လောလောဆယ်တွင် သူ၏ နက်ဗျူလာ မှာ အားကောင်းသော အခြေအနေတွင် ရှိနေဆဲ ဖြစ်ပေသည်။ ၎င်း၏ အားကောင်းနှုန်းမှာလည်း နှေးကွေးခြင်း မရှိပေ။
ဆွဲသီးက သူ၏ ကျင့်ကြံခြင်းကို မည်မျှအထိ ပံ့ပိုးပေးနေသလဲဆိုသည့် အတိအကျ ပမာဏကိုမူ မိုဖန် လောလောဆယ် မသိနိုင်သေးပေ။
အတိုချုပ်ပြောရလျှင် ဤနှစ်လတာ အချိန်အတွင်း မိုဖန်သည် အခြားအရာများကို ဘေးဖယ်ထားကာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ပေသည်။ သူသည် အခြေခံအဆင့်တွင် ရှိစဉ်ကကဲ့သို့ပင် ရက်တိုတို ခြောက်လအတွင်း သူ၏ ပထမဆုံး အလယ်အလတ်အဆင့်မှော်ကို အပြည့်အဝ အသုံးပြုနိုင်မလားဆိုသည်ကို မသိနိုင်ပေ။
"ကောင်းပြီ... ငါ တစ်လလောက် လေ့ကျင့်ပြီးပြီ ဆိုတော့ကြည့်ရသေးတာပေါ့"
မိုဖန်သည် သူ၏ စွမ်းဆောင်နိုင်ရည် အဆုံးအထိ ကြယ်စင်အားလုံးကို ချိတ်ဆက်ရန် အားသွန်ခွန်စိုက် ပြင်ဆင်လိုက်သည်။
ကြယ်တာရာ လမ်းညွှန်ချက် ကို အသုံးပြု၍ ကြယ်များကို ကြယ်လမ်းကြောင်း များအဖြစ် ချိတ်ဆက်သည့် နည်းလမ်းများကို မိုဖန် အတော်ပင် ကျွမ်းကျင်နေပြီ ဖြစ်၏။ ယခု နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ မိုဖန် အနေဖြင့် ကြယ်မှုန် မည်မျှအထိကို ထိန်းချုပ်နိုင်မည်နည်း ဆိုသည့် အချက်ပင် ဖြစ်ပေသည်။
ပထမဆုံး ခုနစ်လုံးမှာ သူ၏ အခြေခံအဆင့်မှော်အတွက် ကြယ်စင်များ ဖြစ်သဖြင့် လွယ်ကူလှပေသည်။ မိုဖန်သည် ၎င်းတို့ကို လွယ်ကူစွာပင် ချိတ်ဆက်လိုက်ရာ ကြယ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။
ထိန်းချုပ်မှုကို ဆက်လက် လုပ်ဆောင်ရင်း မိုဖန်သည် လျင်မြန်စွာ ရွေ့လျားနေသော အခြားကြယ်စင်များကို သူ၏ အမိန့်ကို နာခံရန် အတင်းအကျပ် ခိုင်းစေလိုက်သည်။
အဋ္ဌမမြောက် ကြယ်စင်မှာ အတော်ပင် လိမ္မာလှပေသည်။ မိုဖန်အနေဖြင့် ၎င်းနှင့် အများကြီး ထိတွေ့ဆက်ဆံစရာ မလိုဘဲ သင့်တင့်လျောက်ပတ်သော သဘောတူညီမှု ရယူပြီးနောက်တွင် ထိုအဋ္ဌမမြောက် ကြယ်စင်မှာ ပထမအပတ်အတွင်းမှာပင် သတ်မှတ်ထားသော နေရာသို့ ရောက်ရှိသွားပေသည်။
နဝမမြောက် ကြယ်စင်မှာမူ ထိုမျှ မလိမ္မာပေ။ မိုဖန်သည် ၎င်းကို ခြိမ်းခြောက်မှုများ သုံးကာ နောက်ဆုံးတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သော်လည်း သူ အနည်းငယ် သတိလက်လွတ် ဖြစ်သွားချိန်တွင် နဝမမြောက် ကြယ်စင်၌ အက်ကြောင်းတစ်ခု အလွယ်တကူ ပေါ်လာတတ်ပေသည်။
အက်ကြောင်းဖြစ်ပေါ်ခြင်း သည် အခြေခံအဆင့်တွင် ကဲ့သို့ပင် ဖြစ်၏။ ကြယ်စင်တစ်လုံးတည်း ချိတ်ဆက်မှု ပျက်ပြားသွားပါက ကြယ်တာရာလမ်းကြောင်း တစ်ခုလုံးမှာ ဒိုမီနိုကွက်များအလား ပြိုလဲသွားမည်ဖြစ်ပြီး အစမှ ပြန်စရပေလိမ့်မည်။ ၎င်းမှာ ပြင်ပမှ နှောင့်ယှက်မှုများကြောင့်သော်လည်းကောင်း သို့မဟုတ် ကြယ်စင်ကို ထိန်းချုပ်ရာတွင် အာရုံစူးစိုက်မှု လျော့နည်းသွားခြင်းကြောင့်သော်လည်းကောင်း ဖြစ်တတ်ပေသည်။
"ကောင်းပြီ... ကောင်းပြီ...နောက်တစ်ခုက ဒသမမြောက် ကြယ်စင်ပဲ"
နဝမမြောက် ကြယ်စင်ကို အောင်မြင်စွာ ချိတ်ဆက်ပြီးနောက်တွင် ပိုမိုခက်ခဲလာသော ဒသမမြောက် ကြယ်စင်ကို သူ ချက်ချင်းပင် စတင်လိုက်သည်။
ယခင် ကြယ်စင်ကိုးလုံးမှာ ကြယ်တာရာလမ်းကြောင်း တစ်ခုတည်းပေါ်တွင် ရှိနေကြပြီး ၎င်းတို့သည် ကြယ်တာရာပုံရိပ်၏ ဝင်ရိုးများ ဖြစ်ကြပေသည်။ မိုဖန်သည် ပြီးစီးသွားသော ကြယ်တာရာလမ်းကြောင်း မပြိုကွဲစေရန် အမြဲမပြတ် ထိန်းသိမ်းထားရသလို၊ တစ်ဖက်တွင်လည်း အခြားသော ကြယ်တာရာလမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်ရန် ကြိုးပမ်းရပေသည်။
ကြယ်တာရာလမ်းကြောင်း တစ်ခုတည်းကို အပြီးသတ်ရန်မှာ မခက်ခဲလှသော်လည်း၊ လမ်းကြောင်းတစ်ခုလုံးကို ထိန်းသိမ်းထားရင်း အခြားသော ကြယ်စင်များကို ထိန်းချုပ်ရန်မှာ ခက်ခဲမှုကို အဆပေါင်းများစွာ တိုးမြင့်စေပေသည်။ ၎င်းကို မှော်ဆရာတစ်ဦး၏ အာရုံစူးစိုက်မှု အဆင့်အတန်းကို စမ်းသပ်ခြင်းပင် သတ်မှတ်နိုင်ပေသည်။
သူသည် အလယ်အလတ်အဆင့်သို့ တက်လှမ်းစဉ်က သူ၏ အသိစိတ်မှာ ခေါင်းကိုက်ဝေဒနာများကို ဆက်တိုက် ခံစားခဲ့ရသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေပေသည်။ သူသည် အံကို တင်းတင်းစေ့ကာ ထိုဝေဒနာကို အောင့်အည်း သည်းခံခဲ့ပေသည်။
အမှန်စင်စစ် သူသည် ထိုသို့သော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို မခံနိုင်ပါက၊ သူ၏ စိတ်စွမ်းအားမှာ နက်ဗျူလာတစ်ခုလုံးစာ ကြယ်စင်များကို ထိန်းချုပ်ရန် မလုံလောက်သေး၍ပင် ဆိုနိုင်ပေသည်။
ဤလေ့ကျင့်မှု ကာလအတွင်း မိုဖန်သည် ဒသမမြောက် ကြယ်စင်ကို ထိန်းချုပ်ရန် ကြိုးပမ်းရင်း အကြိမ်ပေါင်း မည်မျှ ရှုံးနိမ့်ခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။
"လာစမ်း... တော်တယ်"
ခရမ်းရောင် ကြယ်စင်လေးမှာ တဖြည်းဖြည်းချင်း နာခံစွာဖြင့် ရောက်ရှိလာပေသည်။ နောက်ဆုံးတွင် ၎င်းမှာ မိုဖန်၏ ထိန်းချုပ်မှုအောက်တွင် သတ်မှတ်ထားသော နေရာ၌ လိမ္မာစွာပင် ရောက်ရှိလေသည်။
မိုဖန်အတွက်မူ ၎င်းကို ခြေလှမ်းအကြီးကြီး လှမ်းနိုင်ခဲ့ခြင်းပင် သတ်မှတ်နိုင်ပေသည်။ အနည်းဆုံးတော့ သူသည် အလယ်အလတ်အဆင့်မှော်၏ ကြယ်တာရာပုံရိပ်အတွက် အခြေခံအကျဆုံး အစိတ်အပိုင်းကို ဆုပ်ကိုင်နိုင်ခဲ့ပေပြီ။
အလယ်အလတ်အဆင့် မှော်ဆရာများစွာမှာ ဤကြယ်တာရာပုံရိပ်ကို နှစ်ပေါင်းများစွာ စေ့စေ့စပ်စပ် လေ့လာကြရပေသည်။ လူအများမှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သော်လည်း၊ အလယ်အလတ်အဆင့်မှော်ကို အသုံးပြုနိုင်သည့် အချိန်တွင်မူ ၎င်းတို့မှာ အိုမင်းနေကြပြီ ဖြစ်ပေလိမ့်မည်။
ကြယ်တာရာပုံရိပ်တစ်ခု၏ ခက်ခဲမှုမှာ ကြယ်လမ်းကြောင်းထက် များစွာ ပိုမိုခက်ခဲလှပေသည်။ သင်၌ လုံလောက်သော စိတ်ဓာတ်ခိုင်မာမှုနှင့် ထိန်းချုပ်မှု အပေါ် နားလည်မှု မရှိပါက ထိုနေရာတွင်ပင် တစ်သက်လုံး ပိတ်မိနေနိုင်သည်။
မိုဖန်၏ ထိန်းချုပ်မှုမှာ အလွန်ပင် အောင်မြင်သည် ဆိုနိုင်ပေသည်။ ဤမနက်ခင်းတွင် မိုဖန်သည် ယခင်ကကဲ့သို့ပင် မှော်အတတ်ကို လေ့ကျင့်နိုင်ရန် လူသူကင်းမဲ့သော နေရာတစ်ခုကို သွားရောက်ခဲ့ပေသည်။
အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးနောက် မိုဖန်၏ မှော်အသုံးပြုနိုင်သည့် အရှိန်မှာ အလွန်ပင် မြန်ဆန်လာသည်။
ယခုအခါ မိုဖန်သည် လက်စီးလက်ခြင်း သို့မဟုတ် မီးတောက်ပေါက်ကွဲခြင်း ကို အသုံးပြုရန် ၁.၅ စက္ကန့်သာ လိုအပ်ပေသည်။ ထူးချွန်ပြောင်မြောက်သော မှော်ဆရာကြီးများသည် လက်ကို မြှောက်လိုက်ရုံမျှဖြင့် အခြေခံအဆင့်မှော်များကို ချက်ချင်း အသုံးပြုနိုင်ကြသည် ဆိုကြပေသည်။
ထိုအဆင့်သို့ ရောက်ရှိရန်အတွက် လေ့ကျင့်မှုမှာ အလွန်ပင် အရေးကြီးကြောင်း မိုဖန် သိရှိပေသည်။ ၁.၅ စက္ကန့်မှာ အနည်းငယ် နှေးကွေးနေဆဲ ဖြစ်၏။ အကယ်၍ မှော်သားရဲတစ်ကောင်မှာ သင့်ထံမှ မီတာ ၃၀ ခန့် အကွာတွင် ရှိနေပါက၊ ၎င်းတို့သည် သင့်ရှေ့သို့ တိုက်ရိုက်ရောက်လာရန် ၁ စက္ကန့်သာ လိုအပ်ပေလိမ့်မည်။
လေ့ကျင့်မှုပြီးနောက် မိုဖန်သည် သူ၏ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းတုန်ခါလာသည်ကို ခံစားလိုက်ရ၏။ မိုဖန် ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ မသိသော နံပါတ်တစ်ခု ဖြစ်ပေသည်။ သူသည် သံသယဖြင့် ဖုန်းကို ဖြေကြားလိုက်၏။
"ဟဲလို... မိုဖန်လား"
ဖုန်းထဲမှ ရင့်ကျက်ပြီး အလွန်ပင် ဆွဲဆောင်မှုရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ နားထောင်ရသူ၏ နားကို အေးသွားစေသည်။
"ဆရာမ ထန်ယွဲ့... ဆရာမရဲ့ အသံကို ပြန်ကြားရတာ တကယ်ကို ဝမ်းသာပါတယ်" မိုဖန်က ပျော်ရွှင်စွာ ပြန်ဖြေသည်။
ဘေးဒုက္ခဆိုးကြီး ဖြစ်ပွားပြီးနောက်တွင် မည်သူမျှ မိမိကိုယ်ကိုမှလွဲ၍ အခြားသူများကို ဂရုမစိုက်နိုင်ကြပေ။ မိုဖန်သည်လည်း သူ၏ ချစ်လှစွာသော ဆရာမ ထန်ယွဲ့ကို မမြင်တွေ့ရသည်မှာ ကြာပြီ ဖြစ်၏။ ပြောရလျှင် ဆရာမ ထန်ယွဲ့က သူ့ကို စာအုပ်အချို့ မပေးခဲ့ပါက သူ၏ အသက်မှာ ပိုမြို့အတွင်းမှာပင် ဇာတ်သိမ်းသွားနိုင်သည်။
"မင်းကတော့ အဝေးကြီးမှာ သွားပုန်းနေတာပဲ။ မင်း ရှန်ဟိုင်းက နေရာချထားရေးစခန်းမှာ ရှိနေတယ်ဆိုတာကို ငါ ကျန့်ခုံးကို မနဲမေးလိုက်ရတယ်" ထန်ယွဲ့က ပြုံးလျက် ဆိုသည်။
"အများကြီး ဖြစ်ပျက်သွားပြီးတဲ့နောက်မှာ ကျွန်တော် ငြိမ်ငြိမ်သက်သက် လေ့ကျင့်နိုင်မယ့် နေရာတစ်ခုကိုပဲ ရှာချင်နေမိလို့ပါ" မိုဖန်က ဖြေ၏။
"မှော်မြို့တော်ကြီးကို လာဖို့ ဘယ်လိုများ ဆုံးဖြတ်လိုက်တာလဲ၊ မူမိသားစု တောင်မှ ဒီမြို့တော်ကြီးမှာဆိုရင် မိသားစုငယ်လေးအဆင့်ပဲ ရှိတာ။ မင်းက ပြဿနာရှာရတာ ဝါသနာပါတဲ့လူဆိုတော့ ကြီးကျယ်တဲ့ မိသားစုကြီးတွေကို သွားပြီး မနှောင့်ယှက်မိဖို့ မျှော်လင့်ပါတယ်" ထန်ယွဲ့က ဆိုသည်။
"လောလောဆယ်တော့ ကျွန်တော်က တစ်ကမ္ဘာလုံးနဲ့ အဆက်အသွယ် ပြတ်နေသလိုပါပဲ။ ဒီနေရာချထားရေးစခန်းက တော်တော်လေး ခြောက်ကပ်ပါတယ်။ ကျွန်တော်က ပြဿနာရှာချင်ရင်တောင်မှ အခြေအနေမပေးပါဘူး" မိုဖန်က ခါးသီးသော အပြုံးဖြင့် ဖြေလိုက်သည်။
“နေရာချထားရေးစခန်းကတော့... ဟူး... ထားလိုက်ပါတော့၊ အဲဒီအကြောင်းကို ပြောဖို့တောင် စိတ်မပါတော့ပါဘူး...”
"ငါ အခု ဟန်ကျိုးရဲ့ မြောက်ဘက်ပိုင်းမှာ မစ်ရှင်တစ်ခု လုပ်နေတာ။ မင်းမှာ လုပ်စရာ ဘာမှမရှိရင် ဒီဘက်ကို ခဏလောက် လာခဲ့ပါလား၊ အဲဒီအချိန်ကျရင် မင်းအတွက် အကြံပြုချက်တချို့ ငါပေးမယ်" ထန်ယွဲ့က သူ့ကို ပြောသည်။
"မစ်ရှင် ဟုတ်လား...ဆရာမ ထန်ယွဲ့... ဆရာမက ဘယ်လိုလူမျိုးလဲဆိုတာ ဆရာမရဲ့ တပည့်လေးကို နည်းနည်းလောက် အရိပ်အမြွက် ပြောပြလို့ မရဘူးလား" မိုဖန်က မေးလိုက်၏။
မိုဖန်သည် ယခင်ကတည်းက တစ်ကြိမ် မေးဖူးခဲ့ပေသည်။ ဆရာမပေးသောစာအုပ်များမှာ ပိုက်ဆံရှိလျှင်ပင် ဝယ်ယူ၍မရသော ပစ္စည်းမျိုး ဖြစ်ပေသည်။ သူ၏ ဆရာမ ထန်ယွဲ့မှာ ထိုစာအုပ် လေးအုပ်ကို တစ်ပြိုင်နက်တည်း ပေးခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ သူ၏ နောက်ခံသမိုင်းမှာ သာမန် အထက်တန်းကျောင်းဆရာမ တစ်ဦးထက် များစွာ ပိုမိုနက်နဲကြောင်း ထင်ရှားပေသည်။
"အချိန်ကျလာရင် ငါ ပြောပြပါ့မယ်။ ဒါနဲ့... မင်း လာမှာလား မလာဘူးလား" ထန်ယွဲ့က လျှို့ဝှက်စွာ ပြောပေသည်။
"လာမှာပေါ့... သေချာပေါက် လာမှာပေါ့"
"မင်း အလယ်အလတ်အဆင့်ကို ရောက်နေပြီ မဟုတ်လား"
"အာ... ဆရာမက ဘယ်လိုသိတာလဲ" မိုဖန်က အနေခက်စွာ ဖြေလိုက်၏။
အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားသည့် ကိစ္စမှာ မိုဖန်အနေဖြင့် မည်သူ့ကိုမျှ မပြောရသေးပေ။ ဘာပဲဖြစ်ဖြစ် သူ၏ စွမ်းအားကို အများကြီး ထုတ်ပြလေ၊ သူ့အတွက် ပို၍ အဆင်မပြေဖြစ်လေ မဟုတ်ပါလား။
"ငါတို့ဆီမှာ လျှပ်စီးမှော်ဆရာ တစ်ယောက် လိုအပ်နေတာနဲ့ အတော်ပဲ"
"ဆရာမ... ကျွန်တော်က ကြယ်တာရာပုံရိပ်ကို အဆုံးအထိ မပြီးသေးဘူးလေ"
"စိတ်မပူပါနဲ့၊ မင်းအတွက် ကြယ်တာရာ မြေပုံစာအုပ် ကို ငါ အသင့်ပြင်ထားပြီးသားပါ"
"အဲဒါတွေကို ဆရာမတို့ မိသားစုက ရောင်းနေတာလား။ ဆရာမ ပြောပုံက ဂေါ်ဖီထုပ်လေးတွေလိုပဲ။ ဒီပစ္စည်းတွေကို အစွမ်းထက်တဲ့ အဖွဲ့အစည်းတွေကပဲ ထိန်းချုပ်ထားပြီး ဈေးကွက်ထဲမှာ ဝယ်လို့မရဘူးလို့ ကျွန်တော် ကြားထားတာ။ ဆရာမ ထန်ယွဲ့... ဆရာမက အဲဒီ အဖွဲ့အစည်းထဲကလား" မိုဖန်က မေးလိုက်၏။
"ဘာလို့ မေးခွန်းတွေ ဒီလောက်တောင် များနေတာလဲ။ အကယ်၍ မင်း ငါတို့ကို ဒီမစ်ရှင်မှာ ကူညီပေးမယ်ဆိုရင် မင်းအတွက် အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်"
“မှော်နှိုးခြင်းကျောက်တုံးရော ရမလား"
"မှော်နှိုးခြင်းကျောက်တုံး ဟုတ်လား... ကောင်းပြီ၊ အကယ်၍ မင်း ဒါကို ပြီးအောင်လုပ်နိုင်ရင်၊ မင်းကို ငါ မှော်အသင်းအဖွဲ့ဆီ ခေါ်သွားပြီး မှော်နှိုးခြင်း လုပ်ပေးမယ်"
မိုဖန် ထိုစကားကို ကြားသောအခါ ခေါင်းကိုက်သွားရပေသည်။
"ဒါကို ပြီးအောင်လုပ်နိုင်ရင် ဆိုတာက ဘာကို ဆိုလိုတာလဲ...”
အခန်း(၁၂၃)ပြီး ***