တရုတ်ဝတ်စုံနှင့်လူမှာ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသည်မှာ အတန်ကြာပြီဖြစ်ကြောင်း သိသာပေသည်။ သူ၏ မှော်အသုံးပြုပုံမှာ မိုဖန်ထက် များစွာ ပိုမိုကျွမ်းကျင်ပြီး အရေးကြီးဆုံးအချက်မှာ သူသည် မိမိ၏ ကိုယ်ပိုင်ထိန်းချုပ်မှုစွမ်းအားဖြင့် ကြယ်တာရာပုံရိပ်ကို ရေးဆွဲနေခြင်းပင် ဖြစ်၏။
လူသုံးဦး ဘေးသို့ ရှောင်ထွက်သွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံမှ ဧရာမ မီးလက်သီးကြီးတစ်လုံးသည် ဟိန်းဟောက်လျက် အရှိန်အဟုန်ဖြင့် ကျဆင်းလာပေသည်။ သေးငယ်သော တောင်ကုန်းမှာ ထိုမီးလျှံများ၏ စွမ်းအားကို မခံနိုင်တော့သည့်အလား ပြင်းထန်စွာ တုန်ခါလာ ပေသည်။
အပူရှိန်မှာ ပို၍ပို၍ ပြင်းထန်လာ၏။ ပတ်ဝန်းကျင်ရှိ သစ်ပင်အချို့မှာ ကျိုးပဲ့ကုန်ပြီး သစ်ပင်ထိပ်ဖျားများမှာ မြေကြီးနှင့် ထိလုနီးပါးအထိ ကိုင်းညွတ်သွားပေသည်။
ဧရာမ မီးလက်သီးကြီး ကျဆင်းလာချိန်တွင် မုဆိုးမှော်ဆရာများမှာ ကြောက်လန့်တကြား ဖရိုဖရဲ ထွက်ပြေးကြသော်လည်း၊ ကောင်းဘွိုင်ဆံပင်နှင့်လူမှာမူ ထိုနေရာ၌ပင် မလှုပ်မယှက် ရပ်နေသည်။ သူသည် ထိုမှော်အတတ်ကို ရှောင်တိမ်းရန် အရိပ်အယောင်မျှ မရှိဘဲ သူ၏ မျက်ဝန်းများတွင် အထင်အမြင်သေးသည့် အရိပ်အယောင်များပင် ပေါ်နေသေး၏။
"ကျောက်ဆောင်အတားအဆီး.. ကျောက်နံရံ” ကောင်းဘွိုင်နှင့်လူက အော်ဟစ်လိုက်ရင်း သူ၏ လက်နှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်သည်။
တောက်လောင်နေသော မီးလျှံများကြားတွင် ကျောက်နံရံတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ကြီးမားသော ကျောက်တုံးကြီးများဖြင့် ဖွဲ့စည်းထားသည့် ကြမ်းတမ်းခိုင်မာလှသော အတားအဆီးတစ်ခု ဖြစ်ပေ၏။
ထိုကျောက်နံရံမှာ အတွင်းရှိ လူများကို ကာကွယ်ပေးထားသည့် ဒိုင်းလွှားကြီးတစ်ခုအလား ရှိနေပြီး မည်သည့်အရာကမျှ ဖောက်ထွက်နိုင်မည်မဟုတ် ထင်ရလောက်အောင်ပင် ထူထဲပေသည်။
တောင်ထိပ်တွင် ပေါက်ကွဲသွားသော ဧရာမ မီးလက်သီးကြီးမှာ ကျောက်နံရံပေါ်တွင် အမှတ်အသားတစ်ခု ချန်ရစ်ခဲ့သော်လည်း၊ မီးလျှံလှိုင်းများမှာမူ ကျောက်နံရံကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ဘေးပတ်ဝန်းကျင်သို့သာ လွင့်စင်ထွက်သွားကြပေသည်။
မိုဖန်သည် ဤမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
မိုဖန်သည် မီးလက်သီး၏ စွမ်းအားကို ကောင်းစွာ သိသည်။ မီးလက်သီး၏ အပြင်းထန်ဆုံးနေရာမှာ အလယ်ဗဟိုချက်ဖြစ်ပြီး အဆောက်အအုံများကိုပင် ပြာဖြစ်သွားစေနိုင်သည်။ တိုက်ခိုက်မှုစွမ်းအားမှာ ဘန်ဂလိုအိမ်တစ်လုံးလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။ သို့သော်လည်း မီးလက်သီး၏ ကြောက်မက်ဖွယ် စွမ်းအားက ကျောက်နံရံကို ရိုက်ခတ်သွားချိန်တွင်မူ ၎င်းမှာ အမှန်တကယ်ပင် တားဆီးခြင်း ခံလိုက်ရသည်။ မီးလက်သီးကို ထိပ်တိုက်ရင်ဆိုင်ခဲ့သော ကောင်းဘွိုင်နှင့်လူမှာ ဒဏ်ရာတစ်စုံတစ်ရာ မရရှိသကဲ့သို့၊ သူ၏ နောက်ကွယ်မှ လူများလည်း ဘေးကင်းလျက် ရှိပေသည်။
"မြေဒြပ်စင် အလယ်အလတ်အဆင့်မှော်၊ ကျောက်ဆောင်အတားအဆီးပေါ့။ ဒါဟာ အလယ်အလတ်အဆင့်ရဲ့ အစွမ်းထက်ဆုံး ခုခံရေးမှော်တစ်ခုပဲ" ထန်ယွဲ့မှာ ဆရာမပီသစွာဖြင့် မိုဖန် မသိသေးသော အလယ်အလတ်အဆင့် သတင်းအချက်အလက်များကို ချက်ချင်းပင် ရှင်းပြပေးသည်။
"အံ့ဩစရာပဲ" မိုဖန် ချီးကျူးမိပေသည်။
အခြေခံအဆင့်တွင် လူတိုင်း၌ မှော်အတတ်တစ်ခုစီသာ ရှိသဖြင့် မှော်တိုက်ပွဲများမှာ တစ်ယောက်တစ်လှည့် တိုက်ခိုက်ရသကဲ့သို့ ဖြစ်နေသည်။ အလယ်အလတ်အဆင့်တွင်မူ လူတိုင်း၌ မှော်အတတ် လေးမျိုးစီ ရှိကြသဖြင့် မှော်ဆရာများကြား တိုက်ပွဲမှာ နည်းဗျူဟာများ၊ တိုက်စစ်နှင့် ခံစစ် နည်းပရိယာယ်များဖြင့် ရှုပ်ထွေးလှပေသည်။
မုဆိုးအဖွဲ့မှာ နာမည်ကြီး မိသားစုဝင်များ မဟုတ်ကြသော်လည်း ၎င်းတို့၏ အဖွဲ့လိုက် ပေါင်းစပ်မှုမှာ အလွန်ပင် ကောင်းမွန်ပေသည်။
ကောင်းဘွိုင်နှင့်လူက ခုခံရေးနည်းဗျူဟာကို အသုံးပြုပြီးနောက်၊ မျက်နှာတွင် အမာရွတ်နှင့်လူကလည်း ကျောက်နံရံနောက်မှနေ၍ သူ၏ လေဒြပ်စင် အလယ်အလတ်အဆင့်မှော်ကို အသုံးပြုရန် ပြင်ဆင်ပြီးစီးသွားပေပြီ။
"လေလမ်းကြောင်း - လေဆင်နှာမောင်း” ချက်ချင်းဆိုသလိုပင် တောင်တန်းကြားရှိ ရေလှောင်ကန်မှာ
ဝူး...
ချက်ချင်းဆိုသလိုပင် တောင်တန်းကြားရှိ ရေလှောင်ကန်မှာ လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပေသည်။ ခြောက်ကပ်ပြီး ပူနွေးနေသော လေထုမှာ ထိုကြောက်မက်ဖွယ် လေပြင်းများကြောင့် လွင့်စင်သွား၏။ လေစီးကြောင်းများမှာ တစ်နေရာတည်းတွင် စုပြုံသွားပြီး တဖြည်းဖြည်း လည်ပတ်လာကာ ကြောက်မက်ဖွယ် လေဆင်နှာမောင်းကြီးတစ်ခုအဖြစ် အရှိန်ယူလာပေသည်။
လေဆင်နှာမောင်းမှာ ဖုန်မှုန့်များကို စုပ်ယူလိုက်ပြီး ကောင်းကင်ယံအထိ ထိုးတက်နေသော ဝါကျင့်ကျင့် နဂါးကြီးတစ်ကောင်အသွင် ဖြစ်ပေါ်လာပေသည်။ ပတ်ဝန်းကျင်ရှိ သစ်ပင်များပင် လေပြင်းဒဏ်ကို မခံနိုင်ဘဲ လေဆင်နှာမောင်းအတွင်းသို့ ဆွဲသွင်းခြင်း ခံရလုနီးပါး ဖြစ်နေတော့၏။
ဝေ့ဝဲနေသော လေပြင်းများက မိုဖန်၏ မျက်နှာကို လာရောက်ရိုက်ခတ်သဖြင့် သူ အနည်းငယ် နာကျင်သွားရသည်။ မိုဖန်အနေဖြင့် ရေလှောင်ကန်အနီးရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ သူ မြင်ရသည်မှာ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်အလား တစ်နေရာလုံးကို ပြောင်းပြန်လှန်ပစ်နေသည့် လေဆင်နှာမောင်းကြီးကိုသာ ဖြစ်သည်။
မိုဖန်သည် လေဒြပ်စင် အလယ်အလတ်အဆင့်မှော်၏ စွမ်းအားကို ကြုံတွေ့ဖူးသော်လည်း ယခုတစ်ကြိမ် ထပ်မံမြင်တွေ့ရပြန်သောအခါ သူ၏ ရင်ထဲတွင် တုန်လှုပ်သွားရပြန်သည်။ အခြေခံအဆင့် လေပြင်းခြေလှမ်း နှင့် နှိုင်းယှဉ်လျှင် အလယ်အလတ်အဆင့် မှော်မှာ တိုင်ရန်နိုဆောရပ်စ် သားရဲကြီးကဲ့သို့ပင် ဖြစ်ပြီး၊ ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။
လေဆင်နှာမောင်း ဖြတ်သန်းသွားပြီးနောက် ရေလှောင်ကန်ငယ်လေးမှာ ပုံပျက်ပန်းပျက် ဖြစ်သွားတော့၏။ သစ်ပင်များမှာ ကျိုးပဲ့ကိုင်းညွတ်ကုန်ပြီး ကျောက်တုံးများမှာလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။
ထိုရုန်းရင်းဆန်ခတ်မှု၏ ဗဟိုချက်တွင်မူ တုန်းဖန်းမိသားစုမှ မှော်ဆရာ ၄ ဦး ရှိနေသည်။ သူတို့သည် တစ်စုံတစ်ရာသော မှော်အသုံးအဆောင် ကို အသုံးပြု၍ ခုခံခဲ့ပုံရသဖြင့် လေထဲသို့ လွင့်ပါမသွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဤမျှ မြင့်မားသော အမြင့်မှ ပြုတ်ကျလျှင် သူတို့၏ အသက်မှာ တစ်ဝက်တောင် ကျန်ရှိမည်မဟုတ်ပေ။
၎င်းတို့ ၄ ဦးမှာ ထိုမှော်အတတ်ကို ခုခံနိုင်ခဲ့သော်လည်း သူတို့၏ အသွင်အပြင်မှာ အတော်ပင် အခြေအနေ မဟန်ပေ။ တရုတ်ဝတ်စုံနှင့်လူ၏ မျက်နှာတွင်မူ ဒေါသအရိပ်အယောင်များ ထင်ဟပ်နေသည်။
နှစ်ဖက်စလုံးမှာ ဒေါသများ တောက်လောင်နေကြပြီး မှော်ဆရာများမှာလည်း ၎င်းတို့၏ အလယ်အလတ်အဆင့်မှော်များကို အသုံးပြုနေကြပေသည်။ မိုဖန်နှင့် ထန်ယွဲ့တို့မှာ တိုက်ပွဲကြားတွင် မညှပ်စေရန် နောက်ထပ် ခြေလှမ်းငါးဆယ်ခန့် ဆုတ်ခွာလိုက်သည်။
တိုက်ပွဲမှာ ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့ပြီး မှော်အသုံးအဆောင်များကိုလည်း ထုတ်ဖော် အသုံးပြုလာကြသည်။ နောက်ဆုံးတွင် တရုတ်ဝတ်စုံနှင့်လူသည် သေစေနိုင်သော မှော်လက်နက်ကို အသုံးပြု၍ မျက်နှာအမာရွတ်နှင့်လူ၏ ကျောက်ဒိုင်းလွှားကို ဖျက်ဆီးပစ်လိုက်နိုင်သည်။ မုဆိုးအဖွဲ့မှာ ထိတ်လန့်တကြား ဆုတ်ခွာသွားရတော့၏။
၎င်းတို့၏ ခုခံစစ် ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက်၊ အဖွဲ့လိုက် ပေါင်းစပ်တိုက်ခိုက်ရသော မုဆိုးအဖွဲ့မှာ အလယ်အလတ်အဆင့် မှော်ဆရာ ၄ ဦး၏ လက်အောက်တွင် အရှုံးပေးလိုက်ရပေသည်။
"ဒီနေ့တော့ ငါ မင်းတို့ မုဆိုးအဖွဲ့အစည်းကို မျက်နှာထောက်ပြီး လွှတ်ပေးလိုက်မယ်။ အခုချက်ချင်း ထွက်မသွားဘူးဆိုရင် ငါ မင်းတို့အားလုံးကို ပြာဖြစ်အောင် ရှို့ပစ်မယ် ဥပဒေစိုးမိုးရေးအဖွဲ့ ရောက်လာရင်တောင် မင်းတို့ရဲ့ အရိပ်အယောင်ကိုတောင် ရှာတွေ့မှာ မဟုတ်ဘူး" တရုတ်ဝတ်စုံနှင့်လူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး၊ သူ၏ လက်ထဲတွင် မီးလုံးတစ်လုံး ရှိနေပေသည်။
ဖန်ရှုံနှင့် သူ၏လူများမှာ အလွန်ပင် မကျေမနပ် ဖြစ်နေကြသော်လည်း ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။
၎င်းမှာ သူတို့၏ အရည်အချင်း မမီခြင်းကြောင့် မဟုတ်ဘဲ၊ ဤမိသားစုဝင်များ၌ မှော်အသုံးအဆောင်များ အလွန်အမင်း များပြားနေခြင်းကြောင့်ပင် ဖြစ်၏။ ခက်ခဲစွာဖြင့် အရည်အချင်းပိုင်းတွင် ဖိနှိပ်ထားနိုင်သော်လည်း နောက်ဆုံးတွင် မှော်လက်နက်များကြောင့် အလွယ်တကူ ရှုံးနိမ့်သွားရခြင်း ဖြစ်သည်။
ဤအချိန်တွင် အင်အားကြီး မိသားစုဝင်တစ်ဦးနှင့် သာမန်မှော်ဆရာတစ်ဦးကြား ကွာခြားချက်မှာ အလွန်ပင် ထင်ရှားပေသည်။
"သွားကြမယ်..." ဖန်ရှုံသည် သတိမေ့နေသော သူ၏ အဖော်ကို ထမ်းပိုးရင်း အံကို ကြိတ်ကာ ပြောသည်။
သူတို့အတွက် ဝမ်းသာစရာမှာ မည်သူမျှ သေဆုံးခြင်း မရှိခြင်းပင် ဖြစ်၏။ အမှန်အတိုင်းဆိုလျှင် တုန်းဖန်းမိသားစုဝင်များမှာ ယခုအချိန်တွင် သူတို့ကို သတ်ပစ်နိုင်စွမ်း ရှိသော်လည်း၊ မှော်အသင်းအဖွဲ့၏ အကျိုးဆက်များကို ကြောက်ရသဖြင့် ထိုသို့ မလုပ်ဆောင်ခြင်း ဖြစ်သည်။
ပြင်ပလောကတွင် မှော်ဆရာများ ရတနာအတွက် တိုက်ခိုက်ကြသည်မှာ သာမန်ကိစ္စပင် ဖြစ်၏။ အဆင့်မြင့် နယ်ပယ်သို့ ရောက်ရှိနေသော မှော်ဆရာများမှာ ၎င်းတို့၏ ရဲဘော်ရဲဘက်များ၏ သွေးများ လက်စွန်းခဲ့ကြသည်မှာ အမှန်ပင် ဖြစ်ပေသည်။ မုဆိုးမှော်ဆရာများအနေဖြင့် ၎င်းတို့၏ အသက်မှာ မီးဝိညာဉ်မျိုးစေ့ထက် ပို၍ အရေးကြီးကြောင်း နားလည်ပေသည်။
၎င်းတို့အဖွဲ့မှာ အမြန်ပင် ဆုတ်ခွာသွားကြတော့၏။ အားအင်များ လုံးဝ ကုန်ခမ်းနေသည့်ပုံ ရှိသဖြင့် ဤနေရာတွင် ဆက်လက် မနေလိုကြပေ။
တုန်းဖန်းမိသားစုမှ ၄ ဦးမှာလည်း မုဆိုးများ ဆုတ်ခွာသွားသည်ကို မြင်မှသာ အသက်ကို ပြင်းပြင်းရှူရင်း စိတ်လျှော့လိုက်ကြသည်။
"ချီးပဲ... သူတို့က ငါတို့ကိုတောင် လာရှုပ်ရဲသေးတယ်။ ငါတို့ဘက်က ဆုံးရှုံးမှုလည်း မနည်းဘူး၊ ငါ့ရဲ့ နက်ဗျူလာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ" ဆံပင်တောင်ထောင်နှင့်လူက ကျိန်ဆဲလိုက်ပေသည်။
"ဟုတ်တယ်... အစ်ကိုကြီး ကျွင်း ပြောသလို သူတို့ကို တိုက်ရိုက် ခြောက်ထုတ်လိုက်နိုင်တာ တော်သေးတာပေါ့"
တရုတ်ဝတ်စုံနှင့်လူ၏ မျက်နှာမှာမူ စိတ်အေးသွားသည့်ပုံ မရပေ။ ထိုမုဆိုးမှော်ဆရာများသည် များသောအားဖြင့် မှော်သားရဲများနှင့် တိုက်ခိုက်နေကြသူများ ဖြစ်သဖြင့် မြို့တွင်း၌သာ နေထိုင်သော အလယ်အလတ်အဆင့် မှော်ဆရာများထက် ပို၍ အစွမ်းထက်ကြသည်။ မိသားစုအတွင်းမှ ထိပ်တန်းလူ ၃ ဦးကိုသာ သူနှင့်အတူ ခေါ်မလာခဲ့ပါက ထိုနေရာတွင် သူ သေဆုံးသွားနိုင်ပေသည်။ မုဆိုးအဖွဲ့အစည်းမှ လူများမှာ တကယ်ပင် အလွယ်တကူ ရန်စရမည့်သူများ မဟုတ်ပေ။
အခန်း(၁၂၈)ပြီး
***