~“အညံ့ခံရမယ် ဟုတ်လား... အရူးမှတ်နေတာလား မင်းသမီးရဲ့...”
ထွက်ပြေးနေသော အမျိုးသမီးသည် အေးစက်စွာ လှောင်ပြောင်လိုက်သည်။
သူမ၏ ဖြူနုသော လက်ချောင်းလေးကို ကိုက်ခဲကာ နတ်ဆိုးသွေးကို အသုံးပြု၍ လေထဲတွင် မန္တန်ရေးဆွဲလိုက်၏။
ခဏအတွင်းမှာပင် တောက်ပသော ကြက်သွေးရောင် အတောင်ပံ တစ်စုံမှာ ကျောဘက်တွင် ဖွဲ့တည်လာတော့သည်။
“ဝှစ်…”
အတောင်ပံများကို ခတ်လိုက်သည်နှင့် သူမ၏ အရှိန်မှာ တစ်ဟုန်ထိုး မြန်ဆန်သွား၏။
‘တကယ့်ကို ထူးချွန်တဲ့ သွေးမျိုးဆက် မန္တန်ပဲ... ငါ ဒါကို ရအောင်ယူမှ ဖြစ်မယ်…’
ယဲ့ဖုန်းသည် လက်ဝါးချင်း ရိုက်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။
“ဂိုဏ်းချုပ်... ကျုပ်တို့ကို ဝင်တိုက်ခွင့် ပြုပါဦး...”
နျူတာ့လီသည် သူ၏ လေးလံသော ဦးခေါင်းကို ရမ်းခါလိုက်ရာ၊ မီတာ ငါးမီတာခန့် ရှည်လျားသော နွားချိုကြီး နှစ်ခုမှာ လေထုကို ပိုင်းဖြတ်သွား၏။
“မင်းတို့ အကုန်လုံး ပေါင်းတိုက်ရင်တောင် အဲဒီ နတ်ဆိုးဘုရင် ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒီနေ့တော့ ငါ ကိုယ်တိုင် လှုပ်ရှားမှ ဖြစ်တော့မယ်...”
ယဲ့ဖုန်းက ခေါင်းခါရင်း ပြောလိုက်သည်။
ထိုအချိန်တွင် ထွက်ပြေးနေသော အမျိုးသမီးသည် ယဲ့ဖုန်းနှင့် သူ့အဖွဲ့ကို မြင်တွေ့သွားခဲ့၏။ အထူးသဖြင့် တစ်ကီလိုမီတာခန့် ရှည်လျားသော ကြောက်မက်ဖွယ် မြွေပုံသဏ္ဌာန် အရိုးစုမိစ္ဆာကြီးကို မြင်လိုက်ရသည့်အခါတွင်တော့ သူမ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူရော်သွားရရှာသည်။
သို့သော်လည်း သူမ၏ လက်ရှိ အခြေအနေကို ပြန်လည် စဉ်းစားမိပြီးနောက် ထိုအမျိုးသမီးက ချက်ချင်းပင် အော်ဟစ်လိုက်သည်။
“ကျွန်မက တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ တတိယမင်းသမီးပါ... ရှင်တို့ ကျွန်မကို ကယ်တင်ပေးပြီး အစွမ်းထက်တဲ့ စစ်ကူတွေ ရှာပေးနိုင်မယ်ဆိုရင်... ရတနာတွေ အများကြီး ပေးပါ့မယ်.....”
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ကြောင်အသွားရ၏။
ဘာလို့ ဒီစကားလုံးတွေက နားထဲမှာ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။
‘ငါက ချင်ရှီဟွမ် ပါ... ငါ့ဆီ ငွေလွှဲစမ်း...’ ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုမျိုးလား။
ယဲ့ဖုန်းသည် ထိုလိမ်လည်မှု ဟာသကို သတိရသွားပြီး မအောင့်နိုင်ဘဲ ရယ်လိုက်မိသည်။
[ TL Note - ဒီဟာသလေးကို နည်းနည်း ရှင်းပြပါရစေ။ တရုတ်ပြည်မှာ နာမည်ကြီးတဲ့ ဖုန်းစာတို လိမ်လည်မှု တစ်ခု ရှိပါတယ်။ လူလိမ်တွေက 'ငါက ဧကရာဇ် ချင်ရှီဟွမ်ပါ၊ တကယ်တော့ ငါ မသေသေးပါဘူး၊ ငါ့ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ခံထားရလို့ ပိုက်ဆံနည်းနည်းလောက် အရင်လွှဲပေးပါ၊ အာဏာပြန်ရတဲ့အခါ ကျရင် မင်းကို ရတနာတွေ အများကြီး ပြန်ပေးမယ်၊ စစ်သူကြီး ခန့်မယ်' ဆိုပြီး ငွေလိမ်တောင်းကြတာပါတဲ့။ ]
သူ့ရှေ့က လူက လိမ်နေတာများလား။ ဘယ်လို မင်းသမီးမျိုးကများ အခုမှတွေ့တဲ့ သူစိမ်းတွေကို ကိုယ့်ကိုယ်ကိုယ် ဖွင့်ပြောပြီး အဖမ်းခံရမှာ မကြောက်ဘဲ နေပါ့မလဲ။
သို့သော်လည်း အဝေးမှ လိုက်လာသော နတ်ဆိုးဘုရင်ကို ကြည့်ရင်း၊ ထိုအမျိုးသမီးမှာ တကယ့် တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ တတိယမင်းသမီး ဖြစ်နိုင်ချေ အလွန် မြင့်မားသည်ဟု ယဲ့ဖုန်း ခံစားလိုက်ရသည်။
မဟုတ်ရင်တော့ သာမန်လူ တစ်ယောက်ကို နတ်ဆိုးဘုရင် တစ်ပါးက ဘာလို့ ဒီလောက်အထိ အသည်းအသန် လိုက်ဖမ်းနေမှာလဲ။
ထိုသို့ တွေးမိသည်နှင့် ယဲ့ဖုန်း လှုပ်ရှားရန် ပြင်လိုက်၏။
“သူတစ်ပါး ကိစ္စထဲမှာ ဝင်မရှုပ်ဖို့ အကြံပေးပါရစေ... မဟုတ်ရင်တော့ ငါတို့ တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ ဧကရာဇ်သစ်ကို ဒေါသထွက်အောင် လုပ်မိပြီး၊ မင်းတို့ မြေမြှုပ်ဖို့ နေရာတောင် ရှိမှာ မဟုတ်ဘူးနော်.....”
ဦးခေါင်းပေါ်တွင် ကျောက်စိမ်းသရဖူ ဆင်မြန်းထားသော ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူသည် ယဲ့ဖုန်း ခြေထောက်အောက်က အရိုးစုမိစ္ဆာကို လုံးဝ ဂရုမစိုက်သည့်ဟန်ပင်။
နှစ်ပေါင်း သောင်းချီ ကြာအောင် စွမ်းအင်များ ယိုစိမ့်သွားခဲ့ပြီးနောက်၊ ထိုအရိုးစုမိစ္ဆာမှာ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိသော အလောင်းကောင် တစ်ခုမျှသာ ဖြစ်နေသည် မဟုတ်ပါလား။
ယဲ့ဖုန်းနှင့် သူ့အဖွဲ့တွင် အစွမ်းထက်သော နောက်ခံတစ်ခု ရှိနိုင်သည်ဟု ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် ထင်သော်လည်း၊ သူ၏ နောက်ကွယ်တွင် တာ့လျန် နတ်ဆိုးနိုင်ငံ ဧကရာဇ်သစ် ရှိနေသဖြင့် သူ လုံးဝ မကြောက်ပေ။
၎င်းအပြင် သူသည် အမိန့်အရ လုပ်ဆောင်နေခြင်း ဖြစ်ပြီး ဤနေရာမှာလည်း တာ့လျန် နတ်ဆိုးနိုင်ငံ ၏ နယ်နိမိတ်အတွင်း ဖြစ်နေသည် မဟုတ်ပါလား။
ဒီ လျှို့ဝှက်ဆန်းကြယ်သော လူစိမ်းတွေက ဘာအတွက် ပြဿနာ ရှာရဲရမည်လဲ။
သူ့ရှေ့က ဧကရာဇ်တစ်ပိုင်း အဆင့် အလောင်းကောင်ကြောင့်လား။ ဒါပေမဲ့ ဒီလူတွေထဲမှာ ဝိညာဉ်ပင်လယ်အဆင့် ရောက်နေတဲ့သူ တစ်ယောက်မှ မပါဘူးလေ။ ဧကရာဇ် တစ်ပိုင်း အဆင့် အလောင်းကောင် ရှိနေရင်တောင်မှ၊ အဲဒီရဲ့ စွမ်းအား ဆယ်ပုံတစ်ပုံကိုတောင် ထုတ်နိုင်ပါ့မလား။
ထိုသို့ တွေးမိရင်း ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်မှာ လုံးဝ တည်ငြိမ်နေ၏။
“အို... တော်တော်လေးကို မာန်တက်နေတာပဲလား...”
ယဲ့ဖုန်း စကားပင် မပြောရသေး၊ မလှုပ်ရှားရသေးမီမှာပင် တစ်စုံတစ်ယောက်က သူ့ကို လာရောက် ခြိမ်းခြောက်လိုက်သဖြင့် သူ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားရသည်။
“ဒီကိစ္စကို ဒီနေ့ ငါ ကိုယ်တိုင် ကိုင်တွယ်မယ်... ငါ ပြောတဲ့အတိုင်းပဲ ဖြစ်ရမယ်... မင်းတို့ တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ ဧကရာဇ်သစ် ရောက်လာရင်တောင် ဒါကို မတားနိုင်ဘူး.....”
ယဲ့ဖုန်းသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး သူရဲကောင်း ဝိညာဉ်စွမ်းအား ကို ထုတ်ဖော်နေ၏။ အရိုးစုမိစ္ဆာ၏ အတောင်ပံများကို ပြင်းထန်စွာ ခတ်စေလိုက်ရာ၊ လေထုထဲတွင် လှိုင်းထန်သော လေပြင်းများ ဖြစ်ပေါ်သွားသည်။ တတိယမင်းသမီးကို လိုက်ဖမ်းနေသော နတ်ဆိုးဗိုလ်ချုပ် များမှာ ရုတ်တရက် ကြီးမားသော ဖိအားကို ခံစားလိုက်ရရှာ၏။
“တော်တော် ရဲတင်းတဲ့ ကောင်ပဲ... ကြယ်ခုနစ်ပွင့် မြေကမ္ဘာမိစ္ဆာ လက်ဝါး.....”
ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်က နှာခေါင်းရှုံ့လိုက်သည်။
သူသည် လက်ကို မြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင် နီရဲသော ကြယ်ခုနစ်ပွင့်မှာ တဖျပ်ဖျပ် လက်လာတော့၏။၊ မီတာ ရာပေါင်းများစွာ ရှည်လျားသော လက်ဝါးပုံရိပ်ကြီး ဖြစ်တည်လာကာ ယဲ့ဖုန်းနှင့် သူ့အဖွဲ့ဆီသို့ ရိုက်ချလိုက်လေတော့၏။
ခြောက်ခြားဖွယ်ရာ အရှိန်အဝါများ ကျဆင်းလာသဖြင့် တတိယမင်းသမီးပင်လျှင် ကြောက်လန့်တုန်လှုပ်သွားရပြီး၊ တစ်ကိုယ်လုံး လေးလံကာ လေထဲတွင် တောင့်တောင့်ကြီး ဖြစ်သွားရရှာသည်။
‘အားလုံး ပြီးသွားပြီ.....’
သူမ၏ စိတ်ထဲတွင် လေးလံသော ခံစားချက်ကြီး တစ်ခု ဝင်ရောက်လာပြီး၊ သူမ လွတ်မြောက်နိုင်မှာ မဟုတ်ရုံတင်မကဘဲ ဤ လျှို့ဝှက်ဆန်းကြယ်သော လူများကိုပါ ဒုက္ခပေးမိပြီဟု ယူဆလိုက်မိသည်။
“မြေကမ္ဘာထိုးဖောက်လက်သီး.....”
ယဲ့ဖုန်းက လက်သီးတစ်ချက် ထိုးလိုက်ရာ၊ ဧရာမ လက်ဝါးပုံရိပ်ကြီးမှာ ချက်ချင်းပင် ပြိုကွဲပျက်စီးသွားခဲ့၏။
မိုင်ပေါင်းများစွာ အကွာတွင် ရှိနေသော ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် သည် သူ၏ ခန္ဓာကိုယ်အတွင်း တုန်ခါသွားမှုကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်သည့် အခါတွင်တော့ သူ၏ ရင်ဘတ်မှာ အပေါက်ကြီး တစ်ခု ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။
သူ၏ သက်စောင့်အားများမှာ ဖျတ်လတ်စွာ လွင့်စင်သွားခဲ့၏။
“ဒါ... ဒါက ဘယ်လို မန္တန်မျိုးလဲ... ဘာလို့ ငါက ဝိညာဉ်စွမ်းအင်တွေ ဒါမှမဟုတ် နတ်ဆိုးအနှစ်သာရ စွမ်းအားတွေကို အာရုံမခံနိုင်ရတာလဲ... ဖြစ်နိုင်တာကတော့... ဒီလူက မူလနတ်ဘုရား အဆင့် ရဲ့ နတ်ဘုရား စွမ်းရည် တွေကို ပိုင်ဆိုင်ထားတာလား...”
ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်၏ နှလုံးသားမှာ တုန်လှုပ်သွားရသည်။ သူသည် ယဲ့ဖုန်းကို လက်ညှိုးညွှန်လိုက်သော်လည်း ခန္ဓာကိုယ်မှာ တုန်ခါလာပြီးနောက် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေတော့၏။
ဤသို့ဖြင့် ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးဘုရင် တစ်ပါးမှာ နိဂုံးချုပ်သွားခဲ့ရ၏။ ယဲ့ဖုန်းသည်လည်း အနည်းငယ် နှမြောတသ ဖြစ်သွားမိ၏။ သို့သော်လည်း သူ ဘာမှ မတတ်နိုင်ပေ။
သူ့အပေါ် ..သတ်ဖြတ်လိုစိတ် ရှိနေသော နတ်ဆိုးသားရဲ မည်သူ့ကိုမဆို သူ ယဉ်ပါးအောင် လုပ်၍ မရသည် မဟုတ်ပါလား။
ကြားနေ သဘောထားရှိပြီး သူက အနိုင်တိုက်နိုင်သူ သို့မဟုတ် သူ့အပေါ် ကောင်းမွန်သော သဘောထားရှိသူများကိုသာ နတ်ဆိုးသားရဲဆောင် အတွက် ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များအဖြစ် သိမ်းဆည်းနိုင်ခြင်း ဖြစ်၏။
“ဒါပေမဲ့လည်း... ကျဆုံးသွားတဲ့ နတ်ဆိုးဘုရင် တစ်ကောင်ကနေ လက်နက်သွန်းလုပ်ဖို့ ကုန်ကြမ်းတွေ အများကြီး ရနိုင်တာပဲလေ... အဆင့်မြင့် ဝိညာဉ်လက်နက်တွေ သွန်းလုပ်ဖို့ သုံးလို့ရတာပေါ့...”
မကြာမီ ယဲ့ဖုန်းက ခပ်ရေးရေး ပြုံးလိုက်မိသည်။
“မြေကမ္ဘာထိုးဖောက်လက်သီး... ဒါက ဘယ်လို မန္တန်လဲဟင်...”
ဝမ်ဖင်းအန်းမှာ ထိုတိုက်ကွက်ကို အလွန် ကျင့်ချင်နေသဖြင့် အားကျစိတ်ဖြင့် မေးလိုက်သည်။
“ငါ ခုလေးတင် ကိုယ့်ဘာသာ လျှောက်ပြောလိုက်တာလေ...”
ယဲ့ဖုန်းက မျက်နှာပြောင်ပြောင်နှင့် ပြန်ဖြေလိုက်၏။
သူ့အမြင်တွင်တော့ အသံ တစ်သံမှ မထွက်ဘဲ လက်သီးထိုးရတာက သိက္ခာမရှိသလို ခံစားရသောကြောင့်ပင်။
အကယ်၍ တစ်ခုခုကို အော်မပြောလျှင်၊ ကိုယ့်ရဲ့ တိုက်ခိုက်လိုစိတ်ကို ဘယ်လိုလုပ် မြှင့်တင်၍ ရပါ့မည်လဲ။
မဟုတ်ဘူးလား။
“ဗျာ.....”
တပည့်များအားလုံး ဆွံ့အသွားကြရသည်။
ကိုယ့်ဘာသာ လျှောက်ပြောလိုက်တဲ့လား။ ဂိုဏ်းချုပ် ရဲ့ အတွေးအခေါ်ကတော့ တကယ့်ကို ထူးခြားပါပေရဲ့။
“ဟုတ်သားပဲ... ဒီ နတ်ဆိုးသားရဲ တွေကတော့ မသေသေးဘူးပဲ...”
ယဲ့ဖုန်းသည် လေထဲတွင် ကြောင်အနက်နေသော တတိယမင်းသမီးနှင့်၊ ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်၏ လက်အောက်ငယ်သား ဒါဇင်ပေါင်းများစွာ ဆီသို့ အကြည့်လွှဲလိုက်သည်။
ထို နတ်ဆိုးဗိုလ်ချုပ် များမှာ ခုနလေးတင် သူတို့အပေါ် သတ်ဖြတ်လိုစိတ်များ ရှိနေခဲ့ကြသူများ ဖြစ်၏။ ထို့ကြောင့် သူတို့ကို ယဉ်ပါးအောင် လုပ်၍ မရနိုင်ပေ။
“အသုံးမဝင်တဲ့ ကောင်တွေဆိုတော့လည်း... မင်းတို့ရဲ့ ဝိညာဉ်သွေးတွေကိုပဲ ငါ ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်ပါ့မယ်...”
စကားအဆုံး၌၊ ယဲ့ဖုန်းက လက်ကို ဝှေ့ယမ်းလိုက်၏။ ထို နတ်ဆိုးဗိုလ်ချုပ် များမှာ အသနားခံရန်ပင် အချိန်မရလိုက်။ မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့၏ လည်ပင်းများကို ညှစ်ထားသလို ခံစားလိုက်ရပြီးနောက်၊ အက်ခနဲ အသံများနှင့်အတူ နေရာမှာတင် အသက်ပျောက်သွားကြတော့၏။
“ဟူး.....”
တာ့လျန် နတ်ဆိုးနိုင်ငံ တတိယမင်းသမီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ သူမသည် ခေါင်းငုံ့ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေသော ကျောက်မျက်သရဖူ နတ်ဆိုးဘုရင်ကို မြင်လိုက်ရသဖြင့်၊ တံတွေးတစ်လုပ်ကို မနည်း မျိုချလိုက်ပြီးနောက် ယခုတစ်ခေါက်တွင်တော့ တကယ့် ပညာရှင်အစစ်အမှန်နှင့် တွေ့ပြီဖြစ်ကြောင်း သဘောပေါက်သွား၏။
“ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် စီနီယာ... စီနီယာ့ကို ကြည့်ရတာ တကယ့်ကို ခန့်ညားထည်ဝါပြီး ထူးခြားလှပါတယ်... လောကမှာ အစွမ်းအထက်ဆုံး ဆရာကြီး ဖြစ်မှာ သေချာပါတယ်ရှင်... စီနီယာက ကျွန်မ အိပ်မက်ထဲက ဆရာနဲ့တောင် တူနေသလိုပဲ... ဆရာ... တပည့်မလေးရဲ့ ဂါရဝကို ခံယူပါဦးရှင်.....”
တာ့လျန် နတ်ဆိုးနိုင်ငံ တတိယမင်းသမီးမှာ ယဲ့ဖုန်းရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ တစ်ခုခုကို တောင်းခံနေသည့်နှယ်။
“မင်း ဘာလုပ်နေတာလဲ...”
ယဲ့ဖုန်း လုံးဝကို ဝေခွဲမရ ဖြစ်သွားရသည်။
ဝတ်စုံတွေ စုတ်ပြဲပြီး မျက်နှာမှာ ဖုန်တွေ ပေကျံနေတဲ့ ဒီမိန်းကလေးက၊ သူ့ရဲ့ စွမ်းအားကို မြင်တာနဲ့တင် သူ့တပည့် ဖြစ်ချင်နေတာလား။
တတိယမင်းသမီးက ခေါင်းမော့ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဆရာ... ကျွန်မက တပည့်တစ်ယောက်အနေနဲ့ ဂါရဝပြုနေတာလေ... ပုံမှန်ဆိုရင် ဆရာ့ကို ဂါရဝပြုပြီးရင်... တပည့်အဖြစ် လက်ခံတဲ့အတွက် လက်ဆောင်တစ်ခုခု ပေးရမှာ မဟုတ်ဘူးလားဟင်... ဥပမာ - ကျွန်မ ကစားဖို့အတွက် အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် တစ်လက်လောက် ဆိုရင်တော့ သိပ်ကောင်းမှာပဲ...”
“....”
ယဲ့ဖုန်းမှာ ရယ်ရမလို စိတ်တိုရမလို ဖြစ်သွားရ၏။ ဒီ မိုက်မဲတဲ့ မိန်းကလေးကတော့ အခွင့်အရေး ယူတတ်လွန်းလှချေလား။
အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ဟုတ်လား။ အဲဒါတွေက လမ်းဘေးက မုန်လာဥတွေလို ပေါများနေတယ်လို့ ထင်နေတာလား။
‘စနစ်... သူက ဂိုဏ်းထဲဝင်ဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီလား...’
ယဲ့ဖုန်းက အနည်းငယ် စိတ်တိုနေသော်လည်း စိတ်ထဲမှ မေးမြန်းလိုက်သည်။
“တီ..တီ... သူ့ကို တပည့်အဖြစ် လက်ခံလို့ ရပါတယ်”
စနစ်က ဖျတ်လတ်စွာ အကြောင်းပြန်လာခဲ့၏။
“ဟင်.....”
ယဲ့ဖုန်း ကြောင်အသွားရပြန်သည်။ တာ့လျန် နတ်ဆိုးနိုင်ငံ တတိယမင်းသမီးမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထွတ်အထိပ်ကို ရောက်နေသူ ဖြစ်ရာ၊ သူမသည် အနည်းဆုံး ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ရမှာ မဟုတ်ပါလား။
ဒါဆို မင်းသမီးရဲ့ အသက်ကလည်း တပည့်သစ် လက်ခံတဲ့ သတ်မှတ်ချက်ထဲမှာ ပါနေသေးတာလား။
ထိုသံသယနှင့်အတူ ယဲ့ဖုန်းက မေးလိုက်သည်။
“မင်း အသက် ဘယ်လောက်လဲ...”
တတိယမင်းသမီး၏ မျက်နှာလေးမှာ နီမြန်းသွားပြီး ပြန်ပြောလာ၏။
“အို... ဆရာရယ်... ဆရာကလည်း သိသိကြီးနဲ့... မိန်းကလေး တစ်ယောက်ရဲ့ အသက်ကို ဒီလိုပဲ လျှောက်မမေးသင့်ဘူးလေရှင်... ကျွန်မ ဒီနှစ်မှ တစ်ဆယ့်ရှစ်နှစ် ရှိသေးတာပါ.....”
သူမ စကားဆုံးသည်နှင့် ယဲ့ဖုန်း ချက်ချင်းပင် ထိတ်လန့်သွားရသည်။ ကျီဇီလင်း၊ ဝမ်ဖင်းအန်း၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး ဟူသော တပည့်လေးဦးမှာလည်း မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
မြေကြွက်ကလေးသည် လူတိုင်း၏ အမူအရာကို တစ်ချက်ကြည့်လိုက်ပြီး၊ မှိုကြီးတစ်လုံးကို ပိုက်လျက် ပါးစပ်ကို ဟကာ ကျယ်လောင်လှသော “အာ...” အသံကြီး တစ်ချက်ကို ထုတ်လွှတ်လိုက်သည်။
“အာ.....”
နျူတာ့လီ၊ ရူးသွပ်ဆင်ကြီး နှင့် အခြားသော ဂိုဏ်းစောင့် ဝိညာဉ်သားရဲ များမှာမူ သုံးစက္ကန့်ခန့် တုံ့ဆိုင်းနေပြီးနောက်၊ အားလုံးက တညီတညွတ်တည်း ပေါ့ပျက်ပျက်နှင့် “အာ...” ဟု အော်လိုက်ကြပြန်သည်။
ယဲ့ဖုန်းက သူတို့ကို လှည့်ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားတော့၏။
ဒီ ဝိညာဉ်သားရဲ တွေကတော့ တကယ့်ကို ထုံအတဲ့ ကောင်တွေပဲ ဖြစ်ရမယ်။
ယဲ့ဖုန်းက လက်ဖြင့် မျက်နှာကို အုပ်ကာ တတိယမင်းသမီး ဘက်သို့ လှည့်လိုက်သည်။
“မင်း ရဲ့ စိတ်ရင်းကို ကြည့်ပြီးတော့... ဂိုဏ်းချုပ် ဖြစ်တဲ့ ငါက ဝန်လေးပေမယ့်လည်း မြူခိုးဂိုဏ်း ရဲ့ စာရင်းသွင်းထားတဲ့ တပည့်တစ်ယောက်အဖြစ် လက်ခံပေးမယ်... ကဲ... မင်းရဲ့ အချက်အလက်တွေကို ပေးတော့...”
ပြောပြောဆိုဆိုနှင့်.. ကလောင်၊ မှင်တံနှင့် ဂိုဏ်းဝင်မှတ်တမ်း ကို ထုတ်လိုက်၏။
“ဆရာကလည်း အရမ်း လောတာပဲနော်... လူတွေ ဒီလောက် အများကြီး ရှေ့မှာ... ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားတွေနဲ့ ကိုယ်အလေးချိန်တွေကို ဘယ်လိုလုပ် ပြောပြလို့ ဖြစ်ပါ့မလဲရှင်... တကယ်ပဲ ရှက်ဖို့ ကောင်းလိုက်တာ.....”
တာ့လျန် နတ်ဆိုးနိုင်ငံ တတိယမင်းသမီးက ပါးပြင်လေးများ နီမြန်းလျက် တိုးညှင်းသော အသံဖြင့် ပြောလိုက်တော့၏။
***