ဤသတင်းက ဟွားနိုင်ငံတစ်ဝန်း အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
လူတော်တော်များများက ဤကိစ္စနှင့်ပတ်သက်၍ သံသယဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
မည်သို့ပင်ဆိုစေကာမူ ဤအရာမှာ ဟွားနိုင်ငံသားများ ကမ္ဘာပေါ်တွင် ရရှိနိုင်သော အမြင့်ဆုံးဂုဏ်သရေကို ကိုယ်စားပြုနေပေသည်။
"စတားတက္ကသိုလ်က တော်တော်ဘဝင်မြင့်လာပြီ။ နိုဘယ်ဆုကိုတောင် ငြင်းရဲတယ်တဲ့"
"တကယ်စိတ်ပျက်စရာပဲ။ ငါက ယဲ့ချန်း ဟွားနိုင်ငံအတွက် သမိုင်းသစ်ရေးထိုးနိုင်မယ်လို့ ထင်ထားခဲ့တာ"
"ဘာလို့ ငြင်းရတာလဲ။ ယဲ့ချန်းက စိတ်ပျက်ရမှာကို ကြောက်နေတာလား"
"ကိုယ့်ဘာသာကိုယ် သတ္တိမရှိရင်တောင် ကလေးတွေရဲ့အခွင့်အရေးကို ဘာလို့ ပိတ်ပင်ရတာလဲ"
...
ဝဘ်ဆိုက်များအားလုံးတွင်လည်း ဤကိစ္စအကြောင်း ဆွေးနွေးနေကြပြီး မည်သူကမှ ယဲ့ချန်း၏ရွေးချယ်မှုကို နားမလည်နိုင်ကြပေ။
သို့သော် ယဲ့ချန်းကတော့ မရှင်းပြခဲ့ပေ။
ဟွားနိုင်ငံရှိ အဆင့်မြင့်အရာရှိကြီးတစ်ယောက်က ထိုကြေညာချက်ကို မြင်သောအခါ စိတ်သက်သာရာရဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
"ကောင်းတယ်... ငါတို့လို ယန်နဲ့ဟွမ်မျိုးဆက်တွေက ဒီလိုမာနမျိုး ရှိရမယ်"
ယဲ့ချန်းက ဆုကို စွန့်လွှတ်ခဲ့သော်လည်း ဤလုပ်ရပ်မှာ ဟွားနိုင်ငံတစ်ဝန်းလုံး ပြန်လည် နိုးထလာစေရေးအတွက်ပင်။
အကယ်၍ ယဲ့ချန်းအနေနှင့် ဆုရချင်ဇောဖြင့် တကယ်လက်ခံခဲ့လျှင် စတားတက္ကသိုလ်သည် အစိုးရ၏ထောက်ပံ့မှုအားလုံးကို ဆုံးရှုံးသွားပေလိမ့်မည်။
ယဲ့ချန်းက ဤမျှကြီးမားသည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီဖြစ်ရာ ဤကိစ္စမှာ ယဲ့ချန်းတစ်ယောက်တည်းအပေါ်တွင်သာ မှီခိုနေ၍ မရတော့ပေ။
မကြာခင် နိုဘယ်ကော်မတီ၏ ကြေညာချက်ကို သူတို့၏ တရားဝင်ဝဘ်ဆိုက်ကတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်ကို မြင်လိုက်ရချိန်ဝယ် ဟွားနိုင်ငံသားများ အလွန်ဒေါသထွက်သွားကြသည်။
"ဒါက တော်တော်လွန်လွန်းတယ်။ ငါတို့ ကြိုးကြိုးစားစား သုတေသနလုပ်ထားရတဲ့ဟာကို မင်းတို့ကို ဘာလို့အလကားပေးရမှာလဲ"
"ယဲ့ချန်းကို ထောက်ခံတယ်။ ကျောင်းအုပ်ယဲ့လုပ်တာ မှန်တယ်"
"အသုံးမကျတဲ့ ဆုပါကွာ။ ငါတို့ဟွားနိုင်ငံသားတွေ လက်မခံနိုင်ဘူး"
မကြာခင် ဟွားနိုင်ငံရှိ ပင်မတက္ကသိုလ်များကလည်း ကြေညာချက်များ ထုတ်ပြန်လာကြသည်။
"ဟွားချင်းတက္ကသိုလ်သည် နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုများကို လက်ခံတော့မည်မဟုတ်ပါ"
"မိုတုတက္ကသိုလ်သည် နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုများကို လက်ခံတော့မည်မဟုတ်ပါ"
"ကျန်းတက္ကသိုလ်သည် နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုများကို လက်ခံတော့မည်မဟုတ်ပါ"
ဟွားနိုင်ငံရှိ ပင်မတက္ကသိုလ်ကြီးများအားလုံးကလည်း တစ်ပုံစံတည်းတူညီသော ကြေညာချက်များကို ထုတ်ပြန်ခဲ့ကြသည်။
ဟွားနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုမှာ ဤအချိန်တွင် အပြည့်အဝပေါင်းစည်းသွားခဲ့သည်။
အွန်လိုင်းပေါ်တွင် နိုဘယ်ကော်မတီကို ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
"ဒါက သက်သက်အနိုင်ကျင့်တာပဲ"
"ငါတို့ဟွားနိုင်ငံသားတွေက အသုံးမကျတဲ့ ဒီဆုကို ဂရုမစိုက်ဘူးကွ"
လူတိုင်းနီးပါးက ယဲ့ချန်း၏ရွေးချယ်မှုကို ထောက်ခံကြသည်။
အစောပိုင်းက ယဲ့ချန်းကို မေးခွန်းထုတ်ခဲ့သူများလည်း သူတို့၏ပို့စ်များကို တိတ်တဆိတ် ဖျက်ပစ်ခဲ့ကြသည်။
ပင်မသတင်းမီဒီယာကြီးများကပင် မားမားမတ်မတ် ရပ်တည်လာကြပြီး နိုဘယ်ကော်မတီ၏ ဗိုလ်ကျစိုးမိုးသည့် အပြုအမူကို ဝေဖန်ခဲ့ကြသည်။
ထိုအချိန်တွင် နိုဘယ်ကော်မတီကလည်း ထိုသတင်းကြောင့် တုန်လှုပ်သွားချေသည်။
အမှန်တော့ သူတို့ဘက်က ကြမ်းတမ်းလှသော ဤဆုံးဖြတ်ချက်ဖြင့် ယဲ့ချန်းကို အချက်အလက်များ ထုတ်ပေးလာစေရန် အတင်းအကျပ်ဖိအားပေးချင်ခဲ့ခြင်းသာ။
ယဲ့ချန်းသည် နိုဘယ်ဆုကိုပင် ငြင်းပယ်ရဲသည်အထိ မာနရှိလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။
ပိုကြောက်စရာကောင်းသည်မှာ ဟွားနိုင်ငံက နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းမှုများကို ဘယ်သောအခါမှ လက်ခံတော့မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ခြင်းပင်။
နိုဘယ်ဆုသည် ကမ္ဘာပေါ်တွင် သြဇာအညောင်းဆုံးဆုအဖြစ် သတ်မှတ်ခံထားရသည်။ ယခုမူ ဟွားနိုင်ငံက သူတို့နှင့် ဆက်ဆံရေးဖြတ်တောက်လိုက်ချေပြီ။
နိုဘယ်ဆုချီးမြှင့်ရေး အထက်လူကြီးများမှာ တိတ်တဆိတ် နောင်တရနေကြသည်။
သူတို့၏ဆုံးဖြတ်ချက်က ဤမျှကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။
သူတို့အမြင်တွင် ယဲ့ချန်းဘက်က သတင်းရသည်နှင့် အချက်အလက်များကို နာခံစွာ လွှဲပြောင်းပေးလိမ့်မည်ဟု ထင်ခဲ့ကြသည်။
သို့သော် ဟွားနိုင်ငံသားများ၏ စိတ်ဓာတ်မာကျောမှုကို သူတို့ လျှော့တွက်ခဲ့မိသည်။
ယခု ဟွားနိုင်ငံသည် သူတို့ အလွယ်တကူ ခြယ်လှယ်နိုင်သည့် ခေတ်နောက်ကျနေသော နိုင်ငံ မဟုတ်တော့ပေ။
ထို့ကြောင့် သူတို့ဘက်က ကြေညာချက်အသစ်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
"ယဲ့ချန်းသည် သူ့ကိုယ်ကျိုးအတွက် ယိုယွင်းလာသော ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် နည်းပညာကို သိုဝှက်ထားပြီး ကမ္ဘာမြေ၏ စွမ်းအင်ကဏ္ဍအတွက် ပံ့ပိုးကူညီရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူ့နိုဘယ်ဆုအမည်စာရင်းတင်သွင်းမှုကို တရားဝင်ပယ်ဖျက်လိုက်သည်"
ဤသတင်းမှာ ချက်ချင်းဆိုသလို အားမာန်အပြည့်ပျံ့နှံ့သွားလေသည်။
ယဲ့ချန်းက သာနို့စ်ကဲ့သို့ ဗီလိန်တစ်ယောက်နှင့်ပင် တူသွားချေသည်။
ဟွားနိုင်ငံရှိ အချို့လူများပင် သွေးထိုးလှုံ့ဆော်ခံရပြီး အွန်လိုင်းပေါ်တွင် ယဲ့ချန်းကို ဝေဖန်လာကြသည်။
သို့သော် ထိုအချိန်မှာပင် ဟွားနိုင်ငံက အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ရုတ်တရက်ချမှတ်လိုက်သည်။
ဟွားနိုင်ငံတွင် စတားဆုကို တည်ထောင်လိုက်ခြင်းပင်။
ဤဆုကို စတားဟု နာမည်ပေးထားခြင်းမှာ ယဲ့ချန်းတွင် ခိုင်မာသော ကျောထောက်နောက်ခံရှိကြောင်း တစ်ကမ္ဘာလုံးကို အသိပေးရန် ရည်ရွယ်ခြင်းပင်။
ထိုကျောထောက်နောက်ခံမှာ ဟွားနိုင်ငံပင်။
ဤသတင်း ထွက်ပေါ်လာသောအခါ ဟွားနိုင်ငံတစ်ဝန်းလုံး အံ့သြတုန်လှုပ်သွားကြသည်။
သူတို့က ယဲ့ချန်းအတွက် သီးသန့်ဆုတစ်ခုကို အထူးတလည်သတ်မှတ်ပေးလိုက်သည်။
သို့သော် ယဲ့ချန်းက ဤဆုနှင့် ထိုက်တန်ကြောင်း လူတိုင်းယုံကြည်ကြသည်။
တစ်ချိန်က ဟွားနိုင်ငံ ဆင်းရဲမွဲတေပြီး နည်းပညာချို့တဲ့ခဲ့စဉ်က နိုင်ငံခြားတိုင်းပြည်များက သူတို့ကို နည်းပညာတစ်ခုခုများ ပေးဖူးလေသလား။
သူတို့ဘာသာ တဖြည်းဖြည်းကြိုးစားအားထုတ်ရင်း သုတေသနများကတစ်ဆင့် ရလာခဲ့သည်မဟုတ်လော။
ယခု သူတို့တွင် နည်းပညာရှိလာချိန်ဝယ် တစ်ဖက်က အလကားယူချင်ကြသည်။
ဒီလောက်ဘယ်လွယ်ပါ့မလဲ။
ထို့ကြောင့် ဤဆုကို တည်ထောင်ခြင်းမှာ ယဲ့ချန်းအပေါ် နိုင်ငံတော်က ထောက်ခံအားပေးကြောင်း ပြသလိုက်ခြင်းပင်။
ထိုအချိန်တွင် ယဲ့ချန်းလည်း ဤသတင်းကို သိသွားပြီဖြစ်၏။
တစ်ဖက်လူက သူ့အပေါ် အသရေဖျက်ခဲ့သည့်တိုင် ယဲ့ချန်းကတော့ တုံ့ပြန်ရန် စိတ်မဝင်စားပေ။
သူသည် အရာရာကို ပွင့်ပွင့်လင်းလင်းနှင့် ရိုးရိုးသားသား လုပ်ဆောင်သည်။ လူသားများကို အကျိုးပြုခြင်းဆိုသည်ကား ဘာလဲ။
ဤကဲ့သို့သော နည်းပညာသာ နိုင်ငံတချို့၏ လက်ထဲသို့ ကျရောက်သွားပြီး စစ်ရေးနယ်ပယ်တွင် အသုံးပြုလာမည်ဆိုလျှင် ဖြစ်လာနိုင်သည့် ခြိမ်းခြောက်မှုကိုရော သူတို့ ထည့်မစဉ်းစားကြဘူးလား။
ထိုအချိန်တွင် ဟွားနိုင်ငံက ပင်လယ်ကူးတံတားတစ်စင်းကို တည်ဆောက်နေသော်လည်း ရေအောက်လိုဏ်ခေါင်းစီမံကိန်းအတွက် နည်းပညာကို အခြားနိုင်ငံတစ်ခုက ပိုင်ဆိုင်ထားကြောင်း သတင်းတစ်ပုဒ်ကို ယဲ့ချန်း တွေ့လိုက်ရသည်။
ဟွားနိုင်ငံက ရိုးသားစွာ ဝယ်ယူလိုသော်လည်း တစ်ဖက်နိုင်ငံကမူ ဈေးနှုန်းကို ငါးဆယ်ဘီလျံအဖြစ် သတ်မှတ်ထားသည်။
ဤသည်မှာ ရိုးသားမှု လုံးဝမရှိပေ။
ဟက်...
မင်းတို့က ငါတို့နည်းပညာကိုကျတော့ အလကားလိုချင်ပြီး ငါတို့ကတော့ မင်းတို့ဆီက မိုးအထိ ခေါင်ခိုက်နေတဲ့ဈေးနှုန်းကို ပေးရမယ်ပေါ့လေ။
ယဲ့ချန်းလည်း ကျွမ်းကျင်ဗိသုကာပညာရှင်တစ်ယောက်၏ စွမ်းရည်များကို ရုတ်တရက် သတိရလိုက်သည်။
ထို့ကြောင့် အသေးစိတ်ပုံကြမ်းတစ်ခုကို ညတွင်းချင်း ရေးဆွဲလိုက်သည်။
နောက်တစ်နေ့တွင် အကြီးအကဲဝေ့ထံသို့ ယဲ့ချန်း ဖုန်းဆက်လိုက်သည်။
"အကြီးအကဲဝေ့... ကျွန်တော်တို့ ပင်လယ်ကူးတံတားတစ်စင်း ဆောက်နေတာမဟုတ်လား"
"ဟုတ်တယ်။ ဆောက်နေတယ်။ ဒါပေမဲ့ အခု ပြဿနာတချို့နဲ့ ကြုံနေရတယ်"
အကြီးအကဲဝေ့လည်း ဤပြဿနာကြောင့် ခေါင်းခဲနေရသည်။
ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် သူတို့၏သုတေသနကိုသာ အားကိုးရမည်ဖြစ်ပြီး သုံးနှစ်အချိန်ယူရမည်ဖြစ်၏။ ဆိုလိုသည်မှာ စီမံကိန်း ပြီးစီးမှုမှာ သုံးနှစ်နှောင့်နှေးသွားမည်ဖြစ်၏။
ယဲ့ချန်းက ပြောလိုက်၏။
"အကြီးအကဲဝေ့... ကျွန်တော့်ဆီမှာ ဖြေရှင်းနည်းတစ်ခု ရှိတယ်။ အဆင်ပြေမပြေ သူတို့ကို ကြည့်ခိုင်းလိုက်ပါ"
ထို့နောက် ယဲ့ချန်းက ထိုစာရွက်စာတမ်းကို အကြီးအကဲဝေ့၏ အီးမေးလ်သို့ ပေးပို့လိုက်သည်။
အကြီးအကဲဝေ့က အီးမေးလ်ဝင်လာသဖြင့် ဖွင့်ကြည့်လိုက်သောအခါ မျက်လုံးများ အရောင်လဲ့သွားသည်။
ပင်လယ်ကူးတံတား ဒီဇိုင်းပုံကြမ်းတဲ့လား။
ယဲ့ချန်းမှာ ဤနည်းပညာ ရှိနေခြင်းများလား။
စက်ရုပ်အကြောင်းနှင့် နျူကလီးယားစွမ်းအင်အကြောင်း စဉ်းစားကြည့်ပြီးနောက် အကြီးအကဲဝေ့လည်း ဤဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်ဟု ခံစားလိုက်ရသည်။
သူသည် ပင်လယ်ကူးတံတားစီမံကိန်းကို တာဝန်ယူထားသော ချန်းသုန်းထံသို့ အမြန်ဖုန်းခေါ်လိုက်၏။
ချန်းသုန်းခမျာ တစ်ညလုံး မအိပ်ရသေးပေ။
အရာအားလုံး အဆင်သင့်ဖြစ်နေသော်လည်း အရေးကြီးသော နည်းပညာတွင် တစ်နေချေသည်။
အကယ်၍ ဤပြဿနာကို မဖြေရှင်းနိုင်ပါက ပင်လယ်ကူးတံတား၏ တည်ဆောက်ရေးကာလမှာ အချိန်အကန့်အသတ်မရှိ ရှည်ကြာသွားမည်ဖြစ်၏။
"သူတို့နဲ့ နောက်တစ်ခေါက် ထပ်ညှိနှိုင်းကြည့်ကြမလား"
လက်ထောက်ခေါင်းဆောင်က အကြံပြုလိုက်သည်။
ချန်းသုန်းက ခေါင်းခါပြလိုက်၏။
"သူတို့က ငါတို့ကို နည်းပညာမပေးချင်လို့ တမင်သက်သက် ခေါင်ခိုက်နေတဲ့ဈေးနှုန်းကို သတ်မှတ်ထားတာ။ ဒီကောင်တွေက ငါတို့တိုးတက်လာမှာကို မမြင်ချင်ကြဘူး"
ထိုအချိန်မှာပင် ချန်းသုန်း၏ဖုန်းက မြည်လာလေသည်။
"လောင်ချန်း... ငါ့ဆီမှာ ပင်လယ်ကူးတံတားဒီဇိုင်းပုံကြမ်းတစ်ခု ရှိတယ်"
"အာ... မင်း အဲဒါကို ဘယ်ကရလာတာလဲ"
"ငါ့သူငယ်ချင်းတစ်ယောက်ဆီက။ အဆင်ပြေမပြေ တစ်ချက်လောက်ကြည့်ကြည့်ပါဦး"
မကြာခင် ထိုပုံကြမ်းကို ပေးပို့လာချေသည်။
ချန်းသုန်းခမျာ ထိုပုံကြမ်းကို မြင်လိုက်ရချိန်ဝယ် လက်များပင် အနည်းငယ် တုန်ယင်သွားသည်။
"ဘုရားရေ... အံ့မခန်းပဲ။ ငါ ဘာလို့ ဒါကိုမစဉ်းစားခဲ့မိတာလဲ"
အခြားနည်းပညာဝန်ထမ်းတချို့ကလည်း အနားသို့ ဝိုင်းအုံလာကြသည်။
"လောင်ချန်း... ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ"
ချန်းသုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။
"ငါတို့ရဲ့ပင်လယ်ကူးတံတားဒီဇိုင်းပြဿနာက အဆင်ပြေသွားပြီ"
"ဘာ... အဆင်ပြေသွားပြီ ဟုတ်လား"
လူတိုင်း မှင်တက်သွားကြသည်။
ဤနည်းပညာကို နိုင်ငံတစ်နိုင်ငံက ငါးဆယ်ဘီလျံဈေးသတ်မှတ်ထားသည်။ ထိုအရာက ဤမျှလွယ်လွယ်ကူကူ အဆင်ပြေသွားပြီတဲ့လား။
ချန်းသုန်းလည်း စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဖုန်းခေါ်လိုက်၏။
"အကြီးအကဲဝေ့... မြန်မြန်ပြောပြစမ်းပါ။ ဒီဒီဇိုင်းပုံကြမ်းကို ဘယ်ကရလာတာလဲ"
••••••••••••••••
***