မိုဖန်သည် စိတ်ဖောက်ပြန်နေသော ဤလူကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။
မူကျားယွမ် တစ်ယောက် အပင်ပန်းခံ ပျိုးထောင်ခဲ့ရသည့် ပိုမြို့၏ အမြင့်မြတ်ဆုံး မိသားစု ဆက်ခံသူမှာ လွန်ခဲ့သော ဆယ်နှစ်ကတည်းက အမှောင်ဗာတီကန်က ကြိုတင်မြှုပ်နှံထားသည့် အစေခံတစ်ဦး ဖြစ်နေလိမ့်မည် မည်သူ ထင်မည်နည်း။ ဤအစီအစဉ်မှာ အတော်ပင် ကြာမြင့်လှပြီ ဖြစ်သည်။
ဒေါသတကြီး ဖြစ်နေသော တောင်ပံနက် ဝံပုလွေ၊ တူးဖော်ထားသော မြေအောက်လှိုင်ဂူများ၊ သောင်းကျန်းနေသော စမ်းရေနှင့် တော်ဝင်ငရဲစမ်းရေကို ခိုးယူရန် ကြိုးပမ်းမှု ထိုအရာများအားလုံးသည် အမှောင်ဗာတီကန်၏ လက်ဝါးထဲတွင် ရှိနေခဲ့ခြင်း ဖြစ်၏။ စိတ်ဝင်စားစရာ ကောင်းသည်မှာ မူလက အမှောင်ဗာတီကန်၏ သူလျှိုဖြစ်သူ ယုအန်းသာ စမ်းရေထဲသို့ ဝင်ရောက်ရမည် ဖြစ်သော်လည်း နောက်ဆုံးတွင်မူ ထိုသူမှာ မိုဖန် ဖြစ်သွားခဲ့သည်။ ထို့ကြောင့် သူတို့၏ ပိုမြို့ကို အလုံးစုံ ဖျက်ဆီးမည့် အစီအစဉ်မှာ ရာနှုန်းပြည့် မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ယုအန်း၏ အထက်လူကြီးက အဘယ်ကြောင့် ဤမျှ ဒေါသထွက်ကာ သူ့ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင် လုပ်ခဲ့သည်မှာ မဆန်းတော့ပေ။ အသေအချာ ပြန်စဉ်းစားကြည့်လျှင် သူတို့သည် တစ်ကျော့ပြန် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ပြီး ထိုရှုံးနိမ့်မှုမှာ မိုဖန်ကြောင့်ပင် ဖြစ်ပေသည်။
ပြောရလျှင် ယုအန်းထံတွင် မိုဖန် သဘောတူညီသည့် အချက်တစ်ချက် ရှိနေ၏။ ၎င်းမှာ မူကျားယွမ်ကို လူယုတ်မာအိုကြီးဟု သတ်မှတ်ခြင်းပင် ဖြစ်သည်။
"ဘာမှမသိတဲ့ အမှိုက်ကောင်... မင်းက ငါ့ရဲ့ ရည်မှန်းချက်ကြီးကို ဖျက်ဆီးခဲ့ရုံတင်မကဘူး... ငါ့မျက်နှာကိုပါ ဖျက်ဆီးခဲ့တာ... ဒီနေ့တော့ ငါခံစားခဲ့ရတဲ့ နာကျင်မှုကို ဆယ်ဆ... အဆတစ်ရာ မက ပြန်ပေးဆပ်စေရမယ်..." ယုအန်းက ဒေါသတကြီး အော်ဟစ်လိုက်ပေသည်။
မိုဖန်က အေးစက်စွာ ရယ်မောလိုက်ကာ ယုအန်းနှင့် သူ၏ အမှောင် သားရဲများကို စိုက်ကြည့်လိုက်၏။
"ရှုံးနိမ့်ဖူးတဲ့ စစ်ရှုံးဗိုလ်ချုပ်က ပြန်တိုက်ခိုက်ဦးမလို့လား... မင်းမှာ အမှောင် သားရဲတစ်ကောင် ပိုနေရင်တောင်... ချီးပဲ..."
မိုဖန် စကားမဆုံးသေးခင်မှာပင် ယုအန်း၏ နောက်ကွယ်မှ အမှောင် အရိပ်များစွာ ထပ်မံ ထွက်ပေါ်လာသည်။ ဤသည်မှာ ယုအန်းနှင့် ရင်ဆိုင်ရန် မထိုက်တန်ကြောင်း မိုဖန် သဘောပေါက်သွားကာ ဓာတ်လှေကား အဝင်ဝဆီသို့ ချက်ချင်းပင် ဦးတည်ပြေးတော့၏။
ပြေးနေရင်းမှာပင် မိုဖန်၏ လက်ထဲ၌ မီးလုံးတစ်လုံးကို စုစည်းလိုက်သည်။ အချိန်အဆွဲနိုင်ခဲ့သဖြင့် မိုဖန်သည် မီးတောက်ပေါက်ကွဲခြင်း တတိယအဆင့် ကို ဈေးဝယ်စင်တာ တံခါးဝဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်ပြီး ထွက်ပြေးရန် အချိန်တစ်ခု ရလိုက်သည်။
မီးလုံးမှာ တံခါးမကြီးပေါ်တွင် ပေါက်ကွဲသွားတော့သည်။ မီးတောက်များ၏ ပြင်းအားမှာ သားရဲများကို နာကျင်စေသည့်အပြင် လွင့်စင်လာသော ဖန်ကွဲစများကြောင့်လည်း သားရဲများမှာ မိုဖန်နောက်သို့ ချက်ချင်း လိုက်မလာနိုင်ပေ။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဆူညံသွားပြီး ဖန်ကွဲစများနှင့် မီးတောက်များ နေရာအနှံ့ ပျံ့နှံ့သွား၏။ ယုအန်းသည် သူ၏ ဒိုင်းကာအကာအကွယ်အသုံးအဆောင် ကို သုံး၍ ပေါက်ကွဲမှုဒဏ်မှ ကာကွယ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်က မီးများကို ငြှိမ်းသတ်ရန် ကြိုးစားနေသော အမှောင် သားရဲအချို့ကို ဝေ့ကြည့်လိုက်သည်။
သူ၏ မျက်လုံးများမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်နေပြီး မိုဖန်ကို မသတ်ရမချင်း လက်လျှော့မည့်ပုံ မရှိပေ။ သူ လက်မြှောက်လိုက်သည်နှင့် လှေကားအောက်ခြေမှနေ၍ အမှောင် အရိပ်များစွာ ထပ်မံ ထွက်ပေါ်လာပြန်၏။ ၎င်းတို့၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ ယုအန်း၏ အမိန့်ပေးမှုအောက်တွင် ၎င်းတို့သည် အမဲလိုက်အဖွဲ့တစ်ခုကဲ့သို့ သူ၏ ဘေးပတ်လည်၌ စုရုံးလိုက်ကြ၏။
ယုအန်း၏ ဘေးတွင်အမှောင်ဗာတီကန်မှ အမှောင် သားရဲ စုစုပေါင်း ဆယ်ကောင် ရှိနေပြီး ၎င်းမှာ မိုဖန်ကို သတ်ဖြတ်လိုသည့် သူ၏ ဆန္ဒ မည်မျှ ပြင်းပြကြောင်း ပြသနေသည်။
အမှန်တကယ်တွင် ဤသားရဲအုပ်စုမှာ သားရဲဝင်ပေါက်ကို စောင့်ကြပ်ရန် တာဝန်ပေးထားခြင်း ဖြစ်၏။ သို့သော် မိုဖန်ကို မြင်လိုက်ရချိန်တွင်မူ ယုအန်းမှာ ဆင်ခြင်တုံတရားများ ပျောက်ကွယ်သွားရသည်။ သူသည် မိုဖန်ကို ဘာလိုပင်ဖြစ်ဖြစ် သတ်ရမှ ဖြစ်ပေမည်။
"ယုအန်း... ချက်ချင်း ပြန်လာခဲ့စမ်း... သားရဲဝင်ပေါက်ဆီကို မှော်ဆရာအဖွဲ့တစ်ဖွဲ့ ချဉ်းကပ်လာနေပြီ..." ယုအန်းတစ်ယောက် ကလဲ့စားချေပွဲကို စတင်ရန် ပြင်နေချိန်မှာပင် သိန်းငှက်နှာခေါင်းနှင့်လူ၏ အသံကို နားကြပ်မှတစ်ဆင့် ကြားလိုက်ရသည်။
ယုအန်းမှာ အလွန်ပင် ဒေါသထွက်သွားရ၏။ သူသည် ဤသားရဲများက မိုဖန်ကို အရှင်လတ်လတ် အရေခွံခွာနေသည်ကို ကိုယ်တိုင် ကြည့်ချင်နေခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ... ငါ အခုလာခဲ့မယ်..." သူသည် အမိန့်ကို မဖီဆန်ရဲပေ။ အကယ်၍ စီနီယာ ဆာလန်းသာ သိသွားပါက သူ၏ ကျန်ရှိနေသော မျက်နှာတစ်ဖက်ကို မီးရှို့ရုံဖြင့် ပြီးသွားမည် မဟုတ်ကြောင်း သူ ကောင်းကောင်း သိပေသည်။ ထိုလူမှာ ယုအန်း တစ်သက်တွင် တွေ့ဖူးသမျှ အကြောက်ရဆုံး ပုဂ္ဂိုလ်ပင် ဖြစ်၏။
ယုအန်းသည် ဓာတ်လှေကားအတွင်းသို့ ထွက်ပြေးသွားသော မိုဖန်ကို ကြည့်ကာ ရက်စက်လှသော အပြုံးတစ်ခုကို ပြုံးလိုက်ပေသည်။ မိုဖန်သည် လှုပ်ရှားခြင်း မရှိသော ဓာတ်လှေကားထဲသို့ တွားတက်နေသည်ကို သူ မြင်တွေ့နေရ၏။
“အမှောင် သားရဲတွေက နောက်ယောင်ခံ လိုက်တာမှာ ဆရာကျတယ်... သူတို့ မင်းကို မိတာနဲ့ မင်းရဲ့ အသားတွေကို တစ်စစီ ဆွဲဖြဲပြီး အရိုးတွေကို ဖော်ထုတ်လိမ့်မယ်... ပြီးရင် မင်းရဲ့ ကလီစာတွေကိုပါ တစ်ခုချင်းစီ ထုတ်ယူလိမ့်မယ်... ဒါကြောင့် အားရပါးရသာ ပြေးထားစမ်း... မင်း ဒီသားရဲ ဆယ်ကောင်လက်ကနေ ဘယ်လိုမှ မလွတ်နိုင်ဘူး..." ယုအန်းက ထွက်ပြေးသွားသော မိုဖန်၏ ကျောပြင်ကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်ပေသည်။
ရယ်သံမှာ တဖြည်းဖြည်း တိုးဝင်သွားတော့၏။ ယုအန်းသည် မိုဖန်အနေဖြင့် ဤသားရဲ ဆယ်ကောင်၏ ဝိုင်းရံတိုက်ခိုက်မှုကြားမှ လွတ်မြောက်နိုင်စွမ်း မရှိသည်ကို အခိုင်အမာ ယုံကြည်ထားသည်။
အမှောင် သားရဲ တစ်ကောင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ချောင်းမြောင်း တိုက်ခိုက်ခြင်းနှင့် နောက်ယောင်ခံ လိုက်ခြင်းတွင်မူ အခြားသားရဲများထက် ပို၍ ကြောက်စရာကောင်းလှ၏။ အချင်းချင်း ပူးပေါင်းလုပ်ဆောင်တတ်သည့် အမှောင် သားရဲဆယ်ကောင်မှာ မျက်လုံးကြီး ကြွက်လူဝံဆယ်ကောင်ထက်ပင် ပို၍ အန္တရာယ်ကြီးမားပေသည်။ ထို့အပြင် ယုအန်းက သေမိန့်ပေးထားသဖြင့် ၎င်းတို့သည် မိုဖန်ကို မသတ်ရမချင်း မရပ်မနား လိုက်လံ တိုက်ခိုက်နေကြမည်မှာ သေချာသည်။
မိုဖန်မှာမူ ယခုအချိန်တွင် ရပ်တန့်မနေရဲပေ။ သူသည် ယုအန်းကို လုံးဝ မကြောက်သော်လည်း၊အမှောင် သားရဲဆယ်ကောင်နှင့် ရင်ဆိုင်ရခြင်းမှာမူ သူ ကိုင်တွယ်နိုင်သည့် အခြေအနေ မဟုတ်ပေ။
ဓာတ်လှေကား အပြင်ဘက်သို့ ရောက်သည်နှင့် မိုဖန်သည် တံခါးကို လက်ဖြင့် အတင်းဆွဲဖွင့်လိုက်၏။ ဓာတ်လှေကားမှာ အောက်ဆုံးထပ်သို့ ရောက်နေသည်မှာ ထင်ရှားလှပေသည်။ မိုဖန်သည် ဟာလာဟင်းလင်း ဖြစ်နေသော တွင်းထဲသို့ သတိထား၍ ခုန်ချလိုက်ပြီး သံမဏိကြိုးကို ဖမ်းဆွဲကာ အပေါ်သို့ အမြန် တက်လိုက်ပေသည်။
မိုဖန်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ မဆိုးလှသဖြင့် သူ တက်နေသည့် အရှိန်မှာ အတော်လေး မြန်လှ၏။ သို့သော် သုံးမီတာခန့် တက်ပြီးချိန်မှာပင် အောက်ဘက်မှ ရုပ်ဆိုးလှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပေသည်။ သားရဲတစ်ကောင်မှာ ဓာတ်လှေကားတွင်းထဲသို့ ခုန်ဝင်လာခြင်း ဖြစ်၏။
သို့သော် ထိုတွင်းမှာ ကျဉ်းမြောင်းလှသဖြင့် သားရဲမှာ ကြိုးကို မဖမ်းမိဘဲ အောက်ဆုံးထပ်ရှိ ဓာတ်လှေကား အမိုးပေါ်သို့ ပြုတ်ကျသွားရကာ ခဏတာ ရပ်တန့်သွားပေသည်။ ထို့နောက်တွင် ဒုတိယမြောက် သားရဲမှာ ထပ်မံ ခုန်ဝင်လာပြန်၏။
ပထမတစ်ကောင်၏ အမှားကို သင်ခန်းစာယူကာ ဤသားရဲမှာမူ ကြိုးကို ကျွမ်းကျင်စွာ ဖမ်းဆွဲလိုက်ပြီး သူ၏ ခွန်အားကြီးမားလှသော ရှေ့ခြေနှစ်ဖက်ကို သုံး၍ မိုဖန်နောက်သို့ အမြန် လိုက်ပါလာသည်။
"ချီးပဲ... အောက်ကို ပြုတ်ကျသွားစမ်း ခွေးသားလေးတွေ..." မိုဖန်က ဆဲဆိုလိုက်၏။
ထိုသို့ ပြောပြီးနောက် မိုဖန်သည် ကြိုးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်ပေသည်။ သူ၏ လက်ချောင်းများမှတစ်ဆင့် လျှပ်စီးကြောင်းများမှာ သံမဏိကြိုးအတိုင်း အောက်ဘက်သို့ စီးဆင်းသွားတော့၏။ လျှပ်စီးမှာ မိုဖန်ကို မိလုနီးပါး ဖြစ်နေသော သားရဲကို တိုက်ရိုက် ထိမှန်သွားသဖြင့် ၎င်း၏ ခြေလက်များမှာ တွန့်လိမ်သွားရပေသည်။
အီး...
သားရဲမှာ စူးစူးဝါးဝါး အော်ဟစ်ကာ အောက်သို့ ပြုတ်ကျသွားပြီး အပေါ်သို့ တက်ရန် ပြင်နေသော ပထမသားရဲပေါ်သို့ တည့်တည့်ကြီး ကျသွားတော့၏။ ရယ်စရာကောင်းလှသော ဤမြင်ကွင်းမှာ အောက်ဆုံးထပ်တွင် ပြုတ်ကျသံဖြင့် အဆုံးသတ်သွားရသည်။
မိုဖန်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် အပေါ်သို့ ဆက်လက် တက်လှမ်းခဲ့သည်။ ဓာတ်လှေကား၏ ဖန်သားပြင်ကို ဖြတ်ကျော်ပြီးနောက်တွင် ဤသားရဲများမှာ အတိုင်းအတာတစ်ခုအထိ အသိဉာဏ် ရှိကြသည်ကို မိုဖန် သတိထားမိလိုက်၏။ မိုဖန်သည် လျှပ်စီးကို သုံး၍ သူတို့ကို ကြိုးအတိုင်း မတက်နိုင်အောင် လုပ်နိုင်သည်ကို သိသွားကြသောအခါ သားရဲများမှာ မိုဖန် ဆဲချင်စရာ ကောင်းသောအလုပ်တစ်ခုကို လုပ်ကြတော့သည်။ ၎င်းမှာ... လှေကားအတိုင်း ပြေးတက်ခြင်းပင် ဖြစ်၏။
ကြီးမားလှသော ဈေးဝယ်စင်တာများတွင် စက်လှေကားနှင့် ဓာတ်လှေကား နှစ်မျိုးလုံး ရှိပေသည်။ ၎င်းတို့သည် အမှောင် သားရဲလေးကောင်ကို ဓာတ်လှေကားဝတွင် စောင့်ကြည့်ခိုင်းထားပြီး ကျန်ခြောက်ကောင်မှာမူ အခြားတစ်ဖက်ရှိ စက်လှေကားဆီသို့ စုပေါင်းပြေးသွားကြ၏။ ၎င်းတို့သည် ဒုတိယထပ်နှင့် တတိယထပ်များမှတစ်ဆင့် မိုဖန်ကို ကြားဖြတ်ဖမ်းရန် ကြိုးစားနေခြင်းမှာ ထင်ရှားပေသည်။
ဓာတ်လှေကားတွင်းရှိ ဖန်သားပြင်များကို ဖျက်ဆီးရန် ခက်ခဲနိုင်သော်လည်း တံခါးများကိုမူ အလွယ်တကူ ဆွဲဖွင့်နိုင်ပေသည်။ အကယ်၍ ၎င်းတို့က အပေါ်နှင့် အောက်တွင် ပိတ်ဆို့ထားမည်ဆိုပါက မိုဖန်၏ အသက်မှာ မတွေးဝံ့စရာပင် ဖြစ်၏။
ထို့ကြောင့် ဒုတိယထပ်သို့ ရောက်သည်နှင့် မိုဖန်သည် ဓာတ်လှေကားတံခါးကို အတင်းဆွဲဖွင့်ကာ အရေးပေါ် ထွက်ပေါက်ရှိရာ လမ်းကြောင်းအတိုင်း ပြေးထွက်ခဲ့ပေသည်။ ထိုနေရာသို့ ရောက်ရှိချိန်တွင်မူ မိုဖန်သည် အခြေအနေတစ်ခုနှင့် ထိပ်တိုက် တွေ့ဆုံလိုက်ရတော့သည်။
အခန်း (၁၁၂)ပြီး
***