တာဝန်ကျသမားတော်နှင့် ဆရာဝန်တို့ ထွက်လာကြသည်။
အဖေလီနှင့် လီရှီသုန်းတို့လည်း အပြေးအလွှား သွားလိုက်ကြသည်။
ဆရာဝန်က ပြောလိုက်သည်။
"လူနာကို ကယ်တင်နိုင်ခဲ့ပေမဲ့ အခြေအနေကတော့ သိပ်မကောင်းဘူး။ လောလောဆယ် စောင့်ကြည့်ဖို့ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ထားထားပါတယ်။ သူ အသက်ရှင်နိုင်မလားဆိုတာတော့ ဆက်ကြည့်ရမှာပေါ့။ ဒါပေမဲ့ အဆိုးဆုံးအခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်။ အသက်ရှင်ဖို့ဆိုတာ သူ့ကံတရားအပေါ်မှာပဲ မူတည်နေတာ"
ထို့နောက် ဆရာဝန်က အမေလီ၏ အခြေအနေအကြောင်း အကျဉ်းချုပ်ရှင်းပြလေသည်။
ခွဲစိတ်မှုအောင်မြင်ခဲ့သော်လည်း အမေလီ၏ရောဂါက အလွန်ပြင်းထန်နေသောကြောင့် ကံကြမ္မာအပေါ်မှာသာ ပုံအပ်ထားရမည့် အနေအထားပင်။
"ဒေါက်တာ.. ကျွန်မအမေ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်း ဘယ်လောက်ရှိလဲဟင်"
လီရှီသုန်းလည်း မနေနိုင်ဘဲ မေးလိုက်သည်။
ဆရာဝန်က ခဏမျှ စဉ်းစားလိုက်၏။
"မင်းအမေရဲ့ အခြေအနေက တော်တော်ဆိုးဝါးတယ်။ နောက်ဆက်တွဲကုသမှုအတွက် အနည်းဆုံး ယွမ်လေးသိန်းလောက် ကုန်ကျလိမ့်မယ်။ မိသားစုဘက်က ငွေကို ကြိုပြင်ဆင်ထားဖို့ လိုမယ်။ ပြီးတော့ အခုအချိန်မှာ ကိုယ်တွင်းအင်္ဂါအစားထိုးဖို့အတွက်လည်း တန်းစီပြီးစောင့်နေရတာ။ အရာအားလုံးက မင်းအမေရဲ့ကံတရားအပေါ်မှာပဲ မူတည်နေတယ်"
ဆရာဝန်၏ စကားများကား ရှင်းလင်းလှသည်။ ငွေရှိလျှင်ပင် အမေလီ၏ ရောဂါပျောက်ကင်းနိုင်ခြေက အလွန်နည်းပါးလှသည်။
သည်အတိုင်းသာ ဆက်သွားပါက အမေလီ သေချာပေါက် အကြာကြီးတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
လီရှီသုန်းက ဖြူဖျော့နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ဒေါက်တာ.. ဘာပဲဖြစ်ဖြစ် ကျွန်မအမေကို ကယ်ပေးပါနော်။ ကုန်ကျစရိတ်က ပြဿနာမရှိပါဘူး"
လီရှီသုန်း၏ စကားကို ကြားသောအခါ အဖေလီလည်း အံ့အားသင့်သွားချေသည်။
သမီးဖြစ်သူ၏ စိတ်ပိုင်းဖြတ်မှုကို မြင်လိုက်ရချိန်ဝယ် မစ္စတာလီခမျာ အလွန်စိတ်ထိခိုက်သွားရသည်။
သို့သော် မိခင်ဖြစ်သူ၏ ကျန်းမာရေးကြောင့် မိသားစုရှိ ငွေများမှာလည်း ကုန်သလောက်ဖြစ်နေချေပြီ။ သို့ဖြစ်လေရာ ယွမ်လေးသိန်းကို ဘယ်က သွားရှာရမည်နည်း။
ယဲ့ချန်းက ဝင်ပြောလိုက်၏။
"ဒါဆိုလည်း မင်းအမေရဲ့အခြေအနေကို ကိုယ် တစ်ချက်လောက် ကြည့်ပါရစေ"
ယခု ယဲ့ချန်းတွင် နတ်ဘုရားအဆင့်ဆေးပညာစွမ်းရည်ကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ဆေးရုံက မကုသနိုင်ဘူးဟုဆိုရုံဖြင့် သူကပါ ကုသပေးနိုင်မည်မဟုတ်ဟု မဆိုလိုပေ။
ထို့ပြင် ဆရာဝန်၏စကားအရ အမေလီ၏ အခြေအနေက အလွန်ဆိုးရွားနေပြီဖြစ်ရာ အချိန်ဆွဲနေပါက သူကိုယ်တိုင်ပင် ကယ်တင်နိုင်မည်မဟုတ်ကြောင်း ယဲ့ချန်း ခံစားမိသည်။
ထို့ကြောင့် ယဲ့ချန်းအတွက် ယခုအချိန်တွင် အရေးကြီးဆုံးအရာကား အမေလီကို မြင်တွေ့ခွင့်ရရန်ပင်။
"ဒါပေမဲ့ အမေက အထူးကြပ်မတ်ကုသဆောင်ကို ရောက်နေပြီဆိုတော့ သွားကြည့်လို့ မရတော့ဘူးလေ"
လီရှီသုန်းက အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။
ထိုသို့ပြောရင်း လီရှီသုန်း၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။
ယဲ့ချန်းက ဆို၏။
"အခြေအနေက ဆရာဝန်ပြောသလောက် ဆိုးချင်မှဆိုးမှာပါ။ စိတ်မပူပါနဲ့။ ကိုယ်လည်း ဆေးပညာအကြောင်း နည်းနည်းပါးပါးနားလည်တော့ ကူညီချင်ကူညီပေးနိုင်မှာပါ"
လီရှီသုန်း၏ ဝမ်းနည်းနေလေဟန် မျက်နှာလေးကိုမြင်သော် ယဲ့ချန်းလည်း သူ(မ)အတွက် စိတ်မကောင်းဖြစ်သွား၍ နှစ်သိမ့်ပေးလိုက်သည်။
ယဲ့ချန်းက လီရှီသုန်းကို ဖက်ထားသည်ကို မြင်သော်လည်း အဖေလီပ ဘာမှဝင်မပြောပေ။
အကယ်၍ ယခင်ကသာဆိုလျှင် သူ့သမီးကို ယောကျာ်းတစ်ယောက်က ပွေ့ဖက်ထားသည်ကိုမြင်ပါလျှင် အစောကြီးကတည်းက ကန့်ကွက်ပြီးနေလောက်ပြီဖြစ်၏။
သို့သော် ယခုအချိန်ကား ရှီသုန်းအတွက် နှစ်သိမ့်မှုအလိုအပ်ဆုံးအချိန်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။
အတွေ့အကြုံများသော အဖေလီအနေနှင့် ယဲ့ချန်းနှင့် လီရှီသုန်းတို့၏ ဆက်ဆံရေးက သာမန်မဟုတ်ကြောင်း ရိပ်မိသည်။
ထို့ပြင် ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံက အလွန်သပ်ရပ်ပြီး သမီးဖြစ်သူက ငွေချေးသည့်အခါတွင်လည်း တစ်ခွန်းမှမမေးဘဲ ချက်ချင်းလွှဲပေးခဲ့သည်။
သူလည်း အသက်ကြီးလာပြီဖြစ်ရာ သမီးဖြစ်သူကို ဂရုစိုက်ပေးမည့်လူရှိကြောင်း မြင်လိုက်ရခြင်းက သူ့စိတ်ကို အနည်းငယ် သက်သာရာရစေသည်။
အရေးအကြီးဆုံးအချက်မှာ ယဲ့ချန်းသည် အချောင်သမား လူရှုပ်လူပွေများလို မဟုတ်ဘဲ ရိုးသားတည်ကြည်ပြီး ရုပ်ရည်သန့်ပြန့်သူဖြစ်သောကြောင့် သူ သဘောကျမိသည်။
ယခုလက်ရှိတွင် သူ့မိသားစုက အခက်အခဲကြီးကြီးမားမားနှင့် ရင်ဆိုင်နေရသည်ဖြစ်ရာ သူလည်း များများစားစား မတတ်နိုင်ပေ။ အကယ်၍ သမီးဖြစ်သူအတွက် ကောင်းမွန်သော အားကိုးရာတစ်ခုရှိနေမည်ဆိုလျှင် သူ့အတွက်တော့ အပျော်ရွှင်ရဆုံးကိစ္စပင်။
ထိုအချိန် ယဲ့ချန်းက သူသည် ဆေးပညာအကြောင်း နားလည်ပြီး အမေလီကို ကုသပေးနိုင်သည်ဟု ရုတ်တရက်ပြောလိုက်သောအခါ အဖေလီခမျာ အံ့အားသင့်သွားရသည်။
လီရှီသုန်းလည်း အနည်းငယ် အံ့အားသင့်သွားသည်။
"အစ်ကိုယဲ့... တကယ်ပဲ ကျွန်မအမေရဲ့ ရောဂါကို ကုပေးနိုင်တာလားဟင်"
ယဲ့ချန်းက ရောဂါကုသပေးနိုင်ကြောင်း ကြားလိုက်ရချိန်တွင် လီရှီသုန်း၏ မျက်လုံးများမှာ အရောင်လဲ့သွားသည်။
ယဲ့ချန်းက ပြောလိုက်၏။
"ပြဿနာကြီးကြီးမားမားတော့ မဖြစ်နိုင်ပါဘူး။ မင်းအမေရဲ့အခြေအနေကို အရင်ဝင်စစ်ဆေးကြည့်ပါရစေ"
လီရှီသုန်းက သူ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားကြောင်း ယဲ့ချန်း ခံစားရသည်။
ယခုအချိန်တွင် ယဲ့ချန်းကသာ သူ(မ)၏ တစ်ခုတည်းသော အားကိုးရာဖြစ်နေချေသည်။
ယဲ့ချန်းဘက်က ယုံကြည်မှုအပြည့်ဖြင့် ပြောလာသောအခါ လီရှီသုန်းခမျာ စိတ်သက်သာရာရသွားပြီး အစကလောက် အဆိုးမြင်စိတ်များ မရှိတော့ပေ။
"တာဝန်ကျဆရာဝန်ကို အရင်သွားရှာပြီး မင်းအမေကို အထူးကြပ်မတ်ဆောင်ထဲက ထုတ်ကြရအောင်"
ယဲ့ချန်းက ပြောလိုက်သည်။
သူ(မ)တို့သားအဖက သူ့ကိုယုံကြည်ကြောင်း မြင်သောအခါ ယဲ့ချန်းလည်း စိတ်သက်သာရာရဟန် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
သုံးယောက်သား ဆရာဝန်ရုံးခန်းထဲသို့ ရောက်လာကြသည်။ သူတို့ကိုမြင်သော် ဆရာဝန်က မေးလိုက်သည်။
"ကျွန်တော့ကို မေးစရာတစ်ခုခုများ ရှိလို့လား"
လီရှီသုန်းက ပြောလိုက်သည်။
"ဒေါက်တာ ကျွန်မအမေကို အထူးကြပ်မတ်ကုသဆောင်ထဲကနေ သာမန်လူနာဆောင်ကို ပြောင်းပေးချင်လို့ပါ"
လီရှီသုန်း၏စကားကို ကြားသောအခါ ဆရာဝန်က ချက်ချင်းမျက်မှောင်ကြုတ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာ။ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်လို့ရမှာလဲ။ ခင်ဗျားတို့မိသားစုမှာ ငွေမရှိဘူးဆိုရင်တောင် အခုအချိန်မှာ လက်လျှော့လို့ မရသေးဘူး။ လူနာမှာ အသက်ရှင်နိုင်မယ့် မျှော်လင့်ချက် ရှိနေသေးတယ်"
တာဝန်ကျဆရာဝန်က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။
ဆရာဝန်က ဆက်ပြောလေသည်။
"ကျွန်တော် ခုနကပြောခဲ့သလိုပဲ။ လူနာရဲ့ အခြေအနေက တော်တော်မတည်မငြိမ်ဖြစ်နေတာမို့ အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်။ ဒီအချိန်အတွင်း တစ်ခုခုလွဲချော်သွားခဲ့ရင် ဘယ်သူက တာဝန်ယူနိုင်မှာလဲ"
ဆရာဝန်က သက်ပြင်းချ၍ ဆက်ပြောလေသည်။
"ခင်ဗျားတို့ ဘာတွေးနေလဲဆိုတာ ကျွန်တော် သိပါတယ်။ ငွေထပ်မကုန်ချင်တော့လို့ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ခင်ဗျားတို့ကို ထပ်ကြိုးစားကြည့်စေချင်သေးတယ်။ ဆုံးဖြတ်ချက်ကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်။ မိသားစုကသာ လက်လျှော့လိုက်မယ်ဆိုရင်တော့ ကျွန်တော်လည်း ဘာမှမတတ်နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီမတိုင်ခင် ခင်ဗျားတို့အနေနဲ့ တာဝန်ယူမှုကင်းလွတ်ခွင့်လက်မှတ်တော့ ထိုးပေးရလိမ့်မယ်"
ဆေးရုံများတွင် ဤကဲ့သို့သော ကိစ္စမျိုးများကို ဆရာဝန်များ အမြဲကြုံတွေ့ရလေ့ရှိသည်။ လူနာရှင်များက လက်လျှော့လိုက်သည့်အခါ သူတို့လည်း ဘာမှမတတ်နိုင်တော့ပေ။
ဘေးနားရှိ ယဲ့ချန်းက ပြောလိုက်သည်။
"ကျွန်တော်တို့က ငွေကြောင့် ကုသမှုကို လက်လျှော့လိုက်တာ မဟုတ်ပါဘူး။ ခင်ဗျားတို့ဆေးရုံက မကုနိုင်ဘူးဆိုလို့ ကျွန်တော်ကိုယ်တိုင်မှပဲ ဝင်ကုပေးနိုင်မှာမို့လို့ပါ"
ယဲ့ချန်း၏ စကားများကြောင့် ဆရာဝန်ခမျာ ကြောင်အမ်းသွားပြီး ယဲ့ချန်းကို လှမ်းကြည့်လိုက်မိသည်။
"ဘာပြောလိုက်တယ်။ မင်းက ကုပေးမယ် ဟုတ်လား"
ဆရာဝန်က ယဲ့ချန်း နောက်ပြောင်နေသည်ဟု ထင်နေချေသည်။
ထို့နောက် သူက လီရှီသုန်းနှင့် သူ(မ)၏ဖခင်ကို မသိမသာအကဲခတ်လိုက်သည်။
"ကျုပ်ကို နောက်နေတာလား။ လူနာရဲ့ အခြေအနေက အရမ်းဆိုးရွားနေတာနော်။ တစ်ချက်လေးမှားသွားတာနဲ့ အသက်အန္တရာယ်ရှိနိုင်တယ်။ ခင်ဗျားတို့မိသားစုက လမ်းဘေးက ဆရာဝန်ယောင်ယောင်ဘာယောင်ယောင် လူတစ်ယောက်ကိုခေါ်ပြီး ကုခိုင်းနေတာလား။ ဒါက တာဝန်မဲ့လွန်းရာကျတယ်"
ထိုအချိန်တွင် ဆရာဝန်၏ လေသံက အလွန်အေးစက်နေလေသည်။
ဤသည်မှာ သူ့လူနာဖြစ်၏။ ဤလူနာမှာ ကုသနိုင်မည့် အခွင့်အရေးရှိနေသေးသည် မဟုတ်ပါလော။
သို့သော် ယခု လူနာရှင်များက မဆင်မခြင်ပြုမူနေကြလေရာ ဆရာဝန်လည်း အလွန်ဒေါသထွက်သွားရသည်။
လူနာ၏အခြေအနေက အန္တရာယ်ကင်းသည့် အနေအထားသို့ မရောက်သေးပေ။ အထူးကြပ်မတ်ကုသဆောင်မှ သာမန်လူနာဆောင်သို့ ပြောင်းရွှေ့ခြင်းကပင် အလွန်အန္တရာယ်များနေပြီဖြစ်၏။ ယခုမူ သူတို့က ကျန်းလု မှ ရမ်းကုဆရာဝန်တစ်ယောက်ကိုခေါ်၍ ကုသခိုင်းနေပြန်သည်။ ဤသည်မှာ လူ့အသက်ကို ပေါ့ပေါ့တန်တန်သဘောထားနေခြင်းပင်။
"အစ်ကိုယဲ့... ရှင်..."
ဆရာဝန်၏စကားများကို ကြားသောအခါ လီရှီသုန်းနှင့် သူ့အဖေလည်း ဗျာများသွားရသည်။
ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်၏။
"ရပါတယ်။ ဒေါက်တာ့ကို ကိုယ် ပြောလိုက်ပါ့မယ်"
"ဒါနဲ့... ရန်အိုက်ဆေးရုံက ဒါရိုက်တာကျိုးကို ခင်ဗျားသိတယ်မလား"
ဒါရိုက်တာကျိုး၏နာမည်ကို ကြားသောအခါ ဆရာဝန်က ခဏမျှကြောင်သွားသည်။
"သေချာပေါက်သိတာပေါ့။ ကျုပ်က သူ့တပည့်လေ"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"ခင်ဗျား ဒါရိုက်တာကျိုးဆီ ဖုန်းဆက်ကြည့်လိုက်ပါ။ ကျွန်တော့နာမည် ယဲ့ချန်း လို့ ပြောလိုက်။ လူနာတွေကို ကုသပေးဖို့ ကျွန်တော့်မှာ အရည်အချင်းရှိမရှိဆိုတာ ကြည့်ကြသေးတာပေါ့"
ယဲ့ချန်း၏စကားကြောင့် ဆရာဝန်လည်း အံ့အားသင့်သွားချေသည်။
သူ ခဏမျှစဉ်းစားကြည့်ပြီးနောက် ဖုန်းကောက်ကိုင်ကာ ဒါရိုက်တာကျိုး၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။
"ဆရာ... ကျွန်တော် ရှောင်ကျန်းပါ။ ဒါနဲ့ ယဲ့ချန်းဆိုတဲ့ လူတစ်ယောက်ကို ဆရာသိလား။ သူက အခု ကျွန်တော်တို့ဆေးရုံမှာ ရောက်နေတယ်။ လူနာတစ်ယောက်ကို သူကိုယ်တိုင်ကုပေးမယ်ဆိုပြီး အထူးကြပ်မတ်ကုသဆောင်ထဲက ပြောင်းရွှေ့ချင်နေတယ်။ အဲဒါ ရယ်စရာကောင်းမနေဘူးလား ဆရာ"
"ရှောင်ကျန်း... ဒေါက်တာယဲ့ရဲ့ ဆေးပညာစွမ်းရည်က ငါ့ထက်တောင် သာသေးတယ်။ မင်းတို့မကုနိုင်တဲ့ ရောဂါတွေကို သူ ကုသပေးနိုင်လိမ့်မယ်။ ဒါက မင်းအတွက်လည်း လေ့လာသင်ယူဖို့ အခွင့်အရေးကောင်းတစ်ခုမို့ အမိအရဆုပ်ကိုင်ထားသင့်တယ်"
ဆရာဖြစ်သူ၏ စကားများကို ကြားလိုက်ရချိန်တွင် ယီရှုခမျာ မှင်တက်သွားရသည်။
ယဲ့ချန်းက ပြုံးလျက် ဆိုလိုက်သည်။
"ကျွန်တော် အခု လူနာကိုကုပေးလို့ရပြီလား"
ဆရာဝန်က ခဏမျှတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေတော့သည်။
"ရပါတယ်"
သူ့ဆရာသည် ရှန်ဟိုင်းတွင် အာဏာတိက္ကမကြီးမားသူတစ်ဦးဖြစ်၏။ ထိုဆရာကိုယ်တိုင်ကပင် ယဲ့ချန်းကို ဤမျှတလေးတစား ဆက်ဆံနေမှတော့ သူက ယဲ့ချန်းကို မည်သို့နှယ် မလေးမစားလုပ်ရဲမည်နည်း။
"ကျွန်တော် လူနာကို သာမန်လူနာဆောင်ဆီ အခုချက်ချင်းပြောင်းပေးပါ့မယ်"
ဆရာဝန်က အသက်ပြင်းပြင်းရှူသွင်း၍ ပြောလိုက်သည်။
•••••••••••••••••
***