မြင်သာသော အမည်းရောင် ချည်မျှင်များမှာ တုန်းဖန်းမိသားစုဝင် လေးဦးစလုံးကို ရစ်ပတ်ထားသည်။ သူတို့၏ မျက်နှာများမှာ အသက်မဲ့နေသကဲ့သို့ ဖြစ်နေပြီး သူတို့၏ ဝိညာဉ်များမှာ မကောင်းဆိုးဝါး အရာတစ်ခုခု၏ တဖြည်းဖြည်း ဝါးမြိုခြင်းကို ခံနေရသည့်အလား ရှိပေသည်။
ယင်းကို ခုခံနိုင်စွမ်း ရှိသူဟူ၍ တုန်းဖန်းကျွင်း တစ်ဦးတည်းသာ ရှိသည်။ သူသည် အလွန်အမင်း နာကျင်နေပုံရပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။
"မင်း ငါတို့ကို သတ်ရင် တုန်းဖန်းမိသားစုက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး”
"ဒီလို နာမည်ကြီး မိသားစုက လူတွေက တကယ်ကို အူကြောင်ကြောင်နိုင်တာပဲ၊ ငါက မှော်ခုံရုံး ကိုတောင် မကြောက်တာ၊ မင်းတို့လို မိသားစုလေးတစ်ခုကို ကြောက်နေပါ့မလား" ချောင်ဟယ်က မှောင်မိုက်သော အပြုံးဖြင့် ပြောပေသည်။
ချောင်ဟယ်သည် ဝိညာဉ်များ တဖြည်းဖြည်း စုပ်ယူခံနေရသော ထိုလူများကို ဂရုမစိုက်ပေ။ သူ၏ အာရုံမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော ရေလှောင်ကန်၏ အောက်ခြေတွင်သာ ရှိပေသည်။
အမှန်စင်စစ် ချောင်ဟယ်ကိုယ်တိုင်လည်း အလွန်အံ့ဩနေမိသည်။ ဤနေရာသည် အမှန်တကယ်ပင် ရေထွက်ရာ နေရာတစ်ခု ဖြစ်ပေသည်။ ရေထွက်ရာနေရာမှာ မီးဝိညာဉ်မျိုးစေ့ တစ်ခု မည်သို့ ပေါ်ပေါက်လာနိုင်ပါသနည်း။
ပုံမှန်အားဖြင့် ငရဲမီးဆိုသည်မှာ မြေအောက်အပူရှိန်မှ နှစ်ပေါင်းထောင်ချီ၍ ဖြစ်ပေါ်လာသော မီးအမျိုးအစား ဖြစ်ပေသည်။ ဤကဲ့သို့သော မီးဝိညာဉ်မျိုးမှာ အတော်ပင် ယဉ်ပါးလှသဖြင့် မိမိစိတ်ကြိုက် ထိန်းချုပ်ရန်နှင့် သန့်စင်ရန် အလွန်ပင် လွယ်ကူပေသည်။
ဤကဲ့သို့သော မီးဝိညာဉ်မျိုးစေ့မှာ သိသိသာသာ ပြင်းထန်လှသဖြင့် မီးဒြပ်စင် မှော်ဆရာများစွာအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။ လေလံပွဲများတွင်မူ ၎င်းကို အလွန်အမင်း မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချလေ့ရှိကြသည်။
ဤကဲ့သို့သော ဒြပ်စင်ဝိညာဉ်မျိုးစေ့များ၏ ဈေးနှုန်းမှာ ယွမ်သန်းပေါင်း ရာနှင့်ချီ၍ ရှိနိုင်သည်။ အကယ်၍ သင်သည် ၎င်းကို သန့်စင်ရန် ပျက်ကွက်ခဲ့ပါက သင်၏ ကျင့်ကြံမှုကိုပင် စွန့်လွှတ်လိုက်ရနိုင်ပေသည်။
"ကောင်းလိုက်တာ... ဒီငရဲမီးကို ငါသန့်စင်ပြီးရင် ငါ့ရဲ့ တိုးတက်လာတဲ့ စွမ်းအားနဲ့ ငါလိုချင်တာ မှန်သမျှ လုပ်နိုင်တော့မယ်" ချောင်ဟယ် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
သူသည် အဆင့်မြင့်မှော်ဆရာ ဖြစ်လာရန် အလှမ်းဝေးနေသေးသည်။ သာမန်အခြေအနေတွင် သူ၏ စွမ်းအားမှာ အချိန်တိုအတွင်း များစွာ တိုးတက်လာမည် မဟုတ်ပေ။ သို့သော်လည်း ဤငရဲမီးနှင့်ဆိုလျှင် သူ၏ မီးမှော်စွမ်းအားမှာ သိသိသာသာ မြင့်မားလာမည် ဖြစ်၏။
“မုဆိုးတွေနှင့် မှော်ခုံရုံးကလူတွေ ငါ့ကို လာဖမ်းရဲသေးလား ကြည့်ကြသေးတာပေါ့...”
ဘုန်း...
စူးရှသော အသံတစ်ခုနှင့်အတူ အက်ကွဲခြောက်သွေ့နေသော ရေလှောင်ကန်မှာ ပေါက်ကွဲသွားပြီး ထိုနေရာတွင် မီးလောင်ကျွမ်းနေသော အပေါက်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ပုန်းကွယ်နေသော ငရဲမီး၏ တည်နေရာမှာ အလွန်မနက်ပေ။ ဤကဲ့သို့သော ဒြပ်စင်မျိုးစေ့များသည် ပုံမှန်အားဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်ကို ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေတတ်သည်။ ထိုသို့ ဖြစ်ပေါ်လာခြင်းမှာ ၎င်းသည် ပေါ်ထွက်လာရန်နှင့် ရှာဖွေတွေ့ရှိရန် အသင့်ဖြစ်နေပြီ အချက်ပြနေခြင်းပင်။
အပေါက်ကြီး ပေါက်ကွဲသွားပြီးနောက် အောက်ခြေမှ အပူလှိုင်းများ ပန်းထွက်လာပေသည်။ ထိုအပူလှိုင်းမှာ အချုပ်အနှောင်မှ လွတ်မြောက်လာသည့်အလား မီးလျှံတိုင်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာပေသည်။
ချောင်ဟယ်သည် ဤခန့်ညားထည်ဝါလှသော မီးလျှံတိုင်ကြီးကို ကြည့်ရင်း ရယ်မောနေတော့၏။
“တကယ့်ကို မီးဝိညာဉ်မျိုးစေ့ပဲ...”
ကြည်လင်ပြီး ဆွဲဆောင်မှုရှိသော အနီရောင်ကို ကြည့်ခြင်းအားဖြင့် ဤငရဲမီးမှာ အတော်ပင် စင်ကြယ်ကြောင်း သူ ဆုံးဖြတ်နိုင်ပေသည်။ ၎င်းမှာ နှင်းဆီမီးလျှံပင် ဖြစ်၏။
သာမန် မီးလျှံများ၏ အရောင်မှာ အနီရင့်ရောင် ဖြစ်ပေသည်။ ထိုကဲ့သို့သော အနီရင့်ရောင်ကို သာမန်အဆင့် ခေါ်ဆိုနိုင်ပေသည်။ မီးဒြပ်စင် နိုးကြားပြီးသော မည်သည့် မှော်ဆရာမဆို ထိုမီးမျိုးကို ထိန်းချုပ်နိုင်ပေသည်။
သို့သော် ဤမီးလျှံမှာမူ ဝိညာဉ်အဆင့် ဖြစ်ပေသည်။ ဆွဲဆောင်မှုရှိသော နှင်းဆီနီရောင် သမ်းနေသည့် ဤကဲ့သို့သော မီးလျှံကို နှင်းဆီမီးလျှံ ဟု အမည်ပေးထားပေသည်။ ၎င်း၏ ပူပြင်းမှုမှာ အခြားသော မီးဝိညာဉ်မျိုးစေ့များထက် များစွာ ပိုမိုမြင့်မားပေသည်။ ၎င်းမှာ ရိုးရှင်းသော်လည်း ကြမ်းတမ်းလှသည် ဆိုရပေလိမ့်မည်။
ဤကဲ့သို့သော ရတနာအတွက် အန္တရာယ်ကြီးကြီးယူပြီး လူများစွာကို သတ်ခဲ့ရခြင်းမှာ တကယ်ပင် ထိုက်တန်ပေသည်။
ချောင်ဟယ်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပေသည်။ သူ၏ ကြည်နူးပီတိဖြစ်နေသော အမူအရာမှာ ဝိညာဉ်စုပ်ယူခံရပြီး သေဆုံးသွားသော တုန်းဖန်းမိသားစုဝင် လေးဦး၏ ရုပ်အလောင်းများနှင့် သိသိသာသာ ကွာခြားနေသည်။
"မင်း ဒီမှာပဲ စောင့်ကြည့်နေ၊ ငါ အရင်သွားမယ်" ထန်ယွဲ့က မိုဖန်ကို တိုးတိုးလေး ပြောသည်။
"ကျွန်တော့်အကူအညီ မလိုဘူးလား..." မိုဖန် သူ၏ နှာခေါင်းကို ညွှန်ပြရင်း မေးလိုက်၏။
"ရန်သူက အရူးလူသတ်သမား။ မင်းကို ခေါ်လာတာက အပို ကာကွယ်မှုတစ်ခုအနေနဲ့ပဲ၊ ဒီစိတ်ဝေဒနာရှင်နဲ့ တိုက်ခိုက်ဖို့ မဟုတ်ဘူး" ထန်ယွဲ့က တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။
ထန်ယွဲ့အတွက်မူ မိုဖန်မှာ ကျောင်းသားတစ်ဦးသာ ဖြစ်နေသေးပေသည်။ အကယ်၍ အခြားလူသာဆိုလျှင် တုန်းဖန်းမိသားစုမှ အလယ်အလတ်အဆင့် မှော်ဆရာ လေးဦး သေဆုံးသွားသည်ကို မြင်ပါက ကြောက်လန့်တုန်ရင်နေပေလိမ့်မည်။ မိုဖန်မှာ သတ္တိရှိကြောင်း ထန်ယွဲ့ သိသော်လည်း၊ မိုဖန်ကို အပိုအလုပ်များ မလုပ်စေလိုပေ။
မှော်ခုံရုံးမှာ လက်ရှိတွင် ပိုမြို့ ၏ ဘေးဒုက္ခကို ကိုင်တွယ်နေရသဖြင့် မည်သည့်လူကိုမျှ စေလွှတ်နိုင်ခြင်း မရှိပေ။ သို့မဟုတ်ပါက ထန်ယွဲ့သည် မိုဖန်ကို ဤကဲ့သို့သော အန္တရာယ်ရှိသည့် မစ်ရှင်တွင် ပါဝင်ခွင့်ပေးမည် မဟုတ်ပေ။
ဆရာမ ထန်ယွဲ့က ထိုသို့ ပြောလာသဖြင့် မိုဖန်လည်း မလှုပ်မယှက်ဘဲ စောင့်ကြည့်နေရုံသာ တတ်နိုင်ပေသည်။
အခြားတစ်ဖက်တွင်မူ ချောင်ဟယ်၏ လက်များမှာ ပေါ်ထွက်လာသော နှင်းဆီမီးလျှံတိုင်ကြီးကို တိုက်ရိုက် ထိတွေ့နေပြီ ဖြစ်သည်။ ဆွဲဆောင်မှုရှိသော အနီရောင် စွမ်းအင်များမှာ ချောင်ဟယ်နှင့် ပေါင်းစပ်နေသည်မှာ သိသာပေသည်။ သူသည် မိမိထံသို့ စီးဝင်လာသော စွမ်းအားများကို သာယာနေပေသည်။
ထန်ယွဲ့သည် ခဏမျှ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် စတင် လှုပ်ရှားလိုက်သည်။
သူမ၏ လှပသော ကိုယ်ဟန်မှာ သစ်ပင်ရိပ်များကြားတွင် ချောမွေ့စွာ ရွေ့လျားသွားသည်။ မျက်တောင်အနည်းငယ် ခတ်လိုက်ရုံအတွင်းမှာပင် ထန်ယွဲ့မှာ ချောင်ဟယ်၏ နောက်ကွယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
မိုဖန်သည် ထန်ယွဲ့က သူ၏ အရိပ်မှော်ကို အသုံးပြုနေသည်ကို ကြည့်ရင်း မသိစိတ်ဖြင့် အသက်ကို အောင့်ထားမိသည်။ သူ အသက်ပြင်းပြင်းရှူလိုက်မိပါက ထိုစိတ်ဝေဒနာရှင်က သူတို့ကို သိသွားမည်သူ ထင်နေမိသည်။
၎င်းမှာ အမှောင်ကြယ်တာရာလမ်းကြောင်းတစ်ခုနှင့် စတင်ခဲ့ပြီး၊ ဆရာမ ထန်ယွဲ့၏ ခြေဖဝါးအောက်တွင် သွက်လက်စွာ စုစည်းလာကာ လျှို့ဝှက်ဆန်းကြယ်သော အမှောင်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် ကြယ်တာရာပုံရိပ်တစ်ခုအဖြစ် လျင်မြန်စွာ ဖြစ်ပေါ်လာပေသည်။
ကြယ်တာရာပုံရိပ် ပြီးစီးသွားသောအခါ ဆရာမ ထန်ယွဲ့သည် သူ၏ လက်နှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်သည်။ သူ၏ ရင်ညွန့်နားတွင် တစ်ဝက်တစ်ပျက် ပုန်းကွယ်နေသော ဧရာမ စူးလက်နက်ကြီးတစ်ခုမှာ သိသိသာသာ စုစည်းလာပေသည်။
ထို *ဧရာမအရိပ်စူးလက်နက်တွင် များပြားလှသော အမှောင်စွမ်းအင်များ ပါဝင်နေပုံရသည်။ ပတ်ဝန်းကျင်ရှိ အရိပ်များမှာ ၎င်း တိတ်တဆိတ် ဖြစ်ပေါ်လာသည်နှင့်အမျှ ပုံပျက်လာပေသည်။
ဧရာမအရိပ်စူးလက်နက်မှာ ရှေ့သို့ ရုတ်တရက် ထိုးဖောက်သွားချိန်တွင်ပင် အရိပ်များ လှိုင်းထသွားသည့် အမှတ်အသားသာ ကျန်ရှိခဲ့ပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာပေ။
မိုဖန်သည် ဤဧရာမအရိပ်စူးလက်နက်ကို အံ့ဩစွာ ကြည့်နေမိ၏။ ၎င်း ဖြတ်သန်းသွားချိန်တွင် သူ၏ ခေါင်းကိုပင် မသိစိတ်ဖြင့် ငုံ့လိုက်မိပြီးမှ ထိုစူးလက်နက်မှာ လမ်းကြောင်းပေါ်မှ ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။ အလွန်လျင်မြန်သော ပုံရိပ်တစ်ခုသာ ကျန်ရှိနေခဲ့သည်။
“ဒါ အရိပ်ဒြပ်စင်ရဲ့ အလယ်အလတ်အဆင့်မှော်လား...”
၎င်းမှာ ပုံသဏ္ဌာန်မရှိဘဲ လုံးဝ တိတ်ဆိတ်လှသော စွမ်းရည်တစ်ခု ဖြစ်နေသဖြင့် မိုဖန် အံ့ဩသွားရပေသည်။ ဤအရာကို မည်သူက ခုခံနိုင်ပါမည်နည်း။
ဧရာမအရိပ်စူးလက်နက်မှာ တောအုပ်ကို ဖြတ်သန်းသွားပြီးနောက် ချောင်ဟယ်၏ အရိပ်အတွင်းသို့ ရုတ်တရက် ပေါ်ထွက်လာသည်။ ၎င်းသည် ချောင်ဟယ်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ သူ၏ အရိပ်ကိုသာ တိုက်ခိုက်ခြင်း ဖြစ်၏။
ပတ်ဝန်းကျင်ကို လင်းထိန်စေသော လှပသည့် မီးလျှံတိုင်ကြီး ရှိနေသော်လည်း၊ ချောင်ဟယ်၏ အရိပ်မှာမူ ရှင်းလင်းစွာ ပေါ်လွင်နေပေသည်။ တောအုပ်အတွင်းရှိ ထန်ယွဲ့ထံမှ ထွက်ပေါ်လာသော ဧရာမအရိပ်စူးလက်နက်မှာ ချောင်ဟယ်၏ အရိပ်ကို တိကျစွာ ထိုးဖောက်လိုက်ပေသည်၊ ၎င်းမှာ လူတစ်ယောက်ကို လှံဖြင့် အသေစိုက်ထားသကဲ့သို့ပင် ဖြစ်၏။
ချောင်ဟယ်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ အရိပ်မှာ မြေကြီးပေါ်တွင် စိုက်ထားခံရသဖြင့် မလှုပ်နိုင်ဖြစ်သွားရတော့သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ရုပ်ပိုင်းဆိုင်ရာအရ စိုက်ထားခြင်း ခံရသကဲ့သို့ မလှုပ်ရှားနိုင်ပေ။
ချောင်ဟယ်ကို အောင်မြင်စွာ ချုပ်နှောင်နိုင်သည်ကို မြင်မှသာ ထန်ယွဲ့ စိတ်အေးသွားပေသည်။
ဧရာမအရိပ်စူးလက်နက်မှာ အလယ်အလတ်အဆင့်မှော်များထဲတွင် အစွမ်းထက်ဆုံးသော အချုပ်အနှောင်မှော် တစ်ခု ဖြစ်ပေသည်။ ၎င်းသည် မည်သည့် သတ္တဝါကိုမျှ ဒဏ်ရာမရစေနိုင်သော်လည်း၊ သူတို့၏ လှုပ်ရှားမှုများကို အချက်အခြာကျကျ ရပ်တန့်ပစ်နိုင်သည်။ ထို့ပြင် ၎င်းသည် ရန်သူ၏ အတွေးများကို ချိပ်ပိတ်ပစ်နိုင်ပြီး ခေတ္တမျှ မှော်မသုံးနိုင်အောင်လည်း ပြုလုပ်နိုင်ပေသည်။
ဤမှော်၏ ပစ်မှတ်မှာ အရိပ်ဖြစ်ပေသည်။ သူတို့သည် မှော်အသုံးအဆောင်များ သို့မဟုတ် ဝတ်စုံများကို အသုံးပြုထားလျှင်ပင် ယင်းကို ခုခံနိုင်မည် မဟုတ်ပေ။
"နောက်ထပ် ပုန်းနေတဲ့သူ ရှိသေးတာလား...ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ" ချောင်ဟယ်သည် လှည့်ကြည့်လိုက်ပေသည်။ သူ၏ ရင်ဘတ်ကို အမည်မသိ အရာတစ်ခုက ထိုးဖောက်ထားသကဲ့သို့ ခံစားရသဖြင့် လှုပ်ရှားရန် ခက်ခဲနေပေသည်။
"မင်းရဲ့လက်ထဲမှာ နောက်ထပ် အသက်လေးချောင်း သေဆုံးသွားခဲ့ပြန်ပြီ၊ အားလုံးက အလယ်အလတ်အဆင့် မှော်ဆရာတွေပဲ။ မင်းကို သေဒဏ်ပေးရုံတင်မကဘဲ မင်းရဲ့ ဝိညာဉ်ကိုပါ စီရင်ချက် ချရလိမ့်မယ်" ထန်ယွဲ့သည် တောအုပ်ထဲမှ အေးစက်စွာ လမ်းလျှောက်ထွက်လာပေသည်။ သူ၏ မျက်ဝန်းများတွင် ဒေါသနှင့် တရားစီရင်သူတစ်ဦး၏ သိက္ခာများ ပြည့်နှက်နေပြီး ချောင်ဟယ်ကို စိုက်ကြည့်လိုက်ပေသည်။
အခန်း ၁၃၀ပြီး
***