ယဲ့ချန်း၏ လှုပ်ရှားမှုများမှာ လျှပ်စီးလက်သည့်အလား လျင်မြန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အမေလီ၏ခန္ဓာကိုယ်ပေါ်တွင် ငွေအပ်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
ယဲ့ချန်းက တစ်ခါတစ်ရံ ငွေအပ်များကို လှည့်ကာ အပ်စိုက်ထားသည့် အတိမ်အနက်ကို ထိန်းညှိပေးနေပေသည်။
တစ်ခါတစ်ရံတွင် သူက ငွေအပ်များ၏ တည်နေရာကို ပြောင်းလဲပြီး သွေးကြောဆုံမှတ်များကို အပြောင်းအလဲလုပ်ပေးသည်။
အစပိုင်းတွင် ဒေါက်တာကျန်းက ယဲ့ချန်းထံမှ တစ်ခုခုကို လေ့လာသင်ယူချင်ခဲ့သည်။
သို့သော် ခေတ္တမျှ စောင့်ကြည့်ပြီးနောက် သူ ဘာတစ်ခုမှ နားမလည်နိုင်ကြောင်း သဘောပေါက်သွားတော့သည်။
သူ့ဘေးတွင်မူ လီရှီသုန်းက ယဲ့ချန်းတစ်ယောက် သူ(မ)၏မိခင်ကို ကုသပေးနေသည်ကို ကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေမိသည်။
ယဲ့ချန်း၏ နားထင်တွင် ချွေးထွက်နေကြောင်း သတိထားမိသဖြင့် သူ(မ)လည်း လက်ကိုင်ပဝါကိုထုတ်၍ ညင်သာစွာ သုတ်ပေးလိုက်သည်။
တစ်နာရီကြာပြီးနောက် ယဲ့ချန်းက သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်သည်။
"ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ"
ယဲ့ချန်း ငွေအပ်များကို စတင်ဖယ်ရှားနေကြောင်း မြင်သောအခါ ဒေါက်တာကျန်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
"ဒါလေးတင်ပဲလား"
ဆရာဝန်တစ်ယောက်က လှောင်ပြောင်လိုက်သည်။
"ဒီလောက်နဲ့ ပြီးပြီလို့ ပြောချင်တာလား။ လူနာက သတိတောင် မရသေးဘူးလေ"
ယဲ့ချန်းက သူ့ပါတက်ခ်ဖိလစ်နာရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်ဖွဖွပြုံးလိုက်သည်။
"နောက်တစ်မိနစ်နေရင် လူနာ သတိရလာပါလိမ့်မယ်"
"တစ်မိနစ်လား"
ဒီလူက အရမ်းယုံကြည်မှုလွန်ကဲနေတာပဲ။
သို့သော် ယဲ့ချန်းက သူ့နာရီကိုကြည့်၍ နောက်ပြန်ရေတွက်လိုက်သည်။
"၁၀ ၉ ၈... တစ် သုည"
ယဲ့ချန်း သုညအထိရောက်အောင် ရေတွက်ပြီးသည်နှင့်တစ်ပြိုင်နက် အမေလီ၏ မျက်ခွံများ ရုတ်တရက်လှုပ်ရှားသွားပြီး မျက်လုံးများ တကယ်ပွင့်လာခဲ့သည်။
တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း မှင်တက်သွားကြသည်။
သူ(မ) တကယ်သတိရလာခဲ့ပြီဖြစ်၏။
"နတ်ဆေးသမားတော်ယဲ့... ခင်ဗျားက တကယ်အံ့ဩဖို့ကောင်းလိုက်တာ"
ဒေါက်တာကျန်းမှာ ဆွံ့အသွားရသည်။
ပုံမှန်ကုသမှုမျိုးဖြင့်ဆိုလျှင် အမေလီ သတိပြန်ရလာရန် အများအားဖြင့် သုံးရက်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း လူတိုင်းသိထားကြသည်။
သို့တိုင် ယဲ့ချန်း၏ အပ်စိုက်ကုထုံးက လူနာကို ချက်ချင်းသတိရလာစေခဲ့သည်။
ထို့ပြင် လူနာ၏ မျက်နှာအရောင်မှာ အစက အလွန်ဖြူဖျော့နေခဲ့သော်လည်း ယခုအခါတွင်မူ ကျန်းမာသည့် အရောင်အသွေးများ လွှမ်းနေပြီဖြစ်၏။
ဤအခိုက်အတန့်တွင် ထိုနေရာရှိ လူအားလုံးမှာ ယဲ့ချန်း၏ ဆေးပညာစွမ်းရည်ကြောင့် အံ့အားသင့်နေကြရသည်။
ယဲ့ချန်းက ဆို၏။
"လူနာရဲ့ကိုယ်တွင်းအင်္ဂါတွေ ပြန်အသက်ဝင်လာဖို့ အချိန်နှစ်ဆယ့်လေးနာရီလိုတယ်။ အဲဒီအချိန်အတွင်းမှာ သူ့ကို ဘာအနှောင့်အယှက်မှမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ် အနားယူခိုင်းထားရမယ်"
"ဟုတ်ကဲ့။ ဟုတ်ကဲ့ပါ နတ်ဆေးသမားတော်ယဲ့။ ခင်ဗျားရဲ့ လမ်းညွှန်မှုအတိုင်း ကျွန်တော် သေချာပေါက်လုပ်ပါ့မယ်"
"ဒါပေမဲ့ ပုံမှန်စစ်ဆေးမှုတချို့အတွက်တော့ စက်ပစ္စည်းတွေကို အသုံးပြုလို့ရပါတယ်"
ဒေါက်တာကျန်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူနာပြုများကို အမေလီ၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးရန်အတွက် စက်ပစ္စည်းများအသုံးပြုရန် ချက်ချင်းညွှန်ကြားလိုက်သည်။
စစ်ဆေးမှုရလဒ်များ ထွက်လာသောအခါ ဒေါက်တာကျန်း အကြီးအကျယ် တုန်လှုပ်သွားရသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ညွှန်းကိန်းအမျိုးမျိုးက လူနာ၏ခန္ဓာကိုယ်သည် ပုံမှန်အခြေအနေသို့ လျင်မြန်စွာ ပြန်ရောက်ရှိနေပြီဖြစ်ကြောင်း ပြသနေသည်။
"နတ်ဆေးသမားတော်ယဲ့... ခင်ဗျားက သြချလောက်ပါပေတယ်။ လူနာရဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ"
ယဲ့ချန်းက အေးအေးလူလူ ပြောလိုက်သည်။
"နောက်သုံးနာရီလောက်နေရင် လူနာကို ကျိုထားတဲ့တိုင်းရင်းဆေး တိုက်လိုက်ပါ။ ကျန်တာကတော့ သူ ဖြည်းဖြည်းချင်း ပြန်ကောင်းလာမယ့်အပေါ် မူတည်တယ်"
ဒေါက်တာကျန်းကလည်း ခေါင်းညိတ်ပြသည်။
"မစ္စတာယဲ့... စိတ်ချပါ။ ကျွန်တော်တို့ သေချာဂရုစိုက်ပေးပါ့မယ်"
ယခုမူ ဒေါက်တာကျန်းသည် ယဲ့ချန်းအပေါ် အထင်သေးနေရာမှ အလွန်အမင်း ရိုသေလေးစားသွားပြီဖြစ်၏။
ယဲ့ချန်း၏ ဆေးပညာစွမ်းရည်များက သူ့နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေခဲ့သည်။
ဘေးတွင်ရပ်နေသော လီရှီသုန်းကလည်း ဝင်မေးလိုက်သည်။
"အစ်ကိုယဲ့ချန်း... ကျွန်မအမေရဲ့ အခြေအနေကရော"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"အန်တီက အဆင်ပြေသွားပါပြီ။ မနက်ဖြန်ဆိုရင် ခုတင်ပေါ်က ဆင်းနိုင်လောက်ပြီ"
"အာ... တကယ်လား"
လီရှီသုန်းမှာ ထိုစကားကို ကြားလိုက်ရချိန်ဝယ် အလွန်ဝမ်းသာပျော်ရွှင်သွားသည်။
သူ(မ)၏အမေက ပြန်သက်သာလာရန် မျှော်လင့်ချက်မရှိသလောက်ဖြစ်နေပြီဟု ကြားခဲ့ရသဖြင့် သူ(မ)မှာ မျှော်လင့်ချက်ကင်းမဲ့လုနီးပါး ဖြစ်ခဲ့ရသည်။
သို့သော် ယဲ့ချန်းကြောင့် သူ(မ)အမေလည်း ဆိုးဝါးသောကံကြမ္မာမှ လွတ်မြောက်ခဲ့သည်။
"အစ်ကိုယဲ့ချန်း... ကျေးဇူးတင်ပါတယ်"
ဝမ်းသာလွန်းသဖြင့် လီရှီသုန်းခမျာ ယဲ့ချန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
ယဲ့ချန်းက လီရှီသုန်း၏ ခေါင်းသေးသေးလေးကို ပုတ်ပေးလိုက်သည်။
"ရပါတယ်။ အားလုံး ပြီးသွားပါပြီ။ နောက်တစ်နာရီဆိုရင် အန်တီ လုံးဝသတိလည်လာပြီမလို့ မင်း သူနဲ့ စကားပြောလို့ရပြီ"
"ဟုတ်ကဲ့... ဟုတ်ကဲ့"
လီရှီသုန်းသည် သူ(မ)အမေ၏လက်လေးက လှုပ်ရှားသွားကြောင်း ယခုလေးတင် မြင်လိုက်ရသဖြင့် မိခင်ဖြစ်သူ သတိပြန်လည်လာပြီဖြစ်ကြောင်း သိလိုက်သည်။
သမီးဖြစ်သူက ယောကျ်ားတစ်ယောက်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်ကို မြင်သော်လည်း အဖေလီကမူ ဘာမှမပြောဘဲ မျက်ရည်များသာ ဝဲတက်လာသည်။
တစ်နာရီအကြာတွင် အမျိုးသမီးလီ အမှန်တကယ် သတိရလာခဲ့သည်။
ဒေါက်တာကျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"မစ္စတာယဲ့... ကျွန်တော်တို့ရဲ့စစ်ဆေးချက်တွေအရ အမျိုးသမီးလီရဲ့ ကျောက်ကပ်လုပ်ဆောင်ချက်က ခုနစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြန်ကောင်းလာပါပြီ။ အပြည့်အဝပြန်ကောင်းလာဖို့ အချိန်သိပ်မကြာတော့ဘူးလို့ ယုံကြည်ပါတယ်"
"တကယ်လား။ ကျွန်မအမေ တကယ် အဆင်ပြေသွားပြီလား"
လီရှီသုန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ချေသည်။
ကြီးကြီးမားမား ပြဿနာမရှိတော့ကြောင်း ယဲ့ချန်းကလည်း ပြောထားသည်။ ယခုလည်း စစ်ဆေးမှုရလဒ်များကို မြင်လိုက်ရချိန်တွင် လီရှီသုန်း၏ ဗျာများနေသော စိတ်လည်း နောက်ဆုံးတွင်မူ တည်ငြိမ်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် ဒေါက်တာကျန်း"
လီရှီသုန်းက ကျေးဇူးတင်စကား ပြောလိုက်သည်။
ဒေါက်တာကျန်းကမူ ခေါင်းခါယမ်းပြသည်။
"ကျေးဇူးတင်စကားကို မစ္စတာယဲ့အတွက်ပဲ ချန်ထားတာ ပိုကောင်းပါလိမ့်မယ်"
တစ်နာရီအကြာတွင် အမျိုးသမီးလီမှာ တကယ်သတိရလာခဲ့သည်။
ယခုမူ အမေလီသည် ဆေးရုံခုတင်ပေါ်တွင် မှီလျက်ထိုင်နိုင်နေလေပြီ။
မိခင်ဖြစ်သူ တကယ်ပြန်ကျန်းမာလာကြောင်း မြင်ရသောအခါ လီရှီသုန်း၏ မျက်ရည်များမှာ စမ်းချောင်းတစ်ခုအလား စီးကျလာတော့သည်။
သေကွဲကွဲရလုနီးပါး အတွေ့အကြုံကို ယခုလေးတင် ကြုံတွေ့ခဲ့ရသဖြင့် ဤခံစားချက်များက အလွန်ကြည်နူးရသည်။
အရေးအကြီးဆုံးမှာ သူ(မ)မိခင်၏ ရှင်သန်နိုင်စွမ်းမှာ ယခင်ကနှင့် လုံးဝကွာခြားသွားခြင်းပင်။
ယခုအခါတွင် အမျိုးသမီးလီ၏ မျက်နှာအရောင်အသွေးမှာ သွေးရောင်လွှမ်းနေချေသည်။ ပြင်းထန်လှသော ရောဂါကြီးမှ ယခုလေးတင် ပြန်သက်သာလာသူတစ်ဦးနှင့် လုံးဝမတူတော့ပေ။
လီရှီသုန်းက ယဲ့ချန်း၏လက်ကို ဆွဲယူပြီး သူ(မ)၏အမေနှင့် မိတ်ဆက်ပေးလိုက်သည်။
"မေမေ... ဒီတစ်ခေါက်တော့ အစ်ကိုယဲ့ချန်းကို ကျေးဇူးတင်ရမှာပဲ။ သူက မေမေ့ကို သေမင်းတံခါးဝက ပြန်ဆွဲခေါ်ပေးခဲ့တာ"
အမျိုးသမီးလီက ကျေးဇူးတင်စကားဆိုလိုက်သည်။
"မစ္စတာယဲ့... ကျေးဇူးတင်ပါတယ်ကွယ်"
ဒေါက်တာကျန်းကမူ ခုတင်ပေါ်တွင် ထိုင်နေသော အမေလီကိုကြည့်ရင်း ယဲ့ချန်းအပေါ်ထားသော လေးစားအားကျမှုမှာ ပို၍ပင် ကြီးမားလာတော့သည်။
ယဲ့ချန်းက ဆေးပညာရပ်ဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို လက်တွေ့ဖန်တီးပြခဲ့သည်ဟု ဆိုရပေမည်။
ယဲ့ချန်းကမူ ပြုံးလိုက်သည်။
"အန်တီ... ကျွန်တော်က ရှီသုန်းရဲ့ သူငယ်ချင်းဆိုတော့ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့အရာပါ။ အခု ဘယ်လိုနေသေးလဲ"
"အများကြီးပိုသက်သာသွားပါပြီ။ တစ်ကိုယ်လုံး အရမ်းနေလို့ထိုင်လို့ကောင်းသွားတယ်"
ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။
"ကုသနေတုန်းမှာ အန်တီ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ ကျွန်တော် ဖယ်ရှားပေးခဲ့တယ်။ အဲဒါကြောင့် အခုဆိုရင် အန်တီ့ခန္ဓာကိုယ်က ဆယ်နှစ်လောက် ပြန်ငယ်သွားတာနဲ့ အတူတူပါပဲ"
အမျိုးသမီးလီက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။
"မင်းကျေးဇူးတွေပါပဲကွယ်။ မဟုတ်ရင် အန်တီတော့..."
ထိုအခိုက်အတန့်တွင် လီရှီသုန်းတစ်ယောက် ယဲ့ချန်း၏လက်ကို အဆက်မပြတ် ဆုပ်ကိုင်ထားကြောင်း သူ(မ) သတိထားမိလိုက်သည်။
အထူးသဖြင့် ပါးပြင်လေးများ ရဲတက်နေသည့် သူ(မ)သမီး၏ မျက်နှာအမူအရာမှာ ချစ်မိနေသော မိန်းကလေးတစ်ယောက်၏ အမူအရာဖြစ်ကြောင်း သိသာလွန်းလှသည်။
အမျိုးသမီးလီက သူ(မ)၏သမီးအကြောင်း ကောင်းကောင်းသိသဖြင့် သမီးဖြစ်သူ၏ခံစားချက်များကို သတိမထားမိဘဲ မနေပေ။
ယဲ့ချန်းက ရုပ်ရည်ချောမောပြီး ဆေးပညာလည်း ကျွမ်းကျင်သဖြင့် အမျိုးသမီးလီအနေနှင့် သူ့ကို အလွန်စိတ်တိုင်းကျမိသည်။
ထို့ပြင် ယဲ့ချန်းသည် သူ(မ)၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သည်။
"အန်တီ... တိတ်တိတ်ဆိတ်ဆိတ် အနားယူဖို့ လိုတယ်နော်။ သိပ်မပင်ပန်းစေနဲ့။ တိုင်းရင်းဆေးကို အချိန်မှန်သောက်ပေးပါ။ နှစ်ဆယ့်လေးနာရီကြာရင် လမ်းလျှောက်လို့ရပါပြီ။ ပြန်သက်သာလာဖို့အတွက်ကတော့ ဆရာဝန်တွေရဲ့လမ်းညွှန်ချက်အတိုင်းသာ လိုက်နာပါ။ အဲဒီအပိုင်းမှာ သူတို့က ပိုကျွမ်းကျင်တယ်လေ"
"သုံးရက်နေရင်တော့ အန်တီ့ရဲ့ ကျောက်ကပ်လုပ်ဆောင်ချက်က ပုံမှန်အဆင့်အထိ ပြန်ရောက်ပြီမို့ ဆေးရုံဆင်းလို့ ရပါပြီ။ ဒီရောဂါက အန်တီ့ကို ဒုက္ခပေးနိုင်တော့မှာ မဟုတ်ပါဘူး"
အမေလီ၏အခြေအနေကို အတည်ပြုရန်အတွက် သွေးခုန်နှုန်း စမ်းသပ်စစ်ဆေးပြီးနောက် ယဲ့ချန်းက ပြောလိုက်သည်။
အမေလီနှင့် အဖေလီတို့လည်း ကျေးဇူးတင်စကား ထပ်ပြောကြပြန်သည်။
အချိန်မစောတော့သဖြင့် ယဲ့ချန်းလည်း နှုတ်ဆက်ထွက်ခွာရန် မတ်တတ်ထရပ်လိုက်သည်။
လီရှီသုန်းက မတ်တတ်ထရပ်လိုက်၏။
"အစ်ကိုယဲ့ချန်း... ကျွန်မ လိုက်ပို့ပေးပါ့မယ်"
ယဲ့ချန်းကမူ ခေါင်းခါယမ်းပြလိုက်သည်။
"အန်တီက အခုလေးတင် သတိရလာတာလေ။ မင်း သူ့အနားမှာပဲ နေပေးသင့်တယ်"
သို့သော် အမေလီကမူ ပြုံးလိုက်၏။
"မဟုတ်တာ။ အန်တီ့ကိုယ်စား ရှီသုန်း မင်းကို လိုက်ပို့ပါလိမ့်မယ်"
အမျိုးသမီးလီက အတင်းတိုက်တွန်းနေသဖြင့် ယဲ့ချန်းလည်း လီရှီသုန်းနှင့်အတူ အပြင်ထွက်လာရန် သဘောတူလိုက်သည်။
ဆေးရုံအဝင်ပေါက်တွင် လီရှီသုန်းက ကျေးဇူးတင်စကားဆိုပြန်သည်။
"အစ်ကိုယဲ့ချန်း... ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မလည်း ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး"
ယဲ့ချန်းက ပြုံးလိုက်လေသည်။
"ရပါပြီကွာ။ ဒီနေ့ မင်း ကိုယ့်ကို ကျေးဇူးတင်စကားပြောနေတာ ခဏခဏပဲ"
"ကျွန်မ တကယ့်စိတ်ရင်းနဲ့ ပြောတာပါ။ ဒီကျေးဇူးကို တစ်သက်လုံး မှတ်ထားပါ့မယ်"
လီရှီသုန်းက လေးလေးနက်နက် ပြောလိုက်လေသည်။
••••••••••••••
***