"ဟိုလူတွေ ထွက်သွားပြီဆိုတော့ ရတနာကို သိမ်းကြစို့…တောက်... မီးဝိညာဉ်မျိုးစေ့ပဲ၊ ဒါကိုသာ ငါရရင်တော့ ယွန်းမေ တစ်ယောက် ငါ့ရှေ့မှာ ဒူးထောက်လာမှာ သေချာတယ်။ နေ့တိုင်း ငါ့ကို ဂရုမစိုက်ဘဲ အမြဲတမ်း မူနေတဲ့ သူရဲ့ အချိုးတွေကို ကြည့်ကြသေးတာပေါ့" ဟု မျက်နှာတွင် မှဲ့နှင့်လူက ဆိုလေသည်။
"ဒါကို ငါ့ကိုပေးလိုက်၊ မင်းတို့ကို တခြား ကောင်းတဲ့အရာတွေ ငါပြန်ပေးမယ်" တုန်းဖန်းကျွင်း က သူ၏ တန်ဖိုးကြီး ဝတ်စုံကို ပြန်လည် ပြင်ဆင်ရင်း ပြတ်သားစွာ ပြောပေသည်။
ကျန်ရှိသောလူများမှာ ခဏမျှ ကြောင်သွားပြီးနောက် အားနာသလို ပြုံးလိုက်ပေသည်။ သူတို့ မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ၊ တုန်းဖန်းကျွင်းနှင့်မူ ရန်မဖြစ်ရဲပေ။ သူတို့အားလုံးမှာ အလယ်အလတ်အဆင့် မှော်ဆရာများ ဖြစ်ကြသော်လည်း၊ တုန်းဖန်းကျွင်းမှာမူ အခြားသော အထက်တန်းစား ဂိုဏ်းဝင်များနှင့် တစ်ဝိုင်းတည်း ထိုင်စားနိုင်သည့် အတွင်းစည်းတပည့် တစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် ဤလူများမှာ တုန်းဖန်းကျွင်းကို ဆန့်ကျင်ရန် သတ္တိမရှိပေ။
"စိတ်မကောင်းပါဘူး... ဒီအရာက ငါ့ပိုင်ဆိုင်မှုပဲ။ တခြား အကျိုးကျေးဇူးတွေကတော့... ငါစိတ်ကြည်ရင် မင်းတို့ကို သိပ်မနာကျင်စေဘဲ သေခွင့်ပေးမယ်" ၎င်းတို့ ၄ ဦး ရတနာကို သိမ်းရန် ပြင်လိုက်စဉ်မှာပင် အေးစက်ပြီး မှောင်မိုက်သော အသံတစ်ခု လွင့်ပျံလာပေသည်။
ဘေ့စ်ဘောဦးထုပ် ဆောင်းထားပြီး အတော်ပင် ရုပ်ရည်ချောမောသော်လည်း အသားအရေမှာ အလွန်ပင် ဖြူဖျော့နေသော လူငယ်တစ်ဦး လမ်းလျှောက်လာနေခြင်း ဖြစ်၏။ မှော်တိုက်ပွဲအပြီး ကျန်ရှိနေသော ရုန်းရင်းဆန်ခတ် လေထုမှာ ရုတ်တရက်ပင် အရိုးထဲအထိ စိမ့်ဝင်သွားစေမည့် အေးစက်မှုအဖြစ် ပြောင်းလဲသွားပေသည်။
ထိုလူတွင် ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါနှင့် သွေးအေးသော သတ်ဖြတ်လိုစိတ်များ ရှိပေသည်။ ထွက်ပြေးတိမ်းရှောင်နေသော ပညာတတ်တစ်ဦးနှင့် တူသော်လည်း ယခုအခါတွင်မူ မှော်သားရဲတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ပုံစံ ပေါ်ပေါက်လာပေပြီ။ သူသည် တုန်းဖန်းမိသားစုမှ မှော်ဆရာ ၄ ဦးကို စိတ်ခံစားချက် ကင်းမဲ့သော မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်ပေသည်။
"ဒီတစ်ခါ ဘယ်သူလဲ...၊ ငါတို့ ခက်ခက်ခဲခဲ လုပ်ထားတာကို ကြားကနေ နှိုက်ချင်တာလား..." တုန်းဖန်းကျွင်း၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ချက်ချင်း ပေါ်လာသည်။
"ငါ့နာမည်ကို မင်းတို့ ကြားဖူးကောင်း ကြားဖူးလိမ့်မယ်... ငါက ချောင်ဟယ် ပဲ" ထိုလူသည် သူ၏ ဦးထုပ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်ရာ၊ သူ၏ မျက်နှာတစ်ခြမ်း ပေါ်ထွက်လာပြီး မိစ္ဆာတစ်ကောင်ကဲ့သို့သော အသွင်အပြင်ကို မြင်လိုက်ရသည်။ အားလုံးကို တုန်လှုပ်သွားစေသည်မှာ သူ၏ နဖူးပေါ်တွင် သံပူဖြင့် ခတ်နှိပ်ထားသော အမှတ်အသားတစ်ခု ရှိနေခြင်းပင် ဖြစ်၏။ ဤကဲ့သို့သော အမှတ်အသား ရှိသူများသည် များသောအားဖြင့် မှော်ခုံရုံးမှ သေဒဏ်ပေးခြင်း ခံထားရသူများသာ ဖြစ်ပေသည်။
"ချောင်ဟယ်... ဒါ... ဒါက လူသတ်မှော်ဆရာ ချောင်ဟယ်ပဲ" ဆံပင်ဖီးထားသောလူက အလန့်တကြား အော်ဟစ်လိုက်သည်။
"တုန်းဖန်းမိသားစုလား... ငါမှတ်မိသလောက်ဆိုရင် မင်းတို့ဆီမှာ တုန်းဖန်းချင်းအာဆိုတဲ့ ကောင်မလေး ရှိတယ်မလား၊ သူက တကယ်ကို အရသာရှိတဲ့ပုံပဲ"ချောင်ဟယ်က ရယ်မောလိုက်ပေသည်။
"ဒီကောင်... မင်းက ငါတို့ တုန်းဖန်းမိသားစုရဲ့ တပည့်ကို စော်ကားရဲတယ်ပေါ့"
"ဪ... သူ့ကို စော်ကားတာက သိပ်ပြီး ထူးခြားတာ မဟုတ်ပါဘူး။ ငါဆိုလိုတာက ငါစားလိုက်တုန်းက သူက တကယ်ကို အရသာရှိတာလို့ ပြောတာ" ချောင်ဟယ်သည် သွေးစုပ်ဖုတ်ကောင်တစ်ကောင်အလား သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပေသည်။
၎င်းကို ကြားလိုက်ရချိန်တွင် ထိုလူ ၄ ဦးစလုံး ကျက်သီးမွေးညင်းများ ထသွား၏။ တုန်းဖန်းချင်းအာဆိုသော မိန်းကလေးမှာ ဤအရူးမိစ္ဆာ ချောင်ဟယ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သူတို့ သိထားပေသည်။ ဤမိစ္ဆာက သူ့ကို အမှန်တကယ်ပင် စားပစ်ခဲ့လိမ့်မည် မည်သူက ထင်ထားပါမည်နည်း။
အခြားတစ်ဖက်တွင်မူ မိုဖန်သည် ဆရာမ ထန်ယွဲ့ကို လှမ်းကြည့်လိုက်ရာ သူ၏ ရင်ထဲတွင်လည်း ကြောက်ရွံ့မှုများ လှိုင်းထနေသည်။ ထိုလူမှာ လူကိုပင် စားပစ်သည်အထိ ရူးသွပ်နေသည် သူနှင့် မှော်သားရဲ ဘာများ ခြားနားပါသနည်း။
"ဒါကြောင့်လည်း ဒီတစ်ခါတော့ သူ့ကို အလွတ်မပေးနိုင်တာပဲ" ထန်ယွဲ့က မျက်ဝန်းများ အေးစက်လျက် တိုးတိုးလေး ပြောပေသည်။
"တုန်းဖန်းမိသားစုက ၄ ယောက်လည်း မပျော့ပါဘူး၊ သူတို့ လုပ်နိုင်မှာ... " မိုဖန် စကားမဆုံးမီမှာပင် ချောင်ဟယ် ဆိုသူမှာ ထူးဆန်းစွာ ရယ်မောလိုက်သည်။
သူ၏ ရယ်သံမှာ သွေးစုပ်လင်းနို့တစ်ကောင်၏ အော်မြည်သံကဲ့သို့ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။
သူ ရယ်မောနေစဉ်မှာပင် မိုဖန်သည် ကောင်းကင်ယံထက်မှ တစ်စုံတစ်ခုသော အမည်းရောင်အရာများ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်ကို သတိပြုမိလိုက်သည်။ ၎င်းမှာ အစကတည်းက ရှိနေခဲ့သော ပင့်ကူအိမ်အမည်းရောင်ကြီးနှင့် တူသလို၊ ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးတစ်ကောင်၏ လက်သည်းများ ရိုက်ချလိုက်သကဲ့သို့လည်း ရှိနေပေသည်။
"ငါက မင်းတို့ အားလုံးထက် အရင် ဒီကို ရောက်နေတာ။ အမှန်တော့ ဒီ မိစ္ဆာကျင်းဆိုတာက ငါတို့ ဆုံဆည်းမှုအတွက် ငါပြင်ဆင်ထားတဲ့ လက်ဆောင်ပဲ"
အမည်းရောင် လက်သည်းများနှင့် အမည်းရောင် ပင့်ကူအိမ်ကြီး ပေါ်ထွက်လာသည်။ ထိုလူ ၄ ဦး ခေါင်းမော့ကြည့်လိုက်သောအခါ အမည်းရောင် မြူခိုးများ ဖုံးလွှမ်းနေသော ထောင်ချောက်တစ်ခုကို မြင်လိုက်ရ၏။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော ပင့်ကူနက်ကြီးတစ်ကောင်၏ အရိပ်ပင် ဖြစ်ပေသည်။ ၎င်း၏ များပြားလှသော မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်ပနေပြီး ၎င်းတို့၏ ဝိညာဉ်များကိုပင် ဝါးမြိုပစ်တော့မည့်အလား ခံစားလိုက်ရပေသည်။
"ဒါ ကျိန်စာဒြပ်စင်ပဲ... ဆုတ်ကြ" တုန်းဖန်းကျွင်းက မျက်နှာပျက်လျက် အော်ဟစ်သည်။
အားလုံး ထိတ်လန့်သွားကြ၏။ သူတို့သည် မိမိတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်ရသော အမည်းရောင် ပိုးချည်များဖြင့် ချည်နှောင်ထားသည့် ဤကဲ့သို့သော မှော်မျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။ သူတို့ ချည်နှောင်ခံထားရစဉ် မှော်အသုံးပြုရန် ကြိုးစားရင်း မျက်လုံးမှိတ်လိုက်လျှင်ပင်၊ ထိုပင့်ကူနက်ကြီး၏ လောဘဇောတက်နေသော မျက်လုံးများနှင့် ကြောက်မက်ဖွယ် ခန္ဓာကိုယ်ကြီးက သူတို့၏ စိတ်အာရုံ အတွင်း၌ ပေါ်လာသည်။ ထိုရွံရှာဖွယ်ကောင်းသော ခန္ဓာကိုယ်နှင့် မျက်လုံးပေါင်းများစွာက သူတို့၏ စိတ်ထဲတွင် ရောက်ရှိနေသဖြင့် ကြယ်မှုန်တစ်လုံးကိုပင် မထိန်းချုပ်နိုင်တော့ပေ။
"ဒုက္ခပဲ... ငါတို့ နောက်ကျသွားပြီ" ဆရာမ ထန်ယွဲ့သည် မျက်နှာဖြူလျော့လျက် ရုတ်တရက် ထရပ်လိုက်သည်။
မူလက ထန်ယွဲ့သည် ချောင်ဟယ်က တုန်းဖန်းမိသားစုမှ ၄ ဦးကို တိုက်ခိုက်ချိန်တွင် ကြားကဝင်၍ သူ့ကို အပြတ်ရှင်းရန် ကြံရွယ်ထားခြင်း ဖြစ်ပေသည်။ ချောင်ဟယ်က ဤနေရာတွင် ကျိန်စာပင့်ကူအိမ်ကို ကြိုတင်ပြင်ဆင်ထားပြီး တုန်းဖန်းမိသားစုဝင်များကို ချက်ချင်း ဖမ်းဆီးနိုင်လိမ့်မည် သူ မထင်ထားခဲ့ပေ။
ကျိန်စာဒြပ်စင်မှ မှော်အတတ်များသည် များသောအားဖြင့် ယုတ်မာပြီး ကောက်ကျစ်ပေသည်။ ဂရုမစိုက်ပါက ခုခံရန် မဖြစ်နိုင်ပေ။ တုန်းဖန်းမိသားစုမှ ၄ ဦးမှာ မုဆိုးအဖွဲ့ကိုသာ အာရုံစိုက်နေခဲ့ကြပြီး အားအင်ကုန်ခမ်းနေချိန်တွင်၊ ချောင်ဟယ်က သူ၏ အလယ်အလတ်အဆင့် ကျိန်စာမှော်ကို အသုံးပြု၍ အရာအားလုံးကို အလွယ်တကူ သိမ်းကျုံးယူလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် ထို မိစ္ဆာပင့်ကူထောင်ချောက်မှာ တတိယအဆင့်အထိ ကျင့်ကြံထားခြင်း ဖြစ်ပေသည်။ ထိုအဆင့်သို့ ရောက်ရှိပါက ပင့်ကူ၏ ဝိညာဉ်မှာ လူများ၏ စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ပြီး ထောင်ချောက်ထဲသို့ ကျရောက်သူများမှာ ပြန်လည် ခုခံနိုင်စွမ်း မရှိပေ။
တုန်းဖန်းမိသားစုဝင်များမှာ မပျော့လှသော်လည်း ဤကဲ့သို့သော ကျိန်စာလှည့်ကွက်ကိုမူ မခုခံနိုင်ခဲ့ကြပေ။ ထောင်ချောက်ထဲသို့ ကျရောက်သွားသည်နှင့် ၎င်းတို့ ၄ ဦးမှာ မသန်မစွမ်းသူများကဲ့သို့ ဖြစ်သွားပြီး သတ်သတ်လွတ် စားရန် စောင့်နေသော သိုးငယ်လေးများအလား ဖြစ်သွားရတော့၏။
"စောစောစီးစီး ထွက်မလာမိတာ တော်သေးတယ်လို့ပဲ မှတ်ရမှာပဲ၊ မဟုတ်ရင် အဲဒီထောင်ချောက်ထဲ ရောက်နေတာ ကျွန်တော်တို့ ဖြစ်နေမှာ" မိုဖန်က မျက်နှာပျက်ပျက်ဖြင့် ဆိုသည်။
ဆရာမ ထန်ယွဲ့ ကိုင်တွယ်ရန် ကြံရွယ်နေသော ဝရမ်းပြေးမှာ မှော်သားရဲတစ်ကောင်ထက်ပင် ပို၍ ကြောက်စရာကောင်းပေသည်။ ထိုလူမှာ ပင့်ကူတစ်ကောင်နှင့်ပင် တူလှပေ၏။ သူသည် မမြင်နိုင်သော ပင့်ကူအိမ်ကို ခင်းထားပြီး သားကောင်များ မသိဘဲ လမ်းလျှောက်ဝင်လာအောင် လုပ်ဆောင်ပေသည်။ သားကောင်က ထိုအိမ်ကို အသည်းအသန် ရုန်းထွက်ရန် ကြိုးစားချိန်မှာမှ သေမင်းအဖြစ် သူက ပေါ်လာခြင်း ဖြစ်ပေသည်။
ထန်ယွဲ့ သူတို့ကို တကယ်ပင် ကယ်တင်ချင်သော်လည်း၊ သူ ယခု ဝင်ရောက် တိုက်ခိုက်လျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။ သူက မီးဒြပ်စင်နှင့် အမှောင်ဒြပ်စင် အထူးပြု ဖြစ်ပေသည်။ ဤဒြပ်စင်နှစ်မျိုးစလုံးမှာ ကျိန်စာဒြပ်စင်၏ မှော်အတတ်ကို ဖြိုခွဲနိုင်ခြင်း မရှိပေ။
"လျှပ်စီးဒြပ်စင်ဆိုရင်ကော..." မိုဖန် ကြယ်တာရာပုံရိပ်စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
ထန်ယွဲ့က ချက်ချင်းပင် ခေါင်းခါလိုက်ပြီး "ကျိန်စာဒြပ်စင်ရဲ့ မှော်တွေအားလုံးက ကြိုတင်ပြီး ပြုစားထားတာ။ လျှပ်စီးနဲ့ ကျိန်စာတိုက်တဲ့လူကို သတ်လိုက်ရင်တောင် အသုံးမဝင်ဘူး။ ကျိန်စာက ဒီလူ ၄ ယောက်ရဲ့ အသက်ကို ဆက်ပြီး ဝါးမြိုနေဦးမှာပဲ။ ပြောရရင် ဒီလူ ၄ ယောက် ကျိန်စာရှိမှန်းမသိဘဲ ဒီနေရာကို ဝင်လာခဲ့တဲ့ စက္ကန့်ပိုင်းကတည်းက သူတို့ရဲ့ အသက်ဟာ သူတို့ပိုင်တာ မဟုတ်တော့ဘူး"
"ဒီကောင် တကယ်ကို ကြောက်စရာကောင်းတာပဲ" မိုဖန် အံ့ဩတုန်လှုပ်သွားသည်။
ထန်ယွဲ့ သည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး တည်ငြိမ်လေးနက်သော မျက်နှာအမူအရာ ရှိနေသည်။
မှော်ခုံရုံး၏ တရားသူကြီးတစ်ဦးအနေဖြင့် သူ့တွင် လူများကို ကယ်တင်ရန် တာဝန်ရှိပေသည်။ သို့သော် ယခုအချိန်တွင်မူ ထိုလူ ၄ ဦး၏ အသက်ကို ကျိန်စာက ဝါးမြိုနေသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ပေသည်။
သူ ဝင်ရောက် မတိုက်ခိုက်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် ဝင်ရောက် တိုက်ခိုက်လျှင်ပင် ထိုလူ ၄ ဦးကို ကယ်တင်နိုင်မည် မဟုတ်သောကြောင့် ဖြစ်၏။
သူမအနေဖြင့် ချောင်ဟယ်က မီးဝိညာဉ်မျိုးစေ့ကို သိမ်းယူချိန်တွင် သူ၏ သတိလက်လွတ်ဖြစ်မည့် အခိုက်အတန့်ကိုသာ စောင့်ဆိုင်းနေရပေသည်။ ထိုအချိန်မှသာ သူ့ကို ကိုင်တွယ်နိုင်မည် ဖြစ်ပေသည်။ အကယ်၍ သူ့ကို ဤတစ်ကြိမ် အလွတ်ပေးလိုက်ပါက နောက်ထပ် လူမည်မျှ ဤကဲ့သို့သော ဘေးဒုက္ခနှင့် ကြုံတွေ့ရဦးမည် မည်သူ သိနိုင်ပါမည်နည်း။
အပိုင်း(၁၂၉)ပြီး
***