မိုဖန်သည် ဆရာမ ထန်ယွဲ့၏ လက်ထဲမှ လျှပ်စီးကြယ်တာရာစာအုပ် သုံးအုပ်နှင့် မီးဒြပ်စင်ကြယ်တာရာစာအုပ် သုံးအုပ်ကို လိမ္မာပါးနပ်စွာ ရယူနိုင်ခဲ့ပေသည်။
ယခုအခါ မိုဖန်၌ အလယ်အလတ်အဆင့် မှော်စာအုပ် စုစုပေါင်း ခုနစ်အုပ် ရှိနေပြီဖြစ်ရာ ၎င်းက မိုဖန်၏ ယုံကြည်မှုကို များစွာ တိုးမြင့်စေပေသည်။
ဘာပဲဖြစ်ဖြစ် အခြေခံအဆင့်မှော်ပညာနှင့် အလယ်အလတ်အဆင့်မှော်ပညာဆိုသည်မှာ နှိုင်းယှဉ်၍မရပေ။ ထိုစဉ်က မြင်တွေ့ခဲ့ရသော ရက်စက်ကြမ်းကြုတ်သည့် စွမ်းအားနှင့် မယုံကြည်နိုင်လောက်သော ပြင်းထန်မှုတို့ကို ပြန်တွေးကြည့်ရုံနှင့်ပင် ကျက်သီးထမိသည်။
သို့သော် ဆရာမ ထန်ယွဲ့က မိုဖန်ကို သတိပေးခဲ့သည်။ ကြယ်တာရာပုံရိပ်စာအုပ်များသည် ထန်ယွဲ့အတွက် မရှားပါးသော်လည်း၊ မိမိ၏ စွမ်းအားကို ဆက်လက် တိုးမြှင့်လိုသော မှော်ဆရာအများစုမှာ ဤကဲ့သို့သော အထောက်အကူပြု ပစ္စည်းများကို အလွန်အကျွံ အသုံးမပြုကြပေ။
ကြယ်တာရာပုံရိပ်စာအုပ်ဆိုသည်မှာ နောက်ဆုံးတွင်တော့ အထောက်အကူပြု ပစ္စည်းတစ်ခုသာ ဖြစ်ပေသည်။ ၎င်းကို အသုံးပြုလေ၊ မိမိ၏ ကြယ်မှုန်များကို ကိုယ်တိုင်ထိန်းချုပ်ရန် ပို၍ ခက်ခဲလေ ဖြစ်ပေလိမ့်မည်။
ကြယ်မှုန်မှာ ၎င်းတို့၏ မှော်ဆရာနှင့် အပြန်အလှန် ဆက်သွယ်နေရမည့် အရာများ ဖြစ်ပေသည်။ ကြယ်တာရာပုံရိပ်စာအုပ်ကို အသုံးပြုခြင်းသည် ကြယ်မှုန်များကို အခြားတစ်ယောက်အား လွှဲအပ်ပြုစုခိုင်းထားသကဲ့သို့ ဖြစ်နေသဖြင့်၊ နောက်ပိုင်းတွင် ကြယ်မှုန်များက စကားကို နားထောင်ရန် ပို၍ ခက်ခဲသွားပေလိမ့်မည်။
ဆရာမ ထန်ယွဲ့က မိုဖန်ကို ဤတစ်ကြိမ်ပြီးနောက် ထိုစာအုပ်များ အသုံးပြုခြင်းကို ရပ်တန့်ရန် အကြံပြုခဲ့သည်။ အကယ်၍ ဘေးထွက်ဆိုးကျိုး ရှိလာပါက မိုဖန်သာလျှင် နစ်နာသူ ဖြစ်ပေမည်။ ဘာလိုပင်ဖြစ်ဖြစ် မိုဖန်၏ လက်ရှိ ကျင့်ကြံခြင်း အရှိန်အဟုန်အရ သူသည် ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ ရောက်ရှိရန် အလားအလာ အလွန်ကောင်းနေသည် မဟုတ်ပါလား။
မှော်စာအုပ်များကို ရယူပြီးနောက် မိုဖန်သည် သာမန် ကျောပိုးအိတ်တစ်လုံးဖြင့် ခရီးသွားတစ်ဦးအသွင် ဝတ်ဆင်ကာ ထိုရက်စက်မည့်ပုံပေါ်သော လူဆိုးနောက်သို့ စတင်ခြေရာခံလိုက်ပေသည်။
မိုဖန်သည် အမှန်တကယ်ပင် ဇဝေဇဝါ ဖြစ်နေမိ၏။ ထိုလူမှာ အတော်ပင် ရုပ်ရည်ချောမောပြီး ခန့်ညားထည်ဝါလှရာ၊ အဘယ်ကြောင့် ဤမျှ ယုတ်မာသော ကိစ္စမျိုးကို လုပ်ဆောင်ရသနည်း သူ တွေးမရပေ။
ခြောက်ကပ်နေသော လယ်ကွင်းတစ်ခုအတွင်းသို့ လမ်းလျှောက်ဝင်သွားပြီးနောက်၊ ဦးထုပ်ဝိုင်း ဆောင်းထားသော ထိုလူမှာ တစ်နေရာ၌ ရပ်တန့်နေသည်ကို မိုဖန် တွေ့လိုက်ရပေသည်။ ထို့ပြင် သူသည် တစ်စုံတစ်ခုကို စစ်ဆေးနေသည့်ပုံလည်း ပေါ်နေ၏။
ဤနေရာမှာ မူလက အလွန်ကျယ်ပြောသော လယ်ကွင်းပြင်ကြီးဖြစ်ပြီး၊ အရိပ်ထဲတွင် ထိုင်ကာ သက်ပြင်းချနေသော လယ်သမားအချို့ကိုလည်း တစ်ခါတစ်ရံ တွေ့ရတတ်ပေသည်။ ပုံမှန်ဆိုလျှင် ဆောင်းဦးပေါက်တွင် သီးနှံများ ရိတ်သိမ်းနိုင်ရမည် ဖြစ်သော်လည်း၊ ယခုမူ အကြောင်းရင်းမရှိဘဲ ခြောက်ကပ်သွားခဲ့ပြီ ဖြစ်၏။ သူတို့အနေဖြင့် မည်သို့လျှင် စိတ်မကောင်းမဖြစ်ဘဲ နေနိုင်မည်နည်း။
"အဘ... ဒီနေရာက ဘယ်အချိန်လောက်ကစပြီး ခြောက်သွားတာလဲဆိုတာ မှတ်မိသေးလား" ဦးထုပ်နှင့်လူက အဘိုးအို လယ်သမားတစ်ဦးထံ လမ်းလျှောက်သွားကာ ယဉ်ကျေးစွာ မေးမြန်းပေသည်။
"လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကပေါ့ကွယ်။ ငါ့ရဲ့ သားက မြစ်အထက်ပိုင်းကို ရေသွားကူးပြီးတဲ့ နောက်မှာပဲ။ အဲဒီကို မသွားနဲ့လို့ ငါပြောသားပဲ၊ အခုတော့ ငါတို့ သီးနှံတွေက သူ့ရဲ့ ညစ်ပတ်တဲ့ ရေတွေကို စုပ်ယူလိုက်ရသလို ဖြစ်ကုန်ပြီ။ အော်... သူတို့ အဲဒီချောင်းဆီ သွားတုန်းက ချောင်းထဲက ရေတွေက အများကြီး လျော့သွားပြီလို့ ပြန်ပြောကြတယ်။ ရေကူးဖို့တောင် မလောက်တော့ဘူးတဲ့။ အဲဒီနေ့ကစပြီး ရေတွေက မှော်အတတ်နဲ့ ဖျောက်လိုက်သလိုမျိုး ပျောက်သွားတာပဲလို့ ငါထင်တယ်" ဂျိုင်းပြတ်အင်္ကျီ ညစ်ပတ်ညစ်ပတ် ဝတ်ထားသော လယ်သမားကြီးက ပြန်ဖြေပေသည်။
"ဪ... ကျေးဇူးတင်ပါတယ် အဘ။ ကျွန်တော် သွားကြည့်လိုက်ဦးမယ်" ဦးထုပ်နှင့်လူက ဆို၏။
"လူငယ်လေး... ငါတော့ မသွားဖို့ အကြံပေးချင်တယ်။ အဲဒီနေရာရဲ့ အပူချိန်က ပုံမှန်မဟုတ်ဘဲ မြင့်နေတယ်လို့ ကြားတယ်၊ ရေတွေ ဆူပွက်နေသလိုမျိုးပဲတဲ့"
"စိတ်မပူပါနဲ့ အဘ"
ဦးထုပ်နှင့်လူသည် လယ်သမားကြီး၏ ညွှန်ကြားချက်အတိုင်း ခြောက်ကပ်နေသော မြစ်ကြမ်းပြင်တစ်လျှောက် အထက်ပိုင်းသို့ ဦးတည် လမ်းလျှောက်သွားပေသည်။
ဤအချိန်တွင် မိုဖန်သည် အနေရခက်စွာပင် သတိပြုမိလိုက်သည်မှာ၊ အကယ်၍ သူသာ ထိုလူနောက်သို့ လူသူကင်းမဲ့သော နေရာအထိ လိုက်သွားပါက အလွယ်တကူ ရိပ်မိသွားနိုင်ခြင်းပင် ဖြစ်၏။
ခဏမျှ စောင့်ဆိုင်းပြီးနောက် မိုဖန်သည် ဦးထုပ်နှင့်လူ စကားပြောခဲ့သော လယ်သမားကြီးထံသို့ ပြေးသွားပေသည်။
"ဒါဆို သူက ချောင်းရိုးအတိုင်း အထက်ကို လိုက်သွားတာပေါ့..." မိုဖန်က မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်ပေသည်။
"တစ်ခုခုတော့ မဟုတ်တော့ဘူး၊ အမြန် လိုက်သွားကြရအောင်" အမျိုးသမီးတစ်ဦး၏ အသံမှာ သူ၏ဘေးမှ တိုးတိုးလေး ထွက်ပေါ်လာပေသည်။
မိုဖန် လန့်ဖန့်သွားကာ ခေါင်းလှည့်ကြည့်လိုက်သောအခါ ဆရာမ ထန်ယွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“သောက်ကျိုးနည်း... အရိပ်မှော်အတတ်ရှိတာနဲ့ပဲ ဒီလောက်တောင် အစွမ်းပြနေရသလား။ အသိမပေးဘဲ ရုတ်တရက်ကြီး ပေါ်လာရအောင် ဒီလောက် ကြောက်စရာကောင်းဖို့ မလိုပါဘူး ဆရာမရယ်...”
"အဲဒီလူကလည်း ချောင်းထဲကရေတွေခြောက်သွားရတဲ့ အကြောင်းရင်းကို ရှာနေပုံရတယ် ဆရာမ" မိုဖန်က ပြောလိုက်၏။
"အင်း... သွားကြမယ်။ ငါ ထင်တာမမှားရင် ဒီနေရာမှာ လူတွေ တစ်ယောက်ပြီး တစ်ယောက် စုမိလာတော့မှာပဲ" ဆရာမ ထန်ယွဲ့က ဖြေသည်။
မိုဖန် ထိုစကားကို ကြားသောအခါ ဇဝေဇဝါ ဖြစ်သွားရ၏။ ဤကိစ္စမှာ ဆရာမ ထန်ယွဲ့ ပြောသကဲ့သို့ ရိုးရှင်းပုံမရဟု သူ ခံစားလိုက်ရပေသည်။
ဆက်လက် သွားလာခဲ့ရာ လယ်သမားကြီး ပြောပြသော မြစ်အထက်ပိုင်းမှာ တောင်ကုန်းများပေါ်မှ စီးကျလာခြင်း ဖြစ်ပေသည်။ ဤလမ်းအတိုင်း လျှောက်လာခဲ့ရာ ချောင်းတစ်ခုလုံးတွင် စိုစွတ်မှု အရိပ်အယောင်မျှ မရှိဘဲ၊ ချောင်းဘေးပတ်ဝန်းကျင်ရှိ အပင်များမှာလည်း သိသိသာသာပင် ညှိုးနွမ်းလာသည်ကို တွေ့ရပေသည်။
"ဒီနေရာက ဘာလို့ ဒီလို ဖြစ်နေတာလဲ။ တစ်လ၊ နှစ်လလောက် ခြောက်နေတဲ့အတိုင်းပဲ... တကယ်လို့ ဒါက မိုးခေါင်တာဆိုရင် အင်တာနက်မှာ သတင်းတက်နေမှာပေါ့။ ဟာ... ဒီမှာ ဖုန်းလိုင်းကလည်း မရှိဘူး။ ချီးပဲ...ကျေးလက်ဒေသဆိုတော့ ဘာမှ မရှိဘူးပဲ" မိုဖန် သူ၏ ဖုန်းကို ငုံ့ကြည့်ရင်း မဆဲပဲမနေနိုင်တော့ပေ။
"ဒါက သဘာဝအတိုင်း မိုးခေါင်တာမျိုးနဲ့ မပတ်သက်လောက်ဘူး။ ဟန်ကျိုးမှာ ဇူလိုင်လကြီး ခြောက်သွေ့ရာသီ ဖြစ်တယ်လို့လည်း ငါ တစ်ခါမှ မကြားဖူးဘူး။ အဲဒီလူနောက်ကိုပဲ ဆက်လိုက်ကြရအောင်၊ မကြာခင် အဖြေရမှာပါ..." ထန်ယွဲ့က ပြော၏။
မိုဖန် ခေါင်းညိတ်လိုက်ပေသည်။ သူ စကားပြောရန် ပါးစပ်ပြင်လိုက်စဉ်မှာပင် ထန်ယွဲ့၏ ကျောက်စိမ်းကဲ့သို့ နူးညံ့လှသော လက်တစ်ဖက်က မိုဖန်၏ ပါးစပ်ကို ရုတ်တရက် ပိတ်လိုက်သည်။
မိုဖန် အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးသွားရ၏။ သူ ဘာမျှ တုံ့ပြန်ချိန်မရမီမှာပင် ထန်ယွဲ့သည် သူ့ကို ဘေးရှိ သစ်ပင်တစ်ပင်၏ အရိပ်အောက်သို့ ဆွဲခေါ်ကာ ပုန်းလိုက်သည်။
"ပုန်းနေစမ်း..." ထန်ယွဲ့သည် မိုဖန်၏ နားနားသို့ ကပ်ကာ လေတိုးသံဖြင့် ပြောလိုက်ရာ၊ သူ၏ အသက်ရှုသံမှာ ဆွဲဆောင်မှုရှိသော လေပြေရနံ့အလား ဖြစ်နေသည်။ သူသည် ထန်ယွဲ့၏ မယုံကြည်နိုင်လောက်အောင် လှပလှသော ခန္ဓာကိုယ်နှင့်အတူ သစ်ပင်နောက်တွင် ကပ်၍ ရပ်နေမိသည်။
နွေးထွေးသော လေပြေများ တိုက်ခတ်လာချိန်တွင် သစ်ပင်ရိပ်များမှာ လှုပ်ရှားနေကြသည်။ သစ်ပင်နောက်တွင် တစ်ဦးကိုတစ်ဦး နမ်းရှုပ်နေကြသည့်အလား ဖြစ်နေသော ထိုလူနှစ်ဦး၏ ပုံရိပ်မှာ ဝေဝါးလာပြီး သစ်ပင်ရိပ်များနှင့် တဖြည်းဖြည်း ပေါင်းစပ်သွားကာ လုံးဝ ပျောက်ကွယ်သွားပေသည်။
ပြင်းထန်သော အမှောင်အရှိန်အဝါများ ပတ်ဝန်းကျင်တွင် လွှမ်းမိုးသွား၏။ မိုဖန် ခေါင်းငုံ့ကြည့်သော်လည်း သူ၏ ခန္ဓာကိုယ်ကို မမြင်ရပေ။ သစ်ပင်ရိပ်အောက်တွင် လူတစ်ယောက်၏ ပုံကြမ်းလောက်ကိုသာ သေချာကြည့်မှ မြင်နိုင်ပေသည်။ ဆရာမ ထန်ယွဲ့၏ အရိပ်ကိုမူ လုံးဝ မမြင်ရဘဲ ထိုနေရာတွင် လူမရှိသကဲ့သို့ပင် ဖြစ်နေ၏။ သို့သော် သူမ၏ မွှေးပျံ့လှသော ရနံ့နှင့် နူးညံ့အိစက်လှသော အသားအရေတို့မှာ မိုဖန်နှင့် ထိတွေ့နေသဖြင့် သူ၏ အာရုံစူးစိုက်မှုမှာ ယိမ်းယိုင်မသွားအောင် မနည်း ထိန်းထားရသည်။
အရိပ်ထဲတွင် နေထိုင်ရသည်ကို သူ အသားကျသွားချိန်မှာပင်၊ သိပ်မဝေးလှသော နေရာမှ ခြေသံအချို့ကို ကြားလိုက်ရသည်။ လူအတော်များများ ရှိနေသည့်ပုံပင်။
မိုဖန် သူ၏ အတွေးများကို ရုပ်သိမ်းလိုက်ကာ ခြောက်ကပ်နေသော ချောင်း၏ တစ်ဖက်ကမ်းသို့ လှမ်းကြည့်လိုက်ပေသည်။ သစ်ပင်များကြားမှ လူတစ်စု ထွက်ပေါ်လာပြီး၊ သူတို့၏ ဝတ်စုံများအရ မုဆိုးမှော်ဆရာများ ဖြစ်ပုံရပေသည်။
မုဆိုးမှော်ဆရာများသည် ဘေးကင်းလုံခြုံရေးဇုန်၏ အပြင်ဘက်တွင် အလုပ်လုပ်ကြသူများ ဖြစ်ပြီး၊ မှော်သားရဲများကို ရင်ဆိုင် တိုက်ခိုက်ကြသူများ ဖြစ်ပေသည်။ သူတို့၏ အသုံးအဆောင်များမှာ အလွန်ပင် ခန့်ညားလှသဖြင့် တစ်ချက်ကြည့်ရုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သိနိုင်ပေသည်။
မိုဖန် ဇဝေဇဝါ ဖြစ်သွား၏။
“ဒီကိစ္စကို အစိုးရက သတိထားမိသွားပြီး ဆုကြေးငွေ ထုတ်ပြန်လိုက်ပြီလား...ဒါကြောင့် မုဆိုးတွေက ဒီကို လာကိုင်တွယ်ကြတာလား...”
"ငါ့ကို ယုံစမ်းပါ၊ ဒီနေရာမှာ သေချာပေါက် မီးဝိညာဉ်တစ်ခု ရှိနေတယ်။ ဟို ငတုံးတွေက ဒီနေရာ ခြောက်သွားတာကို ရိုးရိုးပဲ ထင်နေကြတာ၊ အဲဒါက တကယ် ရယ်စရာကောင်းတာပဲ။ မီးဝိညာဉ်တစ်ခုကို ဘယ်လောက်နဲ့ ပြန်ရောင်းလို့ရသလဲဆိုတာ မင်းတို့အားလုံး သိပြီးသားပါ။ ဘယ်သူမှ သတိမထားမိခင်မှာ ဒါကို အမိအရဖမ်းပြီး ရောင်းပစ်ကြရအောင်။ အဲဒီကျရင် ငါတို့အားလုံး သူဌေးဖြစ်ပြီ" ရှေ့ဆုံးမှ ကောင်းဘွိုင်ဆံပင်ပုံစံနှင့် လူက ကြေညာလိုက်သည်။
"ဖန်ရှုံ.. မင်း ငါတို့ကို မနောက်နဲ့နော်။ ငါတို့က တခြား ဆုကြေးကိုတောင် စွန့်လွှတ်ပြီး ဒီကို လာခဲ့တာ။ ဒီမှာ ဘာမှမရှိရင်တော့... ဟွန်း"မျက်နှာတွင် အမာရွတ်နှင့်လူက ပြန်ပြော၏။
"ငါ့အမြင်အရတော့ ဒီမှာ မီးဝိညာဉ် ရှိဖို့ များပါတယ်။ ချောင်းခြောက်တာဆိုရင် ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလိုမျိုး ညှိုးနွမ်းသွားမှာ မဟုတ်ဘူး။ ဒီနေရာက ဘယ်လိုလုပ် ကျန်းနန်နဲ့ တူတော့မှာလဲ။ အနောက်မြောက်ဘက်က သဲကန္တာရနဲ့တောင် တူနေပြီ" မျက်မှန်နှင့်လူက ဆိုပေသည်။
"ကောင်းပြီ... အားလုံးပဲ မီးဝိညာဉ် ဘယ်မှာရှိမလဲဆိုတာ အမြန်ဆုံး ရှာကြစို့"
"ဟားဟားဟား... ဒီတစ်ခါတော့ ငါတို့ တကယ် သူဌေးဖြစ်ပြီဟေ့"
"ဖန်ရှုံ... မင်းက မီးမှော်ဆရာဆိုတာ ငါတို့ သိပါတယ်။ ဒါပေမဲ့ မင်း အဲဒီ မီးဝိညာဉ်ကို ကိုယ်တိုင် အသုံးချဖို့တော့ မစဉ်းစားနဲ့နော်။ ငါတို့က ဒါကို မသုံးနိုင်မှတော့ ဒါကို ရောင်းပြီး ရတဲ့ပိုက်ဆံကို အညီအမျှ ခွဲယူကြတာ ပိုကောင်းမယ်"
အခန်း(၁၂၅)ပြီး
***