ယဲ့ရှင်းရှားကို ဝှီးချဲဖြင့် ဈေးဝယ်စင်တာအပြင်ဘက်သို့ တွန်းထုတ်လာပြီးနောက် မိုဖန်သည် နာကျင်စွာဖြင့် တွားသွားနေကြသော ကျန်ရှိနေသည့် အမှောင်သားရဲအချို့ကို တွေ့လိုက်ရသည်။
၎င်းတို့အနက် သုံးကောင်၏ အလောင်းများမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေပြီး အခြားသော သတ္တဝါများ၏ ကိုက်ဖြတ်စားသောက်ခြင်းကို ခံထားရသည့်အလား ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် အမြင့်မှ ပြုတ်ကျပြီးနောက် အသက်ရှင်ကျန်ရစ်သူများမှာ အခြားတစ်နေရာသို့ ခုန်ပျံသွားနိုင်ခဲ့ကြ၏။ သို့သော် ဤကဲ့သို့ ပြင်းထန်စွာ ဒဏ်ရာရထားသော မှော်သားရဲများသည် အခြားသော မှော်သားရဲများအတွက်မူ လူသားများထက်ပင် ပို၍ အရသာရှိသော အစာများ ဖြစ်နေပေသည်။ ၎င်းတို့သာ ဤနေရာမှ ထွက်သွားမည်ဆိုပါက အခြားသားရဲများ၏ စားသောက်ခြင်းကို ခံရပေလိမ့်မည်။
မြို့ပြင်ဘက်တွင်မူ မှော်သားရဲများသည် တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်ရန် ကြိုးပမ်းလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် မှော်သားရဲတစ်ကောင်၏ ခန္ဓာကိုယ်သည် မှော်ကျောက်တုံးနှင့် ဆင်တူသော စွမ်းအင်များကို ထုတ်လွှတ်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်ပင် အဆင့်မြင့်သော သတ္တဝါတစ်ကောင်၏ အလောင်းကို ရရှိရန်အတွက် မှော်သားရဲအချင်းချင်း အသေအလဲ တိုက်ခိုက်ကြခြင်း ဖြစ်ပေသည်။
"ငါတို့ ကျားမေ့ အဝေးပြေးလမ်းမဆီ သွားရမယ်... အဲဒီလမ်းကနေ သွားရင် ခိုလှုံရာစခန်းကို ရောက်ဖို့ ပိုပြီး ဘေးကင်းလိမ့်မယ်" မိုဖန်က ရှင်းရှားကို ပြောလိုက်သည်။
"အင်း" ရှင်းရှားက ခေါင်းညိတ်ပြသော်လည်း သူ၏ မျက်နှာတွင်မူ စိုးရိမ်ရိပ်အချို့ ရှိနေဆဲ ဖြစ်၏။
မိုဖန်က အသာအယာ ပြုံးလိုက်ရင်း "ရှင်းရှား စိတ်မပူပါနဲ့... ငါတို့ မှော်သားရဲတွေနဲ့ တွေ့မှာ မဟုတ်ဘူး" ပြောလိုက်သည်။
ရှင်းရှားသည် မိုဖန်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။
ဤနေရာတစ်ခုလုံးမှာ မှော်သားရဲများ ဝိုင်းရံထားသည်မှာ ထင်ရှားလှပါလျက်နှင့် သူက ဘာကြောင့် မတွေ့နိုင်ဘူး ပြောရသနည်း။ ဤသို့ နှစ်သိမ့်စကား ပြောခြင်းမှာ အနည်းငယ် ပိုလွန်းနေသည် မဟုတ်ပါလား။
မိုဖန်သည် ရှင်းရှားကို လမ်းမကြီးအတိုင်း တွန်းလာခဲ့သည်။
သူသည် တစ်ခါတစ်ရံတွင် လမ်းလျှောက်လိုက်၊ တစ်ခါတစ်ရံတွင် ရပ်လိုက်၊ တစ်ခါတစ်ရံတွင် အရှိန်မြှင့်လိုက်နှင့် တစ်ခါတစ်ရံတွင်မူ ပုန်းကွယ်စရာ နေရာတစ်ခု ရှာလိုက်ဖြင့် ပြုလုပ်နေ၏။
သို့သော် သူ၏ ထူးဆန်းလှသော လုပ်ရပ်များကြောင့်ပင် ပတ်ဝန်းကျင်တွင် လှည့်လည်နေသော မှော်သားရဲများကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ ဤသည်မှာ တစ်စုံတစ်ယောက်က ဂြိုဟ်တုမှတစ်ဆင့် မိုဖန်ကို လမ်းညွှန်နေသည်ဟုပင် ရှင်းရှားကို ထင်မှတ်သွားစေတော့၏။
၎င်းတို့ ဆက်လက် လျှောက်လှမ်းလာကြရာတွင် အမှန်တကယ်ပင် မည်သည့် ပြဿနာမျှ မရှိခဲ့ပေ။ တစ်ခါတစ်ရံတွင် မှော်သားရဲအချို့ ပေါ်လာတတ်သော်လည်း ၎င်းတို့မှာ တစ်စုံတစ်ခုကို ထိတ်လန့်နေကြသည့်အလား လမ်းကြောင်းပြောင်းကာ ထွက်ပြေးသွားကြသည်။
ဤအရာအားလုံးကို ရှင်းရှား မြင်တွေ့နေရပေသည်။ လမ်းမပေါ်တွင် အတော်ကြာအောင် ရွေ့လျားပြီးနောက် သူမ မေးမြန်းရန် ဆုံးဖြတ်လိုက်၏။ "အစ်ကို မိုဖန်... အဲဒီ သားရဲတွေက အစ်ကို့ကို ကြောက်နေကြတာနဲ့ တူတယ်နော်"
အမှန်စင်စစ် ထိုလှည့်လည်နေသော မှော်သားရဲများသည် ၎င်းတို့ကို မြင်လျှင်ပင် တမင်တကာ ရှောင်ရှားသွားကြသည်။ ၎င်းမှာ တွေ့သမျှအရာအားလုံးကို စားသောက်တတ်သော မှော်သားရဲတို့၏ သဘာဝနှင့် လုံးဝ ဆန့်ကျင်နေသည်။ ထို့ပြင် ထိုသားရဲများ၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များကိုပါ ရှင်းရှားမြင်တွေ့လိုက်ရ၏။
"အဲဒါ သူတို့က အလကားဖြစ်ကျတာ မဟုတ်ဘူး... ငါ့ခန္ဓာကိုယ်က ထွက်နေတဲ့ အရှိန်အဝါ ကြောင့် ငါက ပိုပြီး အစွမ်းထက်တယ်ဆိုတာကို သူတို့ အာရုံခံမိနေကြတာ" မိုဖန်က ပြုံးလျက် ပြောလိုက်သည်။
"အစ်ကို့ရဲ့ အရှိန်အဝါက သူတို့ထက် ပိုပြင်းထန်တာလား..." ရှင်းရှားသည် ခေါင်းငုံ့ကာ စဉ်းစားလိုက်၏။ စက္ကန့်အနည်းငယ်အကြာတွင် သူရုတ်တရက် သဘောပေါက်သွားပြီး လှပသော မျက်နှာထက်တွငအပြုံးတစ်ခု ပေါ်လာပေသည်။ "အစ်ကို မိုဖန်... အစ်ကိုက... အလယ်အလတ်အဆင့် မှော်ဆရာ ဖြစ်သွားပြီလား"
"ဟုတ်တယ်... ဟားဟား...ဒီမှော်သားရဲတွေက အုပ်စုလိုက်ကြီး မဟုတ်ရင်တော့ ငါ့ဆီလာတာက သေတွင်းထဲ လာတာနဲ့ အတူတူပဲ" မိုဖန်က သူမကို ဝင့်ကြွားစွာ ပြုံးပြလိုက်ပေသည်။
အခြေခံအဆင့်နှင့် အလယ်အလတ်အဆင့် မှော်ဆရာတို့၏ ကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ပင် ဖြစ်သည်။ သူ ဈေးဝယ်စင်တာထဲသို့ ဝင်စဉ်က မှော်သားရဲများကို လန့်သွားမှာ စိုးရိမ်သဖြင့် အလွန်ပင် သတိထားကာ သွားခဲ့ရ၏။
ယခုမူ မိုဖန်သည် ၎င်းတို့ရှေ့တွင် အေးအေးလူလူ လမ်းလျှောက်နိုင်ပြီဖြစ်ပြီး ၎င်းတို့မှာ သူ့ကို ဘာမျှမလုပ်ဝံ့ကြပေ။ အကယ်၍ တစ်ခုခု လုပ်လာမည်ဆိုလျှင်လည်း သူက ကွက်တိ သတ်ဖြတ်နိုင်စွမ်း ရှိပေသည်။
သို့သော် မိုဖန်သည် တမင်တကာ ပြဿနာရှာရန်တော့ စိတ်မကူးပေ။
အမှန်တရားမှာ သူသည် အလယ်အလတ်မှော်အတတ်ကို အလုံးစုံ မကျွမ်းကျင်သေးပေ။ သူ အလယ်အလတ်မှော်ကို သုံးနိုင်ခြင်းမှာ အလှနတ်သမီးလေး ဆရာမ ထန်ယွဲ့ပေးထားသော စာအုပ်လေးအုပ်ကြောင့် ပင် ဖြစ်ပေသည်။
မိုဖန်သည် စာအုပ်နှစ်အုပ်ကို သုံးပြီးသွားပြီဖြစ်ရာ ယခု သူ၏ လက်ထဲတွင် နောက်ထပ် စာအုပ်နှစ်အုပ်သာ ကျန်ရှိတော့သည်။ ဆိုလိုသည်မှာ သူသည် ယခုမှစ၍ အလယ်အလတ်မှော်ကို နှစ်ကြိမ်သာ သုံးနိုင်တော့မည် ဖြစ်၏။ ထို့ပြင် မှော်စွမ်းအင် သုံးစွဲမှုမှာလည်း မြင့်မားလှသဖြင့် မိုဖန်သည် တမင်သက်သက် ရန်မစခြင်း ဖြစ်ပေသည်။
"ဒါကြောင့်ကိုး... ဒါဆိုရင် အစ်ကို မိုဖန်ရဲ့ အာရုံခံနိုင်စွမ်းကလည်း ပိုပြီး ကောင်းလာတာပေါ့နော်"ရှင်းရှားက ဝမ်းသာအားရ မေးမြန်းလိုက်၏။
"ဟုတ်တယ်... လမ်းနှစ်လမ်းလောက် ဝေးတဲ့နေရာက မှော်သားရဲတွေရဲ့ လှုပ်ရှားမှုကိုတောင် ငါ ခံစားနေရတယ်" မိုဖန်က အတည်ပြုပေးလိုက်သည်။
အလယ်အလတ်အဆင့် မှော်ဆရာများသည် အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်ကြပေသည်။ ဤအာရုံခံနိုင်စွမ်းမှာ ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုများကို လျင်မြန်စွာ သိရှိနိုင်ရုံသာမက စွမ်းအင်များ၏ အတက်အကျကိုပါ ခံစားနိုင်ခြင်း ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးပမ်းမည်ဆိုပါက အလယ်အလတ်အဆင့် မှော်ဆရာ၏ အာရုံခံနယ်ပယ်အတွင်းသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ဤအချက်က ၎င်းတို့ကို ချက်ချင်းပင် တန်ပြန်တိုက်ခိုက်နိုင်စေရန် အထောက်အကူပြုပေသည်။
ဤသည်မှာ ၎င်းတို့ကို အခြေခံအဆင့် မှော်ဆရာထက် ပို၍ အစွမ်းထက်စေသည့် အချက်ပင် ဖြစ်ပေသည်။
ရှင်းရှား၏ ဝမ်းသာမှုမှာ သူ၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသည်။ သူ၏ နီမြန်းနေသော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် ပို၍ပင် ချစ်စရာကောင်းနေသဖြင့် မိုဖန်ပင်လျှင် သူမကို နမ်းရှိုက်ချင်စိတ် ပေါက်သွားရ၏။
ရှင်းရှားက တစ်ခုခု ပြောရန် ပြင်လိုက်ချိန်တွင် မိုဖန်၏ မျက်မှောင်ကြုတ်သွားမှုနှင့်အတူ သူ၏ ပုံစံမှာ အလွန်ပင် တည်ကြည်လေးနက်သွားသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲဟင်" ရှင်းရှားက တိုးတိုးလေး မေးလိုက်၏။
"ချီးပဲ... ငါ့ဆီကို မှော်သားရဲ အုပ်စုလိုက်ကြီး လာနေတာတော့ မဟုတ်ပါစေနဲ့... အရင် ပုန်းရအောင်..." မိုဖန်က ကျိန်ဆဲလိုက်ပေသည်။
မိုဖန်သည် ရှင်းရှားကို အဆောက်အဦးတစ်ခုဆီသို့ အမြန်ပင် တွန်းသွားလိုက်၏။ ရှင်းရှား၏ စကားကိုပင် နားမထောင်ဘဲ မိုဖန်သည် သူ့ကို တိုက်ရိုက် ပွေ့ချီကာ အဆောက်အဦး၏ အပေါ်ထပ်ဆီသို့ အမြန်ပင် ပြေးတက်သွားတော့သည်။
ပုံမှန်ဆိုလျှင်မူ မိုဖန်သည် ရှင်းရှား၏ ခန္ဓာကိုယ်မှ မွှေးရနံ့ကို ခံစားကာ သူ၏ ခါးလေးကို ဖက်ထားခြင်းဖြင့် အခွင့်ကောင်း ယူပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ မိုဖန်သည် မည်သည့်အရာကိုမျှ စိတ်ကူးမယဉ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်တွင် မှော်သားရဲ အုပ်စုကြီးတစ်ခုကို သူ အာရုံခံမိနေသောကြောင့် ဖြစ်၏။
ထိုမှော်သားရဲများသည် ပြေးလွှားနေကြပြီး ၎င်းတို့၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှပေသည်။ မိုဖန် အဆောက်အဦးအတွင်းသို့ ရောက်ရှိချိန်မှာပင် ဝေးလံလှသော လမ်းမများပေါ်မှ တဂျိန်းဂျိန်း မြည်ဟည်းသံများကို ကြားနေရပြီ ဖြစ်၏။
မိုဖန်သည် ရှင်းရှားကို ပွေ့ချီလျက် ငါးထပ်မြောက်သို့ ပြေးတက်သွားပေသည်။ ပြတင်းပေါက်မှတစ်ဆင့် ဘေးကလမ်းမပေါ်တွင် ရေတွက်၍မရနိုင်သော မှော်သားရဲများကို မြင်တွေ့လိုက်ရ၏။
မျက်လုံးတစ်လုံး မှော်ဝံပုလွေများ၊ မျက်လုံးကြီး ကြွက်လူဝံများ၊ ထိုယုတ်ညံ့သော သတ္တဝါများသည် ဒီရေအလား လမ်းမများကို လျင်မြန်စွာ ဖုံးလွှမ်းသွားကြပေသည်။ ထို့ပြင် ၎င်းတို့သည် တစ်စုံတစ်ခုကို အသည်းအသန် လိုက်လံဖမ်းဆီးနေကြသည့်အလား ရှိနေသည်။
မိုဖန်၏ ပွေ့ချီခြင်းကို ခံထားရသောယဲ့ရှင်းရှားမှာလည်း အသက်ပင် ပြင်းပြင်းထန်ထန် မရှူဝံ့ပေ။
သူသည်လည်း ထိုနေရာတစ်ခုလုံးကို လွှမ်းမိုးထားသော မှော်သားရဲတို့၏ ပြင်းထန်လှသော အရှိန်အဝါကို ခံစားနေရသည်။ အကယ်၍ ၎င်းတို့သာ တွေ့ရှိသွားမည်ဆိုပါက မိုဖန်သည် အလယ်အလတ်အဆင့် မှော်ဆရာ ဖြစ်နေစေကာမူ ဤသားရဲဒီရေလှိုင်းကြီးအောက်တွင် ဝါးမြိုခံရမည်သာ ဖြစ်ပေသည်။
"အဲဒါ သင်တန်းဆရာတွေပဲ" မိုဖန်သည် အသည်းအသန် ထွက်ပြေးနေကြသော လူတစ်စုကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။
လမ်းမပေါ်တွင် လော့ယွင်ပေါ်သည် လေလမ်းကြောင်းကို သုံးကာ ပျံသန်းသကဲ့သို့ ပြေးနေပြီး သူ ဆွဲခေါ်လာသူမှာ အမျိုးသမီး သင်တန်းဆရာ ဖန်လီကျွင်းပင် ဖြစ်သည်။
အခြားသော တိုက်ပွဲဝင်မှော်ဆရာတစ်ဦးမှာလည်း အခြားလမ်းတစ်ခုမှ ထွက်ပြေးနေ၏။ ဤထွက်ပြေးနေသူများကို လမ်းပြနေသူမှာမူ မုဆိုးအဖွဲ့၏ ခေါင်းဆောင် ရွှီတာဟွမ် ပင် ဖြစ်သည်။
မိုဖန် ရှိနေသော နေရာမှ မင်ဝမ် မိန်းကလေး အလယ်တန်းကျောင်းကို လှမ်းမြင်နေရသည်။ ထိုဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ကျောင်းဆောင်ကြီး အကြီးအကျယ် ပြိုကျပျက်စီးနေသည်ကို တွေ့လိုက်ရ၏။ အထူးသဖြင့် ထမင်းစားဆောင် ပတ်ဝန်းကျင်တွင် ဖြစ်ပေသည်။ ထမင်းစားဆောင်နှင့် ကစားကွင်းတို့မှာ မရှိတော့ဘဲ ဧရာမ ကျင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
"သူတို့ အောင်မြင်သွားပြီ" မိုဖန်သည် အလွန်ပင် ဝမ်းသာသွားရသည်။
မင်ဝမ်ရပ်ကွက်အတွင်းရှိ မှော်သားရဲများ ထွက်ပေါ်လာရာ အပေါက်ကြီးမှာ အလွန်ပင် ကြီးမားလှသည်။ အကယ်၍ ၎င်းတို့သည် ထိုနေရာကို ဖျက်ဆီးနိုင်ခဲ့မည်ဆိုပါက မှော်သားရဲများ ထပ်မံဝင်ရောက်လာမှုကို တားဆီးနိုင်မည်ဖြစ်ပြီး ပိုမြို့ကြီးကို ကယ်တင်လိုက်နိုင်ပြီဟု ဆိုနိုင်ပေသည်။
“ဒါဆိုရင် အရာရှိ ချန်ကော ဘယ်မှာလဲ...”
မိုဖန်သည် ထိုသူကို မည်သည့်နေရာတွင်မျှ မတွေ့ရကြောင်း သတိပြုမိလိုက်၏။ လော့ယွင်ပေါ်နှင့် ဖန်လီကျွင်းတို့မှာ မှော်သားရဲများ၏ ဝိုင်းရံခြင်းကို ခံထားရပြီဖြစ်ရာ မကြာခင်မှာပင် ဝါးမြိုခံရတော့မည် သေချာပေသည်။
၎င်းတို့အားလုံး သေကုန်ကြသည်လား။ မိုဖန်၏ မျက်နှာတွင် အကူအညီမဲ့မှုများ ပေါ်ပေါက်လာတော့၏။
ဤသည်မှာ အမှန်တကယ်ပင် ပြန်မလာနိုင်သော မစ်ရှင်တစ်ခု ဖြစ်ပေသည်။ အလယ်အလတ်အဆင့် မှော်ဆရာဖြစ်သော အရာရှိ ချန်ပင်လျှင် ထိုနေရာတွင် သေဆုံးသွားခဲ့ရလေပြီ။
"ရှင်းရှား... ငါတို့ ခေါင်မိုးပေါ် သွားရအောင်..." မိုဖန်သည် ရှင်းရှားကို ပွေ့ချီကာ အဆောက်အဦး၏ ခေါင်မိုးဆီသို့ လျှောက်သွားလိုက်သည်။
၎င်းတို့သည် ပိုမြို့၏ စစ်သည်တော်များ ဖြစ်ကြပေသည်။ ဘာလိုပင်ဖြစ်ဖြစ် မိုဖန်သည် ၎င်းတို့ကို ဒီအတိုင်း ထိုင်ကြည့်ပြီး အသေမခံနိုင်ပေ။
အခန်း (၁၁၈)ပြီး ***