"ရိုးရာတူရိယာတစ်ခုကိုပဲ ရွေးချယ်လိုက်ပါ"
ဒုတိယဥက္ကဋ္ဌပိုင်က အချိန်အတော်ကြာ စဉ်းစား
ပြီးနောက် အကြံပြုလိုက်သည်။
ဂီတတွင် နယ်နိမိတ်မရှိသော်လည်း ဂီတပညာရှင်များတွင်မူ မိမိတို့၏ အမြစ်တွယ်ရာ နိုင်ငံတော်ရှိသည်ဟု သူ အခိုင်အမာ ယုံကြည်ထားသည်။
သူသည် တပည့်မလေးအား ကိုယ်ကျင့်တရားဖြင့် ဖိအားမပေးလိုသော်လည်း မင်ယွဲ့အနေဖြင့် တရုတ်ရိုးရာဂီတကို ကမ္ဘာကသိအောင် မြှင့် တင်ပေးစေလိုသည့် ဆန္ဒပြင်းပြနေမိသည်။
"ရတာပေါ့ဆရာ... ကျွန်မတို့က တရုတ်လူမျိုးတွေပဲဥစ္စာ၊ ရိုးရာတူရိယာတွေကို ထိန်းသိမ်းမြှင့်တင်ဖို့က ကျွန်မတို့ တာဝန်ပဲလေ"
မင်ယွဲ့က တက်ကြွစွာပင် သဘောတူလိုက်သည်။
ထိုနေ့မှစ၍ သူမ၏ ဘဝသည် ကျမ်းပြုစုခြင်း၊ မြားပစ်လေ့ကျင့်ခြင်းနှင့် ဂီတအသင်းချုပ်သို့ သွားရောက်ခြင်းတို့ဖြင့် ပိုမိုအလုပ်ရှုပ်လာခဲ့သည်။
ပိတ်ရက်ရှည် ရောက်ရှိလာသည့်အခါ မင်ယွဲ့၏ မိဘများနှင့် မောင်လေးဖြစ်သူ မင်ချန်တို့သည် ယန်ကျင်းသို့ ရောက်ရှိလာကြသည်။
မိုဟန်ကျီက သူ၏အိမ်တော်ဟောင်းတွင် တည်းခိုရန် ဖိတ်ခေါ်သော်လည်း လူကြီးများက အားနာသဖြင့် မင်ယွဲ့၏ ရှေးဟောင်းအိမ်တော် တွင်သာ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အိမ်တော်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် မင်ယွဲ့၏ မိဘများမှာ မှင်တက်သွားကြရသည်။
ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲမှ ရှေးခေတ်နန်းတွင်း အရာရှိကြီးများ၏ အိမ်တော် အလား ကျယ်ဝန်းလှပလွန်းလှသည်။
သမီးဖြစ်သူ၏ ကြွယ်ဝမှုမှာ သူတို့၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေချေပြီ။
မင်ယွဲ့၏ မိခင်သည် သမီးဖြစ်သူ ယခုကဲ့သို့ အောင်မြင်မှုများ ရရှိရန်အတွက် မည်မျှပင် ပင်ပန်းဆင်းရဲခဲ့ရမည်နည်းဟု တွေးတောကာ ရင်ထဲတွင် မချိဖြစ်နေမိသည်။
"မင်းကော... ကိုယ့်ကို ဘယ်လိုနေရာချပေးမှာလဲ"
မိုဟန်ကျီသည် မင်ယွဲ့၏ ပုခုံးလေးများကို အသာအယာ နှိပ်နယ်ပေးရင်း ခပ်တိုးတိုး မေးလိုက်သည်။
မင်ယွဲ့က ပြုံးလျက် သူ၏ရင်ခွင်ထဲသို့ နောက်ပြန်မှီချလိုက်သည်။
"အင်း... ကိုယ်ကတော့ မင်းရဲ့အိပ်ရာကို နွေးထွေးအောင် လုပ်ပေးမယ်လေ၊ တစ်ဝက်လောက်ပဲ ဖယ်ပေးရင် ရပါပြီ"
"ဥက္ကဋ္ဌမိုလို လူတစ်ယောက်က ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့... မရှက်ဘူးလား"
ဟု မင်ယွဲ့က မျက်လုံးလေးမှိတ်ကာ စနောက်လိုက်သည်။
"ကိုယ့်ဇနီးလောင်းရှေ့မှာ ဘာလို့ ရှက်နေရမှာလဲ"
ဟု ဆိုကာ မိုဟန်ကျီက သူမ၏ လည်ပင်းသားနုနုလေးကို မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
နောက်တစ်နေ့တွင် မိုမိသားစုဝင်များ ရောက်ရှိလာကြသည်။ မိုအဖွားသည် မင်ယွဲ့၏ မိခင်လက်ကို ဆုပ်ကိုင်ကာ မင်ယွဲ့အား ထိပ်ဆုံးမှ အောက်ဆုံးအထိ ချီးကျူးစကားများ ဆိုနေတော့သည်။
မိခင်တိုင်းသည် မိမိရင်သွေး ချီးမွမ်းခံရလျှင် ပီတိဖြစ်ရမြဲပင်။
မင်ချန်မှာမူ လူကြီးများ စကားပြောနေသည်ကို စိတ်မဝင်စားဘဲ ငြိမ်သက်စွာ ထိုင်နေရသဖြင့် ပျင်းရိနေချေပြီ။
၎င်းကို ရိပ်မိသော မိုဟန်ကျီက—
“ချန်ချန်... အထဲမှာ ဂိမ်းစက်ရှိတယ်၊ သွားဆော့ချင် ဆော့လေ"
ဟု လမ်းညွှန်ပေးလိုက်သည်။
မင်ချန်သည် အခန်းထဲသို့ ရောက်သွားသည့်အခါ ဧရာမဖန်သားပြင်ကြီးနှင့် အဆင့်မြင့်ဂိမ်းစက်ကို တွေ့လိုက်ရသည်။
"ဒါက ကိုဟန်ကျီတို့ ကုမ္ပဏီက ထုတ်တဲ့ အသစ်စက်စက် ဂိမ်းစက်လေ အခု အရမ်းရောင်းကောင်းနေတာ၊ မောင်လေး ကြိုက်ရင် ယူသွားပေါ့"
ဟု မင်ယွဲ့က နောက်မှလိုက်လာရင်း ပြောလိုက် သည်။
ထို့ပြင် မင်ချန် ဆော့နေသောဂိမ်းမှာ မင်ယွဲ့၏ ကုမ္ပဏီမှ ထုတ်လုပ်ထားပြီး လူအများထံသို့ မချပြရသေးသည့် ဂိမ်းသစ်တစ်ခု ဖြစ်နေသည်။
သူငယ်ချင်းများ သိသွားပါက မည်မျှပင် အားကျကြမည်နည်းဟု မင်ချန် တွေးတောရင်း ကျေနပ်နေမိသည်။
ပိတ်ရက်များအတွင်း မိုအဖွားနှင့် မိုမိခင်တို့သည် မင်မိသားစုကို ယန်ကျင်းအနှံ့ လိုက်လံပြသကြသည်။ မင်ယွဲ့ လက်ရွေးစင်အသင်းတွင် သွားရောက်လေ့ကျင့်သည့် အခါတိုင်းတွင်လည်း မိုမိသားစု၏ ကားဆရာက လူကြီးများကို လိုက်လံပို့ဆောင်ပေးသည်။
မိုမိသားစုဝင်အားလုံးက မင်ချန်ကို မုန့်ဖိုးအဖြစ် အထူကြီးသော စာအိတ်အနီ များ ပေးကမ်းကြသည်။
မင်ချန်မှာ ထိုမျှများပြားသော ငွေများကို မင်ယွဲ့က ခေါင်းငြိမ့်ပြမှသာ ဝမ်းသာအားရ လက်ခံရဲတော့သည်။ ဤမိသားစုနှစ်ခု၏ ရင်းနှီးမှုမှာ အနာဂတ်တွင် တစ်မြေတည်းနေ တစ်ရေတည်းသောက် ဖြစ်လာမည့် အလားအလာကောင်းများကို ဖော်ဆောင်နေတော့သည်။
***