အေးစက်လှ၏။ သေးငယ်လှသော အပ်ပေါင်းများစွာက သူ၏ အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်နေသကဲ့သို့ ခံစားနေရသည်။ သူမ၏ သွေးများမှာ အေးခဲသွားပြီး ခန္ဓာကိုယ်အနှံ့ မစီးဆင်းနိုင်တော့သယောင် ရှိနေ၏။
ရေခဲသေတ္တာအတွင်းရှိ ယဲ့ရှင်းရှား၏ အသက်ရှူသံမှာ တဖြည်းဖြည်း နှေးကွေးလာ သည်။ အအေးဒဏ်နှင့် အိပ်ငိုက်ခြင်းတို့မှာ ရောယှက်နေပြီး အကယ်၍ သူသာ ယခုအချိန်တွင် မျက်လုံးမှိတ်လိုက်ပါက တိတ်ဆိတ်စွာပင် အိပ်ပျော်သွားပေလိမ့်မည်။
"ငါ အခု အိပ်ပျော်သွားရင်... ဘယ်တော့မှ မျက်လုံးပြန်ဖွင့်နိုင်တော့မှာ မဟုတ်ဘူး..." ယဲ့ရှင်းရှားသည် သူ၏ နှုတ်ခမ်းကို ရုတ်တရက် ခပ်ပြင်းပြင်း ကိုက်လိုက်ပြီး မိမိကိုယ်ကို ပြန်လည် နိုးကြားလာအောင် အတင်းအကျပ် လုပ်ဆောင်လိုက်သည်။
မျက်လုံးကြီး ကြွက်လူဝံနှစ်ကောင်မှာ ထွက်ခွာသွားမည့် အရိပ်အယောင် မရှိပေ။ ၎င်းတို့၏ ဆူညံသံများမှာ သူ ပုန်းနေသည့် နေရာနှင့် သိပ်မဝေးလှသော နေရာမှ ထွက်ပေါ်နေဆဲ ဖြစ်၏။
ယဲ့ရှင်းရှားကိုယ်တိုင်လည်း မည်မျှအထိ ဆက်လက် တောင့်ခံနိုင်မည်ကို မသိပါပေ။ သူမ၏ အမြင်အရမူ မျက်လုံးကြီး ကြွက်လူဝံများ၏ အစာအဖြစ် အစားခံရခြင်းထက် ဤရေခဲသေတ္တာထဲတွင် အေးခဲကာ သေဆုံးသွားခြင်းကပင် ပို၍ ကောင်းဦးမည် ဖြစ်သည်။
လေထုမှာ တဖြည်းဖြည်း အေးခဲလာသည်နှင့်အမျှ သူသည် အသက်ရှူနှုန်းကို တတ်နိုင်သမျှ ထိန်းညှိနေရ၏။ သူ၏ စိတ်အာရုံမှာလည်း ပိုမိုလှပသော အတိတ်မှတ်တမ်းများဆီသို့ မသိစိတ်ဖြင့် လွင့်မျောနေတော့သည်။
“ကျွတ်... ကျွတ်... ရှုး...”
“ဘုန်း...ဝုန်း...”
ထိန်းချုပ်ခန်း၏ သံတံခါးကြီးပေါ်တွင် နက်ရှိုင်းလှသော ဒဏ်ရာများစွာ ရထားသော သားရဲများ၏ လက်သည်းဖြင့် တံခါးကို ကုတ်ခြစ်နေသည့် အသံမှာလည်း ရှင်းလင်းစွာ ကြားနေရသည်။
ဤအမှောင် သားရဲများသည် သူတို့သခင်၏ အမိန့်ကို အလွန်ပင် နာခံကြပေသည်။ မိုဖန်သည် ဤနေရာတွင် ပုန်းနေကြောင်း သူတို့ သိကြပြီး မိုဖန်၏ ခန္ဓာကိုယ်ကို သူတို့ကိုယ်တိုင် နှစ်ပိုင်း ဆွဲမဖြဲရမချင်း မည်သို့မျှ ထွက်ခွာသွားကြမည် မဟုတ်ပေ။
၎င်းတို့၏ ချွန်ထက်လှသော လက်သည်းများသည် သံတံခါးကြီးကို ဖြည်းဖြည်းချင်း ဆွဲဖြဲဖျက်ဆီးနေသဖြင့် အက်ကြောင်းများ ပေါ်ထွက်လာတော့၏။ အက်ကြောင်းများ ပေါ်လာသည်နှင့်အမျှ တံခါးကို ဖျက်ဆီးရသည်မှာ ပို၍ လွယ်ကူသွားပေသည်။ ထိုသားရဲများမှာ အက်ကြောင်းများကြားမှ အလင်းရောင်ကို မြင်လိုက်ရသော အကျဉ်းသားများကဲ့သို့ပင် စူးစူးဝါးဝါး အော်ဟစ်နေတော့၏။ ထို့ပြင် ၎င်းတို့မှာ တံခါးကို တစ်လှည့်စီ အားရပါးရ ဆွဲဖြဲနေကြသည်။
တံခါး၏ အခြားတစ်ဖက်တွင်မူ မိုဖန်သည် ထိုင်နေဆဲ ဖြစ်၏။ သူသည် အနီးကပ် ဆိုက်ရောက်နေသော အန္တရာယ်ကို လျစ်လျူရှုထား၍ မရတော့ပေ။ တံခါးကြီး ပျက်စီးနေသံကို သူ ကြားနေရပြီး အက်ကြောင်းများ ကျယ်လာသည်နှင့်အမျှ သားရဲများ၏ ဟိန်းဟောက်သံများမှာလည်း ပို၍ ရှင်းလင်းလာသည်။
သို့သော်လည်း ထိတ်လန့်တုန်လှုပ်နေရုံဖြင့် ဘာထူးမည်နည်း။ သူ အသက်ရှင်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သူ၏ စိတ်ဝိညာဉ်ကမ္ဘာအတွင်းရှိ ကြယ်အစုအဝေးနှစ်ခုပေါ်တွင်သာ မူတည်နေပေသည်။
ခရမ်းရောင်နှင့် အနီရောင် ကြယ်မှုန်များသည် တစ်လှည့်စီ တောက်ပလိုက်၊ မှိန်သွားလိုက် ဖြစ်နေသည်။ ၎င်းတို့၏ အပြင်ဘက်တွင် အလင်းဖျော့ဖျော့ အကာအရံတစ်ခုက လွှမ်းခြုံထားပြီး အတွင်းဘက်ရှိ ကြယ်မှုန်များမှာမူ ထိုအကာအရံကို ဖောက်ထွက်ရန် စွမ်းအင်များကို ထုတ်လွှတ်နေ၏။ ထိုအကာအရံမှာ မှော်စွမ်းအင်များ၏ တိုက်ခိုက်မှုအောက်တွင် မလှုပ်မယှက် ရှိနေသယောင် ထင်ရသော်လည်း အတွင်းဘက်မှ စွမ်းအင်များ၏ ရုန်းကန်မှုကြောင့် သိသိသာသာပင် ဖောင်းကြွနေပေသည်။
“ငါ့အတွက်...ပေါက်ကွဲထွက်စမ်း...” မိုဖန်သည် သူ၏ နှလုံးသားထဲမှ ဟစ်အော်လိုက်သည်။
သူ၏ ရင်ဘတ်ပေါ်ရှိ ဆွဲသီးမှ အလင်းတန်းများသည် မိုဖန်၏ ကြယ်မှုန်များထံသို့ တိုက်ခိုက်ရေးစွမ်းအင်အဖြစ် ကူးပြောင်းသွားသယောင် ရှိနေ၏။ မူလက ပျံ့နှံ့နေသော အလင်းတန်းများမှာ ရုတ်တရက်ဆိုသလို စုစည်းသွားပေသည်။ သေးငယ်သော မြစ်ချောင်းလေးများစွာသည် မြစ်မကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားသကဲ့သို့ ငြိမ်သက်နေသော မြစ်ရေများမှာ ရုတ်တရက် အရှိန်အဟုန်ဖြင့် စီးဆင်းသွားကာ မြစ်ပေါ်ရှိ တားဆီးထားသော တာတမံကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့၏။
နောက်ဆုံးတွင်မူ အပြင်ဘက် အကာအရံပေါ်၌ အက်ကြောင်းများ ပေါ်ထွက်လာပေပြီ။
“မကြာခင် အောင်မြင်တော့မယ်... မကြာခင်ပဲ...”
မိုဖန်၏ အတွင်းစိတ်မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် နောက်တစ်ဆင့်သို့ ထိုးဖောက်ရန်အတွက်သာ အာရုံစိုက်နေပြီး စွမ်းအင်များ၏ ပြင်းထန်လှသော တုံ့ပြန်မှုကြောင့် ဦးနှောက်အတွင်း၌ အလွန်ပင် ပြင်းထန်လှသော ခေါင်းကိုက်ဝေဒနာကို ခံစားနေရ၏။
မူလကမူ မိုဖန်သည် ဤအရာကို မလုပ်နိုင်သည် ထင်ထားခဲ့ခြင်း ဖြစ်ပေသည်။ စိတ်အာရုံ၏ တုံ့ပြန်မှုမှာ သူ၏ ဦးနှောက်ကို ဓားဖြင့် ထိုးစိုက်နေသကဲ့သို့ ဖြစ်စေပြီး မုန်တိုင်းထန်နေသော ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ အချင်းချင်း ရိုက်ခတ်နေသကဲ့သို့ ခံစားနေရ၏။ မိုဖန်သည် သူ၏ ကျင့်ကြံခြင်း သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကို တစ်ခါမျှ မကြုံဖူးပေ။ ၎င်းမှာ စွမ်းအင်ကုန်ခမ်းသွားသည်ထက် ပို၍ ဆိုးရွားလှပြီး ညှဉ်းပန်းနှိပ်စက်မှုများနှင့် ဖျက်ဆီးမှုများ ပြည့်နှက်နေသော အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင် ဖြစ်ပေသည်။
ထိုဖြစ်စဉ်အတွင်းမှာပင် သူ၏ စိတ်ဓာတ်မှာ အနည်းငယ်မျှ လျော့ရဲသွားခြင်း သို့မဟုတ် လက်လျှော့လိုသော စိတ်တစ်ခု ဝင်လာခြင်းရှိပါက ဤအစွမ်းကုန် တိုက်ခိုက်မှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားမည် ဖြစ်ပြီး သူသည် အစမှ ပြန်လည် စတင်ရပေလိမ့်မည်။
မိုဖန်မှာ သူ၏ ဦးခေါင်းမှာ ပေါက်ထွက်တော့မည်ဟု ခံစားနေရသည်။ သူ၏ မျက်နှာပေါ်တွင် အကြောများမှာ ဖောင်းကြွနေသော်လည်း သူသည် လက်လျှော့ရန် ကြောက်ရွံ့နေမိ၏။ အမှန်အတိုင်း ပြောရလျှင် ဤနာကျင်မှုမှာ အမှောင် သားရဲများ၏ ဆွဲဖြဲသတ်ဖြတ်ခြင်းကို ခံရသည်ထက်ပင် မလျော့ပေ။ စိတ်ဓာတ်ပျော့ညံ့သူတစ်ဦးဆိုပါက အစကတည်းကပင် လက်လျှော့သွားမည် ဖြစ်သော်လည်း မိုဖန်မှာမူ သူ၏ နောက်ဆုံးထွက်သက်အထိ အားတင်းကာ ကြိုးစားနေသည်။
မျက်လုံးများကို မှိတ်ထားရင်း သူ၏ စိတ်အာရုံထဲတွင် နောက်ဆုံး မြင်တွေ့လိုက်ရသည်မှာ သေခါနီး ဖြစ်နေသော မိန်းကလေးတစ်ဦး၏ ပုံရိပ်ပင် ဖြစ်၏။ အကယ်၍ ထိုမိန်းကလေးသာ မျက်လုံးကြီး ကြွက်လူဝံ၏ ဆွဲဖြဲခြင်းကို ခံရမည်ဆိုပါက မိုဖန်သည် သူ၏ ကျန်ရှိသော ဘဝတစ်လျှောက်လုံးတွင် ဤထက်မကသော နာကျင်မှုကို ခံစားရမည် သူ ယုံကြည်နေသည်။
စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုမှာ ပိုမို ပြင်းထန်လာပြီး မူလထက် ငါးဆခန့်အထိ တိုးလာတော့၏။ မိုဖန်သည် အံကြိတ်ကာ နာကျင်မှုကိုအံတုနေသည်။
“ဆယ်ဆ...” မိုဖန်သည် သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်ဘဲ လျှာဖျားကို ကိုက်မိမှာ စိုးသဖြင့် လျှာကို လိပ်ထားလိုက်ရသည်။
သူ၏ အတွင်းစိတ်ကမ္ဘာတွင်မူ ပြင်းထန်လှသော မုန်တိုင်းများ တိုက်ခတ်နေသည်။ ခရမ်းရောင်နှင့် အနီရောင် ကြယ်မှုန်များသည် ပျက်စီးတော့မည့်အလား ရှိနေပြီး လှုပ်ရှားနေသော စိတ်ဝိညာဉ်နယ်ပယ်အတွင်း၌ ၎င်းတို့၏ အလင်းမှာလည်း မှေးမှိန်သွားတော့၏။ အလင်းရောင်မှာ တဖြည်းဖြည်း အားနည်းလာပြီး အဝေးက ကြယ်တစ်ပွင့်ကဲ့သို့ပင် မရှိတော့ပေ။ မှောင်မိုက်လှသော ညဉ့်နက်အတွင်း၌ ပျောက်ကွယ်သွားတော့မည့်အလား ရှိနေပေသည်။
ထိုအချိန်မှာပင် မိုဖန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ သူ၏ မျက်သူငယ်များမှာ လူသားတစ်ယောက် မဟုတ်သကဲ့သို့ ကျယ်ပြန့်သွားပြီး သူ၏ မျက်လုံးထဲတွင် အဆုံးမဲ့သော စကြဝဠာကြီး ရှိနေသယောင် ထင်ရပေသည်။ အနက်ရှိုင်းဆုံးသော နေရာတွင်မူ မှေးမှိန်နေသော လျှပ်စီးနှင့် မီးကြယ်မှုန်များ ရှိနေ၏။
မိုဖန်၏ မျက်နှာတစ်ခုလုံး တုန်ခါသွားရသည်။ သေလုမျောပါး ဖြစ်နေသော ထို ကြယ်မှုန်မျာစုထားသော ကြယ်အစုအဝေး နှစ်ခုမှာ ရုတ်တရက်ဆိုသလို အလွန်ပင် ပူလောင်လှသော အလင်းတန်းများအဖြစ် ပေါက်ကွဲထွက်လာပြီး သူ၏ စိတ်ဝိညာဉ်စကြဝဠာ တစ်ခုလုံးကို မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် လွှမ်းမိုးသွားတော့၏။
ခရမ်းရောင်မှာ အလွန်ပင် လှပလွန်းလှသဖြင့် စကြဝဠာတစ်ခုလုံးကို လင်းထိန်သွားစေကာ ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။ မှောင်မိုက်မှုကို တိုက်ဖျက်လိုက်သော မီးအနီရောင်မှာလည်း ဝင်းလက်တောက်ပလျက် ရှိနေ၏။ ၎င်းတို့၏ ရွေ့လျားမှုနှင့် လွှမ်းခြုံမှုမှာ ကိုယ်ပိုင် စကြဝဠာငယ်လေးများ၊ ကိုယ်ပိုင် ကြယ်တာရာ အိမ်ဂေဟာများကို တည်ဆောက်နေသကဲ့သို့ ရှိနေပေသည်။
သို့သော်လည်း ယခု ဖန်တီးလိုက်သည့်အရာမှာ ယခင်က စကြဝဠာ၏ ထောင့်တစ်နေရာတွင် သေးငယ်စွာ ရှိနေခဲ့သော ကြယ်အစုအဝေး မဟုတ်တော့ပေ။ သူသည် တိမ်တိုက်တစ်ခုကဲ့သို့သော နဗျူလာတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်ပြီး ၎င်းတို့မှာ ထူထပ်စွာ စုစည်းလျက် အချင်းချင်း အလင်းပြန်နေကြသည်။
"ကြယ်အစုအဝေးကနေ နဗျူလာ ဖြစ်သွားပြီ...”
ဤအရာအားလုံးကို ခံစားလိုက်ရချိန်တွင် မိုဖန်၏ သွေးများ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရ၏။ ကြယ်အစုအဝေးမှာ ကျယ်ပြောလှသော စကြဝဠာထဲတွင် မြူမှုန်လေးများကဲ့သို့ပင် ဖြစ်ပြီး တည်ရှိနေသော်လည်း အလွန်ပင် သေးငယ်လှသည်။ ထို့ကြောင့် မှော်ဆရာတစ်ဦးအတွက် ပေးစွမ်းနိုင်သော စွမ်းအင်မှာလည်း အကန့်အသတ် ရှိပေသည်။
သို့သော် နဗျူလာမှာမူ ကြယ်အစုအဝေးနှင့် လုံးဝ ခြားနားလှ၏။ ကြီးမားလှသော ကြယ်အစုများသည် ကျယ်ဝန်းသော ဧရိယာကို သိမ်းပိုက်ထားပြီး ၎င်းတို့၏ အလင်းရောင်မှာလည်း အလွန်ပင် တောက်ပလှသည်။ ၎င်းတို့သည် ကျယ်ပြောလှသော စိတ်ဝိညာဉ်စကြဝဠာအတွင်း၌ အထင်းသား မြင်တွေ့နိုင်သည်။
ဤနှစ်ခု၏ ကွာခြားချက်မှာ အလွန်ပင် ရှင်းလင်းလှသည်။ အကယ်၍ သေးငယ်လှသော ကြယ်တစ်ပွင့်ချင်းစီတွင် မှော်စွမ်းအင်များ ပါရှိနေမည်ဆိုပါက ဤမျှ ထူထပ်လှသော နဗျူလာကြီးတွင် စွမ်းအင် မည်မျှအထိ ရှိနေမည်နည်း။ ထို့ပြင် ၎င်းတို့မှာ မည်မျှအထိ ပြင်းထန်သော မှော်အတတ်များကို ဖန်တီးနိုင်မည်နည်း။
နဗျူလာအတွင်းတွင် မှော်ဆရာများ မှော်အတတ် သုံးရန်အတွက် အလွန်အရေးကြီးသော ကြယ်တာရာများ ရှိနေသည်။ ယခင်နှင့် မတူသည်မှာ ဤတောက်ပလှသော နဗျူလာအတွင်းတွင် ကြယ်တာရာ စုစုပေါင်း ၄၉ လုံး ရှိနေခြင်းပင် ဖြစ်၏။ ထိုကြယ်တာရာများသည် မိုဖန် ဒြပ်စင်များကို နိုးကြားစေစဉ်ကကဲ့သို့ပင် နဗျူလာအတွင်း၌ လှည့်လည်သွားလာနေကြသည်။
"ဒီလို ခံစားချက်မျိုး..." မိုဖန်သည် သူ၏ လက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိ၏။
သူ၏ ဘယ်ဘက်လက်ပေါ်တွင် ဆာလောင်မွတ်သိပ်နေသော မီးလျှံများမှာ သူ၏ အရေပြားပေါ်မှ ထွက်ပေါ်လာသည်။ ထိုမီးတောက်များ တောက်လောင်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့သော မှော်စွမ်းအင်များ ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ ညာဘက်လက်တွင်မူ ခရမ်းရောင် နွယ်ပင်များကဲ့သို့ လျှပ်စီးကြောင်းများမှာ သူ၏ လက်သီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့ပေသည်။ ထိုလျှပ်စီးကြောင်းများသည် မီးလျှံများကို အံတုကာ စွမ်းအားများကို ထုတ်ပြရန် စောင့်ဆိုင်းနေကျတော့သည်။
အခန်း (၁၁၄)ပြီး ***