မိုဖန်သည်လည်း ဘာမျှမတတ်နိုင်ပေ။ ပိုမြို့သည် သူ ဆက်လက်နေထိုင်နိုင်မည့် နေရာမဟုတ်တော့သည်မှာ သေချာပေသည်။ တောင်ပံနက် ဝံပုလွေ ပြန်လာမည်လားဆိုသည်ကို မည်သူမျှ မသိနိုင်သကဲ့သို့၊ စစ်တပ်ကလည်း ထိုနေရာတွင် အမြဲတမ်း အခြေစိုက်နေမည် မဟုတ်ပေ။
ပိုမြို့ကဲ့သို့ ဝေးလံခေါင်ဖျားသော အရပ်ဒေသတစ်ခု မြို့အဖြစ် ဖွံ့ဖြိုးလာရခြင်းမှာ အလွန်ထူးခြားသော သဘာဝသယံဇာတများကြောင့် ဖြစ်ပေသည်။ ယခုမူ လူတိုင်းမျက်စိရှေ့ရှိ သယံဇာတများကို အနက်ရောင် ဗာတီကန်အဖွဲ့က လုယူသွားကြပြီဖြစ်သလို၊ အရေးကြီးဆုံး အရင်းမြစ်ဖြစ်သည့် တော်ဝင်ငရဲ စမ်းရေ ကိုလည်း မိုဖန်က သောက်သုံးပစ်ခဲ့ပြီ မဟုတ်ပါလား။
ထိုကိစ္စကြောင့် မိုဖန်သည် စစ်ဆေးမေးမြန်းခြင်းခံရန် အကြိမ်အနည်းငယ် ဖိတ်ကြားခံခဲ့ရပေသည်။ ရန်ကျောက်ဟယ်၊ မူကျားယွမ်၊ ကျန့်ခုံးနှင့် အခြားသူများကလည်း ထိုကိစ္စကို ထပ်မံ အရေးမယူကြပေ။ မည်သို့ပင်ဖြစ်စေ တော်ဝင်ငရဲ စမ်းရေကို ကာကွယ်နိုင်ခဲ့ပြီး ပိုမြို့သားများစွာ အသက်ရှင်ကျန်ရစ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ သူ၏ကျေးဇူးကြောင့်ပင် ဖြစ်ပေသည်။ မိုဖန်၏ စွမ်းဆောင်ချက်များကို မည်သူမျှ လျစ်လျူမရှုဝံ့ကြပေ။
"မိုဖန်... အခုဆိုရင် မင်းက ကောင်းကင်နဲ့ မြေကြီးကို မတ်မတ်ရပ်ပြီး ထောက်ထားနိုင်တဲ့ ယောက်ျားကောင်းတစ်ယောက် ဖြစ်နေပြီ။ အဖေက မင်းစကားကို နားထောင်မယ်၊ ငါတို့ ဘယ်သွားကြမလဲဆိုတာ မင်းပဲ ဆုံးဖြတ်ပါ" မိုကျားရှင်းက မိုဖန်ကို ပြောသည်။
"မှော်မြို့တော် ရှန်ဟိုင်းကို သွားကြရအောင်" မိုဖန်က လွှတ်ခနဲ ပြောလိုက်၏။
တောင်ပိုင်း၏ အကြီးဆုံးမြို့မှာ မှော်မြို့တော် ရှန်ဟိုင်းပင် ဖြစ်ပေသည်။ သူ သိပ္ပံကမ္ဘာမှာ ရှိစဉ်ကတည်းက ထိုမြို့ကြီးသို့ သွားရောက်ကာ ကြိုးပမ်းချင်ခဲ့ခြင်း ဖြစ်၏။ ထိုမှော်ကမ္ဘာတွင်လည်း ရှန်ဟိုင်းမြို့သည် တစ်နိုင်ငံလုံးရှိ မှော်ဆရာများအတွက် အရေးပါသော မြို့တော်ကြီး ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပေသည်။
"ရှန်ဟိုင်းမှာ အိမ်ဈေးတွေက အရမ်းကြီးတယ်၊ ငါတို့ ပိုမြို့သားတွေအတွက် အစိုးရက နေရာချထားပေးမယ့် အိမ်တွေ ရှိမလားဆိုတာ သွားကြည့်လိုက်ဦးမယ်" မိုကျားရှင်းက ဆိုသည်။
ရှင်းရှားတွင်မူ ကန့်ကွက်စရာ မရှိပေ။ မိုဖန် သွားသည့်နေရာတိုင်းသို့ သူ လိုက်သွားမည်သာ ဖြစ်သည်။
သိပ်မကြာမီမှာပင် မိုကျားရှင်းသည် မျက်နှာတွင် အပြုံးများဖြင့် ပြေးလာကာ မိုဖန်နှင့် ရှင်းရှားကို ပြော၏။
"မှော်မြို့တော် ရှန်ဟိုင်းမှာ ငါတို့ ပိုမြို့သားတွေအတွက် နေရာချထားရေးစခန်း သေးသေးလေးတစ်ခု ရှိတယ်တဲ့ဟေ့... တခြား ပြဿနာမရှိရင် ငါတို့ နာမည်တွေ သွားစာရင်းပေးလိုက်မယ်...”
ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် မိသားစုသုံးဦးလုံး အသုံးအဆောင်များကို အမြန်ပင် စုစည်းကြတော့၏။ အမှန်စင်စစ် သူတို့တွင် ထုပ်ပိုးစရာ ထူးထူးထွေထွေ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အိမ်ကို ရောင်းချခဲ့ပြီးသား ဖြစ်သောကြောင့် ဖြစ်၏။
ဆိုရလျှင် မိုကျားရှင်းမှာ ကြိုတင်မြော်မြင်နိုင်စွမ်း အတော်ရှိသည် ဆိုရပေမည်။ သူသည် ပိုမြို့၏ ဘေးဒုက္ခဆိုးကြီးကို ကြိုသိနေသည့်အလား သူဆုံးရှုံးခဲ့ရသော အိမ်အတွက် အလွန်အမင်း စိတ်မကောင်း ဖြစ်မနေပေ။
ပိုမြို့တစ်ခုလုံးကို စစ်တပ်က သိမ်းဆည်းထားပြီး ဖြစ်၏။ ပိုမြို့တွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသော မူဟဲတစ်ယောက် ယခုအချိန်တွင် ဘယ်လို ခံစားနေရမည်ကို မည်သူ သိနိုင်မည်နည်း။
၎င်းတို့သည် ဘတ်စ်ကားစီးကာ အနီးဆုံးကျွန်းဖြစ်သော ရှမန် သွားခဲ့ကြပြီး၊ ထိုမှတစ်ဆင့် ရထားဖြင့် မှော်မြို့တော် ရှန်ဟိုင်းသို့ ခရီးဆက်ခဲ့ကြသည်။
"ဒါနဲ့... ရထားလမ်းမှာ မှော်သားရဲတွေ ပေါ်လာရင် ဘယ်လိုလုပ်မလဲ" ရထားပေါ်တွင် ထိုင်နေသော မိုဖန်၏ ခေါင်းထဲသို့ ထိုအတွေး ရုတ်တရက် ဝင်လာသည်။
"ရထားလမ်းက ဘေးကင်းပါတယ်၊ အဲဒီမှာ ကာကွယ်ရေး အတားအဆီးတွေ ရှိတယ်လေ" ရှင်းရှားက ရှင်းပြ၏။
"ပြောရရင် ဒါ ငါ အိမ်နဲ့ ဝေးဝေးလံလံ ပထမဆုံးအကြိမ် ခရီးထွက်ဖူးတာပဲ" မိုဖန်က သူ၏ နှာခေါင်းကို ပွတ်ရင်း အနေခက်စွာ ပြောလိုက်သည်။
"ကြည့်ရတာ အစ်ကို မိုဖန်က တခြားကမ္ဘာတစ်ခုက ရောက်လာတဲ့အတိုင်းပဲနော်၊ အစ်ကို မသိတဲ့အရာတွေ အများကြီး ရှိနေသလိုပဲ" ရှင်းရှားက အပြုံးလေးဖြင့် ဆို၏။
"ဟုတ်တယ်... ငါက သိပ္ပံကမ္ဘာက လာတာလေ။ အဲဒီက ကျောင်းတွေမှာ မင်းတို့လို ခြောက်ကပ်ပြီး ပျင်းစရာကောင်းတဲ့ မှော်အတတ်တွေကို မသင်ဘူး၊ အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ သိပ္ပံသီအိုရီတွေကို သင်တာ...အရာအားလုံးကို သိပ္ပံနည်းကျ ရှင်းပြတယ်၊ ဒီနေရာနဲ့ လုံးဝ မတူဘူး။ ငါတို့ဆီမှာ မှော်ဆိုတာ အယူသီးမှုတစ်ခုပဲ" မိုဖန်က အတည်ပေါက် ပြောလိုက်သည်။
ရှင်းရှားခမျာ ဤမျှ အဓိပ္ပာယ်မရှိသော စကားကို အလေးအနက် ပြောနေသူမျိုး တစ်ခါမျှ မတွေ့ဖူးသဖြင့် နားထောင်ရင်း မှင်သက်သွားရရှာ၏။
"ဘာတွေ လျှောက်ပြောနေတာလဲ ငါ့တူရာ။ ကျောင်းမှာ စာမကြိုးစားတဲ့ ကျောင်းသားတွေကပဲ ဒီလို မှော်မရှိတဲ့ သိပ္ပံဆိုတာကြီးကို စိတ်ကူးယဉ်နေကြတာ။ အဲဒီ ပညာရှိကြီးတွေသာ မှော်အတတ်ကို ရှာဖွေမဖော်ထုတ်ခဲ့ရင် မင်းတို့အိမ်မှာ လျှပ်စစ်မီး၊ ကွန်ပျူတာ ဒါမှမဟုတ် ဘယ်သယ်ယူပို့ဆောင်ရေးယာဉ်မှ ရှိမှာမဟုတ်ဘူး။ လျှပ်စီးမှော်နဲ့ မောင်းနှင်ရတဲ့ ဒီလို ရထားကြီးမျိုးဆိုတာ ပိုတောင် ဝေးသေးတယ်။ သမိုင်းနဲ့ လူကြီးတွေကို မရိုသေတတ်တဲ့ လူငယ်လေးတွေပါလား" ဟု မိုဖန်၏ ဘေးတွင် ထိုင်နေသော ဆံပင်အနက်ရောင်နှင့် နှုတ်ခမ်းမွှေး ထူထူရှိသည့် အဘိုးအိုတစ်ဦးက ကြားဖြတ် ဆူပူလိုက်ပေသည်။
မိုဖန်သည် ထိုစကားကို ကြားရသောအခါ အတော်ပင် စိတ်မသက်မသာ ဖြစ်သွားရ၏။
သူသည် ဤကမ္ဘာတွင် သုံးနှစ်ကြာ နေထိုင်ခဲ့ပြီးနောက် အသားကျသွားပြီ ထင်ခဲ့သော်လည်း၊ အဘိုးအိုက ရထားကြီးသည် လျှပ်စီးမှော်ဖြင့် မောင်းနှင်သည်ဟု ပြောလိုက်ချိန်တွင် သူ၏ IQ မှာ ဤအရာကို နားလည်ရန် မလုံလောက်တော့သလို ခံစားလိုက်ရသည်။
"အဘိုး... ကျွန်တော့်သားက ထူးထူးဆန်းဆန်းတွေ ပြောတတ်လို့ပါ၊ စိတ်ထဲမထားပါနဲ့။ အဘိုးလည်း ရှန်ဟိုင်းကို သွားတာလားခင်ဗျာ" မိုကျားရှင်းသည် လူမှုရေး ကျွမ်းကျင်သူဖြစ်ရာ ထိုအဘိုးအိုနှင့် ချက်ချင်း စကားစမြည် ပြောလိုက်ပေသည်။
"ဟုတ်တယ်... ငါ ရှမန်မှာ ဟောပြောပွဲတစ်ခု သွားလုပ်တာ၊ အခု ရှန်ဟိုင်းကို ပြန်နေတာ"
"အဘိုးရဲ့ စကားပြောပုံအရဆိုရင် အဘိုးက ပါမောက္ခတစ်ယောက်လားခင်ဗျာ" မိုကျားရှင်းက ဆက်လက် မေးမြန်း၏။
အဘိုးအိုသည် သူ၏ နှုတ်ခမ်းမွှေးကို ပွတ်သပ်ရင်း မျက်ဝန်းအိမ်တွင် အပြုံးရိပ်များဖြင့် “ကျောက်မျက်တက္ကသိုလ် ရဲ့ သမိုင်းပါမောက္ခပါ" ဖြေသည်။
မိုကျားရှင်းသည် ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ရိုသေလေးစားသော မျက်နှာပေး ပြောင်းလဲသွားသည်။
မိုဖန်သည်လည်း ထိုအဘိုးအိုကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ သူ့ကမ္ဘာရှိ ရှန်ဟိုင်းတွင် ရှိခဲ့သော ကျောက်ထုန်းတက္ကသိုလ်နှင့် ဖူတန့်တက္ကသိုလ်တို့မှာ ထိုကမ္ဘာတွင် မရှိပေ။ သို့သော် ရှန်ဟိုင်းရှိ ကျောက်မျက်တက္ကသိုလ်မှာမူ အလွန်ကြီးမားလှပြီး မှော်ဆရာတိုင်း တက်ရောက်လိုကြသော မှော်တက္ကသိုလ်ကြီး ဖြစ်သည်။
အကယ်၍ ပိုမြို့၏ ဘေးဒုက္ခသာ မဖြစ်ခဲ့လျှင် မိုဖန်သည် ရှန်ဟိုင်းကျောက်မျက်တက္ကသိုလ်သို့ တက်ရောက်ရန် ကြိုးပမ်းမည် ဖြစ်၏။ ထိုနေရာချထားရေးစီမံကိန်းတွင် ပါဝင်သော ပိုမြို့သား ကျောင်းသားအများစုမှာ အစိုးရရန်ပုံငွေဖြင့် တခြား အထက်တန်းကျောင်းများတွင် တစ်နှစ် ထပ်မံ ပညာသင်ကြားကြရမည်ဖြစ်ပြီး၊ နောက်နှစ်မှသာ မှော်အထက်တန်း ကျောင်းဆင်းစာမေးပွဲကို ဖြေဆိုကြရမည် ဖြစ်သည်။
အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော မိုဖန်အတွက်မူ မှော်အထက်တန်းကျောင်းမှာ အသုံးမဝင်တော့ပေ။ ယခုအခါ မိုဖန်သည် မှော်တက္ကသိုလ်တစ်ခုသို့သာ တက်ရောက်ရန်လို၏။
ဒုတိယအကြိမ် မှော်နှိုးကျောက်တုံးမှာ အလွန်ပင် တန်ဖိုးရှိပေသည်။ ထို့ပြင် ၎င်းတို့ကို ကျောင်းများ၊ မှော်အသင်းအဖွဲ့များ၊ စစ်တပ် သို့မဟုတ် နာမည်ကြီး မိသားစုများ၏ လက်ထဲတွင်သာ တွေ့ရတတ်ပေသည်။ မှောင်ခိုဈေးကွက်တွင် ဝယ်ချင်လျှင်ပင် ဝယ်၍ရချင်မှ ရလိမ့်မည်။
မိုဖန်သည် အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးနောက် လျှပ်စီးနှင့် မီးဒြပ်စင် အလယ်အလတ်မှော်များကို အသုံးပြုနိုင်ရုံသာမက၊ နောက်ထပ် ဒြပ်စင်အသစ်တစ်ခုကို နိုးကြားစေရန် အခွင့်အရေးကိုလည်း ရရှိထားခြင်း ဖြစ်ပေသည်။
ရှန်ဟိုင်းသို့ ရောက်လျှင် မိုဖန် ပထမဆုံး လုပ်ရမည့်အရာမှာ သူ့ကို ဒုတိယအကြိမ် နိုးကြားစေနိုင်မည့် အဖွဲ့အစည်းတစ်ခုကို ရွေးချယ်ရန် ဖြစ်၏။ အသင့်တော်ဆုံးမှာ မှော်အသင်းအဖွဲ့ တစ်ခုသို့ ဝင်ရောက်ခြင်းပင် ဖြစ်ပေသည်။ သူ၏ လက်ရှိ စွမ်းဆောင်ရည်အရ မှော်အသင်းသို့ ဝင်ရန်မှာ ပြဿနာမရှိနိုင်သော်လည်း မှော်တက္ကသိုလ်မှာလည်း အလွန်ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။
မှော်အသင်းအဖွဲ့ဆိုသည်မှာ အောင်မြင်ပြီးသား အဖွဲ့အစည်းဖြစ်ပြီး ၎င်းတို့တွင် ပျိုးထောင်လိုသော မှော်ဆရာများ၊ အထူးရာထူးများနှင့် သယံဇာတ ခွဲဝေမှု စနစ်များ ရှိပြီးသား ဖြစ်၏။ မှော်ကျောင်းများမှာမူ အခြားသူများကို ပျိုးထောင်ပေးရန် ဆုံးဖြတ်ထားကြပြီး သယံဇာတ ခွဲဝေမှုမှာလည်း ပို၍ စွမ်းဆောင်နိုင်သူများဆီသို့သာ ရောက်ရှိသွားခြင်း ဖြစ်ပေသည်။
အချိန်ကျလာလျှင် ကျောက်မျက်တက္ကသိုလ်တွင် အထူးဝင်ခွင့်မျာ ရှိမရှိ သူ မေးကြည့်ရပေမည်။ မိန်းကလေးများကို ဆွဲဆောင်ရာတွင် တော်သော သို့မဟုတ် လျှပ်စီးမှော်အတတ်မှာ တော်သော သူ့လိုလူမျိုးကို သူတို့ အထူးအခွင့်အရေး ပေးနိုင်လား မပြောနိုင်ပေ။
ပြောဆိုရင်းနှင့်ပင် သူ၏ဘေးတွင် ထိုင်နေသူမှာ ကျောက်မျက်တက္ကသိုလ်၏ ပါမောက္ခတစ်ဦး ဖြစ်နေသည်မဟုတ်ပါလား၊ သူ့ကိုပဲ မေးကြည့်ရပေမည်။
"အဘိုး... ကျောက်မျက်တက္ကသိုလ်မှာ အထူးဝင်ခွင့် ခေါ်ယူတာမျိုး ရှိသလားခင်ဗျာ" မိုဖန်က မေး၏။
"အထူးဝင်ခွင့်လား... မင်းမှာ တစ်ခုခုမှာ ထူးထူးခြားခြား ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်မျိုး မရှိရင်တော့ ကျောက်မျက်တက္ကသိုလ်ရဲ့ ဘောင်ထဲကို ရောက်မှာ မဟုတ်ဘူး။ အခြေခံအားဖြင့်တော့ အထူးဝင်ခွင့်ဆိုတဲ့ အယူအဆမျိုးက မရှိသလောက်ပါပဲ" ပါမောက္ခအိုကြီးက ပြန်ဖြေပေသည်။ သူသည် သာမန်ကာလျှံကာ ဖြစ်နေသော မိုဖန်ကို အကဲခတ်လိုက်ပြီး "မင်းက ကျောက်မျက်တက္ကသိုလ်ကို တက်ချင်လို့လား" မေး၏။
"ကျွန်တော့်ရဲ့ မူလအစီအစဉ်က အဲဒီမှာ စာမေးပွဲဖြေဖို့ပါပဲ"
"ဒါဆိုရင်တော့ အထက်တန်းကျောင်းစာမေးပွဲကိုပဲ အောင်အောင်ဖြေပါ၊ အထူးဝင်ခွင့်တွေကို စိတ်မကူးနဲ့။ ကျောက်မျက်တက္ကသိုလ်ဆိုတာ တစ်နိုင်ငံလုံးက အလားအလာအရှိဆုံးနဲ့ အထူးချွန်ဆုံး ကျောင်းသားတွေ စုဝေးရာနေရာပဲ။ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေကြားထဲကနေ မင်းကိုယ်မင်း ထင်ပေါ်အောင် လုပ်နိုင်မှသာ အံ့ဩဖို့ကောင်းမှာ" ပါမောက္ခက ဆိုသည်။
"အထူးဝင်ခွင့် ရှိသလား မရှိဘူးလားဆိုတာပဲ သိချင်တာပါ" မိုဖန်က တိုက်ရိုက်ပင် မေးလိုက်၏။
"ရှိတာပေါ့ ရှိတာပေါ့...ဒါပေမဲ့ အဲဒါက သာမန်လူတစ်ယောက် အောင်မြင်နိုင်မယ့် အရာမျိုးတော့ မဟုတ်ဘူးလို့ ငါ ထင်တယ်"
အခန်း (၁၂၁) ပြီး
***