မိုဖန်သည် မည်းတူးနေသော အကြွင်းအကျန်များကြားတွင် ရပ်နေရင်း ပျက်စီးသွားသော ထိန်းချုပ်ခန်း၏ တစ်ဝက်တစ်ပျက်အတွင်းမှ အပြင်သို့ ငုံ့ကြည့်လိုက်သည်။ ပိုမြို့၏ မင်ဝမ်ရင်ပြင်တစ်ခုလုံးကို အထင်းသား မြင်တွေ့နေရ၏။
မျက်လုံးတစ်လုံး ဝံပုလွေအချို့မှာ ရင်ပြင်အတွင်း လှည့်လည်သွားလာနေကြသည်။ ၎င်းတို့သည် ရှာဖွေနေသော အစာကို မတွေ့သေးခင်မှာပင် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးကို ကြားလိုက်ရသဖြင့် ၎င်းတို့၏ အာရုံအားလုံးမှာ ရုတ်တရက် ပေါ်ပေါက်လာသော အပေါက်ကြီးဆီသို့ ရောက်ရှိသွားကြ၏။
သေးငယ်သော မျက်လုံးတစ်လုံး ဝံပုလွေတစ်ကောင်သည် သေလုမျောပါး ဖြစ်နေသော အမှောင်သားရဲ ခြောက်ကောင်ကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ အဖော်ကို လှမ်းကြည့်လိုက်သည်။ သူ၏ အဖော်ဖြစ်သူမှာမူ ဧရာမ အပေါက်ကြီး၏ အစွန်းတွင် မတ်တတ်ရပ်နေသော လူသားကို ကြည့်ကာ မသိစိတ်မှ တုန်ရင်သွားရ၏။ သားရဲနှင့် လူသားတို့၏ အကြည့်ချင်း ဆုံမိသွားချိန်တွင်မူ ထိုဝံပုလွေနှစ်ကောင်သည် ထိတ်လန့်တကြား ထွက်ပြေးသွားကြတော့သတည်း။
ထိုဝံပုလွေနှစ်ကောင်မှာ သူတို့၏ စိတ်ကူးယဉ်မှုများ ပျက်စီးသွားကာ "သောက်ကျိုးနည်း... တော်သေးတာပေါ့ ငါတို့ ဟိုဘက်ကို မသွားမိလို့" ဟု တွေးတောရင်း ကံကောင်းသည် မှတ်ယူနေကြမည်မှာ မြင်ယောင်ရုံဖြင့် သိနိုင်ပေသည်။
ထွက်ပြေးသွားသော ဝံပုလွေနှစ်ကောင်ကို ကြည့်ကာ မိုဖန်၏ စိတ်အာရုံမှာ ဆူပွက်နေဆဲ ဖြစ်သည်။
“ဒါက မီးဒြပ်စင်ရဲ့ အလယ်အလတ်အဆင့်ပဲ...”
“ဒါက မီးဒြပ်စင်ရဲ့ အလယ်အလတ်အဆင့်ပဲဟေ...”
“ဒါက အစစ်အမှန် မှော်အတတ်ပဲ... ငါတို့ အရင်က သင်ခဲ့ရတဲ့ အခြေခံမှော်အတတ်တွေက ဒါနဲ့ ယှဉ်လိုက်ရင် အလွန်ကို အားနည်းလွန်းတယ်...”
“သောက်ကျိုးနည်း ယုအန်း... မင်းလို အမှောင်ဗာတီကန်ရဲ့ ခွေးက ငါ့ကို သတ်ဖို့ ကြံနေသေးတာလား...ဟာ... ငါ အချိန်ဆွဲနေလို့ မဖြစ်သေးဘူး...ရှင်းရှား အန္တရာယ်ရှိနေတုန်းပဲ...”
မိုဖန်သည် အရေးကြီးသောအချက်ကို နောက်ကျမှ သတိရလိုက်ပြီး သေလုမျောပါး ဖြစ်နေသော သားရဲများကို ဂရုမစိုက်ဘဲ ကုန်တိုက်ဆီသို့ ချက်ချင်းပင် ပြေးဆင်းသွားတော့၏။ အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦး ဖြစ်လာပြီးနောက် မိုဖန်သည် သူ၏ ခန္ဓာကိုယ်တွင် သိသိသာသာ ပြောင်းလဲမှုရှိလာကြောင်း ခံစားလိုက်ရသည်။ သူသည် လက်ရန်းဆီသို့ ပြေးသွားပြီး တတိယထပ်မှနေ၍ အောက်သို့ တိုက်ရိုက် ခုန်ချလိုက်၏။ မြေပြင်ပေါ်သို့ ဆင်းသက်ချိန်တွင် သူ၏ ခြေထောက်နှစ်ဖက်မှာ အလွန်ပင် ခိုင်ခံ့လှပေသည်။
မိုဖန်သည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းဝံ့ဘဲ ကုန်တိုက်အတွင်းသို့ ပြေးဝင်လိုက်ပေသည်။ ပုံမှန်ဆိုလျှင်မူ ကုန်တိုက်အတွင်း လှည့်လည်နေသော မျက်လုံးကြီး ကြွက်လူဝံ နှစ်ကောင်ကို မည်သို့ ကိုင်တွယ်ရမည်နည်းဟု မိုဖန် အချိန်ယူ စဉ်းစားပေလိမ့်မည်။ သို့သော် ယခုမူ တစ်ချက်တည်းဖြင့် ကုန်တိုက်၏ သံတံခါးကို လွင့်စင်သွားစေခဲ့ပြီ။ ကုန်တိုက်ထဲမှာ ကြွက်လူဝံ ဘယ်နှစ်ကောင်ရှိရှိ သူ ဂရုမစိုက်တော့ပေ။
မိုဖန်သည် အတွင်းသို့ ပြေးဝင်ကာ ကုန်ပစ္စည်းစင်တန်းများကို ကျော်ဖြတ်ပြီး မော်နီတာထဲတွင် တွေ့ခဲ့ရသော ရေခဲသေတ္တာရှိရာ နေရာကို အမြန်ပင် ရှာဖွေလိုက်၏။ သူသည် အသည်းအသန် ပြေးလွှားနေရင်းမှ ကျယ်ဝန်းသော ကုန်ပစ္စည်း သယ်ယူရေး လမ်းကြောင်းသို့ ရောက်ရှိသွားပေသည်။ ထိုအချိန်မှာပင် အသံကြားလိုက်ရသဖြင့် မျက်လုံးကြီး ကြွက်လူဝံ နှစ်ကောင်မှာ ထွက်ပေါ်လာတော့၏။ အသက်ရှင်နေသော လူသားတစ်ဦးကို မြင်လိုက်ရချိန်တွင် ထိုကြွက်လူဝံနှစ်ကောင်သည် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး မိုဖန်ရှိရာဆီသို့ ခုန်အုပ်လိုက်ကြသည်။ ၎င်းတို့၏ အရှိန်မှာ မြန်ဆန်လှပြီး ဧရာမ ရှေ့သွားကြီးများမှာ လေထဲတွင် ဖြဲဟလျက် ရှိနေ၏။
"သေလိုက်စမ်း...ပြင်းထန်သောလက်သီး....”
သူ၏ ခြေဖဝါးအောက်တွင် မီးဒြပ်စင် စွမ်းအင်များမှာ တောက်ပစွာ ပေါ်ထွက်လာတော့၏။ မိုဖန်၏ လက်ကောက်ဝတ်များတွင် မီးလျှံများမှာ အရှိန်အဟုန်ဖြင့် စုစည်းသွားပြီး သူ၏ ညာဘက်လက်သီးအတွင်း၌ တင်းကျပ်စွာ ရှိနေသည်။
“ဘုန်း...ဘုန်း.... ဝုန်း...”
မီးလက်သီးကို ပစ်လွှတ်လိုက်သည်နှင့် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ကုန်ပစ္စည်းစင်များမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ထိုကြွက်လူဝံနှစ်ကောင်မှာမူ သူတို့၏ ခုန်အုပ်မှုမှာ လမ်းခုလတ်သို့ ရောက်နေပြီဖြစ်ရာ နောင်တရရန်ပင် အချိန်မရလိုက်ပေ။ ၎င်းတို့မှာ ရှေ့ကလူမှာ အလယ်အလတ်အဆင့် မှော်ဆရာ ဖြစ်ကြောင်း မသိကြပေ။ ထိုသောင်းကျန်းလှသော မီးလက်သီးကြီးကို ၎င်းတို့၏ အားနည်းလှသော ခန္ဓာကိုယ်များက မည်သို့ တောင့်ခံနိုင်မည်နည်း။
တောက်လောင်နေသော မီးလျှံများသည် ၎င်းတို့ကို ဝါးမြိုသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့၏။ မိုဖန်သည် သူ၏ စွမ်းအားကို အနည်းငယ် ထိန်းညှိလိုက်သည်။ ကြွက်လူဝံနှစ်ကောင်ကို သတ်ဖြတ်ပြီးနောက် သူသည် မီးလက်သီး၏ စွမ်းအားကို ပြန်လည် ရုပ်သိမ်းလိုက်၏။ သို့မဟုတ်ပါက ပေါက်ကွဲမှုအရှိန်ကြောင့် ကုန်တိုက်တစ်ခုလုံး မီးဟုန်းဟုန်း တောက်သွားနိုင်ပေသည်။ အကယ်၍ ရှင်းရှားသာ ထိခိုက်သွားပါက ၎င်းမှာ သူ ကျူးလွန်မိသည့် အကြီးမားဆုံးသော အပြစ်ဒဏ် ဖြစ်ပေလိမ့်မည်။
"ရှင်းရှား...ရှင်းရှား..."
မိုဖန်သည် ကြွက်ပြာများကိုပင် လှည့်မကြည့်နိုင်ဘဲ ရေခဲသေတ္တာတန်း၏ အဆုံးသတ်ဆီသို့ အလောတကြီး ပြေးသွားတော့၏။ သူ၏ ရှေ့တွင် ဝှီးချဲကို မြင်တွေ့လိုက်ရပြီး ဧရာမ ရေခဲသေတ္တာကြီးမှာလည်း သူ၏ အမြင်အာရုံထဲသို့ ရောက်ရှိလာပေသည်။ ရေခဲသေတ္တာအတွင်း၌ ယဲ့ရှင်းရှားသည် အိပ်ပျော်နေသော နတ်သမီးလေးတစ်ဦးကဲ့သို့ လဲလျောင်းနေသည်။ မူလကပင် ဖြူစင်လှသော သူ၏ အသားအရည်မှာ ယခုအခါတွင်မူ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ဖြူဖျော့နေတော့၏။ ငြိမ်းချမ်းလှသော သူ၏ မျက်နှာတွင် သွေးရောင်ဟူ၍ မရှိတော့ပေ။ သူ၏ မျက်လုံးနှစ်ဖက်ကို တင်းတင်းမှိတ်ထားပြီး ရှည်လျားလှသော မျက်တောင်များပေါ်တွင်မူ နှင်းခဲအချို့ ရှိနေသည်။ ၎င်းမှာ အေးခဲနေသော မျက်ရည်တစ်စက်နှင့်ပင် တူလှ၏။
မိုဖန်သည် သူ့ကို အမြန်ပင် ပွေ့ချီထုတ်လိုက်သော်လည်း အေးစက်လှသော သေမင်း၏ အငွေ့အသက်ကိုသာ ခံစားလိုက်ရသည်။
"ရှင်းရှား..."
မိုဖန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
"နိုးစမ်းပါ... နိုးပါဦး... ငါ မိုဖန်ပါ... ငါ မိုဖန်လေ...မင်းကို ကယ်ဖို့ ငါ ရောက်လာပြီ"
မိုဖန်၏ ခန္ဓာကိုယ်မှ မီးလျှံများ ထွက်ပေါ်လာသည်။ သူသည် ရှင်းရှား၏ သေးငယ်လှသော ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲတွင် ထည့်ကာ ပွေ့ပိုက်ထားလိုက်၏။ ဤမီးလျှံများက အေးခဲနေသော ယဲ့ရှင်းရှားကို နိုးထလာအောင် ကူညီနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။ အပူရှိန်မှာ အစဉ်မပြတ် စီးဆင်းသွားပြီး မိန်းကလေး၏ အသက်ကို နှုတ်ယူရန် ကြိုးစားနေသော နှင်းခဲများကို အမြန်ပင် ဖယ်ရှားပေးလိုက်၏။ သူမ၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ပြန်လည် နွေးလာသည်။
ရပ်တန့်လုနီးပါး ဖြစ်နေသော သူမ၏ အသက်ရှူသံမှာလည်း ပြန်လည် စတင်လာတော့၏။ လေးလံလှသော မျက်လုံးများကို ဖွင့်ကြည့်လိုက်ချိန်တွင် သူမကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသော နွေးထွေးလှသော ခန္ဓာကိုယ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ ယဲ့ရှင်းရှားသည် ဤနွေးထွေးမှုမှာ သူမ တစ်ခါမျှ မခံစားဖူးသော်လည်း အလွန်ပင် ရင်းနှီးနေသည်ဟု ခံစားလိုက်ရ၏။
"အစ်ကို မိုဖန်လား..." ယဲ့ရှင်းရှား၏ အသံမှာ အလွန်ပင် အားနည်းလှသဖြင့် မကြားတကြားပင် ရှိနေသည်။ ၎င်းမှာ သူ ဖြစ်နေလိမ့်မည်ဟု သူမ မယုံကြည်နိုင် ဖြစ်နေမိ၏။ အချို့က ပြောကြသည်မှာ လူတစ်ယောက် မသေဆုံးခင်မှာ အာရုံမှားမှုများ ဖြစ်ပေါ်တတ်သည် ဆိုကြသည်။ ယဲ့ရှင်းရှားသည်လည်း ဤအရာမှာ မီးခြစ်ရောင်းသည့် မိန်းကလေး မြင်တွေ့ရသည့် နောက်ဆုံး ပျော်ရွှင်မှု အာရုံမှားတစ်ခု ဖြစ်နေမှာကို ကြောက်ရွံ့နေမိ၏။ သို့သော် သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည့် ခံစားချက်မှာမူ အလွန်ပင် လက်တွေ့ဆန်ပေသည်။
မိုဖန်သည် အသံကို ကြားလိုက်ရချိန်မှသာ ယဲ့ရှင်းရှားမျက်လုံးပွင့်လာပြီး စကားပြောနေသည်ကို သတိပြုမိလိုက်၏။ ဘေးဒုက္ခတစ်ခု၏ ရှေ့မှောက်တွင် လူသားတိုင်း၏ အသက်မှာ အလွန်ပင် အားနည်းပေသည်။ မိုဖန်သည် ဤဘေးဒုက္ခအတွင်း၌ မိန်းကလေးများစွာ သေဆုံးသည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပေသည်။ ယဲ့ရှင်းရှားသာ ထိုသို့ ဖြစ်သွားမည်ကို သူ အလွန်ပင် ကြောက်ရွံ့နေမိခဲ့ခြင်း ဖြစ်၏။ အခြားသူများမှာ ထွက်ပြေးနိုင်စွမ်း ရှိကြသော်လည်း သူမှာမူ မည်သို့ လုပ်နိုင်မည်နည်း။
မိုဖန်သည် ဇွဲမလျှော့ဘဲ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။ ရှင်းရှားမှာ ခြေထောက် မသန်စွမ်းသဖြင့် တစ်နေရာရာတွင် အစွန့်ပစ်ခံရကာ အကူအညီမဲ့စွာဖြင့် သေမင်းကို စောင့်ဆိုင်းနေရလိမ့်မည်ဟု သူ သိနေခဲ့သည်။
"အစ်ကို မိုဖန်... ကျွန်မ ထင်ထားတာက... အစ်ကို့ကို နောက်တစ်ခါ ပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့..."ယဲ့ရှင်းရှား၏ နှလုံးသားမှာ အရည်ပျော်သွားရပြီး သူမ၏ နုနယ်လှသော လက်မောင်းလေးများဖြင့် မိုဖန်ကို မသိစိတ်မှ တင်းတင်းကျပ်ကျပ် ပြန်လည် ပွေ့ဖက်လိုက်သည်။ သူမသည် မိုဖန်၏ နွေးထွေးလှသော ခန္ဓာကိုယ်အတွင်းသို့ အရည်ပျော်ဝင်သွားချင်သည့်အလား လက်မလွှတ်နိုင်အောင် ရှိနေတော့၏။
"ငါက မင်းကို တစ်ယောက်တည်း ထားခဲ့ပြီး ဂရုမစိုက်ဘဲ နေပါ့မလား" မိုဖန်က အက်ရှရှအသံဖြင့် ပြန်လည် ဖြေကြားလိုက်ပေသည်။
ယဲ့ရှင်းရှားက ပြန်မဖြေဘဲ သူ့ကို ပို၍သာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်၏။ တစ်ကမ္ဘာလုံးက သူ့ကို စွန့်ပစ်သွားလျှင်ပင် မိုဖန်ကတော့ စွန့်ပစ်မည် မဟုတ်ပေ။ ဤအမှန်တရားကို သူ ယခုအခါတွင် လုံးဝ သံသယ မရှိပေ။
ဘေးဒုက္ခ စတင်ချိန်ကတည်းက အေးစက်လှသော မြေအောက်ကုန်တိုက်အတွင်း၌ သူ တစ်ယောက်တည်း ရှိနေခဲ့စဉ်မှာပင် သူမ မျက်ရည်မကျခဲ့ပေ။ သို့သော် မိုဖန် သူ၏ ရှေ့မှောက်သို့ အမှန်တကယ် ရောက်ရှိလာချိန်တွင်မူ သူ၏ မျက်ရည်များမှာ မထိန်းနိုင်အောင် စီးကျလာတော့သည်။
အခန်း (၁၁၆)ပြီး ***