အမှောင် သားရဲများ၏ အရှိန်မှာ မြန်ဆန်လှသော်လည်း ဒုတိယထပ်ရှိ စက်လှေကားမှတစ်ဆင့် ဓာတ်လှေကားဆီသို့ ပြန်ကွေ့လာရသဖြင့် အချိန်အနည်းငယ် နောက်ကျသွားကျသည်။ ဤသည်မှာ မိုဖန်အတွက် အသက်ရှူချောင်စေမည့် အခွင့်အရေးတစ်ခု ဖြစ်သွားစေကာ အရေးပေါ်လှိုင်ဂူအတွင်းသို့ အမီပြေးဝင်နိုင်ခဲ့၏။
မိုဖန်သည် အရေးပေါ်လှိုင်ဂူအတွင်းမှနေ၍ အသည်းအသန် ပြေးလွှားနေခဲ့သည်။ သူမှတ်မိသလောက်ဆိုလျှင် ဤဈေးဝယ်စင်တာ၏ တတိယထပ်တွင် အလွန်လျှို့ဝှက်သော ထိန်းချုပ်ခန်းတစ်ခု ရှိပေသည်။ ယခင်ကယဲ့ရှင်းရှားနှင့်အတူ ဈေးဝယ်လာစဉ်တုန်းက သန့်စင်ခန်းနေချိန်တွင် ထိုထိန်းချုပ်ခန်းထဲသို့ မှားဝင်မိလုနီးပါး ဖြစ်ခဲ့ဖူး၏။ ထိုအခန်း၏ နံရံများမှာ အခြားနေရာများထက် ပို၍ ထူထဲလှသဖြင့် ထိုနေရာတွင် ပုန်းရှောင်နိုင်ပါက အမှောင် သားရဲများ၏ ရန်မှ ခေတ္တခဏ ကာကွယ်နိုင်ပေလိမ့်မည်။
ပြဿနာမှာ အမှောင် သားရဲများ၏ လက်သည်းများမှာ အလွန်ပင် ချွန်ထက်လှပြီး ကားတစ်စီး၏ သံပြားကိုပင် နှစ်ပိုင်းကွဲအောင် ဆွဲဖြဲနိုင်စွမ်း ရှိခြင်းပင် ဖြစ်၏။ ထို့ကြောင့် အထူးပစ္စည်းများဖြင့် ပြုလုပ်ထားသော လုံခြုံရေးဂိုဒေါင်များမှလွဲ၍ သာမန်အရပ်သားသုံး ထိန်းချုပ်ခန်းတစ်ခုမှာ သားရဲဆယ်ကောင်၏ တရစပ် တိုက်ခိုက်မှုကို ရေရှည် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့ကို အချိန်အနည်းငယ် ဆွဲထားနိုင်လျှင်ပင် တော်လှပေသည်။ အမှန်တကယ်တွင် မိုဖန်အတွက် အရေးအကြီးဆုံးအချက်မှာ ထိုထိန်းချုပ်ခန်းကို အသုံးချ၍ ယဲ့ရှင်းရှား၏ တည်နေရာကို ရှာဖွေရန်ပင် ဖြစ်သည်။
ထိန်းချုပ်ခန်းဆိုသည်မှာ အမှန်စစ်စစ် စောင့်ကြည့်ရေးခန်းပင် ဖြစ်၏။ အကယ်၍ ဈေးဝယ်စင်တာအတွင်းရှိ လုံခြုံရေးကင်မရာများ အလုပ်လုပ်နေဆဲဆိုပါက ထိန်းချုပ်ခန်းရှိ မော်နီတာများပေါ်တွင် မြင်တွေ့နိုင်ပေမည်။ ထိန်းချုပ်ခန်း၏ လျှပ်စစ်မီးမှာ ကိုယ်ပိုင်မီးစက်မှ လာခြင်းဖြစ်ရာ ဈေးဝယ်စင်တာ၏ လျှပ်စစ်မီး ပြတ်တောက်သွားသည့်တိုင် ကင်မရာများမှာ ပုံမှန်အတိုင်း အလုပ်လုပ်နေပေမည်။
မိုဖန် တတိယထပ်သို့ ပြေးတက်လာချိန်တွင် ထိန်းချုပ်ခန်းမှာ အရေးပေါ်လှိုင်ဂူနှင့် သိပ်မဝေးတော့ပေ။ မိုဖန် တံခါးဝသို့ ရောက်ရှိချိန်မှာပင် နားမခံနိုင်လှအောင် အမှောင် သားရဲများ၏ အပြေးလှမ်းလာနေသောခြေသံများနှင့် မောဟိုက်နေသော အသက်ရှူသံများမှာ စင်္ကြံလမ်းတစ်လျှောက် ဟိန်းထွက်လာတော့၏။ ၎င်းတို့သည် လမ်းရှိ ပစ္စည်းအချို့ကို တိုက်မိလဲကျစေသဖြင့် ဆူညံသံများလည်း ထွက်ပေါ်နေသည်။
"နတ်ဘုရားတွေ မစလို့ တံခါးက ပွင့်နေတာပဲ..." မိုဖန်သည် ထိန်းချုပ်ခန်းကို မြင်သည်နှင့် ချက်ချင်း ပြေးဝင်လိုက်ပြီး တံခါးကို အမြန် ပြန်ပိတ်လိုက်သည်။
ထူထဲလှသော သံတံခါးကြီးကို သူ အတင်းပိတ်လိုက်သည့် အချိန်မှာပင် တံခါးပေါ်၌ ချိုင့်ခွက်အချို့ ရုတ်တရက် ပေါ်ထွက်လာတော့၏။ တံခါးချပ်ကြီးတစ်ခုလုံး တုန်ခါသွားရခြင်းမှာ သားရဲတစ်ကောင်က တံခါးကို တိုက်ရိုက် ဆွဲဖြဲလိုက်ခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ထိန်းချုပ်ခန်းအတွင်းတွင် မည်သူမျှ မရှိတော့ပေ။ မိုဖန်သည် အခန်းအတွင်းသို့ ဝေ့ကြည့်လိုက်ရာ တတိယထပ်ရှိ ထိန်းချုပ်ခန်းနှင့် အနီးဆုံးနေရာတွင် ရှိသော လုံခြုံရေးကင်မရာတစ်ခုကို ချက်ချင်း ရှာတွေ့သွား၏။ မော်နီတာမှတစ်ဆင့် မိုဖန် ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်မှာ အမှောင် သားရဲဆယ်ကောင်လုံး တံခါးအပြင်ဘက်တွင် စုရုံးနေကြပြီး တံခါးကို ဆွဲဖြဲရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြခြင်းပင် ဖြစ်သည်။
သားရဲများသည် သံတံခါးကို ခေတ္တမျှ ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။ မိုဖန်၏ အကြည့်မှာ အခန်းအတွင်းသို့ အမြန် ဝေ့ကြည့်လိုက်ပြန်၏။
သူ၏ ရှေ့တွင် ကွန်ပျူတာမော်နီတာများ တန်းစီလျက် ရှိနေပေသည်။ သူသည် ဈေးဝယ်စင်တာ တစ်ခုလုံးကို မြင်တွေ့နိုင်ပြီး မြေအောက်ထပ်ရှိ ကုန်တိုက်ကိုပါ မြင်နေရ၏။
ကုန်တိုက်ကြီးမှာ အလွန်ကျယ်ဝန်းလှပြီး ကုန်ပစ္စည်းများကို အစီအရီ တင်ထားပေသည်။ အကြည့်ကို ကွယ်ထားသော နေရာများစွာ ရှိနေသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မည်သူ့ကိုမျှ မမြင်ရပေ။
“နေဦး... ဟိုမှာ လှုပ်ရှားမှုတစ်ခု ရှိနေတယ်...”
ရုတ်တရက်ဆိုသလိုပင် ကင်မရာထဲ၌ တစ်စုံတစ်ခု ဖြည်းညှင်းစွာ တွားသွားနေသည်ကို မိုဖန် မြင်လိုက်ရ၏။ မိုဖန် ကြည့်နေသည့် ထောင့်မှ ကြည့်ရလျှင် ၎င်းမှာ ကုန်တိုက်၏ ဂိုဒေါင်အတွင်းမှ တွားထွက်လာသည့်ပုံ ပေါက်နေသည်။
မိုဖန်သည် ဂိုဒေါင်အတွင်းရှိ ကင်မရာကို အမြန် ရှာဖွေလိုက်ရာ ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်မှာ မျက်လုံးကြီး ကြွက်လူဝံတစ်ကောင်သည် မြေအောက်ရေမြောင်းများမှတစ်ဆင့် အပေါ်သို့ တူးထွက်လာခြင်းပင် ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း သွေးများ စိုရွှဲနေသည်။
မြေအောက်ကမ္ဘာသည် မျက်လုံးကြီး ကြွက်လူဝံများ၏ အသိုက်အမြုံဖြစ်ရာ လှိုင်ဂူရှိနေသရွေ့ ၎င်းတို့မှာ အပေါ်သို့ တက်လာနိုင်ပေသည်။ ယခုအချိန်တွင်မူ မျက်လုံးကြီး ကြွက်လူဝံနှစ်ကောင်မှာ မြေအောက်လှိုင်ဂူကို သုံး၍ ကုန်တိုက်အတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"တော်သေးတာပေါ့...ယဲ့ရှင်းရှားအဲဒီမှာ မရှိလို့... မဟုတ်ရင်တော့ အန္တရာယ်ရှိမှာပဲ...ယဲ့ရှင်းရှား.. မင်း ဘယ်မှာလဲ..." မိုဖန်သည် ဆက်လက် ရှာဖွေနေသော်လည်း သူမ၏ ပုံရိပ်ကို မတွေ့ရသေးပေ။
မိုဖန်သည် ကုန်တိုက်၏ မော်နီတာများကို နောက်တစ်ကြိမ် ဝေ့ကြည့်လိုက်ချိန်တွင် ရေခဲသေတ္တာကြီး၏ ဘေးတွင် ရပ်ထားသော ဝှီးချဲ တစ်စီးကို ရုတ်တရက် ရှာတွေ့သွား၏။
မိုဖန်မှာ မျက်လုံးများ ပြူးကျယ်သွားရပြီး ထိုမော်နီတာကို မိမိဘက်သို့ အမြန် ဆွဲယူလိုက်သည်။ ဗီဒီယိုကို ထိန်းချုပ်ရန်မှာ မခက်ခဲလှသဖြင့် မိုဖန် အမြန်ပင် ရှာတွေ့သွား၏။ ကင်မရာကို အနီးကပ် ချဲ့ကြည့်လိုက်ချိန်တွင်မူ ၎င်းမှာ ယဲ့ရှင်းရှား၏ ဝှီးချဲ ဖြစ်ကြောင်း သူ အခိုင်အမာ အတည်ပြုနိုင်လိုက်သည်။
သို့သော် ယဲ့ရှင်းရှားက ဝှီးချဲပေါ်မှာ မရှိပေ။ မိုဖန်သည် သူ၏ နှလုံးသားကို ချွန်ထက်သော အရာတစ်ခုဖြင့် ထိုးဆိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဦးနှောက်မှာလည်း အရည်ပျော်သကဲ့သို့ဖြစ်သွားတော့၏။
“ဖြစ်နိုင်တာက သူ...ဟင်... ဒါက ဘာကြီးလဲ..."
သူ့ကို မိုးကြိုးပစ်လိုက်သကဲ့သို့ ခံစားနေရစဉ်မှာပင် ဝှီးချဲဘေးက ရေခဲသေတ္တာကြီးအတွင်း၌ တစ်စုံတစ်ခု လှုပ်ရှားနေသည်ကို မိုဖန် မတော်တဆ တွေ့လိုက်ရပေသည်။ မိုဖန်သည် အခြားစခရင်တစ်ခုသို့ အမြန် လှည့်ကြည့်လိုက်ပြီး ကင်မရာကို ထပ်မံ ချဲ့ကြည့်လိုက်ပြန်၏။
စခရင်ပေါ်တွင် မိုဖန် ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရသည်မှာ နို့ထွက်ပစ္စည်းများ ထည့်ထားသည့် ရေခဲသေတ္တာကြီးအတွင်း၌ အနက်ရောင်ဆံပင်နှင့် ပိုးသားစကတ် ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ရှိနေခြင်းပင် ဖြစ်ပေသည်။
“ဝှီးချဲက ဘေးနားမှာ ရှိပြီး ရေခဲသေတ္တာထဲမှာက လူတစ်ယောက် ပုန်းနေတယ်... ဒါဟာ သေချာပေါက် ယဲ့ရှင်းရှားပဲ... သူ့ရဲ့ မျက်နှာကို မမြင်ရရင်တောင် ဒါဟာ သူပဲ..” မိုဖန် အခိုင်အမာ ယုံကြည်နေသည်။
မိုဖန်မှာ ငိုချင်စိတ်ပင် ပေါက်သွားရ၏။ မင်ဝမ်ရပ်ကွက်က လူများ မထွက်ခွာနိုင်သေးဘူးဟု ကြားကတည်းက မိုဖန်၏ စိတ်မှာ မအေးချမ်းနိုင်ခဲ့ပေ။ သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်တော့မည် မဟုတ်ပင် သူ ထင်ထားခဲ့ခြင်း ဖြစ်၏။ သူ အသက်ရှင်နေသေးလိမ့်မည် မည်သူ ထင်ထားမည်နည်း။
သူမသည် ကုန်တိုက်ထဲမှာ တစ်ယောက်တည်း ရှိနေခဲ့ခြင်း ဖြစ်သည်။ ကုန်တိုက်မှ ထွက်ပြေးသွားကြသော လူအုပ်ကြီး၏ စွန့်ပစ်ခြင်းကို သူမ ခံခဲ့ရသည်မှာ ထင်ရှားလှသည်။
သို့သော်လည်း သူ ကျန်ရစ်ခဲ့ခြင်းမှာ ကံကောင်းသည် ဆိုရပေမည်။ သို့မဟုတ်ပါက သူသည်လည်း အရှေ့က လူများကဲ့သို့ပင် မျက်လုံးကြီး ကြွက်လူဝံများ၏ ကိုက်ဖြတ်ခြင်းကို ခံရကာ ရက်ရက်စက်စက် သေဆုံးသွားနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် မိုဖန်မှာ မပျော်နိုင်ပေ။ အထူးသဖြင့် လူသားသွေးများ စိုရွှဲနေသော မျက်လုံးကြီး ကြွက်လူဝံနှစ်ကောင်သည် ယဲ့ရှင်းရှားပုန်းနေသည့် ရေခဲသေတ္တာရှိရာ နို့ထွက်ပစ္စည်းတန်းဆီသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရချိန်တွင် မိုဖန်၏ နှလုံးခုန်သံမှာ အလွန်ပင် မြန်ဆန်လာတော့၏။
သူ၏ အကြည့်မှာ စခရင်ပေါ်တွင်သာ စူးစိုက်နေသည်။ ယခုအချိန်တွင် မိုဖန်သည် အောက်သို့ အမြန် ဆင်းသွားပြီး ရေခဲသေတ္တာနား ချဉ်းကပ်နေသော သားရဲနှစ်ကောင်ကို ပြာဖြစ်အောင် လုပ်ပစ်ချင်စိတ် ပြင်းပြနေမိ၏။
သို့သော်လည်း မိုဖန်၏ လက်ရှိအခြေအနေမှာလည်း အခြားသူထက် မသာပေ။ ထိုသံတံခါးနောက်ကွယ်တွင် မျက်လုံးကြီး ကြွက်လူဝံများထက် ခွန်အားရှိသည့် အမှောင် သားရဲဆယ်ကောင်က တံခါးကို ဖျက်ဆီးရန် ကြိုးစားနေကြသည် မဟုတ်ပါလား။ သူ လုပ်နိုင်သည်မှာ ရပ်ကြည့်နေဖို့ရုံပင်။
“မဖြစ်ဘူး... ဒါကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး...”
“ငါ့ရဲ့ လက်ရှိ အန္တရာယ်ရှိတဲ့ အခြေအနေမှာရော၊ သေမင်းနဲ့ ရင်ဆိုင်နေရတဲ့ ယဲ့ရှင်းရှားအတွက်ပါ... ဆုတောင်းနေရုံနဲ့တော့ လွတ်မြောက်ရာလမ်းကို ဘယ်လိုမှ ရှာတွေ့မှာ မဟုတ်ဘူး...”
တံခါးက မကြာမှီမှာပင် ပျက်စီးတော့မည် ဖြစ်သည်။
ယဲ့ရှင်းရှားအနေဖြင့်လည်း ထိုအေးစက်လှသော ရေခဲသေတ္တာထဲတွင် ကြာကြာ ပုန်းနေနိုင်မည် မဟုတ်ပေ။ အပူချိန်မှာ သုညအောက် ရောက်နေသဖြင့် သူအေးခဲကာ သေဆုံးသွားနိုင်သည်။
မျက်လုံးကြီး ကြွက်လူဝံနှစ်ကောင်မှာ ရေခဲသေတ္တာထဲတွင် ပုန်းနေသော ယဲ့ရှင်းရှားကို မတွေ့ရှိသေးပေ။ သို့သော် ၎င်းတို့သည် အသားဌာနတွင် အစာစားရန် ပြင်နေကြခြင်းမှာ ထင်ရှားလှပေသည်။ ထိုသားရဲနှစ်ကောင်မှာ ကုန်တိုက်အတွင်းမှ မကြာမီ ထွက်ခွာသွားလိမ့်မည် မဟုတ်သလို၊ ယဲ့ရှင်းရှားမှာလည်း ထိုရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ထက် ပို၍ ပုန်းနေနိုင်မည် မဟုတ်ပေ။
နှလုံးသားမရှိသော မျက်လုံးကြီး ကြွက်လူဝံများက သူ၏ ခန္ဓာကိုယ်အပူချိန်ကို မရိပ်မိစေရန်အတွက် သူသည် အပူချိန် သုညအောက်ရှိသော ရေခဲသေတ္တာအတွင်း၌ နှင်းခဲများကြားတွင် ပုန်းကွယ်နေခဲ့ခြင်း ဖြစ်သည်။
ကုန်တိုက်အတွင်း၌ အကူအညီမဲ့နေသော ယဲ့ရှင်းရှားကို ကြည့်ကာ မိုဖန်၏ နှလုံးသားမှာ ကွဲကြေလုမတတ် ခံစားလိုက်ရ၏။
သူ့ကို ဘယ်လိုပင်ဖြစ်ဖြစ် ကာကွယ်ပေးပါမည်ဟု သူ ကတိပေးခဲ့ဖူးပေသည်။ နောက်ဆုံးမှာတော့ သူ့ကို ဤကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုများ ခံစားရအောင် သူ လုပ်မိခဲ့လေပြီ။
မိုဖန်မှာ အံကိုအတင်းကြိတ်လိုက်သဖြင့် သူ၏ နှုတ်ခမ်းမှာ ပေါက်ထွက်သွားသည်ကိုပင် သူ သတိမထားမိပေ။ သူ၏ လက်သီးကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။
သူ ဆက်လက် စောင့်ဆိုင်းနေမည်ဆိုပါက ယဲ့ရှင်းရှားကို သေမင်းလက်သို့ ပို့ဆောင်ပေးနေခြင်းသာ ဖြစ်ကြောင်း သူ သိပေသည်။ နောက်ဆုံးတွင်မူ မိုဖန်သည် ရုတ်တရက် ထိုင်ချလိုက်ပြီး မျက်လုံးများကို တင်းတင်းမှိတ်လိုက်တော့၏။
"ဆွဲသီးရေ... ငါ မင်းကို တော်ဝင်ငရဲစမ်းရေတွေ အကုန် စုပ်ယူခွင့် ပေးခဲ့တယ်... အခုတော့ ငါ အစွမ်းကုန် ကြိုးစားပြီး အဆင့်တက်တော့မယ်... မင်း ပေးနိုင်သမျှ စွမ်းအင်အားလုံးကို ငါ့ကို ပေးသနားပါ" မိုဖန်သည် ဆွဲသီးကို ပြောလိုက်ခြင်း ဖြစ်သော်လည်း အမှန်တကယ်တွင်မူ မိမိကိုယ်ကို ပြန်ပြောလိုက်ခြင်းပင် ဖြစ်ပေသည်။
ယခင် မြေအောက်ခန်းထဲမှာ ရှိနေစဉ်ကတည်းက မိုဖန်သည် အလယ်အလတ်အဆင့်သို့ တက်ရန် ကြိုးစားခဲ့ဖူးပေသည်။ သို့သော် ထိုစဉ်က မအောင်မြင်ခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ သူသည် ဆွဲသီး၏ အကူအညီဖြင့် ထပ်မံ ကြိုးစားတော့မည် ဖြစ်ပေသည်။
တော်ဝင်ငရဲစမ်းရေကို သောက်လိုက်သည်ဆိုခြင်းမှာ မိုဖန် လိမ်ညာခဲ့ခြင်း မဟုတ်ပေ။ သို့သော် မိုဖန် ကိုယ်တိုင် သောက်ခဲ့ခြင်း မဟုတ်ဘဲ ဆွဲသီးက အားလုံးကို စုပ်ယူခဲ့ခြင်း ဖြစ်၏။
ယခုအခါတွင် မိုဖန်သည် ဤတိုတောင်းလှသော အချိန်အတွင်းမှာပင် သူ၏ ကျင့်ကြံခြင်းကို နောက်တစ်ကြိမ် ထိုးဖောက်ရန် ပြင်ဆင်လိုက်တော့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် ရှုံးနိမ့်ခွင့် မရှိပေ။
အခန်း (၁၁၃)ပြီး ***