ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"အခုချက်ချင်းထွက်သွား။ မဟုတ်ရင် ငါ့ကို အဆိုးမဆိုနဲ့"
"ထွက်သွားရမယ်တဲ့လား။ ဘာလို့ ငါက ထွက်သွားရမှာလဲ။ ငါက ငါ့သမီးကို လာရှာတာလေ"
ယဲ့ချန်းက အေးစက်စက် ပြောလိုက်ပြန်သည်။
"ဝမ်ထင်က မွေးစားခွင့်လုပ်ငန်းစဉ်တွေ အားလုံးလုပ်ပြီးသွားပြီ။ မင်းက ကလေးရဲ့အဖေဖြစ်ဖို့ အရည်အချင်းမမီဘူး။ အခုချက်ချင်းထွက်သွား"
"ဟွန့်... ဒီနေ့ ကလေးကိုမပေးရင် ငါ မပြန်ဘူး"
တစ်ဖက်လူက ခေါင်းမာချင်နေကြောင်း မြင်လိုက်ရသောအခါ ယဲ့ချန်း၏မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ထို့နောက် အိမ်ရာစီမံခန့်ခွဲရေးရုံးကို ဖုန်းဆက်လိုက်သည်။
မုန့်ဝမ်ထင်၏ အိမ်ရာဝင်းက ဝမ်သိုက်လုပ်ငန်းစု၏ ပိုင်ဆိုင်မှုအောက်တွင် ရှိနေခြင်းပင်။
အိမ်ရာမန်နေဂျာက လုံခြုံရေးဝန်ထမ်းများနှင့်အတူ ချက်ချင်းရောက်လာခဲ့သည်။
ယဲ့ချန်းကလည်း ထိုအမျိုးသားကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"မန်နေဂျာ... ဒီလူက ကလေးအဖေလို့ ဟန်ဆောင်ထားတဲ့ လူကုန်ကူးသမားတစ်ယောက်လို့ ထင်ပါတယ်။ သူ့ကို ခေါ်သွားပြီး သေချာစစ်ဆေးမေးမြန်းသင့်တယ်"
ယဲ့ချန်းက မည်သူမည်ဝါဖြစ်ကြောင်း သိထားသော အိမ်ရာမန်နေဂျာကလည်း ပေါ့ပေါ့ဆဆမနေရဲပေ။
"လူကြီးမင်း... အိမ်ရာဝင်းထဲကို ဝင်လာတဲ့ လူကြီးမင်းရဲ့အပြုအမူက မသင်္ကာစရာကောင်းတယ်လို့ ကျွန်တော်တို့ သံသယရှိတဲ့အတွက် ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ"
အခြေအနေမဟန်ကြောင်း မြင်သောအခါ ထိုအမျိုးသားက ယဲ့ချန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ငါ မလိုက်ဘူး။ မင်းတို့က တစ်ကျိတ်တည်းတစ်ဉာဏ်တည်းတွေ"
ထိုအချိန်တွင် အိမ်ရာမန်နေဂျာ၏ အကြည့်ကား အေးစက်သွားသည်။ သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး လသာဆောင်ဘောင်သို့သွားကာ ခြေတစ်ဖက်ကို ကျော်ခွလိုက်သည်။
"အနားမလာနဲ့။ အနားလာရင် ငါ အခုချက်ချင်း ခုန်ချလိုက်မှာနော်"
လုံခြုံရေးဝန်ထမ်းတချို့မှာ ထိုအမျိုးသား၏ လုပ်ရပ်ကိုမြင်ပြီးနောက် မလှုပ်ရဲတော့ပေ။
ထိုလူသာ တကယ်ခုန်ချသွားပါက သူတို့၏ တာဝန် ဖြစ်သွားပေလိမ့်မည်။ ထိုတာဝန်ကို သူတို့ ယူနိုင်မည်မဟုတ်ပေ။
ထိုအမျိုးသား၏လုပ်ရပ်ကို မြင်သောအခါ ယဲ့ချန်း၏အကြည့်များလည်း အနည်းငယ် မှင်တက်သွားသည်။
ဤအမျိုးသားက ပေစုတ်စုတ်ဝတ်ဆင်ထားသော်လည်း ရုပ်ရည်ကတော့ အလွန်ချောမောသည်။
ထိုစဉ်က မုန့်ဝမ်ထင်၏အစ်မလည်း ဤအမျိုးသား၏ ရုပ်ရည်ကြောင့် လှည့်စားခံခဲ့ရခြင်းဖြစ်မည်ဟု ခန့်မှန်းရသည်။
ယဲ့ချန်းက လှောင်ပြောင်လိုက်၏။
"မင်းက ခုန်ချချင်လို့လား"
လုဖန်က ယဲ့ချန်း သူ့အနားသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ အေးစက်မာကျောစွာ ပြောလိုက်လေသည်။
"အနားမလာနဲ့နော်။ နောက်တစ်လှမ်း ထပ်တိုးရင် ငါ တကယ်ခုန်ချလိုက်မှာ"
ယဲ့ချန်းကမူ ရယ်မောလိုက်၏။
"ဒါက ဆယ့်တစ်ထပ်မြောက်လေ။ မင်းသာ ခုန်ချလိုက်ရင် ဦးနှောက်တွေပွင့်ထွက်သွားပြီး ကိုယ်တွင်းအင်္ဂါတွေအားလုံး ကြေမွသွားလိမ့်မယ်။ ပြီးတော့ မင်းက ချက်ချင်းသေသွားမှာမဟုတ်ဘူး။ နာနာကျင်ကျင်နဲ့ ဖြည်းဖြည်းချင်းသေရမှာ"
ယဲ့ချန်း၏စကားကို ကြားသော် လုဖန် မျက်နှာပျက်သွားသည်။
"ဘာလို့ခုန်မချရဲတော့တာလဲ။ ငါ မင်းကို ကူညီပေးရမလား"
ယဲ့ချန်းက အိမ်ရာမန်နေဂျာဘက်သို့ လှည့်ကြည့်၍ ပြောလိုက်သည်။
"မန်နေဂျာ... ခင်ဗျားနဲ့ ဒီလုံခြုံရေးတွေကို ကျွန်တော် တစ်ယောက်ကို ယွမ်တစ်သန်းစီ ပေးမယ်။ သူ့ကို ကယ်ချင်ယောင်ဆောင်ပြီး အောက်ကိုသာ တွန်းချလိုက်။ ခင်ဗျားတို့ လွတ်မြောက်ဖို့အတွက် အကောင်းဆုံး ရှေ့နေတွေကို ကျွန်တော် ငှားပေးမယ်။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခံရရင်တောင်မှ ပြစ်ဒဏ်က ဆယ်နှစ်ထက် မပိုနိုင်ပါဘူး။ ထောင်ထဲမှာနေရတဲ့ တစ်နှစ်စာအတွက် ယွမ်တစ်သန်းစီ ကျွန်တော်ထောက်ပံ့ပေးမယ်"
ဤစကားကို ကြားသောအခါ မန်နေဂျာက အနေခက်ဟန်ဖြင့် ရယ်မောလိုက်သည်။
"မစ္စတာယဲ့... ခင်ဗျား နောက်နေတာ မဟုတ်လား"
ယဲ့ချန်းကတော့ ခေါင်းခါယမ်းပြသည်။
"ကျွန်တော် နောက်နေတာမဟုတ်ဘူး။ အခုချက်ချင်းတောင် ငွေပေးလို့ရတယ်"
ယခုလေးတင် ခုန်ချတော့မည့် လုဖန်ခမျာ ယဲ့ချန်း၏စကားကို ကြားသည်နှင့် မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်။
ကျစ်... ဒီကောင်က ငါ့ကို တကယ် သတ်ချင်နေတာပဲ။
သူက လက်ရန်းပေါ်မှ ကမန်းကတန်း ဆင်းလိုက်သည်။
"မင်း... မင်းက ငါ့ကို တကယ်သတ်ချင်နေတာပဲ"
ယဲ့ချန်းက လှောင်ရယ်လိုက်၏။
"ဒါပေါ့... မင်းက ခုန်ချချင်နေပေမဲ့ မခုန်ရဲဘူးဆိုတော့ မင်းကိုကူညီဖို့ လူရှာပေးမလို့လေ"
"မင်းက အရမ်းရက်စက်လွန်းတယ်။ ဒါက လူသတ်မှုကွ"
ယဲ့ချန်းက ရုတ်တရက် ရယ်ချလိုက်သည်။
"လူသတ်မှု ဟုတ်လား။ မင်းကိုယ်မင်း သတ်သေမယ်လို့ အော်နေတာလေ။ ငါက လူတွေကို မင်းကို ကယ်ခိုင်းရုံလေးပါ"
"ငါ... ငါ ခုန်မချတော့ဘူး"
လုဖန်က အလောတကြီး ပြောလိုက်သည်။
ယဲ့ချန်းကလည်း လှောင်ပြုံးပြုံးလိုက်လေသည်။
"ကောင်းပြီလေ မန်နေဂျာ... သူ ခုန်မချတော့ဘူးတဲ့။ ထပ်ပြီးစစ်ဆေးမေးမြန်းဖို့ သူ့ကို လုံခြုံရေးအခန်းထဲ ခေါ်သွားလို့ရပါပြီ"
မန်နေဂျာလည်း တံတွေးမျိုချလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် ယဲ့ချန်း ယခုလေးတင် ကမ်းလှမ်းခဲ့သော ရက်ရောလှသည့် ဆုကြေးငွေကြောင့် သူ တကယ်သွေးဆောင်ခံလိုက်ရသည်။
တစ်ခါတည်း ယွမ်ငါးသန်းပေးမည့်အပြင် ထောင်ကျနေသည့် တစ်နှစ်ချင်းစီအတွက်လည်း ယွမ်တစ်သန်းပေးဦးမည်ဖြစ်ရာ အလွန်တန်လှပေသည်။
မန်နေဂျာနည်းတူ အခြားလုံခြုံရေးဝန်ထမ်း တချို့လည်း စိတ်အားထက်သန်နေကြသည်။
ကံမကောင်းစွာဖြင့် ဤအမျိုးသားက သတ္တိနည်းလွန်းသဖြင့် ယဲ့ချန်း၏စကားကို ကြားသည်နှင့် အောက်သို့ ချက်ချင်းဆင်းလာခဲ့သည်။
သို့မဟုတ်ပါက နောက်ထပ်တစ်မိနစ်လောက်သာ တုံ့ဆိုင်းနေမည်ဆိုလျှင် ဤလူများက ရှေ့သို့ တကယ်ပြေးထွက်ကာ သူ့ကို တွန်းချပစ်လောက်သည်။
ငွေဆိုသည်မှာ နတ်ဆိုးတစ်ကောင်ဟု ဆိုရပေမည်။
လုဖန်က သူ့ဖုန်းကိုထုတ်၍ ၁၁၀သို့ ခေါ်ဆိုလိုက်သည်။
"ရဲစခန်းကလား။ ဒီမှာ လူတစ်ယောက်က ကျွန်တော့်ကို သတ်ချင်နေတယ်။ ခင်ဗျားတို့ မြန်မြန်လာမှဖြစ်မယ်"
ထို့နောက် လုဖန်က ယဲ့ချန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ငါ ရဲခေါ်လိုက်ပြီ။ မင်း လူသတ်မလို့ လုပ်နေတာ။ ရဲတွေ မင်းကို လာဖမ်းတော့မယ်"
ယဲ့ချန်းက လှောင်ပြောင်လိုက်သည်။
"ငါ မင်းကိုသတ်မယ်လို့ ပြောတာကို တစ်ယောက်ယောက် ကြားလိုက်လို့လား။ မင်း ခုန်ချချင်တယ်ဆိုလို့ မင်းကိုကယ်ဖို့ လူရှာပေးတာလို့ စောစောက ပြောပြီးပြီလေ"
"မင်း..."
ယဲ့ချန်းက အေးစက်စက်ပြောလိုက်သည်။
"ဝမ်ထင်နဲ့ မေ့မေ့ကို မင်း ထပ်ပြီးအနှောင့်အယှက်မပေးဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ မင်းကို ဒီကမ္ဘာပေါ်ကနေ အပြီးတိုင် ပျောက်ကွယ်သွားအောင်လုပ်ဖို့ ငါ ဝန်လေးနေမှာမဟုတ်ဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ လုဖန် မျက်နှာပျက်သွားသည်။
ယဲ့ချန်းထံမှ ပြင်းထန်လှသော သတ်ဖြတ်လိုဟန် အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။
"မင်း... မင်း စောင့်ကြည့်နေလိုက်။ ငါ မင်းကို အလွတ်မပေးဘူး"
ဤတစ်ကြိမ်တွင်မူ လုဖန် ကြောက်ရွံ့သွားသဖြင့် လှည့်ပြန်သွားတော့သည်။
လုဖန် ထွက်သွားသည်ကို မြင်သောအခါ မုန့်ဝမ်ထင်လည်း အဆုံးတွင် သက်ပြင်းချနိုင်သွားသည်။
"ယဲ့ချန်း... မိုက်မဲတာတွေ ဘာမှမလုပ်နဲ့နော်"
ယဲ့ချန်းက လုဖန်ကိုသတ်ရန် လူရှာမည်ဟု ပြောလိုက်ချိန်တွင် မုန့်ဝမ်ထင်လည်း လန့်သွားခဲ့ရသည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"စိတ်မပူပါနဲ့။ ကိုယ်က ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါ။ ဘယ်လိုလုပ်ပြီး လူသတ်မှာလဲ။ သူ့ကို ခြောက်လိုက်ရုံလေးတင်ပါ"
တကယ်တမ်းတွင်မူ ယဲ့ချန်းက သူ့စနစ်ဖြင့် လုဖန်ကို အလွယ်တကူ ပျောက်ကွယ်သွားအောင် လုပ်နိုင်ပေသည်။
ယဲ့ချန်းသည် ရွှေရောင်သံချပ်ကာလုံခြုံရေးကုမ္ပဏီသို့ ဖုန်းဆက်၍ သားအမိနှစ်ယောက်ကို အထူးကာကွယ်ပေးရန် တစ်စုံတစ်ယောက်ကို ညွှန်ကြားခဲ့ပြီးနောက် သူကတော့ ကားမောင်းထွက်လာခဲ့သည်။
အိမ်ရာဝင်းထဲမှ ထွက်လာပြီးနောက် ယဲ့ချန်းတစ်ယောက် မစ်စတစ်ဘားသို့ ရောက်လာခဲ့သည်။
အချက်အလက်များအရ လုဖန် ဤနေရာသို့ ယခုလေးတင် ရောက်ရှိလာကြောင်း သူ သိထားသည်။
ဘားထဲသို့ ဝင်ဝင်ချင်းမှာပင် ရင်းနှီးနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
ကျိုးစုစု ဖြစ်နေပြန်သည်။
နောက်ဆုံးတစ်ခေါက် မစ်ရှင်ကို လက်ခံရရှိပြီးကတည်းက ကျိုးစုစုနှင့် သူ့တွင် ရေစက်အတော်ပါကြောင်း ယဲ့ချန်း သိလိုက်ရသည်။
ဤတစ်ကြိမ်တွင် ကျိုးစုစုက ဟော့ဟော့ရမ်းရမ်း ဝတ်ဆင်ထားပြီး အမျိုးသားတချို့နှင့်အတူ ဘားထဲသို့ ဝင်လာသည်။
ဤမိန်းကလေး မစ်ရှင်တစ်ခု ထမ်းဆောင်နေခြင်းလေလား။ သို့မဟုတ် သူ(မ)တွင် မသိရသေးသော အခြားစရိုက်တစ်ခု ရှိနေသလားဟု ယဲ့ချန်း အနည်းငယ်သိချင်သွားသည်။
ကားပါကင်တွင် ကားရပ်ပြီးနောက် ယဲ့ချန်း ဘားထဲသို့ ဝင်လာခဲ့လိုက်သည်။
ယဲ့ချန်းက လူသူရှင်းသော နေရာတစ်ခုကို ရှာလိုက်၏။ ကျိုးစုစု အမျိုးသားတချို့နှင့် အံစာတုံးကစားနေသည်ကို မြင်လိုက်ရသည်။
လူတချို့က ကစားနေကြပုံပေါ်သော်လည်း သူတို့၏ အကြည့်များကမူ ဘားအဝင်ပေါက်ကိုသာ ဦးတည်နေသည်။
ကစားခြင်းက ဟန်ပြသက်သက်သာ။
ကျိုးစုစုက မစ်ရှင်တစ်ခု ထမ်းဆောင်နေပုံပေါ်ကြောင်း ယဲ့ချန်း နားလည်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့် ယဲ့ချန်း၏ရင်ထဲ သက်သာရာရသွားသည်။
ကျိုးစုစုက တကယ်တမ်းသာ ထိုသို့ဖောက်ပြန်လွယ်သည့် အမျိုးသမီးမျိုးဆိုလျှင် ယဲ့ချန်း၏စိတ်ထဲ သက်သောင့်သက်သာ မရှိလှပေ။
ထိုအခိုက်အတန့်တွင် အမျိုးသားတစ်ယောက် အပြင်ဘက်မှ လျှောက်ဝင်လာသည်။
ထိုအမျိုးသားက နေကာမျက်မှန်တပ်ထားပြီး ခရီးဆောင်လက်ဆွဲသေတ္တာတစ်လုံးကိုလည်း ကိုင်ဆောင်ထားသည်။
ထိုအမျိုးသား ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျိုးစုစုနှင့် အခြားရဲအရာရှိတချို့က သူ့အပေါ် ချက်ချင်းအာရုံစိုက်လိုက်ကြသည်။
ယဲ့ချန်းက တစ်ဖက်လူ၏ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးကြည့်လိုက်သည်။
"စုလျန်။ နိုင်ငံတကာထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူ၊ ဓားပစ်ကျွမ်းကျင်သည်။ ကိုယ်ယောင်ဖျောက်၍ သတ်ဖြတ်နိုင်ပြီး နိုင်ငံအသီးသီးမှ ရဲအရာရှိ၂၂ဦးကို သတ်ဖြတ်ခဲ့သည်။ သူ့လက်ထဲတွင် လူ့အသက်ပေါင်း တစ်ရာကျော် သေဆုံးခဲ့ရသည်။ အင်တာပိုမှ အေအဆင့် လူသတ်သမားအဖြစ် အသိအမှတ်ပြုထားသည်"
တစ်ဖက်လူ၏ ကိုယ်ရေးမှတ်တမ်းကို မြင်သောအခါ ယဲ့ချန်း အံ့အားသင့်သွားသည်။
တစ်ဖက်လူက အလွန်ကြောက်မက်ဖွယ်ကောင်းသော လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်ဟန်တူသည်။
ကျိုးစုစုနှင့် ထိုရဲအရာရှိအနည်းစုလောက်ဖြင့် ဤရာဇဝတ်ကောင်ကို ဖမ်းမိနိုင်စရာအကြောင်းမရှိပေ။ သူတို့ကသာ ဤလူ၏ သတ်ဖြတ်ခြင်းကိုပင် ခံရနိုင်ခြေများကြောင်း ယဲ့ချန်း နားလည်လိုက်သည်။
ထိုအမျိုးသားက ဘားကောင်တာတွင်ထိုင်၍ သောက်စရာတစ်ခွက်ကို ပေါ့ပေါ့ပါးပါး မှာယူလိုက်ပြီးနောက် အပေါ်ထပ်သို့ တက်သွားသည်။
ကျိုးစုစုနှင့် ရဲအရာရှိတစ်သိုက်လည်း သူ့နောက်က တိတ်တဆိတ် လိုက်သွားကြသည်။
ယဲ့ချန်းလည်း သူ့ဖန်ခွက်ကို ချထားခဲ့ပြီး အနောက်မှ လိုက်သွားခဲ့သည်။
လုပ်ကြံသတ်ဖြတ်သူက ဒုတိယထပ်သို့ တက်သွားပြီးနောက် အခန်းတစ်ခန်းထဲသို့ ဝင်သွားသည်။
ကျိုးစုစုနှင့် ရဲအရာရှိတစ်သိုက်ကမူ လက်နက်များ ကိုင်ဆောင်ကာ အဝင်ပေါက်ကို ပိတ်ဆို့ထားလိုက်ကြသည်။
ရဲအရာရှိတစ်ဦးက သီးသန့်ခန်းတံခါးကို ကန်ဖွင့်လိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် မြှားတိုတစ်ချောင်း ပစ်လွှတ်လိုက်သဖြင့် ရဲအရာရှိ၏ ပခုံးကို တိုက်ရိုက်ထိမှန်သွားသည်။
ခွမ်း!
ပြတင်းပေါက် ကွဲသွားပြီး စုလျန်လည်း ခုန်ထွက်သွားလေတော့သည်။
ကျိုးစုစုက တစ်ချက်မျှစဉ်းစားမနေဘဲ သူ့အနောက်က ချက်ချင်းခုန်ချလိုက်သည်။
စုလျန်၏ လှုပ်ရှားမှုများမှာ လျင်မြန်လှပြီး ခန္ဓာကိုယ်ကို လှန်ချကာ နံရံကို လွှားခနဲကျော်သွားသည်။
ကျိုးစုစုက အနောက်မှ ကပ်လျက်လိုက်သွားသည်။
အခြားရဲအရာရှိများမှာမူ စွမ်းရည်အဆင့် မလုံလောက်သောကြောင့် ပင်မဝင်ပေါက်ကသာ ပတ်သွားနိုင်ကြသည်။ ဤသို့ဖြင့် စုလျန်ကိုလိုက်ဖမ်းရန် ကျိုးစုစု တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
•••••••••••••••••••
***