"တစ်ပြိုင်နက်တည်း ထိုးဖောက်နိုင်ခဲ့တာပဲ" မိုဖန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အလျှံပယ် ကြွယ်ဝလှသော မှော်စွမ်းအင်များကို ကြည့်ကာ ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို စကားလုံးဖြင့်ပင် ဖော်ပြရန် ခက်ခဲနေသည်။
သာမန်အားဖြင့်ဆိုလျှင် ကြယ်အစုအဝေးနှစ်ခုအနက် တစ်ခုက နဗျူလာအဆင့်သို့ ရောက်ရှိသွားပါက ထိုသူကို အလယ်အလတ်အဆင့် မှော်ဆရာဟု သတ်မှတ်နိုင်ပေပြီ။
ထို့ကြောင့် မိုဖန်၏ လျှပ်စီး ကြယ်အစုအဝေး သို့မဟုတ် မီး ကြယ်အစုအဝေး တစ်ခုခုသာ နဗျူလာ ဖြစ်သွားလျှင်ပင် သူသည် အလယ်အလတ် နယ်ပယ်သို့ ရောက်ရှိမည် ဖြစ်၏။ သို့သော် ယခုမူ သူသည် ဒြပ်စင်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်ရာ ဤသည်မှာ သူ လုံးဝ မျှော်လင့်မထားသော အချက်ပင် ဖြစ်သည်။
ရှုး...
နားစည်ကို တုန်ခါသွားစေသော စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ အမှောင် သားရဲများက သံတံခါးကို ဆွဲဖြဲလိုက်သည့် အသံမှာလည်း နောက်ဆက်တွဲ ထွက်ပေါ်လာသည်။
မိုဖန်သည် တံခါးရှေ့တွင် မတ်တတ်ရပ်နေပြီး သူ၏ မျက်လုံးများထဲတွင်မူ မငြိမ်းသတ်နိုင်သော မီးလျှံများ တောက်လောင်လျက် ထိုရုပ်ဆိုးပြီး လောဘဇောတက်နေသော သတ္တဝါများကို စိုက်ကြည့်နေ၏။
အမှောင် သားရဲများသည် အမှောင်ဗာတီကန်၏ သင်္ကေတများ ဖြစ်ကြသည်။ ၎င်းတို့သည် အမှန်စစ်စစ် ဆင့်ခေါ်ထားသော သားရဲများ မဟုတ်ဘဲ လူသေအလောင်း အစိတ်အပိုင်းများနှင့် မှော်စွမ်းအင်များကို အသုံးချကာ ဖန်တီးထားသည့် သတ္တဝါများ ဖြစ်ကြ၏။ ၎င်းတို့သည် ဝိညာဉ်ဆိုးများနှင့် ပို၍ နီးစပ်ပေသည်။
၎င်းတို့သည် သတ်ဖြတ်ခြင်းကို နှစ်သက်သည့်အပြင် အခြားသူများကိုလည်း သူတို့ကဲ့သို့ပင် အမှောင်ထု၏ ကျေးကျွန်များ ဖြစ်လာအောင် လုပ်ဆောင်ရသည်ကို အလွန် ဝါသနာပါကြသည်။ ဤကဲ့သို့သော မနာလိုမှုနှင့် မုန်းတီးမှုများမှာ ကူးစက်တတ်ပြီး ၎င်းတို့အားလုံးကို တွန်းအားပေးနေခြင်း ဖြစ်၏။
သေးငယ်လှသော သံတံခါးတစ်ခုက သူတို့၏ ငတ်မွတ်မှုကို မည်သို့ တားဆီးနိုင်မည်နည်း။ သူတို့၏ လောဘရိပ်များ ပေါ်မလာသေးချိန်တွင် ၎င်းတို့သည် အခြားသူများကို နှိပ်စက်ရသည်ကို နှစ်သက်သော ထူးဆန်းသည့် သတ္တဝါများသာ ဖြစ်ကြ၏။ သို့သော် သတ်ဖြတ်ခြင်းနှင့် ရင်ဆိုင်ရချိန်တွင်မူ ၎င်းတို့၏ လောဘဇောများမှာ ပို၍ပင် ကြောက်စရာကောင်းလာတော့သည်။
၎င်းတို့၏ စိမ်းဖန့်ဖန့် မျက်လုံးများ၊ မေးရိုးများမှ စီးကျနေသော တံတွေးများ၊ တုန်ယင်နေသော လက်သည်းများနှင့် ဆာလောင်မွတ်သိပ်နေသော အော်ဟစ်သံများ လွန်ခဲ့သော နာရီဝက်ခန့်ကသာဆိုလျှင် မိုဖန်ကဲ့သို့သော အခြေခံအဆင့် မှော်ဆရာ အတွက် အိပ်မက်ဆိုး ဖြစ်ပေလိမ့်မည်။ ၎င်းတို့၏ အရှိန်မှာ အခြေခံမှော်အတတ်ကို ရှောင်တိမ်းရန် လုံလောက်လှသည့်အပြင် တိုက်ပွဲတွင်လည်း ပါးနပ်စွာ ပူးပေါင်းလုပ်ဆောင်တတ်ကြပေသည်။
သို့သော် ယခုမူ ဤသတ္တဝါအုပ်စုမှာ မိုဖန်၏ အမြင်တွင် သနားစရာကောင်းသော လူမိုက်များ၊ လူအများသဖွယ်သာ ဖြစ်နေတော့၏။ ပြောင်းလဲသွားသော သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ မရှိတော့ဘဲ မြင့်မြတ်သော သတ္တဝါတစ်ဦးက အောက်တန်းစားများကို ငုံ့ကြည့်နေသကဲ့သို့ မထီမဲ့မြင်ပြုမှုနှင့် ထောင်လွှားမှုများသာ ပြည့်နှက်နေသည်။
မိုဖန်သည် ထိုနေရာတွင်ပင် ရပ်နေပြီး ၎င်းတို့ကို သံတံခါးအား ဆွဲဖြဲခွင့် ပေးထားလိုက်၏။
ရွှမ်း...
နောက်ဆုံးတွင် သံတံခါးကြီးမှာ ပွင့်ထွက်သွားပြီး ရှေ့ဆုံးမှအမှောင် သားရဲ အချို့မှာ ထိုနေရာအတွင်းသို့ အတင်းအကျပ် တိုးဝင်လာကြ၏။ သူ၏ အသားကို ကိုက်ဖြတ်စားသောက်ခြင်းက သူတို့၏ ယုတ်ညံ့သော ဝိညာဉ်များကို အဆင့်မြင့်သွားစေမည် ထင်နေကြသည့်အလား ရှိနေသည်။
၎င်းတို့၏ ဦးခေါင်းများမှာ တံခါးပေါက်ရှိ အပေါက်ငယ်လေးအတွင်း၌ ပိတ်မိနေသော်လည်း ရှေ့သို့ အတင်းတိုးနေကြပြီး နောက်က သားရဲများကလည်း စိုးရိမ်တကြီး စူးစူးဝါးဝါး အော်ဟစ်ကာ အတင်းတိုးဝင်နေကြ၏။
ဤမြင်ကွင်းကို မြင်တွေ့ရသော မိုဖန်သည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပါပေ။ သူသည် သူ၏ ကြယ်တာရာမြေပုံစာအုပ် ကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။
မိုဖန်သည် ကြယ်တာရာမြေပုံစာအုပ် ကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မှော်စွမ်းအင်များကို ထည့်သွင်းလိုက်၏။ ထိုစာအုပ်မှာ မိုဖန်၏ ရှေ့တွင် ရုတ်တရက် ပျံဝဲလာပြီး သူ၏ မျက်စိရှေ့မှာပင် အစက်အပြောက်များအဖြစ် ပြောင်းလဲသွားသည်။
စာအုပ် ပျောက်ကွယ်သွားသည်နှင့်အမျှ ၎င်းပေါ်ရှိ ထူးဆန်းသော ကြယ်တာရာမြေပုံမှာ မိုဖန်၏ မျက်လုံးများအတွင်းထဲသို့ စီးဝင်သွားတော့၏။
မိုဖန်၏ မီးကြယ်အစုအဝေး အတွင်းရှိ ကြယ်မှုန်များသည် ဖိတ်ခေါ်မှုကို ရရှိလိုက်သကဲ့သို့ အချင်းချင်း အလောတကြီး ချိတ်ဆက်မိသွားကြပေသည်။ ပထမဦးစွာ ၎င်းတို့သည် ကြယ်တာရာလမ်းကြောင်းအဖြစ် ချိတ်ဆက်သွားကြ၏။ ဤအဆင့်မှာ မိုဖန်အတွက် အလွန်ပင် ရင်းနှီးလှသော အဆင့်ဖြစ်ပေသည်။ ၎င်းမှာ အခြေခံမှော်အတတ်ကို သုံးစဉ်က တည်ဆောက်ခဲ့သော ပုံစံပင် ဖြစ်၏။
သို့သော် ယခုတစ်ကြိမ် မိုဖန် အသုံးပြုမည့်အရာမှာ အခြေခံမှော်အတတ် လုံးဝ မဟုတ်ပါပေ။
ပထမ ကြယ်လမ်းကြောင်း ချိတ်ဆက်နေစဉ်မှာပင် ဒုတိယမြောက် ကြယ်လမ်းကြောင်း မှာလည်း နဗျူလာအတွင်း၌ ထွက်ပေါ်လာပြန်၏။ ကြယ်မှုန်များမှာ လမ်းကြောင်းများ ဖြစ်လာပြီး ထိုလမ်းကြောင်းများမှာလည်း အချင်းချင်း ရှုပ်ထွေးစွာ ယှက်နွယ်သွားကြသည်။ ထိုအံ့ဩဖွယ်ကောင်းလှသော ယှက်နွယ်မှုမှာ နဗျူလာအတွင်း၌ လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ကြယ်တာရာမြေပုံ တစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။
ဤသည်မှာ ပိုမိုမြင့်မားသော မှော်အတတ်သို့ တက်လှမ်းမည့် အတားအဆီးကို ကျော်လွှားလိုက်ခြင်းဖြစ်ပြီး အလယ်အလတ်မှော်အတတ်ဆီသို့ သွားရာ တံခါးပေါက်ပင် ဖြစ်၏။
ကြယ်တာရာ ၄၉ လုံးသည် ကြယ်တာရာမြေပုံစာအုပ် ၏ ဖိတ်ခေါ်မှုအောက်တွင် လှပသော ကြယ်မျှော်စင်တစ်ခု ဖြစ်လာသည်။ ထိုပုံစံများသည် မိုဖန်၏ မျက်လုံးထဲတွင်သာ ဝင်းလက်နေခြင်း မဟုတ်ဘဲ သူ၏ ခြေဖဝါးအောက်တွင်ပါ ပေါ်ထွက်နေ၏။
ကြီးမားလှသော စွမ်းအားများသည် မိုဖန်၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းအကျပ် စီးဝင်လာပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း ဆူပွက်လာတော့သည်။
“ပြင်းထန်သော လက်သီး..”
မိုဖန်သည် မီးဒြပ်စင် အလယ်အလတ်မှော်အတတ်၏ အမည်ကို ပြင်းထန်စွာ ရွတ်ဆိုလိုက်ပေသည်။ သူ၏ သွေးများမှာလည်း အပူရှိန်ကြောင့် လုံးဝ ဆူပွက်နေပြီ ဖြစ်၏။
သူသည် မိမိကို သတ်ချင်နေသော အမှောင် သားရဲများကို ထောင်ထောင်လွှားလွှား စိုက်ကြည့်လိုက်ပြီး ထိုမီးလျှံများကြားတွင် မိုဖန်၏ မျက်နှာပေါ်၌ မိုက်မဲလှသော အပြုံးတစ်ခု ရှိနေသည်ကို မြင်တွေ့နိုင်ပေသည်။
"မင်းတို့ကို ငါ နတ်ပြည်ပို့ပေးမယ်..." မိုဖန်က တစ်လုံးချင်း ပြတ်ပြတ်သားသား ပြောလိုက်၏။
ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ တောက်လောင်နေသော မီးလျှံများသည် မိုဖန်၏ ညာဘက်လက်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးအတွင်းသို့ အလုံးစုံ စုစည်းသွားတော့သည်။ သူ၏ လက်သီးအတွင်း၌ လမ်းတွင် ရှိသမျှ အရာအားလုံးကို သတ်ဖြတ်နိုင်စွမ်းရှိသော မီးလုံးတစ်လုံးမှာ လိပ်တက်နေသည်။
သူ၏ ဇာတိမြေကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော၊ သူ ဂရုစိုက်ရသူများကို သတ်ဖြတ်ခဲ့သော ဤသတ္တဝါများအပေါ် ထားရှိသည့် သူ၏ ဒေါသများကို စုစည်းကာ အချိန်မရွေး ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေသော ထိုမီးလျှံကြီးမှာ မိုဖန်၏ ဟိန်းဟောက်သံနှင့်အတူ ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။
မိုဖန်၏ လက်သီးကို ဖုံးလွှမ်းထားသော မီးလျှံလုံးကြီးမှာ အပြင်သို့ ထွက်ပေါ်လာ၏။ မိုဖန်၏ လက်သီးဆုပ်ထားသောပတ်ဝန်းကျင်မှာ ဧရာမ တောက်ပလှသော မီးကွင်းကြီးအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံးကို ဝါးမြိုမည့် မီးလျှံများက နောက်မှ လိုက်ပါလာသည်။ ထိုမီးလျှံကြီးမှာ ဧရာမ လက်သီးကြီးတစ်လုံး၏ ပုံသဏ္ဌာန်ရှိပြီး နံရံတစ်ခုနီးပါးပင် ကြီးမားလှသည်။
မိုဖန်၏ ပြင်းထန်သော လက်သီးမှာ နံရံတစ်ခုလုံးကိုပါ တိုက်ရိုက် ပေါက်ကွဲပျက်စီးစေခဲ့ပေပြီ။
မိုဖန်၏ ပြင်းထန်သော လက်သီးက ထိုအမှောင် သားရဲအားလုံးကို အပြတ်အသတ် သတ်ဖြတ်ပစ်လိုက်ပေသည်။
ခန့်ညားထည်ဝါလှသော မီးလျှံများမှာ တောက်လောင်နေပြီး နံရံတစ်ခုလုံးမှာလည်း ဧရာမ လက်သီးကြီး၏ စွမ်းအားအောက်တွင် မည်းတူးနေသော ပြာများအဖြစ် ပြောင်းလဲသွားတော့၏။ ရဲရဲနီနေသော မီးလျှံများကြားတွင် ဧရာမ လက်သီးကြီးနှင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံလိုက်ရသော သားရဲမှာ နံရံကဲ့သို့ပင် ပြင်းထန်လှသော ပေါက်ကွဲမှုအောက်၌ မည်းတူးနေသော ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။
စင်္ကြံလမ်းတစ်လျှောက်တွင် အရသာရှိသော အစာကို ခုန်အုပ်ရန် ပြင်နေကြသော သားရဲများသည် ယခုအခါတွင်မူ စူးစူးဝါးဝါး အော်ဟစ်နေကြတော့၏။ သူတို့၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သော အပူလှိုင်းကြောင့်ပင် ၎င်းတို့မှာ ထိတ်လန့်သွားရပြီး လွတ်ရာသို့ ပြေးချင်နေကြပေသည်။ သို့သော် ဧရာမ ဖျက်ဆီးရေး မီးလက်သီးကြီး ရောက်ရှိလာချိန်တွင်မူ အချိန်မီ မရှောင်နိုင်သော သားရဲများမှာ မီးလျှံများ၏ အလယ်ဗဟိုတွင် ပြာအဖြစ်သို့ ပြောင်းလဲသွားကြတော့၏။
ပြင်းထန်သောလက်သီး၏ ပတ်ဝန်းကျင်ရှိ အပူချိန်မှာ အလွန်ပင် မြင့်မားလှပေသည်။ သို့သော် ၎င်းမှာ လျင်မြန်လှသော သားရဲများ လွတ်မြောက်နိုင်သည် မဆိုလိုပေ။
၎င်းတို့မှာ မိုဖန်၏ အသားကို ပထမဆုံး မြည်းစမ်းချင်ကြသဖြင့် အစကတည်းက တံခါးဝတွင် နေကြခြင်း ဖြစ်၏။ မိုဖန်က ဤလက်သီးကို ပစ်လွှတ်လိုက်ချိန်တွင် ၎င်းတို့ အားလုံးကို တစ်ပြိုင်နက်တည်း ဖမ်းမိသွားခြင်းပင် ဖြစ်သည်။ ထို့ပြင် ဧရာမ မီးလက်သီးကြီး၏ အကျိုးသက်ရောက်မှု ဧရိယာမှာ နံရံတစ်ခုစာခန့် ရှိနေသဖြင့် ၎င်းတို့ ပြေးလျှင်ပင် ဘယ်ကို လွတ်မည်နည်း။
“ဘုန်း... ဘုန်း... ဝုန်း...”
ထိန်းချုပ်ခန်း၏ ပထမနံရံမှာ အမှုန့်ဖြစ်သွားပေပြီ။ စင်္ကြံလမ်း၏ တစ်ဖက်ခြမ်းရှိ နံရံမှာလည်း အပိုင်းပိုင်းအစစ ဖြစ်သွားတော့၏။ အပြင်ဘက်ရှိ ဖန်သားပြင်မှာ ကွဲထွက်သွားပြီး ဧရာမ မီးလက်သီးကြီး၏ အရှိန်အဟုန်မှာ ညာဘက်ရှိ ထမင်းစားခန်းအတွင်းသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားကာ ပြည့်လျှံသွားတော့၏။ ထို့နောက် ထမင်းစားခန်းရှိ ပြတင်းပေါက်များကို ဖျက်ဆီးကာ မီးလျှံများမှာ အပြင်သို့ လွင့်စင်ထွက်သွားတော့သည်။
အပူရှိန်ကြောင့် ပြာမဖြစ်သွားသေးသော အမှောင် သားရဲများသည် စင်္ကြံလမ်းမှနေ၍ ထမင်းစားခန်းအတွင်းသို့ လွင့်စင်သွားကြပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လွင့်ထွက်သွားကြတော့၏။
၎င်းတို့မှာ အော်ပင် မအော်နိုင်ကြတော့ပေ။ မီးလျှံများ ဖုံးလွှမ်းနေသော သားရဲခြောက်ကောင်မှာ ဈေးဝယ်စင်တာ၏ တတိယထပ်မှနေ၍ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားတော့၏။ ထိုအချိန်မှာပင် ကောင်းကင်တစ်ခုလုံးမှာလည်း တောက်လောင်နေသော ဖန်ကွဲစများနှင့် စားပွဲ အပိုင်းအစများမှာ မိုးရွာသကဲ့သို့ ပြုတ်ကျလာပေသည်။
ကြမ်းပြင်တစ်ခုလုံးမှာ တုန်ခါသွားရပြီး ဈေးဝယ်စင်တာကြီးတစ်ခုလုံးမှာလည်း ထိုဒဏ်ကြောင့် သိသိသာသာပင် တုန်ခါသွားတော့၏။
ပြင်းထန်သောလက်သီး၏ ဖျက်ဆီးမှုမှာ ကြာရှည်မခံလှသော်လည်း ၎င်းသည် နံရံတစ်ခု၊ စင်္ကြံလမ်းတစ်ခုနှင့် အနောက်တိုင်းစတိုင် ထမင်းစားခန်းတစ်ခုကို ခဏချင်းမှာပင် ဘာမျှမရှိတော့အောင် ဖျက်ဆီးပစ်နိုင်ခဲ့လေပြီ။
သားရဲ ဆယ်ကောင်အနက် လေးကောင်မှာ တိုက်ရိုက် သေဆုံးသွားခဲ့သည်။ ကျန်ရှိနေသော ခြောက်ကောင်မှာ အသက်ရှင်နေဦးမည်ဆိုပါကလည်း ၎င်းတို့မှာ နောက်တစ်ကြိမ် ပြန်တက်လာနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့အားလုံးမှာ တောက်လောင်နေသော အဆောက်အဦး အပိုင်းအစများနှင့်အတူ ဈေးဝယ်စင်တာ၏ အပြင်ဘက်တွင် လဲပြိုနေကြတော့သည်။
အခန်း (၁၁၅)ပြီး
***