အကြီးအကဲယန်က ပြုံးလျက် ယဲ့ချန်းကို ပြောလိုက်၏။
"မစ္စတာယဲ့... မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်း အကြီးအကဲဟွားပါ"
ထိုအကြီးအကဲကို မြင်သောအခါ ယဲ့ချန်း၏ အကြည့်တို့က အနည်းငယ် စူးရှသွားသည်။
အကြီးအကဲယန်က သူ့နောက်ခံကို ထုတ်မပြောသော်လည်း ဤလူ၏နောက်ခံက အလွန်အထင်ကြီးစရာကောင်းကြောင်း ယဲ့ချန်းကတော့ မှတ်တမ်းစနစ်မှတစ်ဆင့် သိနိုင်သည်။
အကြီးအကဲဟွားက ပြုံးလျက် ပြောလိုက်၏။
"အကြီးအကဲယန်.. ခင်ဗျားလို ခေါင်းမာတဲ့ အဘိုးကြီးတစ်ယောက်က ဒီလောက်တောင် သဘောကျနေရအောင် ဒီလူငယ်လေးဆီမှာ ဘယ်လိုအရည်အချင်းတွေများ ရှိနေလို့လဲ"
ဤတစ်ခေါက် အကြီးအကဲဟွား မိုတုမြို့သို့ လာခဲ့ခြင်းမှာ မိတ်ဆွေဟောင်းတစ်ယောက်၏ မွေးနေ့ကို ဂုဏ်ပြုရန်ပင်။
အကြီးအကဲယန် နှလုံးရောဂါဖောက်ပြီး ဆရာဝန်အားလုံးက မကယ်နိုင်တော့ဘူးဟု မှတ်ချက်ချထားချိန်တွင် လူငယ်လေးတစ်ယောက်က သူ့ကို ကယ်တင်ခဲ့ကြောင်း သူ ကြားသိခဲ့ရသဖြင့် ယဲ့ချန်းအကြောင်း အနည်းငယ် သိချင်မိသည်။
မည်သို့ပင်ဆိုစေကာမူ အကြီးအကဲယန်၏ အသက်အရွယ်နှင့် နှလုံးရောဂါဖောက်ခြင်းမှာ သေချာပေါက် အသက်အန္တရာယ်ရှိသည်။
သို့သော် ယဲ့ချန်း သူ့ကို သေမင်းခံတွင်းဝမှ ပြန်ကယ်တင်နိုင်ခဲ့ခြင်းမှာ ယုံကြည်ရန် ခက်ခဲလှသည်။
သူကိုယ်တိုင်လည်း ယခင်က အကြီးအကဲယန်ဆီ သွားရောက်လည်ပတ်ခဲ့ဖူးသည်။
ဆရာဝန်များ၏ အဆိုအရ အကြီးအကဲယန်မှာ ဤလကိုပင် ကျော်ဖြတ်နိုင်မည်မဟုတ်ဘဲ အချိန်မရွေး သေဆုံးသွားနိုင်သည်ဟု သိရသည်။
ယခုအချိန်ကား သူ့အသက်ကို ဆွဲဆန့်ထားရုံမျှသာ။
သို့သော် ဤလူငယ်လေး ကုသပေးလိုက်သည်နှင့်တစ်ပြိုင်နက် အသက်ချမ်းသာရာရသွားရုံသာမက အကြီးအကဲယန်မှာ ဆယ်နှစ်ခန့် ပိုမိုနုပျိုသွားပုံရသည်။
ထို့ကြောင့် အကြီးအကဲဟွားလည်း ဤလူငယ်လေးနှင့်ပတ်သက်၍ အလွန်သိချင်စိတ်ပြင်းပြနေချေသည်။
သို့သော် ယဲ့ချန်းကို မြင်သောအခါ သူ အနည်းငယ် သံသယဝင်သွားခဲ့သည်။
ယဲ့ချန်းက စင်စစ်ငယ်ရွယ်လွန်းလှသည်။
တရုတ်တိုင်းရင်းဆေးပညာတွင် အသက်ကြီးလေလေ ပိုတန်ဖိုးရှိလေလေပင်။ ယဲ့ချန်းလို ငယ်ရွယ်သူတစ်ယောက်တွင် ဤသို့သောစွမ်းရည်မျိုး တကယ်ရှိနိုင်ပါ့မလား။
သို့သော် အကြီးအကဲယန်၏ရောဂါက အစစ်အမှန်ဖြစ်ပြီး ယခု အကြီးအကဲယန်၏ ကျန်းမာရေး ပြန်ကောင်းလာခြင်းမှာလည်း အစစ်အမှန်ပင်။ ဤကဲ့သို့သော ကိစ္စမျိုးကို အကြီးအကဲယန်က လိမ်ညာနိုင်မည် မဟုတ်ပေ။
အကြီးအကဲယန်က ရယ်မောရင်း ပြောလာလေသည်။
"ငါတို့ညီအစ်ကိုတွေ ပြန်ဆုံနိုင်တာက မစ္စတာယဲ့ရဲ့ ကျေးဇူးကြောင့်ပဲ။ သူ့ရဲ့ဆေးပညာက အံ့မခန်းလို့ ပြောရမှာပဲ"
အကြီးအကဲဟွားက ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။
"မစ္စတာယဲ့ရဲ့ဆရာက ဘယ်သူများလဲ"
ဟွားနိုင်ငံတွင် တရုတ်တိုင်းရင်းဆေးပညာ အစဉ်အလာရှိသော မိသားစုပေါင်းများစွာရှိ၏။ အကြီးအကဲဟွားက ထိုတိုင်းရင်းဆေးပညာ ထိပ်တန်းမိသားစုများနှင့် ရင်းနှီးကျွမ်းဝင်သည်။
ယဲ့ချန်းကမူ ရယ်မောလိုက်သည်။
"ကျွန်တော့်မှာ ဆရာမရှိပါဘူး။ ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူခဲ့တာလို့ပဲ ပြောရမှာပေါ့။ တကယ်တော့ ကျွန်တော်က နည်းနည်းပါးပါးပဲ တတ်တာပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဟွားလည်း မှင်တက်သွားသည်။
"ကိုယ့်ဘာသာကိုယ်လေ့လာတာ ဟုတ်လား"
"လူငယ်တွေထဲက သူရဲကောင်းတွေ ထွက်ပေါ်လာတာပဲ"
အကြီးအကဲဟွားက ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလိုက်သည်။
"အကြီးအကဲဟွားကတော့ မြှောက်လွန်းနေပါပြီ"
ယဲ့ချန်းကလည်း ရယ်မောလျက် ပြောလိုက်လေသည်။
"ဒါနဲ့ မင်းက မျက်နှာဖတ်တဲ့ပညာကိုလည်း တတ်တယ်လို့ ရှောင်ယန့်ဆီက ကြားထားတယ်"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"နည်းနည်းပါးပါးပဲ တတ်တာပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဟွား စိတ်ဝင်စားသွားသည်။
ဖုန်းရွှေနှင့် မြေကြောပညာတို့မှာ ဟွားနိုင်ငံ၏ ထူးခြားသော ပညာရပ်များဖြစ်ပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သည်။
ရာထူးကြီးမားသူဖြစ်သည့် အကြီးအကဲဟွားမှာ ဤကိစ္စများနှင့်ပတ်သက်၍ သာမန်လူများထက် ပိုသိနားလည်သည်။
ယဲ့ချန်း၏ဆေးပညာကို အကဲဖြတ်ရလျှင် ယဲ့ချန်းမှာ ကျွမ်းကျင်သော်လည်း နည်းနည်းပါးပါးသာတတ်သည်ဟု နှိမ့်ချပြောဆိုနေခြင်းပင်။
ဤသည်မှာ ဤလူငယ်လေးက အလွန်နှိမ့်ချတတ်ပြီး စိတ်မလောတတ်သလို စိတ်လိုက်မာန်ပါလည်း မလုပ်တတ်ကြောင်း ပြသနေပေသည်။
သို့သော် ဆေးပညာစွမ်းရည်ကို စစ်ဆေး၍ မရနိုင်သော်လည်း မျက်နှာဖတ်ခြင်းကိုမူ တိုက်ရိုက်သိမြင်နိုင်သည်။
အကြီးအကဲဟွားက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်၏။
"မစ္စတာယဲ့... ငါ့ကံကြမ္မာကို ဟောပေးပါ့လား"
ယဲ့ချန်းက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ရပါတယ်"
ဘေးနားရှိ အကြီးအကဲယန်လည်း စိတ်ဝင်စားသွားချေသည်။
"ဒီတစ်ခေါက်တော့ ဒီအဘိုးကြီးလည်း အသစ်အဆန်းတစ်ခုကို လေ့လာခွင့်ရပြီပေါ့"
အကြီးအကဲဟွားက ပြုံးစစဖြင့် ဆိုချေသည်။
"ဒါဆိုရင် ငါ့နောက်ခံက ဘာလဲဆိုတာ ခန့်မှန်းကြည့်ပါလား"
"အကြီးအကဲဟွားက ရာထူးမြင့်မားပါတယ်။ ခင်ဗျားရဲ့အဆင့်အတန်းက စကားနဲ့တောင် ဖော်ပြလို့မရပါဘူး"
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဟွား အနည်းငယ်အံ့ဩသွားသည်။
ယဲ့ချန်းက အကြီးအကဲဟွား၏ နောက်ခံကို အတိအလင်း ထုတ်မပြောသော်လည်း သူ ဆိုလိုရင်းက ရှင်းလင်းလှသည်။
အကြီးအကဲဟွားက ခေါင်းညိတ်လိုက်၏။
"အင်း.. ဒါကိုတော့ ထည့်မတွက်ဘူး။ တကယ်တော့ လူတော်တော်များများ ဒါကို မြင်နိုင်တာပဲ"
လူတိုင်းကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ အကြီးအကဲဟွားထံတွင် အထက်လူကြီးတစ်ဦး၏ အရှိန်အဝါမျိုးရှိပြီး အကြီးအကဲယန်၏ဘေးတွင် ထိုင်နေသူ မည်သူမဆို အဆင့်အတန်းနှင့် အာဏာကြီးမားသူ ဖြစ်မည်မှာ သေချာပေသည်။
ယဲ့ချန်းလည်း ခဏမျှစဉ်းစားပြီးနောက် အကြီးအကဲဟွား၏ ဘဝမှတ်တမ်းကိုဖွင့်ကာ အစောပိုင်းအချက်အလက်များကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ထို့နောက် ယဲ့ချန်းက မေးခွန်းသင်္ကေတတစ်ခုကို နှိပ်လိုက်သည်။ ငွေတစ်ဘီလျံ ကုန်ကျသွားသော်လည်း သူ ရရှိလိုက်သော အချက်အလက်များက မျှော်လင့်မထားသော အချက်များပင်။
ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။
"အကြီးအကဲဟွား.. ကျွန်တော့်အထင်မမှားဘူးဆိုရင် ခင်ဗျား အခု ကိစ္စတစ်ခုကို စိတ်ပူနေတယ်။ ပြီးတော့ နောက်ငါးမိနစ်နေရင် အဖြေတစ်ခု ထွက်လာလိမ့်မယ်"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဟွား၏ အမူအရာကား အနည်းငယ် ပြောင်းလဲသွားသည်။
ယဲ့ချန်း၏စကားမှာ ကွက်တိမှန်နေပေသည်။ သူသည် လတ်တလော ကိစ္စတစ်ခုအတွက် စိတ်ပူနေပြီး ရလဒ်ကို စောင့်ဆိုင်းနေခြင်းပင်။
မမျှော်လင့်ထားပါဘဲ ယဲ့ချန်းက တစ်ချက်ကြည့်ရုံဖြင့် ထိုအကြောင်းကို သိသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ယဲ့ချန်းအပေါ် ထားရှိသော အကြီးအကဲဟွား၏ အကြည့်များလည်း ပြောင်းလဲသွားသည်။
သို့သော် အခြားလူများကမူ မယုံကြည်ကြပေ။
ယဲ့ချန်း၏စကားများမှာ အလွန်သေချာလွန်းလှသည်။
ငါးမိနစ်အတွင်း ဘာဖြစ်လာမလဲဆိုသည်ကို မည်သို့သိနိုင်မည်နည်း။
အကြီးအကဲယန်နှင့် အကြီးအကဲဟွားတို့သည် အသက်ကြီးပြီး သတိလွတ်နေကြပြီဖြစ်ရာ လူငယ်လေးတစ်ယောက်၏ လှည့်စားမှုကို ခံနေရသည်ဟုပင် တော်တော်များများက ထင်နေကြသည်။
ငါးမိနစ်ပြည့်လုနီးပါး ဖြစ်လာသော်လည်း မည်သည့်လှုပ်ရှားမှုမှ မရှိသေးပေ။
ထိုအချိန်တွင် ဧည့်ခံပွဲရှိ လူအများအပြားမှာ တီးတိုးပြောဆိုကြလေတောလသည်။
"ဒီကောင်လေးက လေလုံးထွားနေတာပါကွာ။ အရှက်ကွဲတော့မှာပဲ"
"ဒီကောင်လေးက ယုံရမယ့်ပုံမပေါ်ဘူးလို့ ငါထင်တယ်"
"ဟာသပဲ။ အကြီးအကဲဟွားလို ရာထူးကြီးတဲ့လူတစ်ယောက်ရဲ့ အတွေးတွေကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ"
ဘေးနားရှိ စုဝမ်ယိပင် ခပ်တိုးတိုးကပ်ပြောလိုက်၏။
"ယဲ့ချန်း.. ရှင် ခုနက စကားလောသွားတယ်နော်"
ခဏအကြာမှာပင် ငါးမိနစ်ပြည့်သွားချေသည်။ ထိုအခိုက်တွင် သီးသန့်ခန်းတံခါး ပွင့်လာပြီး အတွင်းရေးမှူးဖြစ်ဟန်တူသော လူတစ်ယောက် အတွင်းသို့ဝင်လာပြီး အကြီးအကဲဟွားကို စကားအနည်းငယ် တီးတိုးကပ်ပြောလိုက်သည်။
အကြီးအကဲဟွား၏ အမူအရာကား ချက်ချင်း ပြောင်းလဲသွားသည်။
အကြောင်းမှာ သူ အချိန်ကို ကြည့်လိုက်သောအခါ ငါးမိနစ်တိတိ ဖြစ်နေသောကြောင့်ပင်တည်း။
ဒါက အံ့ဩစရာကောင်းလွန်းမနေဘူးလား။
အခန်းထဲတွင် တိတ်ဆိတ်သွားသည်။
လူတိုင်း မှင်တက်သွားကြသည်။
စင်စစ်အံ့မခန်းဖွယ်ရာပင်။
အတွင်းရေးမှူးက အကြီးအကဲဟွားကို သတင်းစကားပါးပြီးနောက် တစ်ချက်မော့ကြည့်လိုက်လေရာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။
လူတိုင်းက သူ့ကို ထိတ်လန့်တကြား စိုက်ကြည့်နေကြသည်။
အတွင်းရေးမှူးခမျာ သူတို့၏အကြည့်များအောက်တွင် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားလေသည်။
ဒီနေ့ ငါ့ဝတ်စားဆင်ယင်ပုံများ တစ်ခုခု မှားနေလို့လား။
အကြီးအကဲဟွားက မတ်တတ်ထရပ်၍ ပြောလိုက်၏။
"အကြီးအကဲယန်.. ခင်ဗျားတို့ စကားဆက်ပြောနှင့်ကြပါ။ ဖုန်းတစ်ကောပြောစရာရှိလို့ အပြင်ခဏထွက်လိုက်ဦးမယ်"
အကြီးအကဲယန်က တအံ့တသြရေရွတ်လိုက်၏။
"မစ္စတာယဲ့.. မင်းက တကယ်အံ့ဩစရာကောင်းတာပဲ။ ဒါကို တကယ် ခန့်မှန်းနိုင်ခဲ့တယ်နော်"
ယဲ့ချန်းကမူ တဟားဟားရယ်မောရင်း ပြောလိုက်၏။
"နည်းနည်းပါးပါးပဲ တတ်တာပါ။ မှန်သွားမယ်လို့ မထင်ထားဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ လူတိုင်း ဆွံ့အသွားကြသည်။
ခန့်မှန်းတာတဲ့လား။ ဒါပေမဲ့ အရမ်းတိကျလွန်းနေတယ်လေ။
မကြာခင်မှာပင် အကြီးအကဲဟွား ပြန်ရောက်လာသည်။ သူ့မျက်နှာအမူအရာမှာ အနည်းငယ် လေးနက်တည်ကြည်နေသည်။
သူက ပြန်ထိုင်ချလိုက်ပြီး ပြုံးစစဖြင့် ပြောလေသည်။
"ရှောင်ယဲ့.. ဒီတစ်ခေါက်တော့ ငါ တကယ်ယုံသွားပြီ။ မင်းရဲ့ဟောကိန်းက ကွက်တိပဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။
"ကံကောင်းလို့ မှန်သွားတာပါ"
အကြီးအကဲဟွားက ခဏမျှစဉ်းစားပြီးနောက် မေးလိုက်သည်။
"မစ္စတာယဲ့.. ကျုပ် မကြာခင် ခရီးတစ်ခု သွားဖို့ရှိတယ်။ အခြေအနေက ဘယ်လိုရှိနိုင်မယ်လို့ ထင်လဲ"
ယဲ့ချန်းက အကြီးအကဲဟွားကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"နိမိတ်မကောင်းဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဟွား၏မျက်နှာကား ရုတ်ခြည်းပြောင်းလဲသွားသည်။
သို့သော် ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ဖြေရှင်းလို့တော့ ရပါတယ်"
ယဲ့ချန်း၏စကားကို ကြားသော် အကြီးအကဲဟွား၏မျက်လုံးများ အရောင်လဲ့သွားချေသည်။
"မစ္စတာယဲ့.. ဒါကို ဘယ်လိုဖြေရှင်းရမလဲ"
ယဲ့ချန်းက ဆို၏။
"အကြီးအကဲဟွား.. ခင်ဗျားရဲ့ကိစ္စတွေက ကျွန်တော်တို့လို သာမန်လူတွေ ဝင်ပါသင့်တဲ့ကိစ္စမျိုး မဟုတ်ဘူးလေ။ ကျွန်တော် ဝင်မပါတာ အကောင်းဆုံးပဲမဟုတ်ဘူးလား"
သို့သော် အကြီးအကဲဟွားကမူ ခေါင်းခါပြသည်။
"ပြောပါ။ ပြဿနာမရှိပါဘူး"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ခင်ဗျားအစီအစဉ်အတိုင်း ဆက်လုပ်မယ်ဆိုရင် ပြန်လာနိုင်မှာမဟုတ်ဘူး"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဟွား၏မျက်နှာကား ပြောင်းလဲသွားသည်။
"တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့..."
ခဏမျှစဉ်းစားပြီးနောက် ယဲ့ချန်းမှာ စာရွက်တစ်ရွက်ပေါ်တွင် ရေးမှတ်ပြီးနောက် စာရွက်ကိုခေါက်၍ အကြီးအကဲဟွားထံသို့ ပေးလိုက်သည်။
"အခု ဖွင့်မကြည့်ပါနဲ့။ တကယ်လို့ အန္တရာယ်ကြုံလာခဲ့ရင် ကံဆိုးရာကနေ ကံကောင်းဖို့အတွက် ဒီစာရွက်ထဲက ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ"
ယဲ့ချန်း၏စကားကို ကြားသောအခါ အကြီးအကဲဟွားက ထိုစာရွက်ကို သူ့အိတ်ကပ်ထဲသို့ ဂရုတစိုက်ထည့်ထားလိုက်သည်။
ယဲ့ချန်း၏ မျက်နှာအမူအရာကလည်း အနည်းငယ် လေးနက်နေသည်။ အကြောင်းမှာ ဤကိစ္စသည် သူနှင့်လည်း ပတ်သက်နေသည်ဖြစ်ရာ သတိမထားပါက သူ့အသက်ပါ အန္တရာယ်ရှိနိုင်သောကြောင့်ပင်။
ဤသည်မှာ ယဲ့ချန်း အကြီးအကဲဟွားကို ကူညီပေးရသည့် အရေးကြီးအကြောင်းအရင်းတစ်ခုလည်း ဖြစ်၏။
••••••••••••
***