နှစ်ကူးနွေဦးပွဲတော် နီးကပ်လာသည်နှင့်အမျှ လီအောက်ရွာလေးမှာ ပိုမိုစည်ကားလာခဲ့သည်။
မင်ယွဲ့၏မိခင်မှာ အိမ်သန့်ရှင်းရေးအတွက် အလုပ်ရှုပ်နေသဖြင့် မင်ယွဲ့နှင့် မင်ချန်တို့မောင်နှမအား နှစ်ကူးပစ္စည်းဝယ်ယူရန် တာဝန် ပေးလိုက်တော့သည်။
မင်ယွဲ့သည် ဝမ်းကွဲညီမဖြစ်သူ မင်မင်းကိုပါ ခေါ်ဆောင်ကာ ခရိုင်မြို့လေးဆီသို့ ကားမောင်းထွက်ခဲ့ကြသည်။
ခရိုင်မြို့လေး၏ စူပါမားကတ်မှ ပစ္စည်းမျိုးစုံကို ဝယ်ယူပြီးအထွက်တွင် နောက်ကွယ်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်ယွဲ့..."
မင်ယွဲ့ လှည့်ကြည့်လိုက်သည့်အခါ အမျိုးသားတစ်ဦးက အံ့ဩဝမ်းသာစွာဖြင့် ပြေးလာသည်ကို တွေ့ရသည်။
သူမ အတန်ကြာ စဉ်းစားပြီးမှသာ ထိုသူမှာ အလယ်တန်းကျောင်းတုန်းက အတန်းဖော်ဖြစ်ခဲ့ဖူးသော ကျောက်ဝေ ဖြစ်ကြောင်း မှတ်မိသွားတော့သည်။
"တကယ်ကို နင်ပဲပဲ... အရင်ကထက် ပိုလှလာလို့ မမှတ်မိတော့ဘူး"
ဟု ကျောက်ဝေက မြှောက်ပင့်စကားဆိုသည်။
မင်ယွဲ့ကမူ ထိုသူနှင့် စကားရှည်ရှည်ပြောရန် ဆန္ဒမရှိသဖြင့် ပြန်ရန်ပြင်သော်လည်း ကျောက်ဝေက သူမအား ထမင်းစားဖိတ်ရန် ဇွတ်အတင်း ပြုလုပ်နေတော့သည်။
သူသည် လက်ထဲမှ ကားသော့ကို လှုပ်ခါပြရင်း သူ၏ အောင်မြင်မှုကို ကြွားဝါနေသည့်အပြင် မင်ယွဲ့အား တစ်လလျှင် သုံးထောင်ခန့် မုန့်ဖိုးပေးမည်ဟူသော စကားဖြင့် စော်ကားလာခဲ့သည်။
"ပီကင်းတက္ကသိုလ်က ဘွဲ့ရတာကော ဘာထူးလဲ... အခုတော့ သူများဆီမှာ အလုပ်လုပ်နေရတာပဲ မဟုတ်လား ငါကတော့ ကုမ္ပဏီတစ်ခုရဲ့ သူဌေးပဲ... နင့်ကို အဖတ်လုပ်ပြီး ဖိတ်နေတာကို မာနမကြီးစမ်းနဲ့"
ဟု ကျောက်ဝေက သူ၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချကာ ရိုင်းစိုင်းစွာ ပြောဆိုတော့သည်။
မင်မင်းမှာ ထိုစကားကို ကြားရသည့်အခါ အူယားဖားယား ရယ်မောမိသွားသည်။
ခရိုင်မြို့လေးမှ ကုမ္ပဏီငယ်လေး တစ်ခုကို အားကိုးကာ ပိုင်ဆိုင်မှုပေါင်း ကုဋေကုဋာ ရှိသော သူမ၏မမယွဲ့ယွဲ့ကို လာရောက်ကြွားဝါနေခြင်းမှာ ဖားပြုတ်က ကောင်းကင်ဘုံကို လှမ်းကြည့်နေသကဲ့သို့ ရယ်စရာကောင်းလှသည် မဟုတ်ပါလား။
"နင်က ဘာတွေကို ရယ်နေတာလဲ"
ဟု ကျောက်ဝေက ဒေါသတကြီး မေးသည်။
"နင့်ရဲ့ အသိဉာဏ်မရှိတဲ့ ယုံကြည်မှုတွေကို ရယ်တာလေ... နင်က ယွဲ့ယွဲ့နဲ့ ဘယ်လိုမှ မတန်ဘူး"
ဟု မင်မင်းက ပြန်လည် တုံ့ပြန်လိုက်သည်။
မင်ယွဲ့သည် သူမ၏ စူးရှသော မျက်ဝန်းများဖြင့် ကျောက်ဝေကို စိုက်ကြည့်ကာ
“ကျားဝေ မီဒီယာ... အွန်လိုင်း လိုက်ဖ်လွှင့်တဲ့ ကုမ္ပဏီပေါ့ နင်က အခု မိန်းကလေး သုံးယောက်နဲ့ ရှုပ်နေပြီး အဲဒီထဲမှာ အိမ်ထောင်သည် တစ်ယောက်တောင် ပါတယ်ဆိုတာ ဆက်ပြောရဦးမလား"
ဟု အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
ကျောက်ဝေမှာ အရှက်ရကာ မင်ယွဲ့ကို တရားစွဲမည်ဟု ခြိမ်းခြောက်လာသည်။
မင်ယွဲ့ကမူ စိုးရိမ်တုန်လှုပ်ခြင်း မရှိဘဲ
“ကောင်းပြီလေ... နင့်အတွက် ငါပဲ ကူညီပြီး ရဲတိုင်ပေးလိုက်မယ်"
ဟု ဆိုကာ ဖုန်းကို ထုတ်ယူလိုက်တော့သည်။
ကျောက်ဝေမှာ ကြောက်လန့်တကြား ထွက်ပြေးရန် ကြိုးစားသော်လည်း မင်ယွဲ့၏ ကျွမ်းကျင်လှသော ခြေကန်ချက်ကြောင့် ပန်းခင်းထဲသို့ မှောက်ခုံကျသွားရသည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်အခါ မင်ယွဲ့က တည်ငြိမ်အေးဆေးစွာဖြင့်—
“သူက ကျွန်မကို တရားစွဲချင်တယ် ပြောနေလို့ စေတနာရှေ့ထားပြီး ကျွန်မကပဲ ရဲခေါ် ပေးလိုက်တာပါ"
ဟု ဆိုလိုက်သည်။
ကျောက်ဝေမှာမူ ရဲတပ်ဖွဲ့ဝင်များရှေ့တွင် သူ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့်
“မဟုတ်ပါဘူး... သူငယ်ချင်းချင်း နောက် ပြောင်နေတာပါ"
ဟု အမြန်ပင် စကားပြောင်းကာ ထွက်ပြေးရတော့သည်။
မင်ယွဲ့မှာမူ အရှက်မရှိသော ထိုသူအား ကြည့်ကာ သက်ပြင်းချရင်း မောင်လေးနှင့် ညီမလေးကို ခေါ်ဆောင်၍ ဈေးဝယ်ခြင်း တာဝန်ကို ဆက်လက် ထမ်းဆောင်ရန် ထွက်ခွာခဲ့တော့သည်။
သူမ၏ ရည်မှန်းချက်မှာ ဤကဲ့သို့သော လူစားမျိုးများကို အရေးလုပ်ရန် မဟုတ်ဘဲ ပိုမိုမြင့်မားသော အောင်မြင်မှု ပန်းတိုင်များဆီသို့သာ ဦးတည်နေခြင်း ဖြစ်တော့သည်။
***