ဒေါက်တာကျန်းက ယဲ့ချန်းကို လေးနက်တည်ငြိမ်စွာ ပြောလိုက်သည်။
"မစ္စတာယဲ့... ခင်ဗျားရဲ့ ဆေးပညာစွမ်းရည်တွေက ပြိုင်ဘက်ကင်းတယ်လို့ ကျွန်တော့ဆရာက ပြောထားပေမဲ့ လူနာရဲ့ လက်ရှိအခြေအနေက အရမ်းစိုးရိမ်ရတယ်ဆိုတာတော့ သတိပေးပါရစေ။ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်ဆိုပေမဲ့ မသေချာမရေရာမှုတွေကတော့ အများကြီးရှိပါသေးတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲက ထွက်သွားတာနဲ့ အချိန်မရွေး အသက်အန္တရာယ် ရှိလာနိုင်ပါတယ်"
ဒေါက်တာကျန်းက အမေလီ၏ အခြေအနေနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို ယဲ့ချန်းထံသို့ လွှဲပြောင်းပေးလိုက်သည်။
"မစ္စတာယဲ့... အမေလီရဲ့အခြေအနေနဲ့ ပတ်သက်သမျှ အချက်အလက်တွေအားလုံးက ဒီမှာပါ။ ခင်ဗျား အကိုးအကားလုပ်ဖို့ပါ"
ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။
"ကျေးဇူးပါ။ ခင်ဗျားပြောပြတဲ့ အခြေအနေကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးလီမှာ အချိန်သိပ်မကျန်တော့ဘူး။ သူ သုံးရက်ထက်ပိုပြီး တောင့်ခံနိုင်မှာ မဟုတ်ဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ ဒေါက်တာကျန်း အံ့အားသင့်သွားချေသည်။
အမှန်တော့ လူနာတစ်ယောက် ဘယ်အချိန် သေဆုံးနိုင်သည်ကို သူကိုယ်တိုင်ပင် ကြိုတင်မခန့်မှန်းနိုင်ပေ။
ဒေါက်တာကျန်းကတော့ ယဲ့ချန်းတစ်ယောက် အဓိပ္ပာယ်မရှိသည့်စကားများ ပြောနေသည်ဟု ထင်လိုက်သည်။
သို့သော် သူလေးစားရသော အကြီးအကဲကျိုးကိုယ်တိုင်က ဤလူ့ကို အံ့ဖွယ်သမားတော်တစ်ဦးအဖြစ် သတ်မှတ်ပြီး မိတ်ဆက်ပေးထားခြင်းဖြစ်လေရာ ဒေါက်တာကျန်းအနေနှင့် မယုံကြည်ဘဲ မနေရဲပေ။
ထို့ပြင် အကြီးအကဲကျိုးက ယဲ့ချန်း၏ အံ့မခန်းကုသနိုင်စွမ်းများနှင့် ပတ်သက်၍ သူ့ကို ပြောပြဖူးသောကြောင့် ယဲ့ချန်း၏ စကားများကို သူ ယုံကြည်ရပေမည်။
ယဲ့ချန်း၏စကားများကို ကြားလိုက်ရသောအခါ လီရှီသုန်း၏အမူအရာကား သိသိသာသာ ပြောင်းလဲသွားသည်။
သူ(မ)က ယဲ့ချန်း၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ပြောလိုက်သည်။
"ယဲ့ချန်း... ရှင် ကျွန်မအမေကို ကယ်ပေးရမယ်နော်"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလေသည်။
"စိတ်မပူပါနဲ့။ ကိုယ်ရှိနေသရွေ့ အန်တီ ဘာမှမဖြစ်စေရဘူး"
ယဲ့ချန်းက ဆက်ပြောလိုက်ပြန်သည်။
"လူနာကို အထူးကြပ်မတ်ကုသဆောင်ထဲက မြန်မြန်ရွှေ့ပါ။ အချိန်ဆွဲလေလေ ပြန်သက်သာဖို့ နှေးလေလေပဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ ဒေါက်တာကျန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"မစ္စတာယဲ့... ခင်ဗျား သေချာလို့လား။ ဘယ်လိုပဲဖြစ်ဖြစ် အထူးကြပ်မတ်ကုသဆောင်ဆိုတာ ပိုးမွှားကင်းစင်တဲ့ လူနာဆောင်ပါ။ လူနာက အထူးကြပ်မတ်ကုသဆောင်ထဲက ထွက်သွားတာနဲ့ ကူးစက်ရောဂါတွေ ဝင်လာနိုင်ပြီး ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်"
"ကျွန်တော့ကိုယုံပါ။ ဒီကိစ္စကို ကျွန်တော် တာဝန်ယူဖြေရှင်းပေးပါ့မယ်"
ယဲ့ချန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်သောအခါ ဒေါက်တာကျန်းလည်း ခေါင်းညိတ်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
"ကောင်းပါပြီ။ ဆေးရုံဆင်းဖို့ လုပ်ထုံးလုပ်နည်းတွေကို ဆက်လုပ်ကြတာပေါ့"
အဖေလီပ တာဝန်ယူမှုကင်းလွတ်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီးနောက် ဒေါက်တာကျန်းက အမေလီကို အထူးကြပ်မတ်ကုသဆောင်မှ သာမန်လူနာဆောင်သို့ ပြောင်းရွှေ့ရန် စီစဉ်ပေးတော့သည်။
ဒေါက်တာကျန်းမှာမူ စိုးရိမ်နေဆဲပင်။
အမှန်တော့ သူသည် အမေလီကို တစ်လျှောက်လုံး ကုသပေးနေခဲ့သူ မဟုတ်ပါလော။
အကြီးအကဲကျိုးက ယဲ့ချန်းကို အံ့ဖွယ်သမားတော်ဟု ပြောခဲ့သော်လည်း သူကတော့ ယဲ့ချန်းအပေါ် အနည်းငယ် သံသယဝင်နေဆဲပင်။
ယဲ့ချန်းက အသက်ငယ်လွန်းလှသည်။ လူနာကို အထူးကြပ်မတ်ကုသဆောင်မှ သာမန်လူနာဆောင်သို့ ပြောင်းရွှေ့ခြင်းမှာ သူ့အတွက်တော့ ရူးသွပ်မှုတစ်ခုပင်။
သို့သော် ယဲ့ချန်းက မိသားစု၏ သဘောတူညီမှုနှင့် သူ့ဆရာဖြစ်သူ၏ ထောက်ခံမှုကိုပါ ရရှိထားသောကြောင့် ဒေါက်တာကျန်းအနေနှင့် ဘာမှပြောစရာမရှိတော့ပေ။
ဒေါက်တာကျန်းခမျာ တွေးလေလေ ယုံကြည်မှုကင်းမဲ့လေလေ ဖြစ်လာသဖြင့် အကြီးအကဲကျိုးထံသို့ ဖုန်းဆက်ရန် ဆုံးဖြတ်လိုက်သည်။
"ဆရာ... ယဲ့ချန်းက တကယ်အရည်အချင်းရှိလို့လား။ ကျွန်တော့အမြင်တော့ သူက အပျော်တမ်းအဆင့်လောက်ပဲ ရှိမယ်ထင်တယ်"
အကြီးအကဲကျိုးက ရယ်မောလိုက်၏။
"ငါလည်း အစကတော့ အဲဒီလိုထင်ခဲ့တာပဲ။ ဒါပေမဲ့ မင်း သိလား။ ပြီးခဲ့တဲ့တစ်ခေါက်က ယန်မိသားစုက အကြီးအကဲယန်ကို သူက အံ့သြဖို့ကောင်းလောက်တဲ့အထိ ပြန်ကောင်းအောင် လုပ်ပေးခဲ့တယ်ကွ။ အကြီးအကဲယန်က နှလုံးရောဂါနဲ့ ဦးနှောက်သွေးကြောပြတ်ပြီး သေပြီလို့တောင် ဆုံးဖြတ်ချက်ချခံထားရတာနော်။ သေမယ့်ဆဲဆဲ အခြေအနေကနေ ပြန်ဆွဲခေါ်လာနိုင်ခဲ့တာ။ ဒီလူက သာမန်မဟုတ်ဘူး"
အကြီးအကဲကျိုး၏ စကားကို ကြားသောအခါ ဒေါက်တာကျန်းမှာ အလွန်အံ့သြသွားသည်။
အကြီးအကဲကျိုး ရည်ညွှန်းနေသည့် ရောဂါက မည်မျှဆိုးဝါးကြောင်း ဒေါက်တာကျန်း သိသည်။
အခြေအနေက ထိုအဆင့်အထိ ရောက်သွားပြီဆိုလျှင် ကုသနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားပြီဖြစ်၏။
သို့သော် ယဲ့ချန်းကမူ တစ်နည်းနည်းဖြင့် အံ့မခန်းပြန်သက်သာလာအောင် ကုသပေးနိုင်ခဲ့သည်။
အကယ်၍ ယဲ့ချန်းတွင် ထိုသို့သောစွမ်းရည်များ တကယ်ရှိနေပါက သူသည် အံ့ဖွယ်သမားတော်ပင် ဖြစ်ချေသည်။
အကြီးအကဲကျိုးက ဆက်ပြောပြန်သည်။
"တကယ်တော့ အစက ငါလည်း မင်းလို သံသယဝင်ခဲ့သေးတယ်။ ဒါပေမဲ့ သူ့ဆေးပညာစွမ်းရည်တွေကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတော့ ငါ အံ့သြချီးကျူးရုံကလွဲပြီး မယုံဘဲမနေနိုင်တော့ဘူး။ အခုဆိုရင် အကြီးအကဲယန်က ပန်းခြံထဲမှာ ထိုက်ချိတောင် ကစားနေပြီလို့ ကြားတယ်"
အကြီးအကဲကျိုး၏ စကားများကို ကြားလိုက်ရချိန်ဝယ် ဒေါက်တာကျန်းမှာ အကြီးအကျယ် တုန်လှုပ်သွားရသည်။
ထိုသို့သောလူနာမျိုး ခုတင်ပေါ်က ဆင်းနိုင်လောက်အောင် ပြန်လည်ကျန်းမာလာခြင်းကပင် ယုံကြည်ရခက်ခဲလှသည်။ သို့သော် ထိုက်ချိပါ ကစားနိုင်ပြီတဲ့လား။
ဤသည်မှာ လုံးဝမယုံနိုင်စရာပင်။
ဒေါက်တာကျန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ ဆရာ"
ဟွားနိုင်ငံတစ်ဝန်းတွင် ဆေးပညာအာဏာပိုင်တစ်ဦးအဖြစ် ရိုသေလေးစားခံရသော အကြီးအကဲကျိုး၏ အနေအထားကို ဒေါက်တာကျန်း ကောင်းကောင်းနားလည်သည်။
ထိုကဲ့သို့သော လူကိုယ်တိုင်ကပင် ယဲ့ချန်းကို ဤမျှအထင်ကြီးလေးစားနေသည်ဖြစ်ရာ ယဲ့ချန်း၏ စွမ်းရည်များက အတုအယောင် မဖြစ်နိုင်တော့ပေ။
ထို့ပြင် အကြီးအကဲယန်သည် ဟွားနိုင်ငံအတွက် အကျိုးပြုပေးခဲ့သော ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်ကြောင်း ဒေါက်တာကျန်း သိထားလေရာ သူ့ကို ကုသပေးနိုင်သည့် ယဲ့ချန်း၏စွမ်းရည်က အလွန်ထူးကဲကြောင်း ရှင်းလင်းနေသည်။
ယခုအခါတွင် အမေလီ၏ရောဂါကို ကုသရန် ယဲ့ချန်း၌ မည်ကဲ့သို့သော အစွမ်းထက်နည်းစနစ်များ ရှိနေသလဲဆိုသည်ကိုသာ သူ သိချင်နေမိတော့သည်။
သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အမေလီကို အခန်းထဲမှ ပြောင်းရွှေ့လိုက်သည်။
လီရှီသုန်းနှင့် အဖေလီတို့နှစ်ယောက်စလုံး အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။
ယဲ့ချန်းက ယုံကြည်မှုအပြည့်ရှိနေသော်လည်း သူတို့အတွက်မူ မိသားစုဝင်ဖြစ်နေသောကြောင့် အလွန်အမင်း စိုးရိမ်နေမိခြင်းပင်။
ယဲ့ချန်းက ပြုံးလျက် လီရှီသုန်းကို စိတ်အေးစေရန် ပြောလိုက်သည်။
"စိတ်ချ..ကိုယ့်ကိုသာ ယုံထားလိုက်"
ယဲ့ချန်းက ထိုသို့ပြောရင်း လီရှီသုန်း၏ ခေါင်းလေးကို ချစ်စနိုးဖြင့် ပုတ်လျက် ပြောလိုက်သည်။
"အန်တီ တစ်နာရီအတွင်း သတိရလာလိမ့်မယ်။ မနက်ဖြန်ဆိုရင် အစားနည်းနည်းစားပြီး လမ်းလျှောက်နိုင်မယ်လို့ ကိုယ် အာမခံတယ်။ လုံးဝပျောက်ကင်းသွားဖို့ကတော့ တစ်လလောက် ကြာနိုင်တယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ ဒေါက်တာကျန်းခမျာ ကြက်သေသေသွားရသည်။
ဒေါက်တာကျန်းအဖို့ ယဲ့ချန်း၏စကားက စိတ်ကူးယဉ်ပုံပြင်တစ်ခုနှင့် မခြားပေ။
အမေလီ၏ အခြေအနေက အလွန်အမင်း ဆိုးဝါးနေပြီး ကိုယ်တွင်းအင်္ဂါအစားထိုးကုသမှု ခံယူလျှင်ပင် တစ်နှစ်ဝန်းကျင်အတွင်း လမ်းလျှောက်ရန် မဖြစ်နိုင်ပေ။
ခုတင်ပေါ်ကဆင်းပြီး လမ်းလျှောက်နိုင်ရန် တစ်ရက်သာ အချိန်ယူရမည်ဆိုသည်မှာ ယုတ္တိမတန်လှပေ။
အမေလီကို အဆင့်မြင့်လူနာဆောင်သို့ အမြန်ပြောင်းရွှေ့ပေးလိုက်သည်။
ယဲ့ချန်း၏သြဇာလွှမ်းမိုးမှုကြောင့် အမေလီ၏ လူနာဆောင်မှာ အဆင့်မြင့်အရာရှိများအတွက်သာ သီးသန့်ထားလေ့ရှိသော အလွန်ကောင်းမွန်သည့် အသုံးအဆောင်များပါဝင်သည့် ဗီအိုင်ပီအခန်းဖြစ်နေချေသည်။
ယဲ့ချန်းက ဆို၏။
"ဒေါက်တာကျန်း... ကျွန်တော် အခု အပ်စိုက်ကုထုံးကိုသုံးပြီး လူနာရဲ့ ပျက်စီးနေတဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြန်ရှင်သန်လာအောင် လုပ်ပေးပါ့မယ်။ အပြင်လူတွေ ဝင်မလာနိုင်အောင် ခင်ဗျားဆီက အကူအညီတောင်းချင်တယ်"
ဒေါက်တာကျန်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ကျွန်တော်ရော ကုသတဲ့လုပ်ငန်းစဉ်ကို လေ့လာခွင့်ရနိုင်မလား"
ဒေါက်တာကျန်း၏ တောင်းဆိုမှုကို ကြားသောအခါ ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။
"ရပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး တိတ်တိတ်လေးနေပေးပါ"
ဒေါက်တာကျန်းက ကျေးဇူးတင်လေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
အကယ်၍ ယဲ့ချန်းထံတွင် ထိုသို့သောစွမ်းရည်များ တကယ်ရှိနေပါက သူ့နည်းစနစ်ကို လေ့လာခွင့်ရခြင်းမှာ မိမိ၏ဆေးပညာစွမ်းရည်များကို မြှင့်တင်ရန်အတွက် တန်ဖိုးဖြတ်မရသော အခွင့်အရေးကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ယဲ့ချန်းက ဘောပင်တစ်ချောင်းကိုယူ၍ ဆေးညွှန်းတစ်ခုကို အရင်ရေးလိုက်သည်။
"ဒေါက်တာကျန်း... တိုင်းရင်းဆေးဆိုင်ကနေ ဆေးဘက်ဝင်အပင်တွေ ရအောင် ကူညီပေးပါ။ လူနာ သတိရလာတဲ့အခါ သောက်ဖို့ ကျွန်တော့ရဲ့ ဆေးညွှန်းအတိုင်း ကျိုချက်ပေးထားပါ"
"ကောင်းပါပြီ။ ပြဿနာမရှိပါဘူး"
ဒေါက်တာကျန်းက လူတစ်ယောက်အား ဆေးဘက်ဝင်ဆေးညွှန်းကို ချက်ချင်းပြင်ဆင်ခိုင်းလိုက်သည်။
ကုသမှုကို စတင်လိုက်လေပြီ။
ယခုအချိန်တွင် လူနာဆောင်အပြင်ဘက်၌ ဌာနအသီးသီးမှ ဆရာဝန်များ စုရုံးရောက်ရှိနေကြပြီဖြစ်၏။
ကျောက်ကပ်ပျက်စီးနေသည့် လူနာတစ်ဦးကို လူငယ်တစ်ယောက်က အပ်စိုက်ကုထုံးအသုံးပြု၍ ကုသပေးနေသည့်အကြောင်း သူတို့အားလုံး ပြောဆိုဆွေးနွေးနေကြသည်။
ယဲ့ချန်းက သူ၏အပ်အိတ်ထဲမှ ငွေအပ်များကို ထုတ်ယူလိုက်ပြီးနောက် အမေလီ၏ သွေးကြောဆုံမှတ်များအတွင်းသို့ အပ်တချို့ကို လျင်မြန်စွာ စိုက်သွင်းလိုက်သည်။
ယဲ့ချန်း၏ အပ်စိုက်သွင်းပုံ လှုပ်ရှားဟန်များကို မြင်တွေ့ရသောအခါ ဒေါက်တာကျန်း အံ့အားသင့်သွားချေသည်။
အကြီးအကဲကျိုးက တရုတ်တိုင်းရင်းဆေးပညာရှင်တစ်ဦးဖြစ်၏။ ဒေါက်တာကျန်းလည်း သူ အပ်စိုက်သည်ကို ယခင်က မြင်ဖူးသော်ငြား ယဲ့ချန်းနှင့် နှိုင်းယှဉ်လိုက်လျှင် အကြီးအကဲကျိုးပင် မှေးမှိန်သွားရသည်။
ယဲ့ချန်း၏ ငွေအပ်များက အမေလီ၏ သွေးကြောဆုံမှတ်များအတွင်းသို့ ဆက်တိုက် စိုက်ဝင်သွားသည်။
အမေလီ၏ ရောဂါသည် ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းပင်။ အတိအကျဆိုရလျှင် ကျောက်ကပ်ပျက်စီးခြင်းဖြစ်လေရာ တစ်ခုတည်းသော ကုသမှုမှာ အစားထိုးကုသခြင်းသာ။
သို့တိုင် ယဲ့ချန်း၏ အပ်စိုက်ကုထုံးက ပျက်စီးနေသော ကိုယ်တွင်းအင်္ဂါများကို အသက်ဝင်လာစေရန် ရည်ရွယ်နေခြင်းပင်။
ယဲ့ချန်းက 'မီးတောင်အပ်စိုက်ပညာ'ဟု လူသိများသော ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရှေးဟောင်းနည်းစနစ်တစ်ခုကို အသုံးပြုလိုက်သည်။
ဤနည်းစနစ်ကို ရှေးဟောင်းကျမ်းစာများတွင် ဖော်ပြထားသော်လည်း ခေတ်နောက်ကျသွားပြီဖြစ်၏။
ယဲ့ချန်းက ထိုနည်းစနစ်ကို အသုံးပြုနေသည်ကို ကြည့်ရင်း ဆရာဝန်တစ်ယောက်က ဒေါက်တာကျန်းကို တိုးတိုးကပ်မေးလိုက်၏။
"ဒီလူက ယုံရပါ့မလား။ အပ်နည်းနည်းစိုက်ရုံနဲ့ လူနာရဲ့ကျောက်ကပ်လုပ်ဆောင်ချက်တွေက တကယ်ပြန်ကောင်းလာနိုင်ပါ့မလား။ ဒါက အဓိပ္ပာယ်မရှိတာ မဟုတ်ဘူးလား"
ဒေါက်တာကျန်းက ခေါင်းခါယမ်းလိုက်သည်။
"အခု ငါတို့အနေနဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာဖို့ မျှော်လင့်ရုံပဲတတ်နိုင်တယ်"
•••••••••••••••••
***