မိုဖန်သည် ရွှီတာဟွမ်တို့ အဖွဲ့ကိုလည်း ကူညီချင်မိသော်လည်း သူတို့နှင့် အလွန်ဝေးကွာနaသည်။ သူ၏ မီးလက်သီးမှာ ထိုမျှအထိ အလှမ်းမမီနိုင်ပေ။ ထို့ပြင် ရွှီတာဟွမ်၏ အဖွဲ့မှာလည်း မှော်သားရဲများ ဝိုင်းရံခြင်းကို ခံထားရပြီး ဖြစ်ရာ ၎င်းတို့ အသက်ရှင်နိုင်မလား ဆိုသည်မှာ အဖြေမရှိသေးသော မေးခွန်းတစ်ခုသာ ဖြစ်ပေသည်။
တိုက်ခိုက်မှုအပြီးတွင် မိုဖန်သည် ရှင်းရှားကို ပွေ့ချီကာ အဆောက်အဦးအတွင်းမှ အမြန်ပင် ထွက်ပြေးခဲ့သည်။ ထိုမှော်သားရဲများသည် မျက်စိကန်းနေကြသူများ မဟုတ်သလို ဤကဲ့သို့ သိသာထင်ရှားလှသော တိုက်ခိုက်မှုက ၎င်းတို့ကို နှောင့်ယှက်လိုက်သကဲ့သို့ ဖြစ်သွားစေ၏။ သင်သည် အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦး ဖြစ်နေစေကာမူ ၎င်းတို့က လက်လျှော့ကြမည် မဟုတ်ပေ။ အလယ်အလတ်အဆင့် မှော်ဆရာများသည် အစွမ်းထက်လှပြီး စွမ်းရည်များ ကျွမ်းကျင်ပါက မှော်သားရဲတစ်ကောင်ကို ချက်ချင်း သတ်ဖြတ်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် သားရဲအရေအတွက် များပြားလာပါက မှော်ဆရာတစ်ဦးကို ပြန်လည် အနိုင်ယူနိုင်စွမ်း ရှိကြပေသည်။
ထို့ပြင် အကယ်၍ ထိုသားရဲများက မှော်ဆရာကို မသတ်နိုင်ပါက ၎င်းတို့၏ ခေါင်းဆောင်များကို အော်ဟစ် အကူအညီတောင်းနိုင်သေးသည်။ စစ်သူကြီးအဆင့်မှော်သားရဲများသည် အလယ်အလတ်အဆင့် မှော်ဆရာကို မည်သည့်အခါမျှ ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် မိုဖန် သူ၏ စွမ်းရည်ကို အသုံးပြုပြီး မကြာမီမှာပင် ဤအဆောက်အဦးတစ်ခုလုံးကို မှော်သားရဲ ဒါဇင်ပေါင်းများစွာက ဝိုင်းရံထားလိုက်ပြီး နောက်ထပ် သားရဲများစွာလည်း လာနေကြပြီ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် မိုဖန်သည် ယဲ့ရှင်းရှားနှင့်အတူ အမြန်ဆုံး ထွက်ပြေးနိုင်ခဲ့ပေသည်။ သို့မဟုတ်ပါက သူမကို ကယ်တင်ပြီးနောက် သူ၏ အသက်ကို အလဟဿ စတေးလိုက်ရပေလိမ့်မည်။
ယခုအခါ မိုဖန်တွင် စာအုပ်တစ်အုပ်သာ ကျန်ရှိတော့သည်။ ထိုမှော်သားရဲ ဒါဇင်ပေါင်းများစွာကသာ မိုဖန်၏ စကားကို နားထောင်ပြီး မိုက်မဲစွာဖြင့် အုပ်စုလိုက် ဝိုင်းဖွဲ့နေပေးမှသာ မီးလက်သီးဖြင့် အကုန်လုံးကို အပြတ်ရှင်းနိုင်မည် ဖြစ်၏။ သို့မဟုတ်ပါက အလယ်အလတ်အဆင့် မှော်ဆရာ တစ်ဦးတည်းနှင့် ၎င်းတို့အားလုံးကို သတ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
မိုဖန်သည် အခြေအနေကောင်းတုန်းမှာပင် လက်ရှောင်ကာ အမြန်ဆုံး ထွက်ပြေးခဲ့ပေသည်။ မကြာမီမှာပင် မိုဖန်သည် ကျားမေ့ တံတားသို့ ရောက်ရှိသွားတော့၏။
တံတားပေါ်တွင် စစ်တပ်က ချန်ထားခဲ့သော အနက်ရောင် ဆိုင်ကယ်တစ်စီး ရှိနေဆဲ ဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည် စစ်သူကြီးအဆင့် မှော်သားရဲနှင့် မတွေ့ဆုံပါက ဘေးကင်းလုံခြုံရေး ခိုလှုံရာစခန်းသို့ ချောမောစွာ ရောက်ရှိနိုင်မည် ဖြစ်၏။
ညဉ့်မှာ ပိုမိုနက်ရှိုင်းလာပြီး ပြင်းထန်သော လေတိုးသံများမှာ နားထဲတွင် တဝီဝီ မြည်နေသည်။ ညဉ့်အမှောင်ထုမှာ ကျားသစ်နက်တစ်ကောင်အလား မှောင်မိုက်နေပြီး ခြောက်ကပ်လှသော မြင်ကွင်းနှင့် ရောယှက်နေသည်။ တံတားပေါ်မှနေ၍ အမှောင်ထုအတွင်း ဖုံးလွှမ်းနေသော ပိုမြို့ကြီးကို အထင်းသား မြင်တွေ့နေရ၏။
တစ်ခါတစ်ရံတွင် လမ်းအချို့၌ တောက်ပသော မှော်အတတ်များ၏ အလင်းတန်းများကို မြင်ရတတ်ပြီး အဆောက်အဦးများအတွင်းမှ ဟိန်းဟောက်သံများကိုလည်း ကြားနေရပေသည်။ ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းခဲ့ပြီးနောက် ဤကဲ့သို့သော ဘေးဒုက္ခဆိုးကြီး ဤမြို့ပေါ်သို့ ကျရောက်လာလိမ့်မည် မည်သူက ထင်ထားမည်နည်း။ သို့မဟုတ် ဤသည်မှာ ဤကမ္ဘာကြီးသည် ဘယ်သောအခါမျှ ငြိမ်းချမ်းမှုမရှိဘဲ စစ်ပွဲများ အမြဲတမ်း ဖြစ်ပွားနိုင်သည်ပြောနေခြင်းလား။ ၎င်းမှာ မိုဖန် မွေးဖွားခဲ့သော ကမ္ဘာနှင့် လုံးဝကို ကွာခြားလှပေသည်။
ထိုကမ္ဘာတွင် လူသားများသည် အခြားလူသားများနှင့် အမြဲ စစ်ခင်းနေကြသော်လည်း ဤနေရာတွင်မူ လူသားများနှင့် မှော်သားရဲများ အတူယှဉ်တွဲ နေထိုင်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။
နောက်တစ်နေ့ မိုးသောက်ချိန်တွင် ပိုမြို့ကြီး ပြောင်းလဲသွားမလား သို့မဟုတ် မှော်ဆရာများက မှော်သားရဲများကို မြို့ပြင်သို့ အလုံးစုံ နှင်ထုတ်နိုင်မလား ဆိုသည်ကို မိုဖန် မသိပေ။ သူသည် သူ၏ ယုံကြည်ချက်အတိုင်းသာ ရှေ့ဆက်နိုင်ပေသည်။ သူ၏ ရင်ခွင်ထဲတွင် ပုန်းအောင်းနေသော ရှင်းရှားမှာမူ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့လေပြီ။
ထိုအချိန်တွင် ကျန်းဟိုက ငိုယိုကာ ပြောခဲ့သော စကားကို သူ သတိရလိုက်မိ၏။ "ငါ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အစွမ်းထက်အောင် လုပ်ရမယ်" တဲ့။ “ငါ ကံကောင်းခဲ့ပါတယ်... ဘာလို့လဲဆိုတော့ ငါ အလေးအနက်ထားရတဲ့ လူဟာ ဒီဘေးဒုက္ခထဲမှာ သေမသွားခဲ့လို့ပဲ။ ဒါပေမဲ့ ငါ အမြဲတမ်း ကံကောင်းနေလိမ့်မယ်လို့တော့ မထင်ဘူး...။ အကယ်၍ ငါ ရေခဲသေတ္တာဆီ ရောက်သွားချိန်မှာ ရှင်းရှားရဲ့ အေးစက်နေတဲ့ အလောင်းကိုသာ ပွေ့ချီခဲ့ရမယ်ဆိုရင် ငါ ဘာလို့ ဒီထက် ပိုပြီး အစွမ်းမထက်ခဲ့ရတာလဲ ဆိုပြီး ငါ့ကိုယ်ငါ တစ်သက်လုံး အပြစ်တင်နေမိမှာ...”
"ရှင်းရှား... ငါတို့ ရောက်တော့မယ်" မိုဖန်၏ မျက်လုံးများမှာ ခိုလှုံရာစခန်းဆီသို့ အာရုံစိုက်ထားပေသည်။ လမ်းတစ်လျှောက်လုံး သူ၏ ရင်ထဲတွင် ရင်ခုန်လှုပ်ရှားမှုများမှာ ငြိမ်သက်မသွားသေးပေ။
"အင်း" ရှင်းရှားက အသက်ကိုပြင်းပြင်း ရှူလိုက်သည်။ အသက်ရှင်နေရခြင်း ခံစားချက်မှာ အလွန်ပင် ကောင်းမွန်လှပေသည်။
"ငါ ကြားတာတော့ တောင်ပံတစ်ဖက်ပါတဲ့ မှော်ပစ္စည်းတစ်ခု ရှိတယ်တဲ့။ တကယ်လို့ မင်းရဲ့ ခြေထောက်တွေက မသက်သာသေးဘူးဆိုရင် ငါ မင်းကို နတ်သမီးလေးတစ်ပါး ဖြစ်အောင် လုပ်ပေးရမလား" မိုဖန်က မေးလိုက်သည်။
"အဲဒါက အရမ်းဈေးကြီးမှာပေါ့"
"ဈေးကြီးတာ ဘာမှမဖြစ်ဘူး... မင်းရဲ့ အစ်ကိုက ပိုက်ဆံရှာတဲ့နေရာမှာ တော်တာပဲ...ငါ မင်းအတွက် ပုံစံမျိုးစုံ ဝယ်ပေးလို့ရတယ်... ငှက်တောင်ပံပုံစံ၊ လိပ်ပြာတောင်ပံပုံစံ၊ နတ်သမီးတောင်ပံပုံစံ၊ သားရဲတောင်ပံပုံစံ... အဲ... အဲဒါကတော့ ရွံစရာကြီးပဲ၊ ငါ့ရှင်းရှားရဲ့ လှလှပပ ပုံစံနဲ့ မလိုက်ဖက်ဘူး..." နောက်ဆုံးတွင် ခိုလှုံရာစခန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ညဉ့်နက်ပိုင်းမှာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားခဲ့သည်။
မိုးသောက်ချိန်တွင် တိမ်တိုက်များကို နေထွက်ချိန်က လွှမ်းမိုးသွားပြီး တောက်ပသော အလင်းတန်းများသည် တောင်ကုန်းများ၊ မြစ်များနှင့် မြို့ကြီးပေါ်သို့ ဖြာကျလာတော့၏။
မိုဖန်သည် နံရံတစ်ဖက်ကို မှီလျက် သူ၏ မျက်လုံးများကို ဝေဝါးစွာ ဖွင့်လိုက်ပေသည်။
လူများ ဝမ်းသာအားရ အော်ဟစ်နေကြသံကို သူ ကြားနေရသော်လည်း အဘယ်ကြောင့်မှန်း သူ မသိပေ။ နေထွက်ရာ အရပ်ဆီမှ ဆီးနှင်းကဲ့သို့ ဖြူဖွေးလှသော ကောင်းကင်သိန်းငှက်များ ပျံသန်းလာသည်ကို မြင်လိုက်ရချိန်တွင် မိုဖန်သည် မထိန်းနိုင်တော့ဘဲ စိတ်လှုပ်ရှားသွားရတော့၏။
၎င်းတို့မှာ စစ်ကူများပင် ဖြစ်ပေသည်။ စစ်ကူများ နောက်ဆုံးတော့ ရောက်လာခဲ့လေပြီ။
ကောင်းကင်သိန်းငှက် အုပ်စုကြီးတစ်ခုဖြစ်ပြီး သိန်းငှက်တစ်ကောင်ချင်းစီမှာ အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦးနှင့် ညီမျှပေသည်။
ဤတောင်ပိုင်းမြို့လေးသည် ဤကဲ့သို့ ဘေးဒုက္ခဆိုးနှင့် ရုတ်တရက် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပြီး ပိုမြို့၏ တည်နေရာမှာလည်း အတော်ပင် ဝေးလံလှပေသည်။ စစ်တပ်က စစ်ကူခေါ်ယူမည်ဆိုပါက ပုံမှန်အားဖြင့် အချိန်အတိုင်းအတာတစ်ခု ယူရပေလိမ့်မည်။
သို့သော် ဤပျံသန်းလာသော ကောင်းကင်သိန်းငှက် တပ်ဖွဲ့ကို ကြည့်ခြင်းအားဖြင့် အထက်လူကြီးများမှာ အတော်ပင် ဒေါသထွက်နေပုံရပေသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော အထူးလက်ရွေးစင် ကောင်းကင်သိန်းငှက်မှော်တပ်ဖွဲ့ကို ရှေ့တန်းသို့ အဘယ်ကြောင့် စေလွှတ်ပါမည်နည်း။
ပိုမြို့အတွင်း၌ အလယ်အလတ်အဆင့် မှော်ဆရာ အရေအတွက်မှာ အကန့်အသတ်ရှိပေသည်။ ခေါင်းဆောင် ကျန့်ခုံး၏ လက်အောက်ရှိ ကောင်းကင်သိန်းငှက် တပ်ဖွဲ့ဝင် ကိုးဦးမှာလည်း သူနှင့်အတူ တောင်ပံနက် ဝံပုလွေကို တိုက်ခိုက်နေကြခြင်း ဖြစ်၏။ ၎င်းတို့ အသက်ရှင်သလား သေဆုံးသလား ဆိုသည်ကို သူ မသိပေ။ ဤလူသတ်မှော်သားရဲများကို ပြန်လည် တိုက်ခိုက်ရန်အတွက် အလယ်အလတ်အဆင့် မှော်ဆရာ လုံလောက်ရန်မှာ ခက်ခဲလှသည်၊ အထူးသဖြင့် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေသော တပ်မှူးအဆင့်သတ္တဝါကြီးနှင့် ရင်ဆိုင်ရန် ဖြစ်ပေသည်။
ကောင်းကင်သိန်းငှက်များကို စီးနင်းလာသော စစ်တပ်မှာ ပိုမြို့ကြီး၏ အထက်မှ လျင်မြန်စွာ ပျံသန်းသွားပြီး ကင်းမျှော်စင်ပေါ်သို့ ဆင်းသက်လိုက်ကြပေသည်။
ခန့်ညားထည်ဝါလှသော အဖြူရောင်သိန်းငှက်ကြီးများ ဆင်းသက်လာသည်ကို ကြည့်ရင်း၊ ထိုစစ်တပ်မှော်ဆရာများ၏ အရှိန်အဝါကို မြင်တွေ့ရချိန်တွင် ပိုမြို့ကြီး နောက်ဆုံးတော့ ကာကွယ်ခြင်း ခံလိုက်ရပြီဖြစ်ကြောင်း သူ သိလိုက်ပေသည်။
ကောင်းကင်သိန်းငှက်တပ်ဖွဲ့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းပေသည်။ ၎င်းမှာ မြို့အတွင်း လှည့်လည်နေသော သားရဲများကို ရှာဖွေ သတ်ဖြတ်ရန် ဖြစ်၏။
စစ်သည်အဆင့်သားရဲများကို ကိုင်တွယ်ပြီးပါက အစေခံအဆင့်သားရဲများသည် မှော်ဆရာများ၏ ဗုံးကြဲတိုက်ခိုက်မှုကို မည်သို့မျှ မခုခံနိုင်တော့ပေ။
လွန်ခဲ့သောညက မှော်ဆရာများသည် ခိုလှုံရာစခန်းများတွင် ပုန်းအောင်းကာ သားရဲများကို ခုခံတိုက်ခိုက်ခဲ့ရသော်လည်း ယခုအခါတွင်မူ မှော်ဆရာအားလုံးသည် အုပ်စုငယ်လေးများ ခွဲလိုက်ကြပေပြီ။ ၎င်းတို့သည် ခိုလှုံရာစခန်းကို အမာခံစခန်းအဖြစ် အသုံးပြုကာ ပိုမြို့အတွင်းရှိ မှော်သားရဲများကို လိုက်လံနှိမ်နင်းနေကြတော့သည်။
သားရဲများ ထွက်ပေါ်ရာ ဝင်ပေါက်များကို တစ်ခုပြီးတစ်ခု ဖျက်ဆီးလိုက်ကြပေသည်။ ပိုမြို့အတွင်းရှိ သားရဲတစ်ကောင်ကို သတ်နိုင်ခြင်းမှာ ခြိမ်းခြောက်မှုတစ်ခု လျော့နည်းသွားခြင်းပင် ဖြစ်၏။ နေရာတစ်ခုလုံးမှာ သားရဲများ မျိုးတုံးသုတ်သင်ရေး နယ်မြေအဖြစ်သို့ ပြောင်းလဲသွားခဲ့ပေပြီ။
သုတ်သင်နှိမ်နင်းခြင်း လုပ်ငန်းမှာ တစ်ပတ်လုံးလုံး ကြာမြင့်ခဲ့ပေသည်။ ၎င်းတွင် မြောင်းများအတွင်းကိုပါ အကြိမ်ကြိမ် အပြတ်ရှင်းလင်းခြင်းများ ပါဝင်ပေသည်။ ကြွက်အချို့ ကျန်ရှိနေနိုင်သော်လည်း ၎င်းတို့မှာ မြေပြင်ပေါ်သို့ သေချာပေါက် ထွက်လာဝံ့တော့မည် မဟုတ်ပေ။
ရက်ပေါင်းများစွာ ကြာအောင် နှိမ်နင်းပြီးနောက် ပိုမြို့ကြီးသည် နောက်ဆုံးတွင် ငြိမ်းချမ်းသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပေသည်။ သို့သော် ပိုမြို့သည် ယခင်က ပိုမြို့ မဟုတ်ခဲ့ပေ။
ပျက်စီးနေသော အဆောက်အဦးများမှာ နေရာအနှံ့ ရှိနေပြီး တံတားများမှာလည်း ပြိုကျနေပေသည်။ အရာအားလုံးမှာ ရှုပ်ပွနေပြီး တစ်ခါတစ်ရံတွင် ကလေးငယ်များ ကစားနေရင်းမှ အလောင်းများကို တွေ့ရှိတတ်ကြရာ ၎င်းတို့မှာ အလွန်ပင် ထိတ်လန့်သွားကြရပေသည်။
ဤပိုမြို့သည် ယခင်က ပိုမြို့ဟောင်း မဟုတ်ပေ။ ထိုယုတ်မာလှသော မိုးစက်များက လူများစွာ၏ နှလုံးသားတွင် အရိပ်မည်းကြီးများ ချန်ရစ်ခဲ့ပေပြီ။ ၎င်းတို့မှာ အိပ်မပျော်နိုင်ကြဘဲ မိုးရွာမှာကိုပင် ကြောက်ရွံ့နေကြတော့၏။
မြို့တစ်ခုလုံးမှာ မီးခိုးဖြူရောင် လွှမ်းမိုးနေပေသည်။ လူများစွာမှာ ဆွေမျိုးသားချင်းများကို ဆုံးရှုံးခဲ့ရပြီး လူသောင်းနှင့်ချီ၍ သေဆုံးခဲ့ရ၏။ ဤမြို့ကြီးမှာ သုသာန်တစ်ခုနှင့် မခြားတော့ပေ။ "အေး... အားလုံးက ထွက်သွားကြတော့မှာပဲ" မိုကျားရှင်း သည် အိမ်ထဲတွင် ထိုင်ရင်း စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ဆေးလိပ်သောက်နေသည်။
မိုဖန်၏ အဒေါ် မိုချင်းမှာ အသက်ရှင်နေဆဲ ဖြစ်သော်လည်း သူ၏ ဦးလေးမှာမူ မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးပေ။ သေဆုံးကြောင်း အတည်ပြုထားသော စာရင်းတွင် သူ၏ အမည်မပါဝင်သေးသဖြင့် သူ၏ အလောင်းမှာ ပျောက်ကွယ်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။
"အစိုးရက ပြောတာတော့ ကျွန်တော်တို့ ပိုမြို့သားတွေကို တခြားမြို့တစ်မြို့မှာ နေရာချထားပေးမယ်တဲ့" မိုဖန်က ရှင်းပြလိုက်သည်။
"ဒုက္ခသည်တွေလိုပဲ ခံစားရမှာပဲ... အိုးအိမ်မဲ့ပြီး သူတပါးအောက်မှာ နေရသလိုမျိုးပေါ့။ ငါကတော့ ဒီမှာပဲ နေခဲ့မယ်၊ မင်းတို့ပဲ သွားကြပါ" မိုချင်းက စိတ်ပျက်လက်ပျက် မျက်နှာဖြင့် ပြောလိုက်ပေသည်။
အခန်း (၁၂၀)ပြီး ***