ယခုတစ်ခေါက် အကြီးအကဲယန်၏ မွေးနေ့ဧည့်ခံပွဲအတွက် ဖိတ်ကြားထားသော ဧည့်သည်များအားလုံးက ပြည်တွင်းအကျော်အမော်များပင်။
ထို့ကြောင့် လူတိုင်းက ပွဲတက်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
အမျိုးသမီးတစ်ယောက်အနေနှင့် စုဝမ်ယိဘက်က ယဲ့ချန်းကို သေသပ်ကျနစွာ ဝတ်ဆင်နိုင်ရန် ကူညီပေးဖို့လိုအပ်သည်။
တကယ်တော့ အကြီးအကဲယန်က ဤဧည့်ခံပွဲကို ယဲ့ချန်းအား မဖြစ်မနေတက်ရောက်စေချင်ရသည့် အကြောင်းအရင်းမှာ ယဲ့ချန်းကို လူသိရှင်ကြား ကျေးဇူးတင်ချင်၍သာ။
ယဲ့ချန်းကြောင့်သာမဟုတ်လျှင် အကြီးအကဲယန်အနေနှင့် ဤဧည့်ခံပွဲကိုကျင်းပဖို့ အခွင့်အရေးပင် ရချင်မှရပေလိမ့်မည်။
စုဝမ်ယိက အတင်းအကျပ် တိုက်တွန်းနေသဖြင့် ယဲ့ချန်းလည်း မငြင်းဆန်ခဲ့ပေ။
သူတို့နှစ်ယောက် ကုန်တိုက်သို့ သွားခဲ့ကြသည်။
ကုန်တိုက်ထဲမှ ပြန်ထွက်လာချိန်တွင်မူ ယဲ့ချန်း လုံးဝအသွင်ပြောင်းသွားသည်။
အစောကအထိ သူသည် တက္ကသိုလ်ကျောင်းသားတစ်ယောက်နှင့် တူနေခဲ့သည်။
ယခုမူ သူသည် ချမ်းသာသောစီအီးအိုတစ်ယောက်အလား ချောမောခန့်ညားပြီး သန့်ပြန့်နေသော သခင်လေးတစ်ပါးနှင့် တူနေတော့သည်။
ယဲ့ချန်း၏ လက်ရှိပုံစံက အလွန်ခန့်ညားလွန်းလှသည်။
မိန်းကလေးများမှာ ယဲ့ချန်းကို မကြည့်ဘဲ မနေနိုင်လောင်အောင်ပင်။
ယခုတစ်ခေါက် ယန်မိသားစု၏ ဧည့်ခံပွဲကို ပုကျန်းကလပ်တွင် ကျင်းပခဲ့သည်။
ဤသည်မှာ မိုတုမြို့ရှိ အကောင်းဆုံးနှင့် အခမ်းနားဆုံးကလပ်များထဲမှ တစ်ခုပင်။
ဤနေရာတွင် ဧည့်ခံပွဲကျင်းပရန်အတွက် အနည်းဆုံး သန်းဂဏန်းအထိ ကုန်ကျသည်။
သို့သော် အခြေကျပြီးသား မိသားစုတစ်စုအနေနှင့် ယန်မိသားစုတွင် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိသည်မှာ သဘာဝကျသည်။
ဤဧည့်ခံပွဲက မိုတုမြို့၏ အထက်တန်းလွှာအသိုင်းအဝိုင်းရှိ လူအားလုံးနီးပါး စုဝေးထားသည့်နှယ်ပင်။
ကလပ်အဝင်ဝတွင် ဇိမ်ခံကားများ စုဝေးနေချေသည်။
ယဲ့ချန်းမှာမူ စည်ကားသိုက်မြိုက်နေသော အဝင်ဝကိုကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်ပေ။
မိသားစုကြီးတစ်ခုဖြစ်နေတာ မဆန်းပါဘူး။ သူတို့ရဲ့အရှိန်အဝါက အထင်ကြီးချင်စရာပါပဲ။
ယဲ့ချန်းနှင့် စုဝမ်ယိတို့ ရောက်လာချိန်တွင် ကလပ်ထဲ၌ လူတော်တော်များများ ရောက်နေကြပြီဖြစ်၏။
ယနေ့ ဧည့်ခံပွဲမှာ လွတ်လပ်စွာ သွားလာပြောဆိုနိုင်သော ပွဲမျိုးဖြစ်သဖြင့် လူများက အုပ်စုငယ်လေးများဖွဲ့၍ စုဝေးနေကြသည်။
ထင်ထားသည့်အတိုင်းပင် ယနေ့ အမျိုးသားဧည့်သည်များက ဝတ်စုံပြည့်ဝတ်ဆင်ထားကြပြီး အမျိုးသမီးများကမူ ပွဲတက်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ အပေါ်ယံကြည့်လျှင် ဧည့်ခံပွဲတစ်ခု ဖြစ်သော်လည်း တကယ်တမ်းတွင်မူ အချင်းချင်းကြွားဝါကြသည့် ပွဲတစ်ခုလည်း ဖြစ်၏။
ယဲ့ချန်းနှင့် စုဝမ်ယိတို့ ဝင်လာသောအခါ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိလိုက်သည်။
ယဲ့ချန်းက အလွန်ချောမောခန့်ညားပြီး နတ်ဘုရားမတစ်ပါးအလား လှပတင့်တယ်သော စုဝမ်ယိနှင့် တွဲဖက်ထားသဖြင့် မပေါ်လွင်ရန် ခက်ခဲလှသည်။
မူလက ဤနေရာတွင် သပ်ရပ်လှပစွာ ဝတ်ဆင်ထားသော လူကုံထံအသိုင်းအဝိုင်းရှိ အမျိုးသမီးအမြောက်အများရှိသည်။
သို့သော် စုဝမ်ယိ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုအမျိုးသမီးများ၏ အလှတရားများမှာ မှေးမှိန်သွားပြီး စုဝမ်ယိ၏ တောက်ပမှုအောက်တွင် တိုက်စားခံလိုက်ရသည်။
"မိန်းကလေးစု.. မတွေ့ရတာ ကြာပြီနော်။ ပိုလှလာတာပဲ"
စုဝမ်ယိက စီးပွားရေးလောကတွင် ကျင်လည်နေသူဖြစ်လေရာ လူတော်တော်များများကို သိကျွမ်းပေသည်။
စုဝမ်ယိကို အမျိုးသားတစ်ဦးနှင့်အတူ တွဲတွေ့လိုက်ရသဖြင့် အချို့က သိလိုစိတ်ဖြင့် မေးလိုက်ကြသည်။
"သူက ဘယ်သူလဲ"
စုဝမ်ယိကလည်း ချိုသာစွာ ပြုံးလိုက်လေသည်။
"ဒါက ကျွန်မရဲ့ချစ်သူ ယဲ့ချန်းပါ"
"မင်းရဲ့ချစ်သူ ဟုတ်လား"
စုဝမ်ယိ၏ မိတ်ဆက်စကားကို ကြားသောအခါ ထိုအမျိုးသားက ယဲ့ချန်းကို အထက်အောက်စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။
စီးပွားရေးလောက၏ နတ်ဘုရားမတစ်ပါးဖြစ်သော စုဝမ်ယိတွင် ပိုးပန်းသူအများအပြား ရှိသော်လည်း မည်သူကမှ သူ(မ)နှင့် နီးစပ်ခွင့်မရခဲ့ကြပေ။
စုဝမ်ယိ၏နှလုံးသားကို သိမ်းပိုက်နိုင်သော အမျိုးသားမှာ သာမန်လူတော့ မဖြစ်နိုင်ချေ။
သို့သော် အတန်ကြာကြည့်ပြီးသည့်တိုင် ဤလူငယ်ကို သူ လုံးဝမမှတ်မိပေ။
ယဲ့ချန်းသည် များသောအားဖြင့် သာမန်လိုသာ နေထိုင်တတ်သည်။ တက္ကစီမောင်းသည့်အလုပ်ကလွဲ၍ ဤကဲ့သို့သောအဆင့်မြင့်ပွဲလမ်းသဘင်များသို့ ဘယ်သောအခါမှ မတက်ရောက်ဖူးသဖြင့် အခြားလူများ သူ့ကို မသိသည်မှာ သဘာဝကျသည်။
ဧည့်ခံပွဲတွင် လူအအမြောက်အများက စုဝမ်ယိနှင့် ယဲ့ချန်းထံသို့ လာရောက်၍ စကားစမြည် ပြောဆိုကြသည်။
ဤလူများမှာ စီးပွားရေးလောကရှိ အထက်တန်းလွှာများပင်။
ယခင်ကကျင်းပခဲ့သော ပွဲများတွင်လည်း သူတို့သည် စုဝမ်ယိကို အမြဲ မျက်နှာလိုမျက်နှာရလုပ်ခဲ့ကြသော်ငြား ဤတစ်ကြိမ်တွင်မူ သူတို့ စိတ်ပျက်သွားကြရသည်။
အကြောင်းမှာ စုဝမ်ယိက တွဲဖက်တစ်ယောက်ခေါ်လာလိမ့်မည်ဟု သူတို့ လုံးဝမမျှော်လင့်ထားခဲ့ပေ။ ထိုလူက သူ(မ)၏ ချစ်သူပင် ဖြစ်နေသေးသည်။
"ဟေ့... မင်းတို့ ကြားပြီးပြီလား။ စုဝမ်ယိမှာ ချစ်သူရှိတယ်တဲ့"
"အဲဒီလူကို မရင်းနှီးသလိုပဲ။ သူ့နောက်ခံကို မင်းတို့သိကြလား"
"ဟေ့... မင်းက စုဝမ်ယိနဲ့ ရင်းနှီးတယ်မလား။ အဲဒီလူရဲ့နောက်ခံကို မင်း သိလား"
...
ထိုလူတစ်သိုက်မှာ လက်မခံချင်ကြသဖြင့် ယဲ့ချန်း၏နောက်ခံကို စူးစမ်းရှာဖွေကြတော့သည်။
သို့သော် ယဲ့ချန်းက အလွန်သိုသိုသိပ်သိပ်နေတတ်သူ ဖြစ်၏။ အချိန်အတော်ကြာအောင် မေးမြန်းစုံစမ်းပြီးသည့်တိုင် ယဲ့ချန်း၏ နောက်ခံကို သူတို့ မသိရပေ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။
"သူ့ကို ဘယ်သူမှမသိကြဘူးဆိုတော့ သူက ဒီအတိုင်းရုပ်ချောလို့ပဲနေမှာပါ"
"အဲဒီလူက ရုပ်တော့ဖြောင့်ပါတယ်။ ဒါပေမဲ့ ငါတို့လို အထက်တန်းလွှာအသိုင်းအဝိုင်းက မဟုတ်တာတော့ သေချာတယ်"
သူတို့၏ဆွေးနွေးသံများကို ကြားသောအခါ အခြားသူများအားလုံးလည်း သဘောတူကြသည်။
အကယ်၍ သူသာ စီးပွားရေးလောကရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက် ဖြစ်မည်ဆိုပါက လူအများအပြားက သူ့ကို ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ နေမည်မဟုတ်ပေ။
တကယ်တမ်းတွင် သူတို့ သတိမထားမိခဲ့သည့်အချက်မှာ ယဲ့ချန်းကို သူတို့မသိရခြင်း၏ အဓိကအကြောင်းအရင်းကား ယဲ့ချန်းနှင့် သူတို့က အဆင့်ချင်းမတူသောကြောင့်ပင်။
မိုတုမြို့ရှိ ထိပ်သီးပုဂ္ဂိုလ်များကသာ ယဲ့ချန်းကို မှတ်မိကြမည်ဖြစ်၏။
သို့သော် စုဝမ်ယိ၏ချစ်သူက အရေးမပါသူတစ်ယောက်ဖြစ်ကြောင်း သတင်းကြားသောအခါ ဤအမျိုးသားများမှာ ဂနာမငြိမ်ဖြစ်လာကြပြန်သည်။
စုဝမ်ယိသည် အလွန်လှပလွန်းလှသဖြင့် သူ(မ)၏ဆွဲဆောင်မှုကို ခုခံရန် ခက်ခဲလှသည်။
ယခင်က စုဝမ်ယိကို လူလွတ်ဟု ထင်ထားခဲ့ကြသည်။
စုဝမ်ယိသည် အမျိုးသားများနှင့် အကွာအဝေးတစ်ခု အမြဲထားလေ့ရှိသော်လည်း ရုတ်တရက်ဆိုသလို သူ(မ)တွင် အမည်မသိလူတစ်ယောက်က ချစ်သူအဖြစ် ရှိနေခဲ့သည်။
ဤအခိုက်အတန့်တွင် ထိုလူများမှာ ယဲ့ချန်းအပေါ် ရန်လိုမှုများနှင့် ပြည့်နှက်နေပြီး အထင်ပင် သေးနေကြသည်။
သူတို့မြတ်နိုးရသော နတ်ဘုရားမက ဘာကြောင့်များ အရေးမပါသော လူတစ်ယောက်ကို ချစ်သူအဖြစ် ရွေးချယ်ရသလဲ။
"ဝမ်ယိ... လာလေ။ ငါတို့နဲ့ စကားလာပြောလှည့်"
မိန်းကလေးတစ်ယောက်က စုဝမ်ယိကို လှမ်းခေါ်လိုက်သည်။
ထိုအုပ်စုထဲတွင် မိန်းကလေးများသာ ရှိသောကြောင့် စုဝမ်ယိလည်း အနည်းငယ်နေရခက်သွားပုံရသည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"သွားလေ။ ကိုယ်လည်း ဟိုနားဒီနားလျှောက်ကြည့်လိုက်ဦးမယ်"
စုဝမ်ယိ ထွက်သွားသည်နှင့် မကောင်းသော ရည်ရွယ်ချက်ရှိသည့် လူတချို့က သူ့အနား ဝိုင်းလာကြသည်။
"ဒီတော့ မင်းက ဝမ်ယိရဲ့ချစ်သူပေါ့"
ယဲ့ချန်း ရေခဲမုန့်နှစ်လုတ်မျှသာ စားရသေးသည်။ မလိုမုန်းထားမျက်နှာပေးများနှင့် အမျိုးသားတချို့က သူ့ကို ဝိုင်းထားကြောင်း တွေ့လိုက်ရသည်။
ဤလူများအားလုံးက ဒီဇိုင်နာဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူနှင့် သက်တူရွယ်တူခန့်ရှိကာ တစ်ယောက်ချင်းစီ၏ မျက်နှာထက်တွင် မောက်မာလေဟန် အမူအရာများက အပြည့်ပင်။
ယဲ့ချန်းကလည်း ဤသူဌေးသားများကို ကြည့်ပြီး ဆွံ့အသွားသည်။
ဟူး... အခုခေတ် သူဌေးသားလေးတွေ အားလုံးက အရိုက်ခံချင်နေကြတာလား။
"ဟုတ်တယ်။ ငါက ဝမ်ယိရဲ့ချစ်သူပဲ"
ယဲ့ချန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
ယဲ့ချန်း၏ လက်ရှိစွမ်းဆောင်ရည်အရ ဤသူဌေးသားများ၏ အဖေများပင် သူ့ရှေ့တွင် ရိုရိုသေသေနေရမည်ဖြစ်ရာ သူ့အနေနှင့် ဤငမိုက်သားများကို ဘာကြောင့်ကြောက်ရမည်နည်း။
ယဲ့ချန်း၏ အထင်သေးလေဟန် အကြည့်ကို မြင်သောအခါ သူဌေးသားတစ်ယောက်က လှောင်ပြုံးပြုံးလိုက်၏။
"ကောင်လေး... မင်းက တော်တော် မာန်တက်နေတာပဲ။ ဘာအလုပ်လုပ်တာလဲ"
ယဲ့ချန်းက ဂရုမစိုက်လေဟန် လေသံဖြင့် ပြန်ဖြေလိုက်သည်။
"သြော်... ငါက တက္ကစီမောင်းတယ်"
ယဲ့ချန်း၏အဖြေကို ကြားသောအခါ ဤလူများမှာ အစပိုင်းတွင် မှင်တက်သွားကြပြီးနောက် အော်ဟစ်ရယ်မောကြတော့သည်။
"သေစမ်း... မင်းကများ ထုတ်တောင်ပြောရဲတယ်ပေါ့လေ"
"တက္ကစီမောင်းတယ်တဲ့။ အထင်ကြီးစရာပဲ"
"တက္ကစီမောင်းတာကိုများ ယုံကြည်မှုရှိရှိနဲ့ လာပြောနေသေးတယ်"
ယခုအချိန်တွင် သူတို့အားလုံး၏ မျက်နှာထက်တွင် မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။
အကယ်၍ ယဲ့ချန်းကသာ ဩဇာအာဏာရှိသော မိသားစုတစ်ခုက သခင်လေးတစ်ယောက်ဖြစ်မည်ဆိုလျှင် သူတို့ လက်ခံရန် စဉ်းစားချင်စဉ်းစားမိလိမ့်မည်။
တကယ်တမ်းတွင်မူ သူသည် တက္ကစီဒရိုင်ဘာတစ်ယောက်မျှသာ။
အစတုန်းက သူတို့အနေနှင့် ယဲ့ချန်း၏ နောက်ခံနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ခဲ့ကြသည်။
မည်သို့ပင်ဆိုစေကာမူ စုဝမ်ယိ မျက်စိကျရလောက်သည့် အမျိုးသားဆိုသည်မှာ သာမန်လူတော့ မဖြစ်နိုင်ပေ။
သို့သော် တက္ကစီမောင်းကြောင်း ယဲ့ချန်းဘက်က ထုတ်ပြောလာချိန်တွင် သူသည် ရုပ်ရည်ကြောင့်သာ စုဝမ်ယိကို ရခဲ့ခြင်းဖြစ်ပြီး ရုပ်ချောသည့် ကောင်လေးတစ်ယောက်မျှသာ ဖြစ်သည်ဟု သူတို့ ကောက်ချက်ချလိုက်ကြသည်။
"ကောင်လေး... ဝမ်ယိကိုစွန့်လွှတ်ဖို့ ငါ မင်းကို အကြံပေးချင်တယ်။ တက္ကစီဒရိုင်ဘာတစ်ယောက်က သူနဲ့ ထိုက်တန်တယ်လို့ မင်း ထင်နေတာလား"
"ဟုတ်တယ်... ငါတို့တွေက ဝမ်ယိကို သဘောကျနေကြတာ။ ငါတို့နဲ့ လာပြိုင်နေရင် မင်းအတွက် အဆုံးသတ်ကောင်းနိုင်မယ်များ ထင်နေလား"
"မင်း ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် ငါတို့ မင်းကို ဒုက္ခိတဖြစ်အောင်လုပ်ပစ်မယ်"
ထိုအချိန်မှာပင် အေးစက်စက် အသံတစ်သံက ရုတ်တရက် ဝင်ပြောလိုက်သည်။
"မင်းတို့က ဘယ်သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်မှာလဲ"
ထိုအချိန်တွင် ယန်ချွမ်းက အေးစက်ခက်ထန်သော အမူအရာဖြင့် လျှောက်လာသည်။
ယန်ချွမ်းကို မြင်သောအခါ ဤလူများလည်း ချက်ချင်း မျက်နှာပြောင်းသွားသည်။ ထိုအမူအရာတွင် အကြောက်တရားနှင့် ရိုသေလေးစားမှုများ ရောယှက်နေသည်။
"သခင်လေးယန်... ထွေထွေထူးထူးမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီကောင့်ကို နောက်နေကြတာပါ"
ယန်ချွမ်းကို မြင်သောအခါ အစောပိုင်းက ခက်ထန်ပြခဲ့သူများမှာ အမြန်ကပ်ဖားကြလေတော့သည်။
ယန်ချွမ်းသည် အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ကျော်ကြားသူဖြစ်ပြီး သူ့ကို စော်ကားမိသူများမှာ ဘယ်သောအခါမှ အဆုံးသတ်မလှခဲ့ကြပေ။
•••••••••••••••••
***