တောင့်တင်းသန်မာသော အမျိုးသားတစ်ယောက်က လုဖန်ကို မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် ကြည့်လိုက်သည်။
"ဒီတိုကင်ပြားတွေအကုန်းလုံးက သူ့နာမည်နဲ့ အကြွေးယူထားတာ။ ပြီးတော့ ငွေလည်းမရှင်းရသေးဘူး။ မင်း အခု စုစုပေါင်း ၂.၈၇သန်း ရှုံးသွားပြီ။ ငွေရှင်းပေးပါ"
ထိုအမျိုးသား၏စကားကို ကြားသောအခါ လုဖန်၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။
"ဘာ... ငါက ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ရှုံးသွားရတာလဲ"
ထိုအမျိုးသမီးက သူ့ကို ဒကာခံသည်ဟုသာ ထင်မှတ်ထားခဲ့သောကြောင့် ငွေပမာဏကို လုံးဝဂရုမစိုက်ခဲ့ပေ။
"ငါက အဲဒီမိန်းမနဲ့ ဟိုတယ်တစ်ခုတည်းမှာ တည်းတာ။ ဟိုတယ်မှာ သွားရှာလို့ရတယ်"
"ဟွန့်... အဲဒီမိန်းမကို ဖုန်းဆက်လို့ရတာပဲလေ"
"ဖုန်း... ငါ..."
လုဖန် ဆွံ့အသွားရချေသည်။
သူ(မ)၏ဖုန်းနံပါတ်ကို သူက ဘယ်လိုလုပ် သိမည်နည်း။
"မင်းမှာ ပိုက်ဆံမရှိရင် မင်းဆီကိုပိုက်ဆံပို့ပေးဖို့ မိသားစုကို ဖုန်းဆက်လိုက်"
လုဖန် မှင်တက်သွားပြန်သည်။
သူက ဘယ်သူ့ကို ပိုက်ဆံပို့ခိုင်းရမည်နည်း။
ယခုအချိန်တွင် သူ မှီခိုအားထားစရာ မိသားစု မရှိတော့ဘဲ လိမ်လည်လှည့်ဖြားခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေရသည်။
"ငါ့ဆီပိုက်ဆံပို့ပေးမယ့်လူ ဘယ်သူမှမရှိဘူး"
"ဘာ"
ထိုအမျိုးသား၏ မျက်နှာအမူအရာမှာ တင်းမာသွားသည်။
ထိုအချိန်တွင် လူတချို့ပြေးလာပြီး သူ့ကို ရက်ရက်စက်စက် ရိုက်နှက်ကာ သော့ခတ်၍ ပိတ်လှောင်ထားလိုက်သည်။
ထိုအချိန်တွင် ယဲ့ချန်း၏ဖုန်းက မြည်လာသည်။
"သူဌေး... အကုန်ကိုင်တွယ်ဖြေရှင်းပြီးပါပြီ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
တကယ်တော့ ဤအရာအားလုံးက ယဲ့ချန်း စီစဉ်ထားခြင်းပင်။
လုဖန်လို လူမျိုးက ရှောင်မေ့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
ထို့ကြောင့် သူ့ကို ပျောက်ကွယ်သွားစေချင်သည်။
လူသတ်ခြင်းက တရားမဝင်သောကြောင့် ယဲ့ချန်းအနေနှင့် ထိုသို့လုပ်မည်မဟုတ်ပေ။
သို့သော် သူ့အနေနှင့် အခြားနည်းလမ်းများကို အသုံးပြုနိုင်သည်။
အကယ်၍ လုဖန်ကို လာရွေးမည့်လူ မရှိပါက သူ့လက်ကျန်ဘဝလည်း အလွန်သနားစရာကောင်းသွားမည်ဖြစ်၏။ အလုပ်ကြမ်းများကိုသာ လုပ်ကိုင်ရတော့မည်ဖြစ်ရာ ဟွားနိုင်ငံသို့ပြန်လာရန် အခွင့်အရေး မရှိတော့ချေ။
ထိုအချိန်မှာပင် မုန့်ဝမ်ထင်က ယဲ့ချန်းကို ဖုန်းခေါ်လာသည်။
"ယဲ့ချန်း.. ဟိုလူယုတ်မာ ကျွန်မဆီကို ဖုန်းဆက်တယ်။ သူ မြန်မာနိုင်ငံမှာ အဖမ်းခံထားရလို့ သူ့အတွက် ပိုက်ဆံထုတ်ပေးစေချင်တယ်တဲ့"
"သူပြန်ရောက်လာပြီး ရှောင်မေ့ကို ဒုက္ခပေးစေချင်လို့လား"
ယဲ့ချန်းကလည်း တည်တည်ငြိမ်ငြိမ် ခွန်းတုံ့ပြန်လိုက်သည်။
မန်ဝမ်ထင်ကလည်း ပြန်ဖြေသည်။
"သူလွတ်လာအောင် ကျွန်မ ပိုက်ဆံထုတ်မပေးနိုင်ပါဘူး။ ကျေးဇူးတင်ပါတယ် ယဲ့ချန်း"
ယဲ့ချန်းသည် ယခင်က လုဖန်ကို ပျောက်ကွယ်သွားအောင် လုပ်မည်ဟု ပြောခဲ့ဖူးသဖြင့် အကြမ်းဖက်နည်းလမ်းတချို့ကို သုံးလိမ့်မည်ဟု သူ(မ) ထင်ခဲ့သော်လည်း ယဲ့ချန်းက ဉာဏ်ကောင်းလွန်းသည်။
ဗီဒီယိုထဲတွင် လုဖန်မှာ သနားစရာကောင်းအောင် ရိုက်နှက်ခံနေရပြီး ငိုယိုတောင်းပန်လုနီးပါး ဖြစ်နေချေသည်။
သို့သော် အတိတ်တုန်းက သူ့လုပ်ရပ်များကို တွေးကြည့်လိုက်လျှင် မုန့်ဝမ်ထင် စိတ်ကျေနပ်မိသည်။
ယခင်က သူသည် သူ(မ)နှင့် သူ(မ)၏ညီမထံမှ ငွေတောင်းလေ့ရှိပြီး မပေးလျှင် ရိုက်နှက်တတ်သည်။ ဤသည်မှာ ဝဋ်လည်ခြင်းပင် ဖြစ်ရမည်။
နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီမောင်းနေစဉ် အကြီးအကဲဝေ့ထံမှ ဖုန်းဝင်လာသည်။
"မစ္စတာယဲ့.. ကျွန်တော့်မှာ မသင့်တော်တဲ့ တောင်းဆိုမှုတစ်ခု ရှိတယ်"
ယဲ့ချန်းက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။
"အကြီးအကဲဝေ့... ဘာပဲဖြစ်ဖြစ် အားမနာဘဲ ပြောသာပြောပါ"
အကြီးအကဲဝေ့က ဆိုလာလေသည်။
"မစ္စတာယဲ့... ခင်ဗျားရဲ့ပရောဂျက်ကို ကျွန်တော်တို့ပြည်တွင်းစက်မှုကျွမ်းကျင်ပညာရှင်တွေက စိတ်ဝင်စားနေတယ်။ သူတို့က စတားတက္ကသိုလ်မှာ သုတေသနလုပ်ပြီး လေ့လာချင်နေကြတယ်။ အဆင်ပြေနိုင်မလား"
မည်သို့ပင်ဆိုစေကာမူ စက်ရုပ်ကို စတားတက္ကသိုလ်က ထုတ်လုပ်ထားခြင်းဖြစ်ပြီး ထိုအရာမှာ သူတို့၏ မူပိုင်ခွင့်ပင်။ ထိုအရာများကို လေ့လာရန် လူလွှတ်ခိုင်းခြင်းကား အနည်းငယ် အဓိပ္ပာယ်မရှိသလို ဖြစ်နေပေသည်။
ယဲ့ချန်းလည်း တစ်ဖက်လူ၏စကားကို နားထောင်ပြီး ခပ်ဖွဖွပြုံးလိုက်သည်။
"ပြဿနာမရှိပါဘူး အကြီးအကဲဝေ့.. သူတို့လာချင်ရင် ကျွန်တော်က ကြိုဆိုပါတယ်"
ဤကျွမ်းကျင်ပညာရှင်များ လေ့လာလျှင်ပင် အတိုင်းအတာတစ်ခုအထိသာ တိုးတက်လာမည်ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။ လျှို့ဝှက်ချက်များ ပေါက်ကြားသွားမည့် အန္တရာယ်မျိုး မရှိပေ။
သူတို့အနေနှင့် စက်ရုပ်၏အပေါ်ယံကိုသာ လေ့လာနိုင်သည်။ အနှစ်သာရကတော့ ယဲ့ချန်း၏လက်ထဲတွင်သာ ရှိသဖြင့် သူတို့ လက်လှမ်းမမီနိုင်ပေ။
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဝေ့လည်း အလွန်ဝမ်းသာသွားသည်။
နောက်တစ်နေ့တွင် ကားတစ်စီးက စတားတက္ကသိုလ်အတွင်းသို့ မောင်းဝင်လာသည်။
ဟွားနိုင်ငံရှိ ဝါရင့်စက်မှုကျွမ်းကျင်ပညာရှင်ရှစ်ယောက် ကားပေါ်က ဆင်းလာကြသည်။
ဤလူအားလုံးက အလွန်အသက်ကြီးနေကြပြီဖြစ်၏။
ဤလူများကို မြင်သောအခါ စက်မှုဌာနရှိ ကျောင်းသားတစ်ယောက်က ရုတ်တရက်ရေရွတ်လိုက်၏။
"ဘုရားရေ.. အဲဒါ စက်မှုလောကရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ် ဝမ်ခိုင်မဟုတ်လား"
"ဟုတ်တယ်။ တီဗီထဲမှာ သူ့ကို ငါမြင်ဖူးတယ်"
"ဝမ်ခိုင်က ဟွားနိုင်ငံစက်မှုလောကရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်လေ။ သူက ဘာလို့ စတားတက္ကသိုလ်ကို ရောက်နေတာလဲ"
ဟွားနိုင်ငံ၏ စက်မှုကျွမ်းကျင်ပညာရှင်များ စတားတက္ကသိုလ်သို့ ရောက်ရှိလာသည့် သတင်းက ကျောင်းတစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မကြာခင်မှာပင် ကျောင်းသားများလည်း အကြောင်းအရင်းကို ခန့်မှန်းမိသွားကြသည်။
ဤလူများမှာ စက်ရုပ်ကြီးအတွက် ရောက်လာကြခြင်းပင်။
ထိုကျွမ်းကျင်ပညာရှင်များ ရောက်လာသည်နှင့်တစ်ပြိုင်နက် စက်ရုပ်ဓာတ်ခွဲခန်းထဲသို့ ဝင်သွားကြသည်။
ဟွားနိုင်ငံရှိ ကျော်ကြားလှသော ကျွမ်းကျင်ပညာရှင်များက စတားတက္ကသိုလ်သို့ လာရောက်လိမ့်မည်ဟု မည်သူမှ မထင်ထားကြချေ။
ထို့ပြင် အံ့ဩစရာအကောင်းဆုံးမှာ သူတို့သည် လေ့လာရန် လာရောက်ခြင်းပင်။
ဤသတင်းက တက္ကသိုလ်ပေါင်းစုံအထိ အလျင်အမြန် ပျံ့နှံ့သွားသည်။
ဟွားနိုင်ငံရှိ စက်မှုကျွမ်းကျင်ပညာရှင်အဖွဲ့က နည်းပညာပိုင်းဆိုင်ရာလေ့လာရန်အတွက် စတားတက္ကသိုလ်သို့ ရောက်လာကြသည်။
နေရာအနှံ့ရှိ တက္ကသိုလ်များလည်း အံ့အားသင့်သွားကြသည်။
ဤကျွမ်းကျင်ပညာရှင်များထဲမှ တစ်ဦးတည်းကပင် မည်သည့်ကျောင်းတွင်မဆို ဦးဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သော်လည်း ထပ်မံလေ့လာသင်ယူရန်အတွက် စတားတက္ကသိုလ်သို့ သွားရောက်ခဲ့သည်ဆိုခြင်းမှာ ယုံနိုင်စရာမရှိပေ။
ဤကျွမ်းကျင်ပညာရှင်များမှာ သူတို့၏အချိန်အားလုံးကို ဓာတ်ခွဲခန်းထဲတွင်သာ ကုန်ဆုံးခဲ့ကြသည်။
အစပိုင်းတွင် သူတို့သည် စက်ရုပ်နှင့်ပတ်သက်၍ သံသယအချို့ရှိခဲ့သော်လည်း သုတေသနပြုပြီးနောက်တွင်မူ ထိုစက်ပစ္စည်းကြောင့် လုံးဝအံ့ဩမှင်တက်သွားကြသည်။
စက်ရုပ်၏ ထုတ်လုပ်မှုအဆင့်တစ်ခုလုံးတွင် အဆင့်မြင့်နည်းပညာကို အသုံးမပြုထားသော်လည်း ဖန်တီးမှုအရာတွင်မူ မယုံနိုင်လောက်အောင် ရှုပ်ထွေးနက်နဲလှသည်။ စင်စစ်အံ့ဩဖွယ်ကောင်းလှသည်။
ဤကျွမ်းကျင်ပညာရှင်များပင် အံ့ဩမှင်တက်ကုန်သည်။
ထို့ပြင် ကျောင်းသားများကဲ့သို့ပင် ကျွမ်းကျင်ပညာရှင်များလည်း လုဂန်အနားတွင် ရိုသေလေးစားမှုအပြည့်ဖြင့် စုဝေးနေကြသည်။
လုဂန်က သူတို့၏မေးခွန်းများကို ပြန်ဖြေပေးသောအခါ ဤကျွမ်းကျင်ပညာရှင်များမှာ ဝမ်းမြောက်ဝမ်းသာဖြင့် မှတ်စုစာအုပ်ထဲတွင် ထပ်ခါတလဲလဲ မှတ်သားနေကြသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်ဝယ် လူတိုင်း မှင်တက်သွားကြသည်။
သူတို့သည် ဟွားနိုင်ငံရှိ ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်သော်ငြား တက္ကသိုလ်ကျောင်းသားတစ်ယောက်ထံမှ အဖြေများကို မှတ်သားနေကြရသည်။ ယုံကြည်ရန် ခက်ခဲလှပေသည်။
ဤဖြစ်ရပ်က ကျောင်းဝင်းတစ်ခွင်သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။
မကြာခင်မှာပင် ဟွားနိုင်ငံ၏ ပညာရေးဖိုရမ်များအထိ ပျံ့နှံ့သွားခဲ့သည်။
စတားတက္ကသိုလ်က မည်သို့သော မှော်ပညာမျိုး ပိုင်ဆိုင်ထားသလဲဆိုသည်ကို လူတိုင်း သိချင်နေကြသည်။
ဤကျောင်းသားများမှာ ပညာရေးအရ မျှော်လင့်ချက်မဲ့သူများဟု သတ်မှတ်ခံထားရသူများပင်။
တက္ကသိုလ်ဝင်ခွင့်ရမှတ် လေးရာနှင့်အထက် ရထားသူကပင် ထိုနေရာတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်ခံရသည်။
သို့သော် အောင်မြင်နိုင်ခြေမရှိဟု ထင်ရသော ဤကျောင်းသားများက အံ့ဖွယ်ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့ကြသည်။
ထိုအခိုက်ဝယ် စတားတက္ကသိုလ်မှာ ပညာရေးနယ်ပယ်တွင် ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာခဲ့သည်။
စတားတက္ကသိုလ်က ဆရာဆရာမများကို ဘာကြောင့် မလိုချင်ရသလဲဆိုသည်ကို သူတို့ အဆုံးတွင်မူ နားလည်လိုက်ချေပြီ။
ဟွားနိုင်ငံရှိ ထိပ်တန်းကျွမ်းကျင်ပညာရှင်များကပင် ထိုနေရာရှိ ကျောင်းသားများ၏ လမ်းညွှန်သင်ကြားမှုကို ခံယူရမည်ဆိုလျှင် အခြားမည်သူကများ သူတို့ကို သင်ပေးနိုင်မည်နည်း။
အထူးသဖြင့် ဆက်လက်လေ့လာသင်ယူရန်အတွက် စတားတက္ကသိုလ်သို့ လာရောက်ကြသော ကျောင်းသားများမှာ အဆုံးတွင် စတားတက္ကသိုလ်၏ မှော်ဆန်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသည်။
ဤနေရာက အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် နိဗ္ဗာန်ဘုံတစ်ခုပင်။
အစတုန်းက သူတို့သည် လေ့လာသင်ယူရန် လာခဲ့ကြပြီး အသိပညာဗဟုသုတများနှင့်အတူ ပြန်သွားရန် စီစဉ်ထားခဲ့ကြသည်။
သို့သော် ယခုမူ ဤကျောင်းသားများမှာ ရင်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြပြီဖြစ်၏။
သူတို့ ထွက်မသွားကြတော့ပေ။
အကြောင်းကား ဤနေရာတွင်သာ သူတို့၏ အိပ်မက်များကို စိတ်နှလုံးအကြွင်းမဲ့ အကောင်အထည်ဖော်နိုင်မည်ဖြစ်သောကြောင့်ပင်တည်း။
ဤနေရာတွင်သာ သူတို့လိုချင်သော အသိပညာများကို လေ့လာသင်ယူနိုင်မည်ဖြစ်၏။
အရေးအကြီးဆုံးအချက်မှာ ဤနေရာတွင် ကျောင်းသားတိုင်းက သူတို့၏ဆရာများပင်။
အချင်းချင်း ပညာဖလှယ်ကြပြီး အတူတကွ သုတေသနလုပ်ကြရသည်။ ယခင်က ဤကဲ့သို့သော ခံစားချက်မျိုးကို သူတို့ တစ်ခါမှမကြုံဖူးခဲ့ပေ။
လေ့လာသင်ယူမှုများ ပြုလုပ်ပြီးနောက် ကျွမ်းကျင်ပညာရှင်များမှာ လက်ရာမြောက်လှသော စက်ရုပ်၏အနုပညာလက်ရာကြောင့် လုံးဝကြွေဆင်းသွားကြသည်။
သူတို့၏မှတ်စုများမှာ စာအုပ်တစ်အုပ်လုံးအနှံ့ ပြည့်သွားခဲ့သည်။ နောက်ထပ် သုတေသနများ ပြုလုပ်ရန်အတွက် ဤမှတ်စုများကို ပြန်ယူသွားရန် လိုအပ်ပေသည်။
စတားတက္ကသိုလ်သည် ယခုအခါ နိုင်ငံတော်နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတချို့ ရှိနေပြီဖြစ်၏။
စတားတက္ကသိုလ်က နျူကလီးယား အင်ဂျင်များအတွက် နည်းပညာထောက်ပံ့ပေးမည်ဖြစ်ပြီး နိုင်ငံတော်ဘက်ကလည်း သက်ဆိုင်ရာ အခကြေးငွေများကို ပေးချေမည်။
နိုင်ငံတော်က အသုံးပြုမည်ဖြစ်သောကြောင့် ယဲ့ချန်းကလည်း နျူကလီးယားပေါင်းစပ်ဓာတ်ပေါင်းဖိုများကို ဂရုတစိုက်ဖြင့် အဆင့်မြှင့်တင်ပေးခဲ့သည်။
ယဲ့ချန်းက အနည်းငယ်သာ အဆင့်မြှင့်တင်ပေးလိုက်သော်လည်း ထိုအရာကတင် ကမ္ဘာတစ်ဝန်းရှိ နယ်ပယ်အသီးသီးတွင် ထိပ်တန်းနည်းပညာတစ်ခု ဖြစ်နေချေပြီ။
ဤကဲ့သို့သော အင်ဂျင်မျိုးက ဟွားနိုင်ငံ၏ နည်းပညာအဆင့်အတန်းကို ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိစေခဲ့သည်။
ကျွမ်းကျင်ပညာရှင်အဖွဲ့ ပြန်တော့မည့်အချိန်တွင် ဝမ်ခိုင်က လုဂန်နှင့် လက်ဆွဲနှုတ်ဆက်ခဲ့သည်။
"ကျောင်းသားလု... ကျေးဇူးအများကြီးတင်ပါတယ်။ မင်းဆီက အများကြီးသင်ယူခဲ့ရတယ်"
ဝမ်ခိုင်က ကျေးဇူးတင်စကားပြောလိုက်သည်။
လုဂန်ခမျာ အနည်းငယ်ရှက်သွားသည်။
ဤကျွမ်းကျင်ပညာရှင်များက သူ့စံပြပုဂ္ဂိုလ်များပင်။ ယခုမူ သူတို့က သူ့ထံမှ လေ့လာသင်ယူနေကြပေသည်။ သူသည် သူတို့၏ဆရာ ဖြစ်လာခဲ့ချေပြီ။
••••••••••••••••
***