~ယဲ့ဖုန်းသည် တာ့လျန် နတ်ဆိုးနိုင်ငံ ၏ တတိယမင်းသမီး၏ နဖူးကို ခပ်ဖွဖွ တောက်လိုက်ပြီး မေးလိုက်သည်။
“မင်းကတော့ အူကြောင်ကြောင်နိုင်လှချည်လား... ငါ တောင်းနေတာက မင်းရဲ့ အမည်၊ နောက်ခံ၊ အရိုးပါရမီ နဲ့ အသက် အစရှိတဲ့ အချက်အလက်တွေကို ပြောတာ... ခန္ဓာကိုယ် အချိုးအစားတွေနဲ့ ကိုယ်အလေးချိန်ကို မဟုတ်ဘူး...”
ယဲ့ဖုန်းသည် စကားပြောရင်း တတိယမင်းသမီးကို အကဲခတ်ကြည့်လိုက်မိ၏။
ဤမိန်းကလေးမှာ မျက်နှာတွင် ဖုန်များ ပေကျံနေပြီး ဝတ်စုံများ စုတ်ပြဲနေသော်လည်း တက်ကြွဖျတ်လတ်သော အသွင်ရှိ၏။ သူမ၏ ကိုယ်ခန္ဓာလည်း သွယ်လျပြီး ကျက်သရေရှိလှသဖြင့် အတော်လေး ကြည့်ကောင်းသည့် ကောင်မလေး တစ်ဦး ဖြစ်ကြောင်း ဝန်ခံရပေမည်။
“ဂိုဏ်းချုပ်... ကျွန်မနာမည်က ‘လျန်ဝမ်ဖန်း’ ပါ... တာ့လျန် နတ်ဆိုးနိုင်ငံ က လာတာဖြစ်ပြီး လက်ရှိ တာ့လျန် ဧကရီ ရဲ့ တတိယသမီးတော်ပါ... အရိုးပါရမီ ဆိုတာကတော့... ကျုပ်တို့ နတ်ဆိုးမျိုးနွယ်တွေမှာ အဲဒီလိုမျိုး ရှိလို့လားဟင်... ဒါပေမဲ့ ကျွန်မမှာတော့ အထွတ်အထိပ်အဆင့် ‘နှင်းယုန်’ သွေးမျိုးဆက် ရှိပါတယ်... ကျင့်ကြံခြင်း အဆင့်ကတော့ ခုလေးတင် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် ကို ရောက်သွားတာပါရှင်...”
လျန်ဝမ်ဖန်းက စဉ်းစားဟန်ဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
“လျန်ဝမ်ဖန်း... ခေါက်ဆွဲနှစ်ပွဲ လား.....”
ထိုအမည်ကို ကြားလိုက်ရသည့် ခဏ၌ ယဲ့ဖုန်းမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရ၏။
“ဒီနာမည်ကို ဘယ်သူပေးတာလဲ... ဘာလို့ ဒီလောက်တောင် ရိုးစင်းရတာလဲ...”
“ဟင်... လျန်ဝမ်ဖန်း ဆိုတဲ့ နာမည်က ဘာဖြစ်လို့လဲဟင်...”
လျန်ဝမ်ဖန်းမှာ ကြောင်အသွားရရှာသည်။
“ဒီနာမည်ကို ကျွန်မတို့ နန်းတွင်းအတိုင်ပင်ခံ ကိုယ်တိုင် ကြယ်တာရာတွေကို ကြည့်ပြီး ပေးထားတာလေ... ကျွန်မကို နောင်တစ်ချိန်မှာ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တွေ့လိမ့်မယ်လို့လည်း သူက ဟောထားသေးတယ်... ဂိုဏ်းချုပ်... အဲဒီ မြင့်မြတ်တဲ့သူက ဂိုဏ်းချုပ် မဟုတ်ဘူးလားဟင်...”
“အင်း..မင်းတို့ရဲ့ နန်းတွင်းအတိုင်ပင်ခံကတော့ အစားအသောက် အရမ်းမက်တဲ့သူ ဖြစ်ရမယ်...”
ယဲ့ဖုန်းက နှုတ်ခမ်းများ လှုပ်ရွရုံ အသံထွက်လိုက်မိ၏။
“ဟုတ်မှာပါ... သေချာပေါက် အစားမက်တဲ့သူပဲ ဖြစ်ရမယ်...”
ကျီဇီလင်း နှင့် အခြားတပည့်များကလည်း တညီတညွတ်တည်း ခေါင်းညိတ် ထောက်ခံလိုက်ကြကုန်၏။
လျန်ဝမ်ဖန်း ဆိုသော အမည်မှာ တရုတ်စကားအရ ‘ခေါက်ဆွဲနှစ်ပွဲ’ ဟူသော အဓိပ္ပာယ်နှင့် အသံထွက် ဆင်တူနေသည် မဟုတ်ပါလား။
ယဲ့ဖုန်းသည် လျန်ဝမ်ဖန်း၏ အချက်အလက်များကို မှတ်တမ်းတင်လိုက်ပြီးနောက် ဂိုဏ်းချုပ် တံဆိပ်တုံး ဖြင့် ခတ်နှိပ်လိုက်သည်။
“တီ..တီ... အမွေခံတပည့်သစ် ‘လျန်ဝမ်ဖန်း’ ကို လက်ခံရရှိပါပြီ... နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်ဖြစ်ပြီး အထွတ်အထိပ်အဆင့် နှင်းယုန် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပါတယ်...”
စနစ်ထံမှ အသိပေးချက်မှာ ချက်ချင်းပင် ရောက်ရှိလာခဲ့၏။
လျန်ဝမ်ဖန်းမှာ အမှန်တကယ်ပင် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့် ဖြစ်နေကြောင်း အတည်ပြုနိုင်လိုက်သဖြင့် ယဲ့ဖုန်း အတော်လေး အံ့သြသွားရသည်။
“အထွတ်အထိပ်အဆင့် နှင်းယုန် သွေးမျိုးဆက်ဆိုတာ အထွတ်အထိပ်အဆင့် အရိုးပါရမီနဲ့ အတူတူပဲလေ... ဒါပေမဲ့ အထွတ်အထိပ်အဆင့် ပါရမီ ရှိရင်တောင်မှ အသက် တစ်ဆယ့်ရှစ်နှစ်နဲ့ ဒီအဆင့်ကို ရောက်ဖို့က တော်တော်လေး ခက်ခဲတာပဲ... မင်း ဘယ်လို လုပ်လိုက်တာလဲ...”
“နေ့တိုင်း ကျင့်ကြံနေရင်းနဲ့ပဲ... ကျင့်ကြံခြင်း အဆင့်က အလိုလို တက်လာတာပါ...”
လျန်ဝမ်ဖန်းက အတည်ပေါက် ပြန်ပြောလိုက်၏။
ထိုစကားကြောင့် ယဲ့ဖုန်း ဆွံ့အသွားရတော့သည်။ အခြားသော တပည့်များမှာလည်း အံ့အားသင့်နေကြသည်။
သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် လျန်ဝမ်ဖန်းမှာ တာ့လျန် ဧကရီ၏ သမီးအရင်း ဖြစ်သည့်အပြင် အထွတ်အထိပ် သွေးကြောကိုလည်း ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
ပြည့်စုံလှသော ကျင့်ကြံရေး အရင်းအမြစ်များ၏ အထောက်အပံ့ဖြင့် ဤမျှလောက် အဆင့်သို့ ရောက်ရှိနေခြင်းမှာ ဖြစ်နိုင်ခြေ ရှိ၏။
“ဒါနဲ့... ဟိုကောင်တွေက ဘာလို့ မင်းကို သတ်ချင်နေကြတာလဲ...”
ယဲ့ဖုန်းသည် ဂိုဏ်းဝင်မှတ်တမ်း ကို သိမ်းလိုက်ပြီးနောက်၊ လက်တစ်ချက် ဝှေ့ယမ်းကာ ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် ၏ အလောင်းကို အရိုးစုမိစ္ဆာ ၏ ကျောပေါ်သို့ ပစ်တင်လိုက်သည်။
“ကျွန်မတို့ တာ့လျန် နတ်ဆိုးနိုင်ငံ မှာ ပုန်ကန်မှု ဖြစ်ပွားနေတာပါ... အရိုးစုမိစ္ဆာ ဧကရီ က ကျွန်မရဲ့ မယ်တော် ဧကရီ ကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်ခဲ့သလို၊ ကျွန်မကို သတ်ဖို့အတွက်လည်း လူလွှတ်လိုက်တာပါ... ကံကောင်းလို့ ဂိုဏ်းချုပ်နဲ့ တွေ့လို့ပေါ့... မဟုတ်ရင် ကျွန်မရဲ့ ယုန်သက်တမ်းလေးတော့ ကုန်ပါပြီရှင်... ဟုတ်သားပဲ... ဂိုဏ်းချုပ် က ဒီလောက် အစွမ်းထက်တာဆိုတော့... တာ့လျန် နန်းမြို့တော် ကို သွားပြီး ကျွန်မတို့ရဲ့ နှင်းယုန် မျိုးနွယ်စု ကို ကယ်ပေးလို့ ရမလားဟင်...”
လျန်ဝမ်ဖန်းသည် ယဲ့ဖုန်း၏ လက်ကို ဆွဲကာ တောင်းပန်
တိုးလျှိုးနေတော့သည်။
“ယုန်သက်တမ်း ဟုတ်လား.....”
လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဝေခွဲမရ ဖြစ်သွားကြ၏။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ် မသိသေးတာက... တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ ဘုရင့်မျိုးနွယ်တွေက အမြဲတမ်း နှင်းယုန် တွေ ဖြစ်ကြတာဗျ... သူတို့ရဲ့ မူလရုပ်သွင်က ဆီးနှင်းလို ဖြူဖွေးနေတဲ့ ဝိညာဉ်ယုန်လေးတွေလေ... အဲဒီယုန်သားက တကယ့်ကို အရသာရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်ဗျ... ရှလွတ်.....”
နျူတာ့လီက ပြောပြောဆိုဆိုနှင့် တံတွေးပင် ကျလာလေတော့သည်။
“နင်က နွားနတ်ဆိုးလေ... ဘာလို့ အသားစားချင်နေရတာလဲ...”
မြေကြွက်ကလေးက မျက်လုံးပြူးကာ မယုံနိုင်လောက်အောင် မေးလိုက်မိသည်။
၎င်းက နျူတာ့လီကို ၎င်းကဲ့သို့ အပင်စားသတ္တဝါဟု ထင်ထားခြင်း ဖြစ်၏။
“ငါက နတ်ဆိုးနွားလေဟ... အိမ်မွေးနွားမှ မဟုတ်တာ...အသားရော အသီးအရွက်ရော အကုန်စားတာပဲ... အထူးသဖြင့် ယုန်ခေါင်းချက်ဆိုရင်တော့... ဟင်း... အရသာကတော့ ပြောမနေနဲ့တော့.....”
နျူတာ့လီမှာ အငမ်းမရ တမ်းတရင်း မြေပြင်ပေါ်သို့ တံတွေးများ တစက်စက် ကျနေတော့သည်။
ထိုသို့ ပြောဆိုသည်ကို ကြားလိုက်ရသောအခါ၊ လျန်ဝမ်ဖန်း၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်လာရ၏။ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ နျူတာ့လီ၏ မာကျောသော ချပ်ဝတ် ကိုယ်ထည်ကို တဘုန်းဘုန်း ထုရိုက်ရင်း အော်ဟစ်နေတော့သည်။
“ယုန်လေးတွေက ဒီလောက် ချစ်စရာကောင်းတာကို ဘာလို့ စားချင်ရတာလဲ... နင် တကယ် ရက်စက်တာပဲ.....”
နျူတာ့လီမှာမူ လျန်ဝမ်ဖန်း၏ လက်သီးချက်များကြောင့် နာကျင်လွန်းသဖြင့် အော်ဟစ်ကာ အဝေးသို့ ထွက်ပြေးရတော့၏။
သူမက နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့် ဖြစ်သည် မဟုတ်ပါလား။
“ဒါဆို မင်းက တကယ့် ယုန်ဝိညာဉ်လေး ပေါ့လေ.....”
ယဲ့ဖုန်းက စူးစမ်းလိုသော စိတ်ဖြင့် လျန်ဝမ်ဖန်း၏ ဆံပင်များကို ပွတ်သပ်ကြည့်သော်လည်း ယုန်နားရွက်များကိုမူ မတွေ့ရှိရပေ။
“ဂိုဏ်းချုပ်... ကျွန်မရဲ့ ယုန်နားရွက်တွေကို လိုက်ရှာနေတာလားဟင်...”
လျန်ဝမ်ဖန်းက နှုတ်ခမ်းလေးကို ဆူကာ သူမ၏ ဝိုင်းစက်သော မျက်ဝန်းကြီးများဖြင့် ယဲ့ဖုန်းကို စိုက်ကြည့်နေ၏။
“မဟုတ်ပါဘူး... ငါက... ဒီအတိုင်း ကြည့်လိုက်တာပါ...”
ယဲ့ဖုန်းသည် လျှပ်စစ်နှင့် ထိမိသလို လက်ကို အမြန် ပြန်ရုပ်သိမ်းလိုက်ရသည်။
သူသည် ချောင်းတစ်ချက် ခပ်ဖွဖွ ဟန့်လိုက်ပြီးနောက် ပြောလိုက်၏။
“ကဲ... ဒီနေ့ကစပြီး မင်းက မြူခိုးဂိုဏ်း ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီ... ဒုတိယမျိုးဆက် တပည့် တစ်ယောက်ပေါ့... ဒါတွေက မင်းရဲ့ စီနီယာ အစ်ကိုကြီး၊ အစ်မကြီးတွေဖြစ်တဲ့ ပထမမျိုးဆက် တပည့်တွေပဲ... အချင်းချင်း နှုတ်ဆက်လိုက်ကြဦး...”
ထိုအခါ၊ လျန်ဝမ်ဖန်းသည် ကျီဇီလင်း၊ လုံထျန်းရှင်း၊ ချောင်ကျားရှီး နှင့် ဝမ်ဖင်းအန်း တို့ကို ကြည့်ကာ ပြုံးလျက် လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်၏။
“နေကောင်းကြလားရှင်... ဆံပင်ခရမ်းရောင် စီနီယာ အစ်မ၊ နဂါးမျိုးနွယ် စီနီယာ အစ်ကို၊ ပြောင်ချော စီနီယာ အစ်ကို နဲ့ အိုးမဲ စီနီယာ အစ်ကို.....”
ထိုစကားကြောင့် ယဲ့ဖုန်းမှာ ဟားခနဲ ရယ်လိုက်မိတော့သည်။
“ငါ့နာမည်က ကျီဇီလင်း ပါ... ဆံပင်ခရမ်းရောင် မဟုတ်ပါဘူး...”
“ငါကတော့ လုံထျန်းရှင်း ပါ... ငါ့ကို နဂါးမျိုးနွယ်လို့ ခေါ်တာတော့ မမှားပါဘူးလေ...”
“ဟိတ်၊ ငါက ပြောင်ချော မဟုတ်ဘူး... ငါ့နာမည်က ချောင်ကျားရှီးတဲ့...”
“ငါက ဝမ်ဖင်းအန်း ပါ... ဒါပေမဲ့ ရပါတယ်... ငါ့ကို အိုးမဲ စီနီယာလို့ပဲ ခေါ်ပါတော့... ဘာပဲဖြစ်ဖြစ် မြူခိုးဂိုဏ်း တစ်ခုလုံးမှာ ဒီ အမည်းရောင် အိုးကြီးကို အမြဲလွယ်ထားတာ ငါ တစ်ယောက်တည်း ရှိတာကိုး...”
ဝမ်ဖင်းအန်းက သူ၏ ကျောပေါ်ရှိ အမည်းရောင် အိုးကြီးကို ပြန်ကြည့်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
လျန်ဝမ်ဖန်းမှာ အမည်များကို မှားယွင်းစွာ ခေါ်မိသွားသဖြင့် အားနာသွားပြီး မျက်နှာလေးမှာ ရှက်ကိုးရှက်ကန်းနှင့် နီမြန်းသွားရရှာ၏။
လူတိုင်း အချင်းချင်း ရင်းနှီးအောင် လုပ်နေကြစဉ်အတွင်း ယဲ့ဖုန်းသည် ကျောက်မျက်သရဖူ နတ်ဆိုးဘုရင် နှင့် နတ်ဆိုးဗိုလ်ချုပ် များ၏ အလောင်းများကို ဟင်းလင်းပြင် ရတနာသေတ္တာ အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ယဲ့ဖုန်းက အားလုံး အသင့်ဖြစ်သည်နှင့် ကျယ်လောင်စွာ ကြေညာလိုက်၏။
“ကဲ... အခုတော့ တာ့လျန် နတ်ဆိုးနိုင်ငံ ရဲ့ နန်းမြို့တော်ဆီကို သွားပြီး လူသွားကယ်ကြရအောင်…”
“ကျေးဇူးတင်ပါတယ် ဆရာ... ကျွန်မနောက်ကို လိုက်ခဲ့ကြပါရှင်.....”
လျန်ဝမ်ဖန်းက ရှေ့ဆုံးမှ ဦးဆောင်ကာ လမ်းပြလိုက်လေတော့သည်။
*
တာ့လျန် နတ်ဆိုးနိုင်ငံ။
ဒါက တောင်ပိုင်းမြစ်ဝှမ်း ဒေသ နှင့် ယှဉ်နိုင်လောက်သည့် မိုင်ပေါင်း သောင်းချီ ကျယ်ပြောသော နယ်မြေကြီးတစ်ခုပင်။
ကောင်းကင်ယံ အမြင့်မှ ငုံ့ကြည့်လိုက်လျှင် အောက်ဘက်ရှိ ထူးခြားဆန်းပြားသော အဆောက်အအုံများမှာ နတ်ဆိုးမျိုးနွယ်စုတို့၏ နယ်မြေများ ဖြစ်ကြောင်း သိသာလှ၏။
တစ်ခါတစ်ရံတွင်မှ လူသားမျိုးနွယ်တို့၏ မြို့ဟောင်းများကို တွေ့ရှိရတတ်သော်လည်း၊ လူဦးရေ အများစုမှာမူ နတ်ဆိုးမျိုးနွယ်များသာ ဖြစ်ကြသည်။
လက်ရှိ တာ့လျန် ဧကရီ ၏ ပညာရှိလှသော အုပ်ချုပ်မှုကြောင့် ဤနိုင်ငံအတွင်း၌ လူသားနှင့် နတ်ဆိုးများမှာ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်ကြခြင်း ဖြစ်၏။ အကယ်၍သာ သူမ၏ အမိန့်ထုတ်ပြန်ချက် မရှိခဲ့လျှင် ဤနယ်မြေအတွင်းရှိ လူသားမျိုးနွယ်ဝင်များမှာ သေချာပေါက် သုတ်သင်ခံထားရပြီး ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ယနေ့ မိုးသောက်ယံ အချိန်တွင် အရိုးစုမိစ္ဆာ ဧကရီ က ပုန်ကန်မှုတစ်ခု ပြုလုပ်ခဲ့ပြီး၊ တာ့လျန် ဧကရီ အား ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်ခဲ့သလို၊ နတ်ဆိုးဗိုလ်ချုပ် ရာပေါင်းများစွာနှင့် နတ်ဆိုးဘုရင် အချို့ကိုလည်း သတ်ဖြတ်ခဲ့သည်။
မိမိကိုယ်ကို ကာကွယ်ရန်အတွက် တာ့လျန် ဧကရီ သည် ပထမမင်းသမီး၊ ဒုတိယမင်းသမီး နှင့် နှင်းယုန် မျိုးနွယ်စုဝင် များစွာတို့နှင့်အတူ နန်းတော်၏ ဧရာမ ကာကွယ်ရေး ဝင်္ကပါ အတွင်း၌ ပုန်းအောင်းနေရပြီး၊ စစ်ကူများကို စောင့်ဆိုင်းနေရခြင်း ဖြစ်၏။
ကောင်းကင်ယံထက်တွင် ၊
ယဲ့ဖုန်းသည် လျန်ဝမ်ဖန်း၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်၏။
“ဒါဆို မင်းရဲ့ မယ်တော်နဲ့ အစ်မနှစ်ယောက်ကတော့ အသက်ရှင်နေသေးတာပေါ့... ဒါနဲ့ မင်းကရော ဘယ်လိုလုပ် လွတ်လာတာလဲ...”
“အဲဒီအချိန်က ကျွန်မက အပြင်မှာ လျှောက်ဆော့နေတာလေ... မယ်တော့်နားမှာ မရှိဘူး... မယ်တော်က အရိုးစုမိစ္ဆာ ဧကရီ ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ခံလိုက်ရပြီး ဒဏ်ရာ အပြင်းအထန် ရသွားတာကို အဝေးကပဲ မြင်လိုက်ရတာ... အဲဒါနဲ့ ကျွန်မလည်း အမြန် ထွက်ပြေးခဲ့ရင်းနဲ့... ဆရာနဲ့ လာတွေ့တာပေါ့ရှင်...”
လျန်ဝမ်ဖန်းက အမြန် ရှင်းပြလိုက်သည်။
“သြော်... ဟိုမှာကြည့်... တာ့လျန် နန်းမြို့တော် ကို ရောက်ပါပြီ.....”
တိမ်တိုက်များကို ခွဲခြမ်းကာ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါတွင်တော့၊ မြစ်ကမ်းဘေးရှိ တောင်တန်းများကြားတွင် တည်ဆောက်ထားသော မြို့ကြီးတစ်မြို့ကို မြင်တွေ့လိုက်ရ၏။
၎င်းသည် မိုင်ပေါင်း ရှစ်ရာခန့် ကျယ်ဝန်းပြီး ရှုခင်းများမှာလည်း သာယာလှပလှ၏။ လူသားနှင့် နတ်ဆိုးများမှာ သဟဇာတဖြစ်စွာ နေထိုင်ကြရုံတင် မကဘဲ၊ လူသားနှင့် နတ်ဆိုး အချင်းချင်း လက်ထပ်ထိမ်းမြားခြင်းမှာလည်း အဆန်းတကြယ် မဟုတ်တော့ပေ။
လမ်းမများပေါ်တွင် ကြောင်နားရွက်၊ ယုန်နားရွက် ပါသော လူများ၊ သို့မဟုတ် မျောက်အမြီးပါသော နတ်ဆိုးတစ်ပိုင်း လူသားများကို နေရာအနှံ့ မြင်တွေ့နိုင်၏။
“တာ့လျန် နန်းမြို့တော် က တကယ့်ကို ထူးခြားတာပဲ... ဒါနဲ့ နန်းတော်က ဘယ်မှာလဲဗျ...”
ယဲ့ဖုန်းက ဘယ်ညာ ဝေ့ကြည့်သော်လည်း နန်းတော်ကို မတွေ့ရသေးပေ။
“ဝုန်း.....”
ထိုအချိန်တွင် အဝေးတစ်နေရာဆီမှ ကမ္ဘာပျက်တော့မည့်အလား ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
လျန်ဝမ်ဖန်းသည် အသံလာရာဆီသို့ လှမ်းကြည့်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးတွင် စိုးရိမ်မှုများ ချက်ချင်း ပြည့်နှက်သွားတော့သည်။
“ဒုက္ခပဲ... အရိုးစုမိစ္ဆာ ဧကရီ က နန်းတော်ကို ထပ်ပြီး တိုက်နေပြီ.....”
သူမက အသံလာရာဆီသို့ လက်ညှိုးညွှန်ပြလိုက်၏။
ယဲ့ဖုန်း အဝေးသို့ မျှော်ကြည့်လိုက်သည့်အခါ၊ မြို့ပြဧရိယာနှင့် မိုင်ပေါင်း ရာချီ ဝေးကွာသော မြစ်အထက်ပိုင်းရှိ ကုန်းပြင်မြင့်ကြီး တစ်ခုကို မြင်တွေ့လိုက်ရ၏။
ထိုကုန်းပြင်မြင့် တစ်ခုလုံးတွင် မုန်လာဥနီများ၊ အာလူးများ၊ ဂေါ်ဖီထုပ်များ၊ သခွားသီးများ နှင့် ဖရုံသီးများ စိုက်ပျိုးထားသည်။ နှင်းယုန် များ၏ အသည်းစွဲ အစားအစာများပင်။
ထိုကုန်းပြင်မြင့်၏ အလယ်ဗဟိုတွင်မူ ကျက်သရေရှိလှသော စိမ်းပြာရွှေရောင် နန်းဆောင်များ တည်ရှိနေသည်။ ၎င်းတို့အားလုံးကို မှိန်ဖျော့ဖျော့ ရွှေရောင် အကာအကွယ် အမြှေးပါးတစ်ခုက လွှမ်းခြုံထား၏။
ထိုအခိုက်အတန့်တွင် အမြင့် (၁၀) မီတာ အရိုးခြောက်ပုံသဏ္ဌာန် အဖြူရောင် လူပုံရိပ် တစ်ခုသည် အဖြူရောင် အရိုးဓားရှည်ကြီးအား ဝှေ့ယမ်းလျက်၊ တာ့လျန် နန်းတော်၏ အကာအကွယ်ကို ဒေါသတကြီး ခုတ်ထစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
“တာ့လျန် ဧကရီ... နင် ဆက်ပြီးတော့သာ ပုန်းနေလိုက်စမ်းပါ... ငါ့လူတွေက နင့်ရဲ့ အချစ်ဆုံး တတိယသမီးတော်ကို အရှင်ဖမ်းလာတာနဲ့... နန်းတော်ထဲမှာရှိတဲ့ နှင်းယုန် မျိုးနွယ်စုဝင် သောင်းနဲ့ချီတဲ့ ရှေ့မှာတင် သူမကို နှိပ်စက်ပြီး သတ်ပစ်မယ်.....”
အရိုးစုမိစ္ဆာ ဧကရီ က ရက်စက်စွာ လှောင်ပြောင်လိုက်သည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ အရိုးစုမိစ္ဆာ ၏ ကျောပေါ်ရှိ လျန်ဝမ်ဖန်းမှာ တစ်ကိုယ်လုံး တုန်ခါသွားရရှာ၏။
“ငါ့သမီးကို ထိရဲရင်တော့... ဒီနေ့ မင်းကို ငါ သေချာပေါက် သတ်မယ်.....”
နန်းတော်အတွင်းမှ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံ တစ်ချက် ထွက်ပေါ်လာသည်။ ထိုအသံမှာ အေးစက်လှသော်လည်း အနည်းငယ် အားနည်းနေသည့်ဟန် ပေါက်နေ၏။
ပြောဆိုသူမှာ သူမ၏ အထွတ်အထိပ် အခြေအနေတွင် မရှိကြောင်း သိသာလှ၏။
နောက်တစ်ခဏတွင်တော့ ရင်သပ်ရှုမောဖွယ် လှပသော လူပုံရိပ်တစ်ခုသည် ကောင်းကင်သို့ ပျံတက်လာပြီး၊ နန်းတော်၏ အကာအကွယ်မှ ထွက်ခွာကာ အရိုးစုမိစ္ဆာ ဧကရီ အား တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေတော့သည်။
“ဧကရီ... မသွားပါနဲ့ရှင်.....”
“တတိယမင်းသမီးမှာ ကံကောင်းခြင်းတွေ ရှိတာမို့... သေချာပေါက် အဖမ်းခံရမှာ မဟုတ်ပါဘူး...”
“ဧကရီ အနေနဲ့ အရင်ဆုံး ဒဏ်ရာတွေကို ကုသရပါမယ်... ဒါမှသာ အထွတ်အထိပ် အခြေအနေနဲ့ ဒီ သစ္စာဖောက် အရိုးစုမိစ္ဆာ ဧကရီ ကို နှိမ်နင်းနိုင်မှာပါ...”
အစွမ်းထက်သော နှင်းယုန် မျိုးနွယ်စုဝင် ဒါဇင်ပေါင်းများစွာ ပြေးထွက်လာကြပြီး၊ တာ့လျန် ဧကရီ ကို ဝိုင်းဝန်း တားဆီးလျက် အသည်းအသန် အကြံပေးနေကြ၏။
“နင်က ပုန်းနေဖို့ပဲ ရွေးချယ်တယ်ဆိုတော့လည်း... အရင်ဆုံး နန်းမြို့တော်မှာရှိတဲ့ သက်ရှိ ကုဋေပေါင်းများစွာကို ငါ သတ်ပြမယ်... ငါ့ကို ဆန့်ကျင်ရင် ဘာဖြစ်မလဲဆိုတာ နင် သိစေရတာပေါ့.....”
အရိုးစုမိစ္ဆာ ဧကရီ သည် လှည့်ထွက်လိုက်ပြီး နန်းမြို့တော် ရှိရာဘက်သို့ ဦးတည်ရန် ပြင်လိုက်သည်။
သို့သော်လည်း သူမ ခေါင်းမော့ကြည့်လိုက်သည့် ခဏ၌ ကြောင်အသွားရလေတော့၏။
ကောင်းကင်ယံ အမြင့်မှနေ၍ တစ်ကီလိုမီတာခန့် ရှည်လျားသော ဧရာမ မြွေပုံသဏ္ဌာန် အရိုးစုကြီးတစ်ခုသည် ဖြည်းညှင်းစွာ ဆင်းသက်လာနေပြီး၊ ၎င်းထံမှ ဧကရာဇ်တစ်ပိုင်း အဆင့်၏ ခမ်းနားလှသော ဖိအားများမှာ ပျံ့နှံ့ထွက်ပေါ်နေသည် မဟုတ်ပါလား။
၎င်း ဖြတ်သန်းသွားလေရာ နေရာတိုင်းတွင် ရှိရှိသမျှသော နတ်ဆိုးများနှင့် လူသားများမှာ ကြောက်လန့်တုန်လှုပ်လျက် မြေပြင်ပေါ်၌ ဒူးထောက်ကာ ဂါရဝပြုနေကြလေတော့၏။
***