~“ဒီရုပ်တုက ကြည့်ရတာ တော်တော်လေးတော့ ကြမ်းမယ့်ပုံပဲ...”
ယဲ့ဖုန်းသည် မေးစေ့ကို ပွတ်သပ်ရင်း၊ အမြင့် သုံးမီတာခန့် ရှိသော လက်ရှစ်ဖက်နှင့် ဦးခေါင်းတစ်ခု ပါသည့် ရုပ်တုကို စေ့စေ့ငုငု အကဲခတ်နေ၏။
ထိုရုပ်တုအတွင်း၌ သာမန်လူများကို ခြောက်လှန့် သတ်ပစ်နိုင်လောက်သည့် ထူထပ်လှသော မိစ္ဆာချီများ ကိန်းအောင်းနေသည်ကို သူ စစ်ဆေးလိုက်ရသည်။
ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့သော အရာမျိုးနှင့် ကြုံတွေ့ရပါက သတိလက်လွတ် ဖြစ်သွားနိုင်၏။
ဝမ်ဖင်းအန်းနှင့် လုံထျန်းရှင်းတို့မှာ ဤနေရာသို့ အရင် ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ သူတို့ ဆောင်ထားသော သက်သေခံ တံဆိပ်ပြား၏ ကာကွယ်ရေး အမြှေးပါးသာ မရှိခဲ့လျှင် သော်လည်းကောင်း၊ ဤနေရာတွင် အချိန်အကြာကြီး နေမိလျှင် သော်လည်းကောင်း၊ သူတို့၏ စိတ်အာရုံများမှာ ထိခိုက်သွားနိုင်ပြီး ဘေးနားရှိလူကိုပင် ဓားဖြင့် ပြန်လည် တိုက်ခိုက်မိနိုင်သည့် အခြေအနေမျိုး ဖြစ်၏။
ယဲ့ဖုန်းသည် ရုပ်တုအတွင်းရှိ မိစ္ဆာချီများကို ဝါးမြိုရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ယံမှာ မှောင်အတိ ကျသွားခဲ့၏။
တစ်နေ့တာ အလုပ်ရှုပ်ခဲ့ပြီးနောက် နေဝင်ရိုးရီ အချိန်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ နေမင်းမှာ မိုးကုပ်စက်ဝိုင်းအောက်သို့ လုံးဝ ငုပ်လျှိုးသွားခဲ့ပါသည်။
စစ်မှန်သော ညဉ့်နက်ပိုင်းသို့ ရောက်ရှိလာခဲ့ခြင်းပင်။
ခြောက်ခြားဖွယ်ရာ ကျောရိုးထဲအထိ စိမ့်သွားစေမည့် လေအေးကြီး တစ်ချက် တိုက်ခိုက်လာရာ ဝမ်ဖင်းအန်းမှာ မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင် ဖြစ်သွားရရှာသည်။ သူ့နောက်တွင် ယဲ့ဖုန်းသာ မရှိခဲ့လျှင် သူသည် အစောကြီးကတည်းက ခြေဦးတည့်ရာ ထွက်ပြေးသွားမိလောက်ပြီ ဖြစ်၏။
“မလန့်ကြနဲ့... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်တော့မှာမို့လို့ပါ...”
ယဲ့ဖုန်းက နှစ်သိမ့်လိုက်သည်။
သူသည် ခေါင်းကို မော့ကြည့်လိုက်ရာ မျက်နှာမှာ လေးနက်တည်ငြိမ်နေ၏။
ကောင်းကင်ယံထက်တွင် ထိုလေအေးကြီးမှာ ဝဲဂယက် တစ်ခုပမာ လည်ပတ်နေ၏။ တဖြည်းဖြည်းနှင့် ထူထပ်လာကာ နောက်ဆုံးတွင် ထိတ်လန့်ဖွယ်ရာ ပုံရိပ်ယောင် တံခါးပေါက်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအတွင်းမှ ထူးဆန်းသော သတ္တဝါများ ထွက်ပေါ်လာကြတော့၏။
၎င်းတို့မှာ ချပ်ဝတ်များ ဝတ်ဆင်ထားကြပြီး စစ်မြေပြင်မှ စစ်သည်တော်များနှင့် တူညီလှ၏။
သို့သော် ထိုပုံရိပ်များမှာ လက်နက်များကို ကိုင်ဆောင်ထားခြင်း မရှိဘဲ လက်ဗလာဖြင့်သာ ဖြစ်ကြသည်။ ပုံရိပ်ယောင် တံခါးပေါက်မှနေ၍ တန်းစီကာ ဆင်းသက်လာကြပြီးနောက် ၎င်းတို့က ပျက်စီးနေသော ဘုရားကျောင်းရှေ့တွင် ရပ်လိုက်ကြ၏။
ခေါင်းကို မော့ကာ လက်ရှစ်ဖက်ပါသော မိစ္ဆာနတ်ဘုရား ရုပ်တုကို စိုက်ကြည့်နေကြ၏။
ထိုအခိုက်အတန့်တွင် မိစ္ဆာနတ်ဘုရားမှာ အသက်ပြန်ဝင်လာခဲ့သည်။
မိစ္ဆာနတ်ဘုရားသည် ခြေထောက်အောက်ရှိ အချုပ်အနှောင်များကို ရုန်းထွက်လိုက်ပြီး လေထဲတွင် စတင် လမ်းလျှောက်နေတော့သည်။ ၎င်းထံမှ ထွက်ပေါ်နေသော ဖိအားမှာ ဧရာမ တောင်ကြီးတစ်လုံးပမာ ပြင်းထန်လာပြီး ဧကရာဇ်တစ်ပိုင်း အဆင့်သို့ ရောက်ရှိသွားလေတော့၏။
မိစ္ဆာနတ်ဘုရားသည် ကောင်းကင်ယံရှိ ပုံရိပ်ယောင် တံခါးပေါက်ဆီသို့ လှမ်းကြည့်ကာ ၎င်း၏ လက်ရှစ်ဖက်စလုံးကို ဆန့်ထုတ်လိုက်သည်။
၎င်းသည် ပါးစပ်မှ တစ်ခုခုကို ရွတ်ဆိုနေသလို ရှိသော်လည်း ယဲ့ဖုန်းနှင့် တပည့်များမှာ မည်သည့် အသံကိုမျှ မကြားရပေ။
မြင်ကွင်းမှာ ရုတ်တရက်ဆိုသလို အလွန်ပင် ထူးဆန်းသွားခဲ့၏။
“သူ ဘာလုပ်နေတာလဲဟင်...”
ဝမ်ဖင်းအန်းက နှုတ်ခမ်းများ လှုပ်ရွရုံ အသံထွက်လိုက်မိသည်။
ယဲ့ဖုန်းက ဝမ်ဖင်းအန်းကို တစ်ချက်ကြည့်ကာ တိတ်တိတ်နေရန် လက်ဟန်ခြေဟန် ပြလိုက်၏။
ဝမ်ဖင်းအန်းသည် ပါးစပ်ကို အမြန် ပိတ်လိုက်ပြီးနောက်၊ တစ်ခုခုကို သတိရသွားကာ မျက်နှာဖုံး တစ်ခုကို ထုတ်၍ ဝတ်ဆင်လိုက်ပြီး လုံထျန်းရှင်း၏ နောက်တွင် ပုန်းအောင်းနေလိုက်သည်။
“ဝှစ်...”
အထက်မှ လေအေးများမှာ ပိုမို ပြင်းထန်လာခဲ့၏။
ထိုအခိုက်အတန့်တွင် ပုံရိပ်ယောင် တံခါးပေါက်မှာ အစစ်အမှန်ပမာ ခိုင်မာလာပြီး အတွင်းမှ အနက်ရောင် မြူခိုးများ တိုးထွက်လာရာ၊ ၎င်းမှာ ပို၍ပင် ချောက်ချားဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေသည်။
မရေမတွက်နိုင်သော ခူကောင်များ ကိုယ်ပေါ်တွင် တွားသွားနေသလိုပင်။
“တကယ့်ကို ရွံစရာကောင်းတဲ့ ခံစားချက်ပဲ.....”
ချောင်ကျားရှီးက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူမ၏ အရှိန်အဝါများမှာ မြင့်တက်လာပြီး တစ်ကိုယ်လုံးတွင် ရွှေရောင် အလင်းတန်းများ ဖြာထွက်လာရာ၊ သူမ၏ ဘုန်းတန်ခိုးမှာ မျက်စိတစ်မှိတ်အတွင်း (၁၀) ဆခန့် တိုးတက်သွားတော့၏။
လုံထျန်းရှင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် နဂါးအသွင်ပြောင်းလဲခြင်း ပုံသဏ္ဌာန် သို့ ဝင်ရောက်လိုက်သည်။
ကျီဇီလင်းကမူ လက်ကွက်များကို ဖော်လိုက်ပြီး တစ်ကိုယ်လုံးကို ဝိညာဉ်အာရုံ စွမ်းအားများဖြင့် လွှမ်းခြုံကာ တိုက်ပွဲအတွက် အသင့်ပြင်ထား၏။
ဝမ်ဖင်းအန်းက ဘယ်ညာ ဝေ့ကြည့်လိုက်ပြီးနောက်၊ ပိုမို ဘေးကင်းစေရန်အတွက် အမည်းရောင် အိုးကြီးကို သူ့ခေါင်းပေါ်တွင် မှောက်တင်ထားလိုက်သည်။
မြေကြွက်ကလေးမှာမူ မြေကြီးထဲတွင် ကျင်းတစ်ကျင်း တူးကာ ၎င်း၏ မျက်နှာကို မြေကြီးထဲသို့ ထိုးထည့်ထားပြီး၊ ကျန်ရှိသော ခန္ဓာကိုယ်မှာမူ အပြင်ဘက်တွင် ပေါ်နေဆဲပင်။
ယဲ့ဖုန်းသည် လက်ကို ပုံမှန်အတိုင်း ချထားလျက်၊ ပုံရိပ်ယောင် တံခါးပေါက်မှ စီးထွက်လာသော အနက်ရောင် မြူခိုးများကို မော့ကြည့်နေမိသည်။
လွန်ခဲ့သော ရက်အနည်းငယ်က မြို့ဟောင်း အပျက်အစီးများတွင် မြင်တွေ့ခဲ့ရသော မြင်ကွင်းများကို ပြန်လည် အမှတ်ရမ်ိသွားတော့၏။
ဤမြူခိုးများသည် ထိုမြို့ဟောင်းကို ဝါးမြိုခဲ့သည့် ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ မြူခိုးများနှင့် အလွန်ပင် ဆင်တူလှ၏။
‘ဒါ ဝိညာဉ်ဝါးမြို မျိုးနွယ်စု လား...’
ယဲ့ဖုန်း၏ အကြည့်များမှာ လေးနက်တည်ငြိမ်သွားသည်။
ထိုမြို့ဟောင်းကြီးမှာ ဤကဲ့သို့သော မြူခိုးများ၏ ဝါးမြိုခြင်းကို ခံရပြီးမှ အပျက်အစီးများ ဖြစ်သွားခဲ့ခြင်း မဟုတ်ပါလား။
ယခု ဤအနက်ရောင် မြူခိုးများကို ထပ်မံ မြင်တွေ့
လိုက်ရသည့်အခါတွင်တော့၊ ယဲ့ဖုန်း၏ စိတ်ထဲတွင် ထိုပုံရိပ် နှစ်ခုမှာ တစ်ထပ်တည်း ကျသွားခဲ့သည်။ ၎င်းမှာ ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ လက်ချက်ဖြစ်ကြောင်း အသေအချာ အတည်ပြုလိုက်၏။
‘ဝိညာဉ်ဝါးမြို မျိုးနွယ်စု... ဒီလောက် ထူထပ်တဲ့ မိစ္ဆာချီတွေ... မဟုတ်ဘူး... ဒါက မိစ္ဆာချီထက်တောင် အဆင့်မြင့်သေးတာပဲ... ဒါပေမဲ့ ငါ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ လောက်တော့ မပြင်းထန်ပါဘူး... လောလောဆယ်တော့ ဒါကို ‘ယင်ရှာချီ’ လို့ပဲ ခေါ်ထားကြတာပေါ့...’
ယဲ့ဖုန်းသည် တံခါးပေါက်မှ အဆက်မပြတ် စီးထွက်လာသော အနက်ရောင် မြူခိုးများကို ကြည့်ရင်း၊ သူ့မျက်ဝန်းများတွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
အခြားသူများအတွက်မူ ဤ ယင်ရှာချီ မှာ ကပ်ဘေးတစ်ခု ဖြစ်နိုင်သော်လည်း၊ ယဲ့ဖုန်း အတွက်မူ ၎င်းမှာ အလွန်ပင် အာဟာရဖြစ်စေသော အရာတစ်ခုပင် ဖြစ်ချေ၏။
မကြာမီမှာပင် အနက်ရောင် မြူခိုးများအတွင်း၌ ထူးခြားသော ပုံရိပ်များ ပေါ်လာသည်။
၎င်းတို့မှာ အနက်ရောင် ပိုးကောင်များပင် ဖြစ်ချေ၏။
အရွယ်အစားမှာ လက်သီးဆုပ်ခန့်သာ ရှိသော်လည်း၊ ဟန်ရီ နှင့် ဟန်အာ တို့ကဲ့သို့သော နတ်ဘုရား မျိုးနွယ်စု ဝင်များကဲ့သို့ ငါးမန်းကဲ့သို့သော ပါးစပ်များ ရှိကြပြီး ကိုယ်ပေါ်တွင်လည်း ဆူးချွန်များ ပါရှိကြ၏။ သူတို့သည် မြူခိုးများကြားတွင် ပျံဝဲနေကြပြီး ကြောက်မက်ဖွယ်ရာ ‘ဝီ ဝီ’ မြည်သံများကို ထုတ်လွှတ်နေကြ၏။
အချိန်ကြာလာသည်နှင့်အမျှ ထိုအသံမှာ ကျီဇီလင်း၊ ဝမ်ဖင်းအန်း နှင့် အခြားသူများ၏ အသိစိတ်ကို နှောင့်ယှက်လာပြီး မူးမေ့လဲတော့မည့်အလား ဖြစ်ပေါ်စေသည်။
ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်လိုက်ကာ သူရဲကောင်း ဝိညာဉ်စွမ်းအား ဖြင့် သူတို့ကို ကာကွယ်ပေးလိုက်သည်။
“ဝိညာဉ်ဝါးမြို မျိုးနွယ်စု က တကယ့်ကို မဆိုးဘူးပဲ.....”
“ဒီ ပိုးကောင်တွေက သူတို့ရဲ့ ရုပ်သွင်အစစ်အမှန်လား...”
ယဲ့ဖုန်းသည် နောက်ထပ် ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရပြန်၏။
ထိုပိုးကောင်များသည် တစ်ကောင်ကို တစ်ကောင် ကိုက်ခဲလိုက်ကြပြီး၊ ထူးဆန်းစွာပင် ပေပေါင်း သောင်းချီ မြင့်မားသော လက်ရှစ်ဖက်နှင့် ဦးခေါင်းတစ်ခုပါသည့် ဘီလူးကြီး တစ်ကောင်အဖြစ် စုစည်းသွားကြတော့သည်။
၎င်းသည် လက်များကို ဝှေ့ယမ်းလိုက်ပြီး မြေပြင်ပေါ်ရှိ ယဲ့ဖုန်းနှင့် အခြားသူများကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။
၎င်း၏ နှုတ်ခမ်းထောင့်များတွင် ထူးဆန်းသော အပြုံးတစ်ခုမှာ ဖော်ပြ၍မရအောင် ပေါ်ထွက်လာ၏။
“မဆိုးဘူးပဲ... ငါ့အတွက် ယဇ်ပူဇော်စရာတွေတောင် ပြင်ထားပေးတာပဲ... တော်တော်လေး အလိုက်သိတတ်တာပဲ...” ထို ပိုးကောင်ဘီလူးကြီးသည် လူသားစကားကို ပြောလိုက်ရာ၊ သူ့မျက်ဝန်းများတွင် မထီမဲ့မြင် ပြုံးရယ်နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
တပည့်များမှာမူ ထိုရက်စက်သော အကြည့်နှင့် ဆုံလိုက်ရသည့်အခါ ကြက်သီးထသွားကြရသည်။
“ဟင်.....” မိစ္ဆာနတ်ဘုရား ရုပ်တုမှာ ခေတ္တမျှ ကြောင်အသွားပြီး ဘယ်ညာ ဝေ့ကြည့်လိုက်သော်လည်း၊ ယဲ့ဖုန်းနှင့် သူ့အဖွဲ့ကို လုံးဝ မမြင်ရပေ။
၎င်းအတွက်မူ ယဲ့ဖုန်းနှင့် အခြားသူများသည် အခြားသော အချိန်နှင့် ဟင်းလင်းပြင်တစ်ခုတွင် တည်ရှိနေသလို ဖြစ်နေသဖြင့် ၎င်းအနေဖြင့် လုံးဝ မမြင်နိုင်ခြင်းပင်။
“ဝိညာဉ်ဝါးမြို မျက်လုံး... ဖွင့်စမ်း.....”
ပိုးကောင်ဘီလူးကြီးက ဟိန်းဟောက်လိုက်ရာ၊ ၎င်း၏ မျက်နှာတစ်ခုလုံးမှာ ဟောင်းလောင်းဖြစ်နေသော မျက်လုံးတစ်စုံအဖြစ် ပြောင်းလဲသွား၏။ ထိုမျက်လုံးမှ ထူးဆန်းသော အလင်းတန်းများကို ပတ်ဝန်းကျင်သို့ ဖြာထွက်စေလိုက်သည်။
နောက်တစ်ခဏတွင်တော့ မိစ္ဆာနတ်ဘုရား ရုပ်တုသည် ယဲ့ဖုန်းနှင့် သူ့အဖွဲ့ကို နောက်ဆုံး၌ မြင်တွေ့သွားခဲ့၏။
“သက်ရှိတွေပါလား... မမြင်ရတာ မဆန်းပါဘူး.....”
မိစ္ဆာနတ်ဘုရား၏ မျက်နှာထားမှာ တင်းမာသွားသည်။
၎င်းသည် ဝိညာဉ်ဝါးမြို မျိုးနွယ်စု က ရှန်ကျိုး တိုက်ကြီး ဆီသို့ အစွမ်းကုန် ကြိုးစားပြီး စေလွှတ်လိုက်သော ရုပ်သေးရုပ်တစ်ခု ဖြစ်၏။ ၎င်းတွင် အသိဉာဏ် အချို့ ရှိသော်လည်း၊ ဟင်းလင်းပြင်ကို ဖြတ်ကျော်လာစဉ်အတွင်း ထိခိုက်မှုအချို့ ရှိခဲ့သဖြင့် အမှန်တကယ် ရှင်သန်နေသော သက်ရှိများကို မမြင်နိုင်ဘဲ ဖြစ်နေခြင်းပင်။
“အရှင်... ဒီသက်ရှိတွေကို သေအောင်လုပ်ပြီး အရှင့်အတွက် ယဇ်ပူဇော်ခွင့် ပြုပါ... သူတို့ကို အရှင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဖြစ်လာအောင် လုပ်ပေးပါ့မယ်...”
မိစ္ဆာနတ်ဘုရားမှာ ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ၎င်း၏ လက်ရှစ်ဖက်စလုံးကို မြှောက်ကာ အဆင့်မြင့် ဝိညာဉ်လက်နက် (၈) ခုကို ကိုင်ဆောင်လိုက်သည်။ ၎င်းတို့ကို တပြိုင်နက် အသုံးပြုလိုက်သည့်အခါတွင်မူ၊ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်း၏ စွမ်းအားမှာ အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက်များနှင့် မခြားတော့ပေ။
သို့သော်လည်း ယဲ့ဖုန်းကမူ လက်တစ်ချက် ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ထို မိစ္ဆာနတ်ဘုရားကို မှုန့်မှုန့်ညက်ညက် ကြေသွားစေသည်။
မိစ္ဆာချီများမှာ ရေတံခွန်ပမာ ပန်းထွက်လာသော်လည်း၊ ယဲ့ဖုန်းက ၎င်းတို့ကို လက်ဖြင့် ဆုပ်နယ်လိုက်ရာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး သတ်ဖြတ်ခြင်း အရှိန်အဝါ ၏ ဝါးမြိုသန့်စင်ခြင်းကို ခံလိုက်ကြရလေတော့သည်။
“သတ်ဖြတ်ခြင်း အရှိန်အဝါ.....”
ပိုးကောင်ဘီလူးကြီး၏ မျက်နှာတွင် ဒေါသတရားများ ပြည့်နှက်သွား၏။
“အားလုံး... ဝိုင်းတိုက်ကြစမ်း... သူ့ကို သတ်ပစ်ကြ.....”
လက်ဗလာနှင့် ချပ်ဝတ် စစ်သည်တော်များမှာ ရှေ့သို့ တိုးဝင်လာကြသော်လည်း၊ ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ အဝေးမှနေ၍ ဖိချလိုက်ရုံမျှဖြင့်၊ ထိုစစ်သည်တော် ထောင်ပေါင်းများစွာမှာ နေရာမှာတင် ပြိုလဲပျက်စီးသွားကြပြီး လေနှင့်အတူ လွင့်ပါသွားကြတော့သည်။
“မူလနတ်ဘုရား အဆင့် စွမ်းအားလား.....”
ပိုးကောင်ဘီလူးကြီး၏ မျက်နှာထားမှာ လေးနက်သွားရ၏။
သူ့ရှေ့ရှိ လူသားမျိုးနွယ်မှ ချောမောသော လူငယ်မှာ သာမန် မဟုတ်ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်သည်။ ထိုလူငယ်မှာ အစွမ်းထက်သော စွမ်းအားများ ရှိရုံတင်မကဘဲ၊ သူတို့ ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ အဓိက ရန်သူတော်ဖြစ်သော သတ်ဖြတ်ခြင်း အရှိန်အဝါ ကိုပါ ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
ဒီလူကို သေချာပေါက် သတ်ရမယ်။
မဟုတ်ရင်တော့ သူက ဝိညာဉ်ဝါးမြို မျိုးနွယ်စု အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မယ်။
“လက်ရှစ်ဖက် မိုးမျှော်လက်သီး.....”
ပိုးကောင်ဘီလူးကြီးမှာ တောင်ကြီးများပမာ လေးလံလှသော သူ၏ လက်သီးများကို ဝှေ့ယမ်းကာ၊ ဥက္ကာခဲ (၈) လုံး မြေပြင်သို့ ကျဆင်းလာသလို အရှိန်အဟုန် ပြင်းပြင်းဖြင့် တပြိုင်နက် ထိုးနှက်လိုက်လေတော့သည်။
“သွားစမ်း.....”
ယဲ့ဖုန်းသည် လေဝိညာဉ် ပုလဲလုံး ကို ထုတ်လိုက်ပြီး သူရဲကောင်း ဝိညာဉ်စွမ်းအား ကို အမြင့်ဆုံးအထိ မြှင့်တင်လိုက်ရာ၊ ကောင်းကင်သို့ ထိစပ်နေသော ရွှေရောင် လှိုင်းလုံးကြီး တစ်ခုပမာ တိုးထွက်သွားပြီး ပိုးကောင်ဘီလူးကြီးကို အတင်းအဓမ္မ တွန်းထုတ်လိုက်သည်။
“ဒီကောင်လေးကို အလွတ်ပေးလို့ မဖြစ်ဘူး.....”
ပိုးကောင်ဘီလူးကြီး၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွား၏။
သူသည် ဤလူသား လူငယ်လေးကို မယှဉ်နိုင်ကြောင်း သိရှိသွားခဲ့၏။
ထို့ကြောင့် သူသည် လှည့်ထွက်လိုက်ပြီး ဝိညာဉ်ဝါးမြို မျိုးနွယ်စု ၏ နေရပ်ဆီသို့ ပြန်လည် ထွက်ပြေးရန်နှင့် သတင်းပို့ရန်အတွက် ပုံရိပ်ယောင် တံခါးပေါက် အတွင်းသို့ ဝင်ရောက်ရန် ပြင်လိုက်သည်။
“တစ်လှမ်း - ချီကျင့်ကြံ၊ စကြဝဠာ နိုးထ။”
ယဲ့ဖုန်းသည် ကောင်းကင်ယံသို့ လှမ်းတက်လိုက်သည်။
သူ ပထမဆုံး ခြေလှမ်း လှမ်းလိုက်သည့် ခဏ၌ပင်၊ သူ၏ အရှိန်အဝါ တစ်ခုလုံးမှာ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအားများကို ဝါးမြိုနေသည့် မုန်တိုင်းမျက်စိ တစ်ခုပမာ ဖြစ်ပေါ်လာခဲ့သည်။
ဤ “ကောင်းကင်ဘုံသို့ ခုနစ်လှမ်း” လျှို့ဝှက်သိုင်းမှာ နဝမအဆင့် မန္တန်များကို ကျော်လွန်သော အထူး လျှို့ဝှက်သိုင်းတစ်ခု ဖြစ်ပြီး နတ်ဘုရား စွမ်းရည် အဆင့်တွင် ရှိ၏။
ကျင့်ကြံခြင်း အဆင့်မှာ မည်မျှပင် ဖြစ်စေကာမူ၊ နားလည်နိုင်စွမ်း ရှိရုံဖြင့် ၎င်းကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
သိသာသည်မှာ ကိုယ့်ကိုယ်ပိုင် စွမ်းအား သန်မာလေလေ၊ ထုတ်ဖော်နိုင်သည့် စွမ်းအားမှာလည်း ပိုမို ပြင်းထန်လေလေပင် ဖြစ်ချေ၏။
“ဒါ ပေဟယ် ဧကရာဇ် ရဲ့ ‘ကောင်းကင်ဘုံသို့ ခုနစ်လှမ်း’ ပါလား... မင်းက ဒီတိုက်ကွက်ကို ဘယ်လိုလုပ် သိနေရတာလဲ...” ပိုးကောင်ဘီလူးကြီးသည် ယဲ့ဖုန်းကို ကြည့်ကာ ပိုမို ထိတ်လန့်သွားရသည်။
ထွက်ပြေးရန် ကြိုးစားသော်လည်း၊ ယဲ့ဖုန်း ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်သည်နှင့် စကြဝဠာအတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုမှာ ပေါက်ကွဲထွက်ပေါ်လာပြီး ပိုးကောင်ဘီလူးကြီးကို အသေအချာ ပစ်မှတ်ထားလိုက်၏။
ယဲ့ဖုန်း၏ မျက်နှာမှာ အေးစက်လျက်ပင် ဆက်လက်၍ ခြေလှမ်းများကို လှမ်းနေလိုက်သည်။
“ခုနစ်လှမ်း - ကောင်းကင် အရှင်မြတ်၊ စကြဝဠာမှာ ပြိုင်ဘက်ကင်း.....”
ဆက်တိုက် ခုနစ်လှမ်း လှမ်းပြီးနောက်တွင်တော့ သူ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး၊ ခြေထောက်ကို မြှောက်ကာ အစွမ်းကုန် နင်းချလိုက်လေတော့၏။
“ဝုန်း.....”
ပိုးကောင်ဘီလူးကြီးမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့ပြီး မရေမတွက်နိုင်သော အနက်ရောင် ပိုးကောင်များအဖြစ် ပြောင်းလဲသွားသည်။ ထိုမှတစ်ဆင့် နာကျင်စွာ တွန့်လိမ်နေသော လူသားမျက်နှာများအဖြစ် ပြိုကွဲပျက်စီးသွားပြီး နောက်ဆုံးတွင်တော့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့လေတော့သည်။
ဤလောကတွင်မူ မိစ္ဆာချီနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါ ကြားရှိ အဆင့်အတန်း တစ်ခုတွင် ရှိနေသော ကြီးမားလှသော ယင်ရှာချီ များသာ ကျန်ရစ်ခဲ့ရာ၊ ယဲ့ဖုန်းက ၎င်းတို့ကို သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ဖြင့် အကုန်အစင် သန့်စင်လိုက်သည်။
“ဒီလောက် ပြင်းထန်တဲ့ ယင်ရှာချီ တွေကြောင့် ငါ့ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ က (၁၀) ဆကျော်လောက် တိုးသွားပြီပဲ... အခြား အဆင့် တစ်ခုကို ရောက်သွားတာက်ုး.....”
ယဲ့ဖုန်းသည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။
“ဂိုဏ်းချုပ်က တကယ့်ကို အစွမ်းထက်တာပဲဗျာ.....” ဝမ်ဖင်းအန်းက အိုးကို တီးကာ အော်ဟစ် အားပေးလိုက်တော့သည်။
လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့မှာလည်း ရုတ်တရက် လျော့နည်းသွားသော ဖိအားများကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။
ထိုအခိုက်အတန့်တွင်
“ဟင်... အဲဒါ ဘာကြီးလဲ...”
ကျီဇီလင်းက ကောင်းကင်ယံရှိ တံခါးပေါက်ကို လက်ညှိုးညွှန်ကာ ထိတ်လန့်တုန်လှုပ်သော မျက်နှာထားဖြင့် မေးလိုက်သည်။
ယဲ့ဖုန်း မော့ကြည့်လိုက်ရာ ထို ထူးဆန်းသော တံခါးပေါက် နောက်ကွယ်တွင် အရိပ်များ လှုပ်ရှားနေပြီး၊ ထို့နောက်တွင်တော့ ဧရာမ နီရဲနေသော ဒေါင်လိုက် မျက်လုံးကြီး တစ်ခု ပေါ်လာကာ လူတိုင်းကို အေးစက်စွာ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေတော့၏။
***