ကျိုးစုစုမှာမူ စုလျန်၏အနောက်သို့လိုက်ရင်း လမ်းကြားလေးတစ်ခုထဲသို့ ရောက်သွားသည်။
သို့သော် တစ်ဖက်လူက ရပ်တန့်လိုက်သည်။
"မလှုပ်နဲ့... လက်မြှောက်ထား။ ရှင့်ကိုဖမ်းလိုက်ပြီ"
ကျိုးစုစုက သေနတ်ဖြင့်ချိန်ရွယ်၍ ပြောလိုက်သည်။
သို့သော် တစ်ဖက်လူက ဖြည်းဖြည်းချင်း ခေါင်းလှည့်လာသည်။
သူ့မျက်လုံးများက ကျိုးစုစုကို ကြည့်နေပြီး စင်စစ်ကြောက်ရွံ့ခြင်းမရှိပေ။
"အလှလေး... မင်းက ငါတွေ့ဖူးသမျှထဲမှာ သတ္တိအရှိဆုံး ရဲမေလေးပဲ။ ဒီလောက်လှတဲ့လူတစ်ယောက် သေရမှာတော့ တကယ်နှမြောစရာပဲ"
ထိုစကားကိုကြားသောအခါ ကျိုးစုစု မှင်တက်သွားသည်။
ဒီကောင်က အရမ်း မောက်မာလွန်းတယ်။ ငါ့ဆီမှာ လက်နက်ရှိတာ သူ မမြင်ဘူးလား။
"အသာတကြည်အဖမ်းခံပြီး သက်ညှာခွင့်ရအောင်ကြိုးစားဖို့ ရှင့်ကို ကျွန်မ အကြံပေးချင်တယ်"
ကျိုးစုစု၏စကားကို ကြားသောအခါ စုလျန်ကမူ ရုတ်တရက် အော်ဟစ်ရယ်မောလိုက်သည်။
"အဖမ်းခံရမယ် ဟုတ်လား။ သက်ညှာခွင့်ရမယ်တဲ့လား။ မင်း ငါ့ကို ဖမ်းမိသွားရင် ငါ အသက်ရှင်နိုင်မယ်လို့ မင်း ထင်နေတာလား"
စုလျန်၏စကားကို ကြားသောအခါ ကျိုးစုစု၏ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။
နိုင်ငံရပ်ခြားမှ လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဘားတွင် လာရောက်အချိတ်အဆက်လုပ်မည်ဟူသော ထောက်လှမ်းရေးသတင်းကို သူတို့ ယခုလေးတင် ရရှိခဲ့ခြင်းပင်။
သို့သော် ဤလုပ်ကြံသတ်ဖြတ်သူက ဤမျှအထိ စွမ်းရည်ထက်မြက်လိမ့်မည်ဟု ကျိုးစုစု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။
သို့သော် ကျိုးစုစုမှာမူ ကြောက်ရွံ့ခြင်းမရှိဘဲ အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"ရှင် ဘယ်သူပဲဖြစ်ဖြစ် ဟွားနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်ရင်တော့ ဥပဒေအရ အပြစ်ပေးခံရမှာပဲ"
ကျိုးစုစု၏စကားကို ကြားသောအခါ ထိုအမျိုးသားက ရုတ်တရက် ရယ်ချလိုက်သည်။
"ဟားဟား... အပြစ်ပေးမယ် ဟုတ်လား။ ဒီကမ္ဘာပေါ်မှာ ငါ့ကိုအပြစ်ပေးနိုင်တဲ့လူ ဘယ်သူမှမရှိဘူး"
ထိုစကားများနှင့်အတူ စုလျန်၏ လက်ကောက်ဝတ်က ရုတ်တရက် လှုပ်ရှားသွားသည်။
အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ကျိုးစုစု မျက်နှာပျက်သွားပြီး သေနတ်မောင်းတံကို ဆွဲလိုက်ချင်သော်လည်း နောက်ကျသွားခဲ့လေပြီ။
ပျံသန်းလာသော ဓားမြှောင်က သူ(မ)ကို ထိမှန်တော့မည်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ကျိုးစုစု မျက်နှာပျက်သွားလေသည်။
တစ်ဖက်လူ၏ဓားက ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု သူ(မ) လုံးဝမမျှော်လင့်ထားပေ။ ပြန်လည်ခုခံရန် အခွင့်အရေးမရလောက်အောင် မြန်ဆန်လွန်းလှသည်။
ထိုအချိန်ဝယ် ကျိုးစုစု၏ရှေ့တွင် အရိပ်တစ်ခု ရုတ်တရက်ပေါ်လာပြီး အားကုန်တွန်းထုတ်လိုက်လေရာ ပျံသန်းလာသော ဓားမြှောင်က ကျိုးစုစု၏ဆံပင်နားက ဖြတ်သွားသည်။
ဆံပင်တစ်စု ပြတ်ကျသွားပြီးနောက် ကျိုးစုစုခမျာ ရုတ်တရက်ပေါ်လာသူကို မြင်လိုက်ရချိန်ဝယ် အံ့သြမှင်တက်သွားသည်။
"ယဲ့ချန်း..."
ယဲ့ချန်းက ဘယ်အချိန်ကတည်းက ကျိုးစုစုရှေ့သို့ ရောက်နေမှန်းမသိပေ။
ယဲ့ချန်းလည်း ကူကယ်ရာမဲ့ဟန်ဖြင့် ခေါင်းခါလိုက်၏။
"မင်းကတော့ ငါ့ကို အေးအေးဆေးဆေး မနေရအောင် အရမ်းလုပ်တာပဲ"
ကျိုးစုစုခမျာ မျက်နှာရဲတက်သွားသည်။ မနေ့ကမှ ယဲ့ချန်းက သူ(မ)ကို ကယ်တင်ပေးခဲ့သည်။ ယနေ့လည်း သူကသာ ကယ်တင်ပေးရပြန်သည်။
သူ့ဓားမြှောင် လွဲချော်သွားသည်ကို မြင်သောအခါ စုလျန်၏မျက်နှာလည်း အေးစက်ခက်ထန်သွားသည်။
သူ့ဓားမြှောင်ကို ပစ်လွှတ်လိုက်တိုင်း သွေးထွက်ရစမြဲပင်။
ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် ကျရှုံးမှုပင်။
"မင်းက ဘယ်သူလဲ"
စုလျန်က ယဲ့ချန်းကို စိုက်ကြည့်၍ မေးလိုက်သည်။
ယဲ့ချန်းကလည်း စုလျန်ကိုကြည့်ကာ ပြန်ဖြေလိုက်၏။
"ငါက လူချောတစ်ယောက်လေ။ ငါ တော်တော်လေး ချောတယ်လို့ မင်း မထင်ဘူးလား"
စုလျန် : "..."
"ကောင်လေး... မင်းက သေချင်နေမှတော့ ငါ့ကိုအဆိုးမဆိုနဲ့ပေါ့ကွာ။ ငါ မင်းကို အရင်သတ်မယ်။ ပြီးရင် မင်းအနောက်က အလှလေးကိုတော့"
ကျိုးစုစုကိုကြည့်၍ စုလျန်၏မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒီလောက်လှတဲ့ မိန်းမကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ ဒါကြောင့် မသေခင် မိန်းမတစ်ယောက်ဖြစ်ရတာ ဘယ်လိုခံစားရလဲဆိုတာ သူသိအောင် သေချာလေ့လာစူးစမ်းဦးမယ်"
စုလျန်၏မျက်နှာကား ခက်ထန်သွားပြီး လက်ထဲတွင်လည်း ဓားမြှောင်တစ်လက် ထပ်ပေါ်လာသည်။
အေးစက်စက်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး ယဲ့ချန်းဆီသို့ ပစ်လွှတ်လိုက်သည်။
ယဲ့ချန်းလည်း အလားတူပင် သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ငွေအပ်သုံးချောင်းကို ပစ်လွှတ်လိုက်သည်။
ဓားမြှောင်က ယဲ့ချန်း၏ ပါးပြင်ကို လျှပ်ပြေး၍ ဖြတ်သွားစဉ် စုလျန်မှာမူ မှင်တက်စွာ ရပ်နေချေသည်။
"ဒါ... မဖြစ်နိုင်ဘူး"
စုလျန်၏ ရင်ဘတ်တွင် သွေးတန်းတစ်ခု ပေါ်လာပြီး သွေးများ ပျံ့နှံ့သွားသည်နှင့်အမျှ စုလျန်လည်း 'ဘုန်း'ခနဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ့မျက်လုံးထဲတွင် လက်မခံနိုင်လေဟန် အငွေ့အသက်များ ပြည့်နှက်နေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ"
ယဲ့ချန်းကတော့ လက်တွန့်မနေပေ။ တစ်ဖက်လူက အလွန်အန္တရာယ်များလွန်းသည်။ အကယ်၍ အသက်ရှင်ခွင့်ပေးလိုက်ပါက ထွက်ပြေးသွားနိုင်သည်။ ယဲ့ချန်းအနေနှင့် သူ့ကိုစွဲလမ်းနေသော အဆိပ်ပြင်းမြွေတစ်ကောင်ကို အသက်ရှင်ခွင့်ပေးမည် မဟုတ်ပေ။
ထိုအချိန်တွင် အခြားရဲအရာရှိများလည်း ရောက်လာသည်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီ။ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေ ရောက်လာပြီ။ ငါ့အတွက် လျှို့ဝှက်ထားပေးပါဦး။ ဒါက မင်းရဲ့စွမ်းဆောင်မှုပဲ"
ယဲ့ချန်းက နံရံကို အားစိုက်ထုတ်စရာမလိုဘဲ လွယ်လင့်တကူ လွှားခနဲကျော်သွားပြီး ပျောက်ကွယ်သွားတော့သည်။
"ခေါင်းဆောင်ကျိုး... အဆင်ပြေရဲ့လား"
ရဲအရာရှိတချို့ အပြေးရောက်လာပြီး မေးလိုက်သည်။
"ငါ အဆင်ပြေပါတယ်"
မြေပြင်ပေါ်တွင် လဲကျနေသော စုလျန်ကို မြင်သောအခါ ရဲအရာရှိတစ်ဦးက သူ မည်သူဖြစ်ကြောင်း အတည်ပြုလိုက်ပြီး အံ့အားသင့်သွားလေသည်။
"ခေါင်းဆောင်... ခင်ဗျား အကြီးစားဖမ်းဆီးမှုကို လုပ်နိုင်ခဲ့တာပဲ။ ဒီလူက အင်တာပိုရဲ့ အေအဆင့် အလိုရှိရာဇဝတ်ကောင် စုလျန်ဆိုတဲ့လူလေ"
လုပ်ကြံသတ်ဖြတ်သူ စကားပြောနေစဉ်က နောက်နေသည်ဟုသာ ကျိုးစုစု ထင်ခဲ့မိသည်။
သို့သော် စုလျန်၏နာမည်ကို ကြားသောအခါ ကျိုးစုစု အသက်ရှူမှားသွားရသည်။
သူ့စွမ်းရည်များက ဤမျှအထိ ကြောက်စရာကောင်းနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပါချေ။ ယဲ့ချန်းသာမရှိလျှင် ယနေ့ သူ(မ) သေချာပေါက် သေရမည်သာ။
တစ်ချိန်တည်းမှာပင် ဘားထဲတွင် လုဖန်က နာမည်ကြီးအမှတ်တံဆိပ် အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်ထက်တွင် ရိုးလက်စ်ဆပ်မာရီနာ နာရီတစ်လုံးကိုပတ်၍ ယခင်က စုတ်ပြတ်သတ်နေသော ပုံစံနှင့်ဆန့်ကျင်ဘက်ပပင် ဘားကောင်တာတွင်ထိုင်ကာ သောက်နေသည်။
ထိုအချိန်တွင် လုဖန်ခမျာ လွမ်းဆွေးနေဟန်တူပြီး ချောမောလှသော ရုပ်ရည်အပေါ် ညှိုးငယ်သော အလှတရားတစ်ခု ထပ်ပေါင်းထည့်လိုက်သလိုပင်။
ယနေ့ သူသည် မုန့်ဝမ်ထင်ဆီက ငွေညှစ်ဖို့အတွက် တမင်တကာ ဟန်ဆောင်ပြီး စုတ်ပြတ်သတ်နေသည့်ပုံစံဖမ်းကာ မုန့်ဝမ်ထင်၏အိမ်ကို သွားခဲ့ခြင်းပင်။
မျှော်လင့်မထားပါဘဲ ယဲ့ချန်း ပေါ်လာသဖြင့် သူ့အစီအစဉ်များ ပျက်စီးသွားရသည်။
သို့သော် မုန့်ဝမ်ထင်ထံသို့ ချဉ်းကပ်ရန် အခြားအခွင့်အရေးတစ်ခုကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်။
မုန့်ဝမ်ထင်ကသာ ငွေမပေးပါက သူ့အနေနှင့် ရှောင်မေ့ကို ဒုက္ခပေးမည်ဖြစ်၏။
မုန့်ဝမ်ထင် ဂရုအစိုက်ဆုံးလူက ရှောင်မေ့ဖြစ်ကြောင်း လုဖန် သိထားသည်။
"စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုခု ရှိလို့လား အချောလေး"
ထိုအချိန်တွင် နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသည်။
ခေတ်ဆန်ဆန်ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
ထိုမိန်းကလေးက ပါတက်ခ်ဖိလစ်နာရီကို ပတ်ထားပြီး သူ(မ)၏ခန္ဓာကိုယ်ပေါ်တွင် နာမည်ကြီးအမှတ်တံဆိပ်ပါ ပစ္စည်းများဖြင့် ဆင်ယင်ထားသည်။
အမျိုးသမီးပေါင်းမြောက်မြားစွာကို မြင်တွေ့ခဲ့ဖူးသော လုဖန်မှာ သူ(မ)ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်ချမ်းသာပြီး လှပသော မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။
ဤအမျိုးသမီး၏တစ်ကိုယ်လုံးမှာ ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နေကြောင်း သူ သိသည်။
သူ(မ)၏အိတ်က ဂူချီ၊ အဝတ်အစားများက ချနယ်ဖြစ်ပြီး လက်ဝတ်ရတနာများချည်းသက်သက်ပင် တန်ဖိုးအားဖြင့် ယွမ်ဆယ်သန်းနီးပါးရှိသည်။
လုဖန်၏မျက်လုံးများမှာ အရောင်လက်သွားချေသည်။ ယနေ့ ဤမျှပြည့်စုံသော သားကောင်မျိုးနှင့် ဆုံတွေ့ရလိမ့်မည်ဟု သူ မထင်ထားပေ။
သားကောင်က သူ့ထံသို့ အရင်ချဉ်းကပ်လာလေရာ ဤကဲ့သို့သော ရွှေရောင်အခွင့်အရေးမျိုးကို လုဖန်က မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
"ကျွန်မနာမည်က ဆူဆန်ပါ။ ရှင့်ကို ဘယ်လိုခေါ်ရမလဲ"
"ကျွန်တော့်မျိုးရိုးနာမည်က လုပါ။ သူ့နည်းသူ့ဟန်နဲ့တော့ ထူးခြားပါတယ်"
လုဖန် ခေါင်းညိတ်ပြလိုက်သည်။
သူ့အမူအရာက နက်နဲပြီး ဆူဆန်ကို သတိမထားမိသယောင် တမင်ဟန်ဆောင်ကာ လွမ်းဆွေးနေလေဟန်အကြည့်ဖြင့် သူ့ဖန်ခွက်ကိုသာ ကြည့်နေပေသည်။
"ရှင့်နာမည်က အတုမဟုတ်ဘူးမလား။ ဘားက အမျိုးသားတွေက ပုံမှန်ဆိုရင် သူတို့ရဲ့နာမည်အရင်းကို မပေးကြဘူးလို့ ကြားဖူးတယ်"
လုဖန်က ခေါင်းခါလိုက်၏။
"ကျွန်တော့်နာမည်က အစစ်ပါ။ မင်းရဲ့ဆူဆန်ဆိုတာကရော နာမည်တုများ ဖြစ်နေမလား"
ဆူဆန်က ခေါင်းခါယမ်းပြလိုက်သည်။
"ဘယ်သူပြောလဲ။ ကျွန်မနာမည်က အစစ်ပါ"
ထိုသို့ပြောရင်း ဆူဆန်က သူ(မ)၏ဖုန်းကိုထုတ်ကာ ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်ပြလိုက်သည်။
အယ်လ်ဘမ်ထဲတွင် နာမည်ကြီးအမှတ်တံဆိပ် အဝတ်အစားများကို ဝတ်ဆင်ထားသော ဆူဆန်၏ဓာတ်ပုံများ၊ ဇိမ်ခံကားများနှင့် ရွက်လှေများ၏ ဓာတ်ပုံများဖြင့် ပြည့်နှက်နေပေသည်။
ဆူဆန်က ဓာတ်ပုံတစ်ပုံကို ဖွင့်ပြပြီး ပြောလိုက်သည်။
"ကြည့်လိုက်.. ဒါက ကျွန်မရဲ့ အလုပ်ကတ်ပြားလေ။ ကျွန်မက တကယ်အစစ်ပါ"
ကတ်ပြားပေါ်တွင် စာသားငယ်တစ်ကြောင်း ပါရှိသည်။
"ပါတက်ခ်ဖိလစ်၊ ဟွားနိုင်ငံအထွေထွေမန်နေဂျာ၊ ဆူဆန်"
တစ်ဖက်လူ၏ ကိုယ်ရေးအချက်အလက်ကို မြင်သောအခါ လုဖန်၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားလေဟန် အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
"ရှင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ကိစ္စတစ်ခုခုရှိလို့လား အချောလေး"
ဆူဆန်က မေးလိုက်သည်။
"အာ... ကျွန်တော် ကောင်မလေးတစ်ယောက်ကို သဘောကျခဲ့ဖူးတယ်။ ဒါပေမဲ့ သူက လွန်ခဲ့တဲ့တစ်နှစ်က ကားအက်ဆီးဒင့်နဲ့ ဆုံးသွားပြီ... အားလုံးက ကျွန်တော့်အမှားတွေပါပဲ။ ကျွန်တော် မာရီယော့ဟိုတယ်မှာ သူ့အတွက် ပါတီမကျင်းပပေးခဲ့သင့်ဘူး။ မဟုတ်ရင် သူ အက်ဆီးဒင့်ဖြစ်မှာ မဟုတ်ဘူး"
"အာ... အဲဒီလိုလား။ ရှင်က အရမ်းအချစ်ကြီးတာပဲ။ ဒီလောက်ကြာတာတောင် ဝမ်းနည်းနေတုန်းပဲ"
"ဟူး... ကျွန်တော်က အချစ်ကို အရမ်းမြတ်နိုးတာ။ ဒါပေမဲ့ ကံမကောင်းချင်တော့ ကျွန်တော် ချစ်ရတဲ့သူက ကျွန်တော့်ကို ထားရစ်ခဲ့ပြီ"
လုဖန်၏မျက်နှာထက်ဝယ် လွမ်းဆွေးမှုများဖြင့် ပြည့်နှက်နေသည်။
ထိုသို့ပြောရင်း လုဖန်က အရက်နောက်တစ်ခွက်ငှဲ့ပြီး အကြမ်းပတမ်း မော့သောက်လိုက်သည်။
ထိုကဲ့သို့သော အမူအရာမျိုးသာဆိုလျှင် ဘယ်မိန်းကလေးမဆို ဆွဲဆောင်ခံရမည်သာ။
••••••••••••••••••
***