိထားမိလိုက်ခြင်း ဖြစ်သည်။
အားကစားသမားတစ်ဦးအတွက် နေ့စဉ်နှင့်အမျှ တူညီသော လေ့ကျင့်ခန်းများကို ထပ်ခါတလဲလဲ လုပ်ဆောင်ရခြင်းမှာ စိတ်ဓာတ်ကို ထုံထိုင်းသွားစေတတ်သော်လည်း မင်ယွဲ့၏ ရောက်ရှိလာမှုမှာ 'ငါးခူအာနိသင်' ကဲ့သို့ပင် အသင်းသားအားလုံးကို ပြန်လည် နိုးကြားတက်ကြွစေခဲ့သည်။
"ယွဲ့ယွဲ့... နင်က တကယ်ကို အံ့မခန်းပဲ”
ကျိုးခယ်က ရှေ့သို့ ပြေးထွက်လာကာ ချီးကျူးစကားဆိုသည်။
မင်ယွဲ့သည် သူမ၏ လေးနှင့်မြားကို မချသေးသဖြင့် ကျိုးခယ်က သူမရှေ့တွင် ရပ်ကာ အကဲခတ်နေမိသည်။ ထိုစဉ် အခြားသူများလည်း အနားသို့ စုရုံးရောက်ရှိလာကြသည်။
"နေကောင်းလား... ငါက ကျန်းဟယ်ပါ"
ဂျုံရောင်အသားအရေနှင့် သန်မာထွားကြိုင်းသော ကိုယ်ခန္ဓာရှိသည့် အမျိုးသားတစ်ဦးက လက်ကမ်းနှုတ်ဆက်လာသည်။
သူ၏ ပုံစံမှာ ဖြောင့်မတ်တည်ကြည်သော အသွင်ရှိလှသည်။
"နေကောင်းပါစေ... မင်ယွဲ့ပါ"
မင်ယွဲ့သည် သူ၏လက်ကို ဆုပ်ကိုင်နှုတ်ဆက် လိုက်သည်။
ခဏတာ လက်ဆွဲနှုတ်ဆက်ရုံဖြင့် သူ၏လက်ဖဝါးပေါ်ရှိ အသားမာများကို သူမ ခံစားမိလိုက်သည်။ ၎င်းမှာ နှစ်ရှည်လများ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရသူတစ်ဦး၏ ဂုဏ်ယူဖွယ်ရာ အမှတ်အသားပင် ဖြစ်သည်။
မင်ယွဲ့ကိုယ်တိုင်လည်း အခုတလော အပြင်းအထန် လေ့ကျင့်နေသူဖြစ်ရာ သူမ၏ လက်ဖဝါးတွင်လည်း အသားမာအချို့ ရှိနေချေပြီ။
သူမ၏ အကြည့်မှာ ကျန်းဟယ်ကိုင်ထားသော လေးဆွဲအားပြင်းသည့် 'ရီကပ်ဗ်' လေးဆီသို့ ရောက်သွားသည်။
"စမ်းကြည့်ချင်လို့လား"
ဟု ကျန်းဟယ်က မေးကာ သူ၏လေးကို ကမ်းပေးသည်။
မင်ယွဲ့သည် ကျန်းဟယ်၏လေးကို လှမ်းယူကြည့်သည့်အခါ သူမ သုံးနေကျ လေးထက် ပို၍ လေးလံသည်ကို တွေ့ရသည်။
သူမသည် လေးကြိုးကို အကြိမ်အနည်းငယ် ဆွဲကြည့်ကာ အသားကျအောင် လုပ်လိုက်သည်။
ထို့နောက် ပစ်မှတ်ကိုပင် လှည့်မကြည့်တော့ဘဲ ခေါင်းနောက်တွင် မျက်လုံးပါသကဲ့သို့ သူမ၏ ညာဘက်ခြေထောက်ရှိ မြားအိမ်ထဲမှ မြားတစ်စင်းကို ခပ်သွက်သွက် ဆွဲထုတ်ကာ လေးကြိုးတင်ပြီး ပစ်လွှတ်လိုက်သည်။
"ဝူး..." ခနဲ အသံနှင့်အတူ မြားသည် လေထုကို ခွဲထွက်သွားကာ မိုးကြိုးအရှိန်အဟုန်ဖြင့် ပစ်မှတ်ဆီသို့ ပျံသန်းသွားတော့သည်။
နေရောင်ခြည်သည် မင်ယွဲ့၏ ကိုယ်ပေါ်သို့ ဖြာကျနေကာ သူမအား ပိုမို ခန့်ညားထည်ဝါစေပြီး သူမ ပစ်လွှတ်လိုက်သော မြားမှာလည်း နတ်ဘုရားတစ်ပါး၏ လက်နက်အလား ထင်မှတ်ရပေသည်။ သူမသည် လက်အရှိန်ကို စမ်းသပ် ကြည့်ပြီးနောက် လေးကို ပြန်ချလိုက်သည်။
ကျန်းဟယ်မှာမူ သူမကို အံ့ဩတကြီး ငေးကြည့်နေဆဲပင်။
"ဘာဖြစ်လို့လဲဟင်"
ဟု မင်ယွဲ့က မေးလိုက်သည်။
ကျန်းဟယ်က ဘာမျှမပြောဘဲ ခေါင်းကို အသာခါယမ်းလိုက်သည်။
မင်ယွဲ့၏ လက်စွမ်းမှာ မီတာ ၇၀ အကွာအဝေးမှာ သူမအတွက် ကန့်သတ်ချက် မဟုတ်ဘဲ မီတာတစ်ရာအကွာမှ သစ်ရွက်တစ်ရွက်ကိုပင် တည့်တည့်မှန်အောင် ပစ်နိုင်သည့် အဆင့်ဖြစ်ကြောင်း သူ နားလည်လိုက်ခြင်းကြောင့် ဖြစ်သည်။
နည်းပြနှစ်ဦးလည်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
အမျိုးသားသုံး လေးများမှာ ဆွဲအားပို၍ ပြင်းသော်လည်း မင်ယွဲ့က အေးဆေးစွာ ပစ်ခတ် နိုင်သည်မှာ အံ့ဩစရာပင်။
နည်းပြဟွမ်ကမူ မင်ယွဲ့ကို အမျိုးသမီးမြားပစ်လောက၏ ရွှေတံဆိပ်ရှင်အဖြစ် စိတ်ထဲတွင် လျာထားလိုက်ပြီ ဖြစ်သည်။
ထိုရက်ပိုင်းအတွင်း မင်ယွဲ့သည် ကျမ်းပြုစုခြင်းနှင့် ပြိုင်ပွဲငယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းတို့ဖြင့် အလွန်ပင် အလုပ်ရှုပ်နေတော့သည်။ သူမသည် အချိန်တိုအတွင်း မြားပစ်လောကတွင် နာမည်ကျော်ကြားလာခဲ့သည်။
"မြားပစ်ပါရမီရှင် ဆိုတာ နင်လား"
ပြိုင်ပွဲတစ်ခုတွင် မင်ယွဲ့၏ရှေ့၌ မိန်းကလေးတစ်ဦး ရပ်ကာ မယုံကြည်နိုင်သော လေသံဖြင့် မေးမြန်းလာသည်။
"မယုံဘူးလား"
ဟု မင်ယွဲ့က မေးခွန်းဟောင်းဖြင့်ပင် ပြန်လည် တုံ့ပြန်လိုက်သည်။
သူမသည် အကြောင်းမဲ့ ရန်စစကားများကို လက်ခံလေ့မရှိသဖြင့် ထိုသို့ ပြန်လည် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
"မယုံရင်ကော ဘာဖြစ်လဲ"
ဟု ထိုမိန်းကလေးက ခပ်ရောင့်ရောင့် ဆိုသည်။
မင်ယွဲ့ကမူ ဂရုမစိုက်ဘဲ ကျိုးခယ်ကို ဆွဲကာ ထွက်ခွာခဲ့တော့သည်။
"အဲဒါ က ပြည်နယ် (A) က လင်ရှူးတဲ့ ပါရမီရှိတဲ့သူလို့ နာမည်ကြီးတယ်၊ နောက်နှစ်ကျရင် လက်ရွေးစင်အသင်းထဲ ဝင်နိုင်ဖို့ မျှော်လင့်ခံထားရတဲ့သူပဲ"
ဟု ကျိုးခယ်က ရှင်းပြသည်။
လင်ရှူးသည် မင်ယွဲ့ထက် အသက်အနည်းငယ် ငယ်သော်လည်း နည်းပြများကြားတွင် လူသိများသူ ဖြစ်သည်။
သို့သော် မင်ယွဲ့က 'မှောင်ခိုမြင်း' တစ်ကောင်အလား ရုတ်တရက် ပေါ်ထွက်လာပြီး လက်ရွေးစင်အသင်းသို့ တိုက်ရိုက်ခေါ်ယူခံရခြင်းမှာ သူမအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် မင်ယွဲ့အပေါ် သူမက မနာလိုစိတ်ဖြင့် ရန်စနေခြင်း ဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် မင်ယွဲ့ ထွက်ခွာရန် ပြင်ဆင်နေစဉ် နောက်ကွယ်မှ တိုးညင်းသော အသံလေးတစ်ခုကို ကြားလိုက်ရသည်။
"ကြိုးစားပါဦး”
ထိုအသံမှာ အလွန်တိုးညင်းသဖြင့် အခြားသူများ မကြားနိုင်သော်လည်း နားပါးလှသော မင်ယွဲ့ကမူ ကြားလိုက်ရသည်။
သူမသည် အံ့ဩစွာဖြင့် နောက်သို့ လှည့်ကြည့် လိုက်သည်။
"မမယွဲ့ယွဲ့ သွားကြစို့လေ"
ဟု ကျိုးခယ်က ခေါ်သော်လည်း မင်ယွဲ့က ခဏစောင့်ရန် ပြောကာ လင်ရှူးအနားသို့ တိုးသွားသည်။
လင်ရှူးမှာ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲလိုက်သော်လည်း မင်ယွဲ့က ခင်မင်ရင်းနှီးစွာဖြင့် လက်ကမ်းလိုက်သည်။
"မင်္ဂလာပါ လင်ရှူး... နင်လည်း ကြိုးစားပါဦးနော်"
နေရောင်ခြည်ကို ကျောခိုင်း၍ ရပ်နေသော မင်ယွဲ့၏ ပုံရိပ်မှာ လင်ရှူး၏ နှလုံးသားထဲသို့ အလင်းတန်းတစ်ခုအလား စီးဝင်သွားတော့သည်။
ထိုခဏ၌ လင်ရှူးသည် မင်ယွဲ့၏ ရိုးသားမှုအပေါ် စိတ်လှုပ်ရှားသွားသည်လား သို့မဟုတ် သူမ၏ လှပမှုအပေါ် မိန်းမောသွားသည်လား မသိသော်လည်း နှလုံးခုန်သံများ မြန်ဆန်လာရသည်။
"မင်္ဂလာပါ မင်ယွဲ့... ဆုံရတာ ဝမ်းသာပါတယ်”
လက်ဆွဲနှုတ်ဆက်လိုက်ခြင်းသည် ပြိုင်ဘက်ကို အသိအမှတ်ပြုခြင်း ဖြစ်သကဲ့သို့ နောင်တစ်ချိန်တွင် အသင်းဖော်များ ဖြစ်လာမည့် သူငယ်ချင်းနှစ်ဦးကြားမှ အားပေးမှုနှင့် ကောင်းချီးပေးမှုလည်း ဖြစ်တော့သည်။
မင်ယွဲ့သည် သူမ၏ နိုင်ငံတော်အတွက် ဂုဏ်ဆောင်ရန်ဟူသော ကိုယ်ပိုင်ရည်မှန်းချက်ကို ဆုပ်ကိုင်ထားရင်း အခြားသော ပါရမီရှင်များကိုလည်း နိုးကြားလာစေခဲ့ပြီ ဖြစ်သည်။
***