ညနေချမ်း အချိန်သို့ ရောက်ရှိလာသော်လည်း **ပိုမြို့**ကြီးမှာ မှိုင်းညို့နေသော မြူနှင်းများအောက်တွင် ဖုံးလွှမ်းနေဆဲ ဖြစ်ပေသည်။
ပုံမှန်ဆိုလျှင် ဤအချိန်၌ ပိုမြို့အတွင်း လင်းထိန်နေသော မီးရောင်စုံများကို တွေ့ရမည်ဖြစ်သော်လည်း ယခုမူ မီးခိုးရောင်သန်းနေသော ပတ်ဝန်းကျင်၌ ကျဲပါးလှသော မိုးစက်မိုးပေါက်များနှင့်အတူ မြို့အနှံ့မှ ရပ်တန့်ခြင်းမရှိသော ဟိန်းဟောက်သံများသာ ကြားနေရ၏။ ဤအခြင်းအရာက အသက်ရှင်ကျန်ရစ်သူများကို ဤမြို့သည် လူသားများ နေထိုင်ရာ မြို့လော သို့မဟုတ် မှော်သားရဲများအတွက် အမဲလိုက်ကွင်းပြင်လော သံသယဝင်စေတော့သည်။
မင်ဝမ်ရပ်ကွက်အတွင်းရှိ နေရာအနှံ့အပြားတွင် အလောင်းများ ပြန့်ကျဲနေပြီး လွတ်မြောက်ရန် လမ်းစမရှိသည့်အလား ထင်မှတ်ရသည်။ စက္ကန့်တိုင်းမှာပင် လူသားများသည် ပုန်းအောင်းရာနေရာများမှ ဆွဲထုတ်ခြင်း ခံနေရပြီး ကျူးကျော်ဝင်ရောက်လာသော မှော်သားရဲတို့၏ ဝမ်းဗိုက်အတွင်းရှိ အစာများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားကြသည်။
ထိုအချိန်မှာပင် နေဝင်ဆည်းဆာ၏ မှေးမှိန်လှသော အလင်းတန်းတစ်ခုသည် မှောင်မိုက်သော ညအလှသို့ ကူးပြောင်းသွားချိန်တွင် မှော်သားရဲ အုပ်စုများစွာသည် လမ်းမများပေါ်၌ သောင်းကျန်းနေကြပေသည်။ ၎င်းတို့သည် ယုတ်ညံ့လှသော လူသားတစ်စုက ၎င်းတို့၏ တန်ဖိုးရှိလှသော ဝင်ပေါက်လမ်းကြောင်းကို ဖျက်ဆီးလိုက်သည့်အတွက် အလွန်ပင် ဒေါသထွက်နေကြခြင်း ဖြစ်၏။
လူသားခေါ်သော အရသာရှိလှသည့် အစာများကို မမြည်းစမ်းရသေးသည့် မှော်သားရဲများစွာ ရှိနေသည်။ ၎င်းတို့ ဤမြို့ကို အလုံးစုံ မသိမ်းပိုက်နိုင်သေးမီမှာပင် မြို့အတွင်းသို့ ဝင်ရောက်ရာ လမ်းကြောင်းမှာ မထင်မှတ်ဘဲ ဖျက်ဆီးခြင်း ခံလိုက်ရပေပြီ။
အနီးအနားရှိ မှော်သားရဲများသည် ဒေါသတကြီးဖြင့် ထိုလမ်းကြောင်းကို ဖျက်ဆီးခဲ့သော လူသားများကို အသည်းအသန် လိုက်လံရှာဖွေနေကြသည်။ လူသားများကြားတွင် အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦး ပါဝင်နေစေကာမူ ၎င်းတို့သည် ဤကိစ္စကို အလျှော့ပေးလိမ့်မည် မဟုတ်ပေ။
ထိုအစွမ်းထက်လှသော လူသားမှာ ၎င်းတို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဖြစ်ရာ ကြွက်များအလား ထွက်ပြေးနေကြသော လူလေးဦးသာ ကျန်ရှိတော့ပေသည်။
"ခေါင်းဆောင်... တော်ပါတော့... ငါတို့ ထပ်ပြီး မပြေးနိုင်တော့ဘူး" ဖန်လီကျွင်းသည် သူ၏ အားအင်အားလုံးကို သုံးကာ ထွက်ပြေးနေသော လော့ယွင်ပေါ်ကို ဝမ်းနည်းစွာ ကြည့်ရင်း လက်လျှော့လိုက်သည့် လေသံဖြင့် ပြောလိုက်သည်။
သူသည် ဤမစ်ရှင်အဖွဲ့သို့ စတင်ဝင်ရောက်ကတည်းက ပြန်မလာတော့ရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
ဝင်ပေါက်ဥမင်လိုဏ်ခေါင်းကို ဖျက်ဆီးနိုင်ခဲ့သော်လည်း အရာရှိ ချန်၏ စတေးမှုနှင့်အတူ အခြေခံအဆင့် မှော်ဆရာလေးများသာဖြစ်သော ၎င်းတို့သည် မှော်သားရဲတို့၏ လိုက်လံဖမ်းဆီးမှုမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။
"ဘာတွေ လျှောက်ပြောနေတာလဲ... သူတို့ရဲ့ အရှိန်က ငါ့ကို မမှီနိုင်ပါဘူး။ ငါ့ကို ယုံစမ်းပါ... ငါတို့ သေချာပေါက် လွတ်မှာပါ" လော့ယွင်ပေါ်က ပြန်ပြောလိုက်၏။
လော့ယွင်ပေါ်သည် လက်မလျှော့သေးပေ။ သေရမှာကို မကြောက်သော သူဟူ၍ မရှိပေ၊ ၎င်းတို့သည် သာမန်လူများထက် ပို၍ စိတ်ဓာတ်ခိုင်မာကြသူများသာ ဖြစ်၏။ မိမိကိုယ်ကိုယ် စတေးရမည့်အချိန် ရောက်လာလျှင်လည်း ၎င်းတို့သည် ဝေခွဲနေမည် မဟုတ်ပေ။
မစ်ရှင်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ အရာရှိ ချန်သည် သူ၏ နောက်ဆုံးမှော်စွမ်းအင်ကို သုံးကာ ၎င်းတို့ လက်မလျှော့စေရန်အတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့လေသည်။
အသက်သည် တန်ဖိုးရှိလှသည်။ ပိုမြို့အတွင်း၌ လူသောင်းနှင့်ချီ၍ သေဆုံးခဲ့ရပြီ ဖြစ်၏။ လော့ယွင်ပေါ်သည် ဤမြို့၌ ကြီးပြင်းလာသူဖြစ်ရာ နောက်ထပ် သေကျေပျက်စီးမှုများကို မမြင်လိုတော့ပေ။ ထို့ပြင် သူ၏ ရဲဘော်ရဲဘက် ဖန်လီကျွင်းကိုလည်း မှော်သားရဲတို့၏ ပါးစပ်အတွင်းသို့ မကျရောက်စေလိုပေ။
ခေါင်းဆောင် ကျန့်ခုံးတစ်ယောက် တောင်ပံနက်ဝံပုလွေ၏ ခေါင်းကို ကိုင်ဆောင်ကာ ဂုဏ်သိက္ခာရှိရှိ ပြန်လာသည်ကို သူ မြင်တွေ့ချင်သေးသည်။ မှော်သားရဲတိုင်း ပိုမြို့အတွင်းမှ နှင်ထုတ်ခံရသည်ကို သူ မြင်လိုသေးသည်။ ထို့ပြင် နာကျင်စွာ အော်ဟစ်သံများနှင့် ငိုယိုသံများ မရှိဘဲ ပိုမြို့ကြီး နဂိုအတိုင်း အေးချမ်းသာယာသွားသည်ကိုလည်း သူ မြင်တွေ့ချင်သေးသည်။ ထို့အတူ ဖန်လီကျွင်းကိုလည်း ဤကဲ့သို့ လက်လျှော့ခွင့် မပေးနိုင်ပေ။
"အာဝူး... အာဝူး...”
ရုတ်တရက်ဆိုသလို ရှေ့ရှိ လမ်းဆုံတွင် မျက်လုံးတစ်လုံး ဝံပုလွေခြောက်ကောင်က လော့ယွင်ပေါ်နှင့် ဖန်လီကျွင်းတို့၏ ထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
ဤလမ်းမကြီးပေါ်တွင် အခြားသော လမ်းကြားဟူ၍ မရှိပေ။ ၎င်းတို့၏ နောက်ကွယ်တွင်လည်း ရာနှင့်ချီသော မှော်သားရဲများက လိုက်ပါလာကြပြီဖြစ်ရာ ဤလူနှစ်ဦး၏ အားနည်းလှသော စွမ်းအားဖြင့် မည်သို့မျှ တိုးထွက်နိုင်မည် မဟုတ်ပေ။ ရှေ့တွင်လည်း ၎င်းတို့၏ နောက်ဆုံးထွက်ပေါက်ကို မျက်လုံးတစ်လုံး ဝံပုလွေခြောက်ကောင်က ဖြတ်တောက်ထားလေသည်။
ဖန်လီကျွင်း၏ မျက်နှာတွင် အားကိုးရာမဲ့မှု အရိပ်အယောင်များ ပေါ်လာတော့၏။ သူသည် အဓိပ္ပာယ်မဲ့သော ရုန်းကန်မှုများကို မပြုလုပ်လိုတော့ပေ။ ဘယ်သို့ပင်ဖြစ်စေ သူသေရမည်သာ ဖြစ်ရာ ဤကမ္ဘာပေါ်တွင် တစ်ယောက်တည်း အသက်ရှင်နေရခြင်းမှာ အပိုသာ သူခံစားနေရသည်။
လော့ယွင်ပေါ်မှာ ကံကြမ္မာကို အရှုံးမပေးလိုသေးပေ။ ၎င်းတို့နောက်ကို ရာနှင့်ချီသော သားရဲများ လိုက်နေသော်လည်း စစ်သည်တော်အဆင့် မှော်သားရဲသာ မပါဝင်ပါက သူ့ကို ဖမ်းမိရန်မှာ မလွယ်ကူပေ။
ဤလမ်းမကြီးကို ကျော်ဖြတ်နိုင်လျှင် ၎င်းတို့အတွက် အသက်ရှင်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။ ကံမကောင်းစွာဖြင့် လှည့်လည်နေသော မှော်သားရဲ ခြောက်ကောင်မှာ ဤနေရာသို့ ရောက်ရှိနေ၏။ ၎င်းတို့ကို အဖော်များက လမ်းပိတ်ရန်အတွက် လှမ်းခေါ်ထားခြင်း ဖြစ်ကြောင်းမှာ ထင်ရှားလှသည်။
“ငါ လက်မလျှော့ဘူး...ငါသာ နည်းနည်းလေး ပိုပြီး အစွမ်းထက်မယ်ဆိုရင် ရလဒ်က ဒီလို ဖြစ်မှာ မဟုတ်ဘူး...”
လော့ယွင်ပေါ်သည် အသက်ရှင်ရန် အခွင့်အရေးကို မျှော်လင့်လျက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ သို့သော် ဘာမျှမရှိပေ။ သို့သော်လည်း အဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်တွင် အဘယ်ကြောင့် မီးလျှံများ၏ တောက်ပမှုကို မြင်နေရသနည်း သူ မသိပေ။
"တောက်လောင်စမ်း..."
မှောင်မိုက်သော ညအမှောင်အတွင်း၌ ကြွေလွင့်လာသော ဥက္ကာခဲတစ်ခုကဲ့သို့ မီးလျှံများသည် လော့ယွင်ပေါ်၏ မျက်လုံးများကို စူးရှသွားစေသည်။ ၎င်းမှာ ဖျက်ဆီးခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
“ပြင်းထန်သော လက်သီး...”
ထိုအချိန်မှာပင် အဆောက်အဦး၏ ခေါင်မိုးပေါ်မှနေ၍ တောက်လောင်နေသော မီးလျှံကြီးသည် အရိပ်များ ဖုံးလွှမ်းနေသော လမ်းမကြီးတစ်ခုလုံးကို လင်းထိန်သွားစေသည်။
တစ်ကိုယ်လုံး မီးလျှံများ ဖုံးလွှမ်းလျက် သူသည် ခေါင်မိုးစွန်းတွင် မတ်တတ်ရပ်နေပြီး မီးလျှံမိစ္ဆာတစ်ကောင်နှင့်ပင် တူပေသည်။ မြို့ကြီး၏ အထက်တွင် ရပ်နေရင်း မီးလျှံများသည် ညအမှောင်ထဲ၌ ဟုန်းဟုန်းတောက်လောင်နေပြီး အပူလှိုင်းများမှာ အရာအားလုံးကို ရိုက်ခတ်သွားတော့၏။
လေထု၏ အပူချိန်မှာ အလိုအလျောက် မီးလောင်ကျွမ်းနိုင်သော အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေသည်။ မိုဖန်သည် သူ၏ မီးလက်သီးကို အစွမ်းကုန် ပစ်လွှတ်လိုက်ချိန်တွင် ဧရာမ မီးလျှံလက်သီးကြီးမှာ အမှောင်နတ်ဘုရားကို တွန်းလှန်နေသော စွမ်းအားတစ်ခုကဲ့သို့ ညအမှောင်ထုကို ထိုးခွဲသွားတော့၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ လင်းထိန်သွားပေသည်။ ထိုဧရာမ မီးလျှံလက်သီးကြီးမှာ တောက်လောင်နေသော ဥက္ကာခဲတစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွား၏။ ၎င်းသည် အဆောက်အဦး အချို့ကို လှပစွာ ကျော်ဖြတ်သွားပြီး လမ်းဆုံဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
“ဘုန်း... ဘုန်း... ဝုန်း...”
ထိုမီးလက်သီးသည် ဖျက်ဆီးရန်အတွက်သာ မွေးဖွားလာခြင်း ဖြစ်ပေသည်။ လောဘတကြီး ရှိနေကြသော ထိုမျက်လုံးတစ်လုံး မှော်ဝံပုလွေခြောက်ကောင်မှာ ဧရာမ ဘီလူးကြီးတစ်ကောင်က ၎င်းတို့ကို လက်သီးဖြင့် ထိုးနှက်လိုက်သည့်အလား ကောင်းကင်ယံမှ မီးလျှံများ ကျဆင်းလာလိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးထားခဲ့ကြပေ။ ဝံပုလွေများသည် ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးပမ်းကြသော်လည်း နောက်ကျသွားခဲ့လေပြီ။ ၎င်းတို့မှာ မီးလှိုင်းများအတွင်း၌ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
ဧရာမ မီးလက်သီးကြီး ကျရောက်သွားသော လမ်းဆုံတွင် ကြီးမားလှသော မီးလောင်ကျင်းကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာတော့၏။ လော့ယွင်ပေါ်နှင့် ဖန်လီကျွင်းတို့၏ လမ်းကို ပိတ်ထားသော ဝံပုလွေ ခြောက်ကောင်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားရပြီး အချို့မှာမူ သနားစဖွယ် ထွက်ပြေးသွားကြသည်။
"ဒါက......" လော့ယွင်ပေါ်နှင့် ဖန်လီကျွင်းတို့မှာ မှင်သက်သွားကြသည်။
၎င်းမှာ ကောင်းကင်ဘုံမှ ပေးသနားလိုက်သော ကောင်းချီးတစ်ခုကဲ့သို့ပင် ဖြစ်၏။ ငရဲတံခါးဝသို့ ခြေလှမ်းလှမ်းနေရသော အချိန်မှာပင် မီးလက်သီးတစ်ချက်က ၎င်းတို့ကို ကယ်တင်လိုက်ခြင်း ဖြစ်ပေသည်။ ၎င်းတို့၏ ယခုလက်ရှိ ခံစားချက်ကို စကားလုံးများဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။
လော့ယွင်ပေါ်၏ တုံ့ပြန်မှုမှာ အလွန်ပင် မြန်ဆန်လှပေသည်။သူသည် လေပြင်းခြေလှမ်းကို ထပ်မံအသုံးပြုကာ ဖန်လီကျွင်းနှင့်အတူ ထွက်ပြေးလိုက်ပေသည်။ ထိုဧရာမ အပေါက်ကြီးကို ကျော်ဖြတ်သွားချိန်တွင် လော့ယွင်ပေါ်သည် ထိုတောက်ပသော မီးလျှံများ မည်သည့်နေရာမှ လာသနည်း လှည့်ကြည့်လိုက်မိ၏။
မီးလျှံများကြားမှ အရိပ်တစ်ခု...
“ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ... အဲဒါ မိုဖန်နဲ့ ဘာကြောင့် တူနေရတာလဲ...ငါများ မှားနေတာလား...”
ဖန်လီကျွင်းလည်း လှည့်ကြည့်လိုက်မိသည်။ သေလုမျောပါး ဖြစ်နေချိန်မှာပင် ဤကဲ့သို့သော အံ့ဖွယ်ဖြစ်ရပ်မျိုး ပေါ်ပေါက်လာလိမ့်မည် သူမတွေးခဲ့ဖူးပေ။ ဤအံ့ဖွယ်ဖြစ်ရပ်မှာ ခေါင်မိုးပေါ်ရှိ လျှို့ဝှက်ဆန်းပြားသော အမျိုးသားတစ်ဦးထံမှ လာခြင်း ဖြစ်ပေသည်။
“သူက ဘယ်သူလဲ...ပိုမြို့ထဲမှာ ငါတို့ မသိသေးတဲ့ ပညာရှင်တွေ ရှိနေသေးတာလား။ သူက ဘာကြောင့် ငါတို့ကို ကယ်ချင်တာလဲ...”
မီးလျှံများ၏ တောက်ပမှုမှာ ဖြည်းဖြည်းချင်း မှေးမှိန်သွားချိန်တွင် ထိုရပ်ကွက်မှာလည်း မှောင်မိုက်မှုအတွင်းသို့ တစ်ဖန် ပြန်လည် ကျရောက်သွားတော့သည်။
ရှင်းရှားသည် ခေါင်မိုးပေါ်တွင် ငြိမ်သက်စွာ ထိုင်နေသည်။ မိန်းကလေးငယ်၏ နုနယ်လှသော အလှတရားမှာ မီးလှိုင်းများနှင့်အတူ လွင့်မြောနေ၏။ သူ၏ ဆံပင်အနက်ရောင်များနှင့်အတူ ဤခေါင်မိုးပေါ်မှာ ရွေ့လျားနေသော အနုပညာလက်ရာတစ်ခုကဲ့သို့ပင် ဖြစ်ပေသည်။
သို့သော် သူ၏ လှပသော မျက်နှာတွင်မူ အံ့ဩမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
သူ၏ လှပသော မျက်လုံးများသည် ခေါင်မိုးစွန်းရှိ အရိပ်ဆီသို့သာ အာရုံစိုက်နေမိသည်။ သူသည် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူ သိနေစေကာမူ ညအမှောင်ထုထဲသို့ မီးလက်သီးတစ်ချက် ပစ်လွှတ်လိုက်ချိန်တွင် မိုဖန်၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများနှင့် ခန့်ညားထည်ဝါမှုမှာ လုံးဝ ပြောင်းလဲသွားသည်ကိုရှင်းရှား ခံစားလိုက်ရသည်။
ရှင်းရှား၏ စိတ်ထဲတွင်မူ မိုဖန်သည် အမြဲတမ်း သူ့ကို နွေးထွေးစွာ ဆက်ဆံတတ်ပြီး ရယ်စရာအတွေးများကို ဝေမျှတတ်သော လူငယ်တစ်ဦးသာ ဖြစ်ပေသည်။ သူသည် ဤကဲ့သို့သော တည်ကြည်လေးနက်ပြီး အကြွင်းမဲ့သော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည် သူ စိတ်ကူးရန်ပင် ခက်ခဲပေသည်။
မိုဖန်သည် ရှင်းရှား၏ အကြည့်မှာ သူ၏ မျက်နှာထက်မှ တစ်ခါမျှ မခွာသည်ကို သတိပြုမိသွားပြီးနောက် ရှက်ပြုံးလေး ပြုံးကာ မသိစိတ်မှ မေးလိုက်မိ၏။
"ငါ့ပုံစံက တော်တော်လေး လန်းမနေဘူးလား"
ထိုအခါမှပင် ရှင်းရှားသည် သူ့ကို ငေးကြည့်နေမိသည်မှာ အနည်းငယ် ကလေးဆန်သွားကြောင်း သတိပြုမိလိုက်၏။ သူ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။ သူသည် အကြည့်ကို လွှဲလိုက်ပြီး မိုဖန်၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ဝံ့တော့ပေ။
ဤအခိုက်အတန့်တွင် ရှင်းရှားသည် သူမ၏ ရင်ထဲ၌ လိပ်ပြာလေးများ ပျံသန်းနေသကဲ့သို့ ခံစားရသော ရင်ခုန်သံကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ရတော့သည်။
အခန်း(၁၁၉)ပြီး ***