ရင်ပြင်၏ ဘေးတစ်ဖက်တွင် ခရမ်းရောင် အလင်းတန်းတစ်ခု ရုတ်တရက် ဝင်းလက်သွားပြီးနောက် လျှပ်စီးကြောင်းများစွာသည် ပါးစပ်အတွင်း သွေးများ ပြည့်နှက်နေသော မျက်လုံးကြီး ကြွက်လူဝံတစ်ကောင်၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားတော့၏။ မျက်လုံးကြီး ကြွက်လူဝံ၏ ခန္ဓာကိုယ်မှာ လျှပ်စစ်ဓာတ်ကြောင့် မည်းတူးကာ ၎င်း၏ မျက်လုံးများထဲတွင်မူ ဒေါသရိပ်များ ပြည့်နှက်နေပေသည်။
၎င်းသည် သူ၏ခန္ဓာကိုယ်အား အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။ မိမိရှေ့ရှိ သေးငယ်လှသော လူသား၏ ရင်ဘတ်အား လက်သည်းများဖြင့် ဆွဲဖြဲပစ်ချင်သော်လည်း မတတ်နိုင်ခဲ့ပေ။ နောက်ဆုံးတွင်မူ ထိုမျက်လုံးကြီး ကြွက်လူဝံသည် ထပ်ကာတလဲလဲကျရောက်လာသော မှော်အတတ်များအောက်တွင် လဲပြိုသွားရ၏။ အစမှ အဆုံးထိတိုင်အောင် ၎င်းသည် လူသားမှော်ဆရာကို ထိတွေ့ခွင့်ပင် တစ်ကြိမ်မျှ မရရှိခဲ့ပေ။
"တော်သေးတာပေါ့... ငါ အရင်တွေ့လို့ အခွင့်အရေးကို အရယူနိုင်ခဲ့တာ..." မိုဖန်သည် သေဆုံးသွားသော မျက်လုံးကြီး ကြွက်လူဝံကို ကြည့်ကာ သက်ပြင်းရှည်တစ်ချက် ချလိုက်မိ၏။
ဤသည်မှာ သူတစ်ယောက်တည်း မှော်သားရဲတစ်ကောင်ကို ရင်ဆိုင်ရသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။ အကယ်၍ သူ၏ လျှပ်စီးမှော်အတတ်သာ မရှိပါက ခွန်အားကြီးမားလှသော ဤ မျက်လုံးကြီး ကြွက်လူဝံ၏ ဆွဲဖြဲသတ်ဖြတ်ခြင်းကို အလွယ်တကူ ခံရပေလိမ့်မည်။ စောနကပင် မိုဖန်သည် သူ၏လျှပ်စီးလက်ခြင်းကို သုံး၍ သားရဲကို အရင်ဆုံး ထိန်းချုပ်လိုက်ပြီးနောက် အဆင်သင့်မဖြစ်သေးသော သားရဲကို မီးတောက်ပေါက်ကွဲခြင်း၏ တတိယအဆင့် ပေါက်ကွဲခြင်း စွမ်းအားဖြင့် အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
ဤချိုင့်ဝှမ်းလေးကို ဖြတ်ကျော်ပြီးနောက်တွင် ဈေးဝယ်စင်တာမှာ သူ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာတော့၏။ မိုဖန်သည် ဈေးဝယ်စင်တာသို့ ချဉ်းကပ်ရန် အတော်အတန် ဘေးကင်းမည့် လမ်းကြောင်းတစ်ခုကို ရှာဖွေလိုက်ပေသည်။
ဈေးဝယ်စင်တာ၏ ဘေးဘက်၊ ဆယ်ထပ်မြောက် အမြင့်တွင် ဝရန်တာတစ်ခု ရှိနေပေသည်။ ထိုဝရန်တာပေါ်တွင် အနက်ရောင် ဝတ်စုံဝတ်ထားသော အမျိုးသားနှစ်ဦး ရှိနေပြီး သူတို့မှာ မှော်သားရဲများ မတွေ့ရှိနိုင်သော နေရာမှနေ၍ ဤမြို့ပြဧရိယာကို အေးအေးလူလူ အကဲခတ်နေကြ၏။
"ခုနက ခရမ်းရောင် အလင်းတန်းတစ်ခု ထွက်လာတယ်... လျှပ်စီးမှော်ဆရာ ဖြစ်ရမယ်... ဟေး... သူ ထွက်လာပြီ... ဈေးဝယ်စင်တာဘက်ကို လျှောက်သွားနေတာပဲ..." ထိုသူနှစ်ဦးထဲမှ သိန်းငှက်နှာခေါင်းနှင့် အမျိုးသားက ဆိုသည်။
"တကယ်တော့ သူပဲကိုး..." မျက်နှာကို အဝတ်စည်းထားသော အခြားအမျိုးသားတစ်ဦး၏ မျက်လုံးထဲတွင် မုန်းတီးမှုများ ဝင်းလက်သွားတော့၏။
"မင်း သူနဲ့ သိလို့လား..." သိန်းငှက်နှာခေါင်းနှင့် လူက မေးသည်။
"သိတာပေါ့... မင်း ဒီမှာပဲ နေခဲ့ပြီး စောင့်ကြည့်နေ... ငါ သွားပြီး သူ့ကို သတ်လိုက်မယ်..." မျက်နှာစည်းထားသော သူကပြော၏။
"သိပ်တော့ မကြာစေနဲ့ဦး... ငါတို့မှာ လုပ်စရာ တာဝန်ရှိသေးတယ်..."
"ငါ သိပါတယ်... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီကောင်ကိုတော့ ငါ ကိုယ်တိုင် သတ်ပစ်ရမှ ဖြစ်မယ်..."
ထိုသို့ ပြောပြီးနောက် မျက်နှာစည်းထားသော သူသည် အမိန့်တစ်ခု ပေးလိုက်သည်။ မကြာမီမှာပင် သူ၏ ဘေးပတ်လည်၌ အမှောင်သားရဲအချို့ ပေါ်ထွက်လာပြီး ဈေးဝယ်စင်တာဘက်သို့ ခုန်ပျံသွားကြတော့၏။
အခြားတစ်ဖက်တွင်မူ မိုဖန်သည် ဈေးဝယ်စင်တာအတွင်းရှိ လှေကားထစ်များထံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ကံမှာ အလွန်ပင် ကောင်းမွန်လှ၏။ ကြီးမားလှသော ဤစင်တာအတွင်းတွင် မျက်လုံးကြီး ကြွက်လူဝံအချို့ ရှိနေသော်လည်း ၎င်းတို့မှာ မိုဖန်အား မရိပ်မိကြသဖြင့် မိုဖန်မှာ လှေကားထစ်များဆီသို့ အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
ကုန်တိုက်၏ အဝင်ဝမှာ ပျက်စီးနေသည်မှာ ထင်ရှားလှပေသည်။ မိုဖန်သည် ပထမထပ်ရှိ မှော်သားရဲများ၏ ရုတ်တရက် တိုက်ခိုက်ခြင်းကို မခံရစေရန်အတွက် သားရဲခြေရာခံဆေးမှုန့် ကို သတိထား၍ ဖြန့်ကျဲလိုက်ပေသည်။ သားရဲခြေရာခံဆေးမှုန့် များ ဖြန့်ကျဲလိုက်သည်နှင့် ဒန်ဒီလီယွန် ပန်းပွင့်လေးများကဲ့သို့သော ထိုထူးခြားသည့် ဆေးမှုန့်များမှာ မိုဖန်၏ ပတ်ဝန်းကျင်တွင် ဖြည်းညှင်းစွာ လွင့်မျောသွားကြ၏။ ၎င်းမှာ မိုဖန်၏ ညာဘက်ခြမ်းမှ သတ္တဝါတစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေကြောင်း အသိပေးလိုက်ခြင်းပင် ဖြစ်သည်။
ရှုး...
ရုတ်တရက်ဆိုသလိုပင် အမှောင် အရိပ်တစ်ခုမှာ မိုဖန်ရှိရာသို့ လျင်မြန်စွာ ပြေးဝင်လာတော့၏။ ချွန်ထက်လှသော လက်သည်းများမှာ ဖန်တံခါးကို ဖြတ်တောက်ကာ မိုဖန်ထံသို့ ရက်ရက်စက်စက် ပျံဝဲလာပေသည်။ မိုဖန်မှာ မသိစိတ်ဖြင့် ဘေးဘက်ရှိ ဖန်တံခါးဆီသို့ ရှောင်တိမ်းလိုက်သဖြင့် ထိုပြင်းထန်လှသော တိုက်ခိုက်မှုကို လွတ်အောင် ရှောင်နိုင်ခဲ့၏။
အမှောင် အရိပ်မှာ ဆက်လက် တိုက်ခိုက်နေပြီး ၎င်း၏ ဦးခေါင်းမှာ ဖန်တံခါးများကို ဝင်တိုက်မိနေသည့်တိုင် ဂရုမစိုက်ဘဲ ဖန်ကွဲစများမှာ နေရာအနှံ့သို့ လွင့်စင်သွားသည်။
မိုဖန်မှာ အတွင်းဘက်သို့ အမြန် ပုန်းအောင်းလိုက်ရ၏။ သူ၏ ခေါင်းကို ငုံ့ကြည့်လိုက်ချိန်တွင် သူ၏ လက်မောင်းပေါ်၌ အလွန်နက်သော ဒဏ်ရာတစ်ခု ရရှိထားသည်ကို တွေ့လိုက်ရသည်။ ဒဏ်ရာမှာ ပုခုံးအောက်နားမှနေ၍ တံတောင်ဆစ်အထိ ရှည်လျားပြီး ပူလောင်လှသော နာကျင်မှုမှာလည်း ချက်ချင်းပင် နောက်ဆက်တွဲ ရောက်ရှိလာသည်။
“သောက်ကျိုးနည်း... ဒါက ဘာကြီးလဲ... သူ့အရှိန်က တကယ်ကို မြန်လွန်းတယ်...”
ကံကောင်းထောက်မစွာဖြင့် မိုဖန်သည် သားရဲခြေရာခံဆေးမှုန့် ကို ဖြန့်ကျဲထားခဲ့မိသည်။ သို့မဟုတ်ပါက စောနက ဆွဲဖြဲခံလိုက်ရမည်မှာ သူ၏ ရင်ဘတ်ပင် ဖြစ်နိုင်ပေသည်။ မိုဖန်မှာ အမြန် ပြေးထွက်လိုက်ပြီးနောက် ခေါင်းလှည့်ကြည့်လိုက်ရာ ဖန်တံခါးကို ဝင်တိုက်ထားမိသဖြင့် ဇဝေဇဝါ ဖြစ်နေသော သတ္တဝါမှာ ပြန်လည် ထရပ်နေသည်ကို တွေ့လိုက်ရသည်။
မိုဖန်မှာ ထိတ်လန့်သွားရ၏။ ရုပ်ဆိုးလှသော မျောက်မျက်နှာနှင့် လူသဏ္ဌာန်ရှိသော ဤသတ္တဝါမှာ အမှောင်ဗာတီကန်၏ သင်္ကေတဖြစ်သော အမှောင်သားရဲ မဟုတ်ပါလား။ အမှောင်ဗာတီကန်က လူများ ထိုနေရာမှာ ရှိနေသည်လား။
"မင်း ပုန်းတာ တော်တော် မြန်သားပဲ... ဒါပေမဲ့ ကံဆိုးတာက ဒီတစ်ကြိမ်မှာတော့ မင်း နောက်နေ့ မနက်ခင်းရဲ့ နေရောင်ခြည်ကို မြင်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး..." တံခါးဝရှိရာမှ အေးစက်ပြီး အုံ့မှိုင်းလှသော အသံတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ တံခါးဝတွင် အနက်ရောင် ဝတ်စုံဝတ်ထားပြီး မျက်နှာတစ်ခုလုံးကို အနက်ရောင်အဝတ်ဖြင့် အုပ်ထားသော လူတစ်ယောက် ပေါ်လာ၏။
"ဘယ်သူလဲ..." မိုဖန်သည် ဤအသံကို တစ်နေရာရာတွင် ကြားဖူးသလို ခံစားနေရသော်လည်း မည်သည့် လူယုတ်မာဖြစ်ကြောင်းကိုမူ တွေးမရသေးပေ။
"ငါ့ကို မမှတ်မိဘူးလား... ဟားဟားဟား... ကောင်းပြီ... ငါ ဘယ်သူလဲဆိုတာ မင်းကို ပြရသေးတာပေါ့...အမှောင်ဗာတီကန်မှ လူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာပေါ်က အဝတ်ကို ဖြည်းဖြည်းချင်း ခွာချလိုက်ပေသည်။
မကြာမီမှာပင် ထိုသူ၏ မျက်နှာပေါ်က အဝတ်စများမှာ ပြုတ်ကျသွားတော့၏။ သို့သော် မိုဖန်၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ အတော်လေး ကြောက်စရာကောင်းသော မျက်နှာတစ်ခု ဖြစ်ပေသည်။
သူ၏ မျက်နှာ ဘယ်ဘက်ခြမ်းမှ အရေပြားမှာ ပုပ်ပွနေပြီး အက်ဆစ်ဖြင့် အတိုက်စားခံထားရသကဲ့သို့ ဖြစ်နေ၏။ သူ၏ ဘယ်ဘက် မျက်လုံးအိမ်တွင်မူ အရေပြား ဖုံးအုပ်ထားခြင်း မရှိသဖြင့် မျက်လုံးမှာ ပြူးထွက်နေပြီး အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သို့သော် သူ၏ ညာဘက်မျက်နှာကိုမူ မိုဖန် မြင်ဖူးပေသည်။ သို့သော်လည်း ဤလူသည် အမှောင်ဗာတီကန်မှ လူတစ်ယောက် ဖြစ်နေလိမ့်မည် မိုဖန် တစ်ခါမျှ မတွေးခဲ့ဖူးပေ။
"အခုတော့ ငါ့ကို မှတ်မိပြီလား...”အမှောင်ဗာတီကန်မှ လူသည် သူ၏ မျက်နှာကို ဘေးဘက်သို့ အနည်းငယ် စောင်းလိုက်ပြီး မိုဖန်ကို သူ၏ ညာဘက်မျက်နှာ တစ်ခုလုံးကို ပြသလိုက်၏။ တောင့်တင်းနေသော ထိုမျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေပေသည်။
"မင်းကိုး... ဒါက ကလေးတွေကို ခြောက်ဖို့ လုပ်ထားတဲ့ မင်းရဲ့ မျက်နှာဖုံးအသစ်လား... မဆိုးပါဘူး..." မိုဖန်မှာ အတွင်းစိတ်၌ အံ့အားသင့်သွားသော်လည်း နှုတ်ကမူ လုံးဝ အလျှော့မပေးဘဲ လှောင်ပြောင်လိုက်သည်။
"ပါးစပ်ပိတ်လိုက်စမ်း..." အမှောင်ဗာတီကန်မှ လူ၏ မညီညာသော မျက်နှာနှစ်ဖက်လုံးမှာ ချက်ချင်းပင် ရှုံ့မဲ့သွားတော့၏။ သူသည် အခြားတစ်ဖက်မှ ရုပ်ဆိုးလှသော မျက်နှာကို အတင်းလှည့်ပြလိုက်သည်။ သူ၏ မျက်လုံးထဲတွင် မိုဖန်အပေါ် ထားရှိသော မုန်းတီးမှုနှင့် ဒေါသများမှာ အလွန်ပင် ကြီးမားလှပြီး မိုဖန်ကို အရှင်လတ်လတ် အရေခွံခွာပြီး စားပစ်ချင်နေသည့်အလား ရှိနေသည်။
"မျိုးရိုးမြင့် မိသားစုရဲ့ သခင်လေးလုပ်ခွင့်ရတာကိုတောင် မင်းက အမှောင်ဗာတီကန်ရဲ့ ခွေးတစ်ကောင် လုပ်ဖို့ ရွေးချယ်ခဲ့တာပဲ..." မိုဖန်က အေးစက်စွာ တုံ့ပြန်လိုက်၏။
"ငါ့ရဲ့ ဒီမျက်နှာက မင်းကြောင့် ဖြစ်လာရတာ...”အမှောင်ဗာတီကန်မှ လူက နာကျင်လှသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ..." မိုဖန်က ဆို၏။
"တော်ဝင်ငရဲစမ်းရေထဲကို ဝင်ရမှာက ငါ ဖြစ်သင့်တာ... ငါပဲ ဖြစ်သင့်တာ... အကယ်၍ ငါသာ အဲဒီ စမ်းရေကို စီနီယာ ဆာလန်းဆီ ပေးနိုင်ခဲ့ရင် ငါဟာ အမှောင်ဗာတီကန်ရဲ့ ဒီကွန် တစ်ယောက် ဖြစ်လာနိုင်မှာ... ဒီအစီအစဉ်အတွက် ငါ ဘယ်နှစ်နှစ်လောက် ရင်းနှီးခဲ့ရလဲ မင်းသိလား... ဆယ်နှစ်... ဆယ်နှစ်တောင်မှ ငါဟာ ဟိုလူအိုကြီး မူကျားယွမ် ရဲ့ ခွေးတစ်ကောင်လို နေခဲ့ရတာ... သူခိုင်းတာ အကုန်လုပ်ခဲ့တယ်... သူ့ကို ငါ့အရင်းအချာ အဖေတစ်ယောက်လို လုပ်ကျွေးခဲ့ရတာ... ဒါတွေအားလုံးက အဲဒီနေ့မှာ စမ်းရေကို ရယူနိုင်ဖို့ သူ့ရဲ့ ယုံကြည်မှုကို ရအောင်ယူခဲ့တာပဲ... နောက်ဆုံးမှာတော့ မင်းက ငါ့ရဲ့ ဆယ်နှစ်စာ လျှို့ဝှက်အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့ပြီး ငါ့ကို အခုလို ပုံစံမျိုး ဖြစ်အောင် လုပ်ခဲ့တာ... စီနီယာ ဆာလန်းက ငါ့မျက်နှာကို တစ္ဆေအက်ဆစ်ရေထဲ ထည့်လိုက်တဲ့အချိန်က ခံစားရတဲ့ နာကျင်မှုကို မင်းသိလား... အခုတော့ အဲဒီအရသာကို မင်းကို ပြန်ပြပေးရတော့မယ်... မင်းရဲ့ မျက်နှာတင်မကဘူး... မင်းရဲ့ တစ်ကိုယ်လုံးကိုပါ အက်ဆစ်ရေထဲ စိမ်ပစ်မယ်... ပြီးရင် မင်းကိုအမှောင်သားရဲလို ကျေးကျွန်တစ်ယောက်အဖြစ် ပြောင်းလဲပစ်မယ်..." အမှောင်ဗာတီကန်မှ လူသည် မိုဖန်ကို ကြည့်ကာ စိတ်ဖောက်ပြန်နေသူတစ်ဦးကဲ့သို့ စူးစူးဝါးဝါး အော်လိုက်တော့သည်။
အခန်း ၁၁၁ ပြီး
***