ယန်ချွမ်းက ထိုလူများကိုကြည့်၍ အေးစက်ခက်ထန်စွာ နှာမှုတ်လိုက်၏။
"အစ်ကိုယဲ့... ဒီအမှိုက်တွေကို ဂရုစိုက်မနေပါနဲ့။ သူတို့က အထက်စီးဆန်ဆန်သာ ဟန်ရေးပြနေကြတာ။ တကယ်တမ်းကျတော့ သူတို့မိသားစုရဲ့အာဏာလေးကို အားကိုးပြီး ကြွားလုံးထုတ်နေကြတာ။ ကိုယ်ပိုင်အရည်အချင်းဆိုတာ တစ်စက်လေးတောင်မရှိဘူး"
ယဲ့ချန်းက အနေအထိုင် သိုသိပ်သော်လည်း ယန်ချွမ်းကမူ ထိုကဲ့သို့ ဝင့်ကြွားတတ်သည့် စရိုက်မျိုးရှိသည်ဖြစ်ရာ ဤလူတစ်သိုက်ကို အမြင်မကြည်လျှင် ဆဲဆိုတတ်ပြီး အကယ်၍ တစ်ဖက်က အညံ့မခံလျှင် ရင်ဆိုင်ဖြေရှင်းတတ်သည်။
မိုတုမြို့၏ အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ယဲ့ချန်းကလွဲ၍ ယန်ချွမ်း အခြားမည်သူ့ကိုမှ မကြောက်ပေ။
ယန်ချွမ်းထံမှ ဆဲဆိုခံရသဖြင့် ထိုလူများ၏ မျက်နှာများမှာ နီရဲသွားကြသည်။
သို့သော် ယန်ချွမ်းရှေ့တွင် သူတို့အနေနှင့် သည်းခံရုံသာ တတ်နိုင်သည်။
အစောတုန်းက ယဲ့ချန်းရှေ့တွင် ဟိတ်ဟန်ထုတ်ခဲ့ကြသော်လည်း ယခုမူ သူတို့အားလုံးမှာ ငကြောက်များ ဖြစ်သွားကြသည်။
"ကိစ္စမရှိပါဘူး။ ကလေးတွေပဲဟာကို။ ငါလည်း သူတို့နဲ့ အချေအတင်ပြောမနေပါဘူး"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
သူဌေးသားများ : "..."
ယဲ့ချန်း၏အမူအရာမှာ လူကြီးတစ်ယောက်က လူငယ်တစ်သိုက်ကို ဆုံးမစကားပြောနေသည့်အလားပင်။
ယဲ့ချန်းသည် ဤသူဌေးသားများကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့သဖြင့် သူတို့ကို ကြမ်းကြမ်းတမ်းတမ်း ပြောဆိုရာတွင် ယဉ်ကျေးမနေပေ။
"အစ်ကိုယဲ့က သဘောထားကြီးပါတယ်။ ကျွန်တော်နဲ့အတူ လိုက်ခဲ့လေ။ အဘိုးက အစ်ကို့ကို စောင့်နေတယ်"
အပြင်ဘက်တွင်ရှိသော လူများမှာ မိုတုမြို့ရှိ အသေးအဖွဲလူများသာဖြစ်ပြီး တကယ့် ထိပ်သီးပုဂ္ဂိုလ်ကြီးများမှာ အတွင်းဘက်ရှိ ဗီအိုင်ပီအခန်းထဲတွင် ရှိနေကြသည်။
ယန်ချွမ်းက ပြောလိုက်၏။
"အဘိုးက အစ်ကိုရောက်လာမှ ဧည့်ခံပွဲစမယ်ဆိုပြီး စောင့်နေတာ။ အစ်ကို ဝင်မလာသေးတာတွေ့လို့ ကျွန်တော့်ကို ထွက်ပြီး ကြိုခိုင်းလိုက်တာပဲ"
ယဲ့ချန်းက ထိုစကားကိုကြားသော် ခေါင်းညိတ်ပြပြီး ဗီအိုင်ပီအခန်းထဲသို့ ယန်ချွမ်းနောက်က လိုက်သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ ထိုသူဌေးသားများအားလုံး မှင်တက်သွားကြသည်။
အသက်ငယ်ငယ်လေးနှင့် ယန်မိသားစုက ဂုဏ်သရေရှိ ဧည့်သည်တစ်ယောက်လို ဆက်ဆံခံနေရသော ယဲ့ချန်းဆိုသည်မှာ မည်သူလေလဲ။
အထူးသဖြင့် ယန်ချွမ်းမှာ ကပ်ဖားနေသလို အမူအရာမျိုး လုပ်နေပေသည်။
ဗီအိုင်ပီအခန်းထဲသို့ ဝင်ရောက်ခွင့်ရခြင်းမှာ အဆင့်အတန်းနှင့် ရာထူးကို ကိုယ်စားပြုကြောင်း လူတိုင်းသိသည်။
သူတို့တွင် ဤအရည်အချင်း လုံးဝမရှိသော်လည်း ယဲ့ချန်းကိုမူ ယန်ချွမ်းကိုယ်တိုင်က အထဲသို့ ဖိတ်ခေါ်ခဲ့သည်။
ဤသူဌေးသားများမှာ မိုတုမြို့တွင် အတော်အတန် အရာရောက်သည်ဟု ဆိုနိုင်သော်လည်း တကယ်တမ်းတွင်မူ အရေးမပါလှပေ။
တကယ့်ထိပ်သီးပုဂ္ဂိုလ်များမှာ ဗီအိုင်ပီအခန်းထဲတွင် ရှိနေကြသည်။ သူတို့ကတော့ ဝင်ရောက်ခွင့်ရရန် အရည်အချင်း လုံးဝမပြည့်မီပေ။
"ကျစ်... သူက ဘာများထူးခြားနေလို့လဲ။ ဝမ်ယိကြောင့်ပဲ ဖြစ်ရမယ်"
"အလကားကောင်"
တချို့က အေးစက်စက် နှာမှုတ်လိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေသော်လည်း မကျေမနပ် ရေရွတ်ရုံသာတတ်နိုင်သည်။
အကြီးအကဲယန်က ယဲ့ချန်းကို မြင်သောအခါ မတ်တတ်ထရပ်လိုက်၏။
"သမားတော်ယဲ့... နောက်ဆုံးတော့ ရောက်လာပြီပဲ"
ယဲ့ချန်းကို မြင်သောအခါ အကြီးအကဲယန်ခမျာ အလွန်အမင်း စိတ်လှုပ်ရှားနေချေသည်။
ဤမြင်ကွင်းမှာ တက်ရောက်လာသော ဧည့်သည်အားလုံးကို မှင်တက်သွားစေခဲ့သည်။
သိထားရမည့်အချက်မှာ ကြွရောက်လာသော ဧည့်သည်များအားလုံးကို အကြီးအကဲယန်က ထိုင်လျက် နှုတ်ဆက်ခဲ့သော်လည်း ယဲ့ချန်းတစ်ယောက်တည်းကိုသာ မတ်တတ်ရပ်၍ ကြိုဆိုခဲ့သည်။
ဤသည်မှာ ယဲ့ချန်းသည် အကြီးအကဲယန်၏ နှလုံးသားထဲတွင် အရေးပါသောနေရာတစ်ခု ရယူထားကြောင်း ရည်ညွှန်းနေပေသည်။
ယန်မိသားစု၏ အခြားမိသားစုဝင်များအားလုံးကလည်း ယဲ့ချန်းအပေါ် အလွန် ရိုသေလေးစားကြသည်။
သူနှင့် ယန်ချွမ်း၏ ဆက်ဆံရေးကြောင့် ယဲ့ချန်း၏ စွမ်းဆောင်ရည်များကို သူတို့ ကောင်းကောင်းသိထားကြသည်။
"အကြီးအကဲယန်... ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ ခင်ဗျားကို အရှေ့ပင်လယ်လိုကျယ်ပြောတဲ့ ပျော်ရွှင်မှုတွေနဲ့ တောင်ပိုင်းတောင်တန်းလို ရှည်လျားတဲ့ သက်တမ်းကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
ထိုသို့ပြောရင်း ယဲ့ချန်းက ပြင်ဆင်ထားသော လက်ဆောင်ကို ထုတ်လိုက်သည်။
ထိုလက်ဆောင်မှာ ယဲ့ချန်း အလကားရထားသော ထန်ဟူ၏ ပန်းချီကားတစ်ချပ်ပင်။
အကြီးအကဲယန်မှာ ထိုပန်းချီကားကိုကြည့်ပြီး လုံးဝဝမ်းသာသွားသည်။
ထိုအခိုက်ဝယ် ဧည့်သည်အားလုံး အလွန် အံ့အားသင့်သွားကြသည်။
အကြီးအကဲယန်၏ ကြိုဆိုမှုကိုခံရခြင်းမှာ သူတို့၏အရည်အချင်းထက် ကျော်လွန်သော အဆင့်အတန်းတစ်ခုကို ညွှန်ပြနေပေသည်။
လျှို့ဝှက်ဆန်းကြယ်လှသော ဤလူငယ်လေးက သူတို့၏ စပ်စုချင်စိတ်ကို နှိုးဆွပေးခဲ့သည်။
ဤလူငယ်က အကြီးအကဲယန်ပြောဖူးသည့် အလွန်အရေးကြီးသော ဧည့်သည်များ ဖြစ်နေလေမလား။
ထိုအခိုက်ဝယ် ယဲ့ချန်းဘေးနားရှိ စုဝမ်ယိပင် အလွန်အံ့သြနေချေသည်။
သူ(မ)၏အဆင့်အတန်းအရ သူ(မ)သည် အပြင်ဘက်တွင်သာ နေခွင့်ရှိ၏။
ယဲ့ချန်း၏ကျေးဇူးကြောင့်သာ သူ(မ) ဗီအိုင်ပီနေရာသို့ ဝင်ရောက်နိုင်ခဲ့ခြင်းပင်။
သို့သော် ယဲ့ချန်းအပေါ်ထားသော ယန်မိသားစု၏ သဘောထားကို ကြည့်ခြင်းအားဖြင့် ယဲ့ချန်းသည် ယန်မိသားစုကို ယခင်က တစ်ခုခုကူညီပေးခဲ့ဖူးမည်ဖြစ်ကြောင်း သူ(မ) နားလည်လိုက်သည်။
မကြာသေးခင်က စုဝမ်ယိ၏ စီးပွားရေးလုပ်ငန်းမှာ အလွန်ချောမွေ့နေခဲ့သည်။
ကုမ္ပဏီတော်တော်များများမှာ ယာရှီလုပ်ငန်းစုဟု သိလိုက်သည်နှင့် မီးစိမ်းတန်းပြလေ့ရှိသည်။
အမှန်တကယ်တော့ ဤအရာအားလုံးက ယဲ့ချန်းကြောင့်ဖြစ်ကြောင်း စုဝမ်ယိ နားလည်ထားသည်။
သို့သော် ယနေ့ ယန်မိသားစုတွင်မူ စုဝမ်ယိသည် မိုတုမြို့ရှိ ယဲ့ချန်း၏အဆင့်အတန်းကို လုံးဝသဘောပေါက်သွားခဲ့သည်။
အခန်းထဲတွင် စားပွဲစုစုပေါင်း ဆယ်လုံးရှိ၏။
စားပွဲတစ်လုံးစီတွင် ထိပ်သီးပုဂ္ဂိုလ်ကြီးများ ထိုင်နေကြသည်။
သူတို့နှစ်ယောက်က အကြီးအကဲယန်၏ ဘေးနားတွင် ထိုင်ချလိုက်သောအခါ ဧည့်သည်အားလုံး ပို၍ပင် အံ့အားသင့်သွားရသည်။
ဗီအိုင်ပီအခန်းထဲသို့ ဝင်ရောက်နိုင်သူတိုင်းမှာ အနည်းဆုံး ဘီလျံနာများ ဖြစ်ကြသည်။
ယခုမူ လူငယ်လေးတစ်ယောက်က ဤကဲ့သို့ဆက်ဆံခံနေရသဖြင့် ယဲ့ချန်း၏ နောက်ခံကို ပိုသိချင်လာသည်။
ဤပုဂ္ဂိုလ်များမှာ မိုတုမြို့၏ စီးပွားရေးလောကတွင် အတော်အတန် အရာရောက်သူများ ဖြစ်ကြသော်လည်း ထိုလူငယ်လေး ရရှိသော ကြိုဆိုမှုနှင့် နှိုင်းယှဉ်၍မရပေ။
သူတို့မှာ စပ်စုချင်နေကြသော်လည်း ဂုဏ်သိက္ခာနှင့် ဂုဏ်သတင်းကြီးသော ပုဂ္ဂိုလ်များဖြစ်သည့်အတွက် မျက်နှာပေါ်မှာတော့ ဘာအရိပ်အယောင်မှ ထုတ်မပြချေ။
အကြီးအကဲယန်၏ ဘေးနားတွင် ထိုင်လိုက်ခြင်းအားဖြင့် ယဲ့ချန်းသည် ဧည့်ခံပွဲတွင် လူအများ၏အာရုံစိုက်မှုကို အခံရဆုံးလူ ဖြစ်လာခဲ့သည်။
ယဲ့ချန်း၏ ကုသမှုကြောင့် အကြီးအကဲယန်မှာ ပြန်ကျန်းမာလာခဲ့ပြီး မျက်လုံးများကလည်း တောက်ပကာ စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။
လူအမြောက်အများက စပ်စုချင်နေကြသည်။
အကြီးအကဲယန်၏ကျန်းမာရေး ချို့ယွင်းနေကြောင်း ယခင်က သူတို့အားလုံး ကြားထားကြသည်။ အချို့က သူမရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ ယန်မိသားစု၏ ပိုင်ဆိုင်မှုများကို သိမ်းပိုက်ရန်ပင် ပြင်ဆင်နေခဲ့ကြသည်။
သို့သော် အကြီးအကဲယန်က ရုတ်တရက်ဆေးရုံဆင်းလာခဲ့သည်။ သူ ပြန်ကျန်းမာလာသော သတင်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ဧည့်ခံပွဲစတင်ချိန်တွင် အကြီးအကဲယန်က ပြုံးတုံ့တုံ့ဖြင့် စကားဆိုလေသည်။
"ဒီလူငယ်လေးကို မင်းတို့အားလုံး သိချင်မှသိကြလိမ့်မယ်။ ဒီမိတ်ဆွေလေးက ငါ့ရဲ့ ကယ်တင်ရှင်ပဲ။ ဆရာယဲ့သာမရှိရင် ငါ အခုလောက်ဆို သေနေလောက်ပြီ။ ဒီသက်ရှည်ကျန်းမာရေးဧည့်ခံပွဲရဲ့ အဓိက ရည်ရွယ်ချက်က သမားတော်ယဲ့ကို ကျေးဇူးတင်ချင်လို့ပဲ"
အကြီးအကဲယန်၏ စကားကို ကြားသောအခါ လူတိုင်း ရုတ်တရက် နားလည်သွားကြသည်။
ထိုအခိုက်ဝယ် အကြီးအကဲယန်က ရုတ်တရက်မတ်တတ်ထရပ်ပြီး သူ့ဘေးရှိ ယဲ့ချန်းကို ပြောလိုက်၏။
"ဆရာယဲ့... ဒီခွက်က ဆရာ့အတွက် ဂုဏ်ပြုတာပါ"
ဤအခိုက် အခန်းထဲဝယ် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အကြီးအကဲယန်က ယဲ့ချန်းကို ကိုယ်တိုင်ဦးဆောင်၍ အရက်ခွက်ဖြင့် ဂုဏ်ပြုလိမ့်မည်ဟု မည်သူကမှ မထင်ထားခဲ့ကြပေ။
အကြီးအကဲယန်က အသက်ရှစ်ဆယ်ကျော်နေပြီဖြစ်၏။
ယဲ့ချန်းကလည်း မတ်တတ်ထရပ်လိုက်၏။
"အကြီးအကဲယန်... ခင်ဗျားက သဘောကောင်းလွန်းနေပါပြီ"
အကြီးအကဲယန်က သူ့ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ယဲ့ချန်းလည်း မော့သောက်လိုက်သည်။
"မစ္စတာယဲ့... ခင်ဗျားက ကျွန်တော်တို့ ယန်မိသားစုရဲ့ ကျေးဇူးရှင်ပါ။ အခုအချိန်ကစပြီး ဘာကိစ္စပဲရှိရှိ ပြောသာပြောပါ။ ကျွန်တော်တို့ယန်မိသားစုက အစွမ်းကုန် ကူညီပေးပါ့မယ်"
အကြီးအကဲယန်၏ စကားကို ကြားသောအခါ လူတိုင်း မှင်တက်သွားကြသည်။
ဤကဲ့သို့သော အခါသမယတွင် အကြီးအကဲယန်က ကတိပြုလိုက်ခြင်းပင်။
ဤသည်မှာ ဘာကိုရည်ညွှန်းလေသလဲ။
ယဲ့ချန်းအပေါ်ထားသော အကြီးအကဲယန်၏ အလေးထားမှုကို ပြသနေပေသည်။
သိထားရမည့်အချက်မှာ ယဲ့ချန်းကို အကြီးအကဲယန်ပေးသော ကတိမျိုးမှာ သူ့မြေးဖြစ်သူ ယန်ချွမ်းပင် မရနိုင်သည့် ကတိမျိုးပင်။
အကြီးအကဲယန်က နှလုံးသားထဲမှ စစ်မှန်စွာပြောခဲ့ခြင်းပင်။
ယဲ့ချန်းသာ မရှိခဲ့လျှင်၊ သူသာ ပြိုလဲသွားခဲ့လျှင် ယန်မိသားစုကို အခြားမိသားစုများက ပစ်မှတ်ထားလာမည်မှာ သေချာပေသည်။ ထိုအခါ ယန်မိသားစုလည်း ဒုတိယအဆင့် မိသားစုတစ်ခုအဖြစ်သို့ ကျဆင်းသွားနိုင်ခြေ ရှိ၏။
ယခုမူ အကြီးအကဲယန် ရှိနေသေးသဖြင့် စီစဉ်စရာများကိုစီစဉ်ရန် အချိန်နည်းနည်း ပိုရသွားသည်။ ယန်မိသားစုအတွက် လမ်းခင်းပေးရန် သုံးနှစ်ဆိုလျှင်ပင် လုံလောက်နေချေပြီ။
ထို့ပြင် အကြီးအကဲယန်က ယဲ့ချန်း၏စွမ်းဆောင်ရည်များကို ကောင်းကောင်းသိထားသည်။
ထို့ကြောင့် အကြီးအကဲယန်၏ စကားများမှာ ယန်မိသားစုအပေါ် ပြုခဲ့ဖူးသော ယဲ့ချန်း၏ကျေးဇူးကို လူတိုင်းသိစေရန် ကြေညာလိုက်ရုံသာမက ယဲ့ချန်း၏အကူအညီကိုလည်း မျှော်လင့်လိုခြင်းဖြစ်ပေသည်။
အကြီးအကဲယန်၏ စကားများကို ကြားသော် တက်ရောက်လာသော ဧည့်သည်များလည်း ယဲ့ချန်းကို အမြင်သစ်တစ်မျိုးဖြင့် ကြည့်လိုက်ကြသည်။
ယဲ့ချန်း ပြုံးလိုက်လေသည်။
"အကြီးအကဲယန်... ယန်ချွမ်းနဲ့ ကျွန်တော်က သူငယ်ချင်းတွေပါ။ ခင်ဗျားကို ကုသပေးတာက အသေးအဖွဲကိစ္စလေးတစ်ခုပါဗျာ။ ခင်ဗျားက သဘောကောင်းလွန်းနေပါပြီ"
တကယ်တမ်းတွင် ယဲ့ချန်းက အကြီးအကဲယန် သူ့ကို ဤကဲ့သို့ ကတိပြုလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤနေရာတွင် ဧည့်သည်များစွာ ရှိနေသဖြင့် အကြီးအကဲယန်အနေနှင့် သူ့စကားကို ရုပ်သိမ်း၍ မရနိုင်ပေ။ ထို့ပြင် အကြီးအကဲယန်၏ စရိုက်အရ သူပြောထားသည့်အတိုင်း လုပ်ဆောင်မည်သာ။
အနည်းဆုံးတော့ ယန်မိသားစုထဲတွင် အကူအညီပေးမည့် လူတစ်ယောက်ကို သူ ရလိုက်လေပြီ။ ဤသည်မှာ ယဲ့ချန်းအတွက် စင်စစ်ကြီးမားလှသော အထောက်အပံ့တစ်ခုပင်။
••••••••••••••••
***