~ဧရာမ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိ အရိုးစုမိစ္ဆာကြီး၏ အထက်တွင် နတ်ဆိုးသားရဲ အုပ်စုတစ်စုမှာ ဝေဝါးနေသော လူသားပုံရိပ်အချို့ကို ဝန်းရံလျက် ရှိနေကြ၏။
၎င်းတို့ကို ဦးဆောင်လာသော လူငယ်မှာ ထူးခြားသည့် အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထား၏။ သူ၏ ကျင့်ကြံခြင်း အငွေ့အသက်ကို တစ်စက်မျှပင် ထုတ်မပြထားသော်လည်း နားလည်ရခက်သည့် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် လောကပြင်ပမှ ပုဂ္ဂိုလ်တစ်ဦးကဲ့သို့သော ခံစားချက်မျိုးမှာ သူ၏ ကိုယ်မှ ထွက်ပေါ်နေသည်။
ထိုလူငယ်၏ ဘေးတွင်မူ အမျိုးသမီးငယ်တစ်ဦး ရပ်နေလေ၏။
သူမ၏ ဝတ်စုံများမှာ စုတ်ပြဲနေပြီး လှပသော မျက်နှာလေးမှာလည်း ဖုန်များ ပေကျံနေသဖြင့် လမ်းပျောက်နေသော ကြောင်ကလေးတစ်ကောင်နှင့်ပင် တူနေတော့သည်။ သို့သော်လည်း ထိုနေရာရှိ လူအားလုံးမှာ သူမကို ချက်ချင်း မှတ်မိသွားကြ၏။
“ဒါ တတိယမင်းသမီးပဲ..”
“ဒီ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိတဲ့ အရိုးစုမိစ္ဆာကြီးက မင်းသမီး ရှာလာတဲ့ စစ်ကူလားဟင်”
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်မိ၏။
“တတိယမင်းသမီး... နင်ပါလား..”
အရိုးစုမိစ္ဆာ ဧကရီ မှာ အစပိုင်းတွင် ကြောင်အသွားသော်လည်း၊ နောက်တစ်ခဏတွင်တော့ သူမ၏ မျက်နှာထက်၌ ရက်စက်သော အပြုံးနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။
သူမ စေလွှတ်လိုက်သော လက်အောက်ငယ်သားများမှာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသော်လည်း၊ ယခုအခါတွင်မူ တတိယမင်းသမီးမှာ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိသော အရိုးစုမိစ္ဆာကြီးကို စီးနင်းကာ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ ထိုလက်အောက်ငယ်သားများ၏ ကံကြမ္မာမှာ မည်သို့ရှိမည်ကို အထင်အရှား သက်သေပြနေသည် မဟုတ်ပါလား။
ဖြစ်နိုင်သည်မှာ ၎င်းတို့အားလုံး အသက်ပျောက်သွားကြပြီ ဖြစ်ပေလိမ့်မည်။
ဤဆုံးရှုံးမှုကြောင့် အရိုးစုမိစ္ဆာ ဧကရီ မှာ နှမြောတသ ဖြစ်သွားရသော်လည်း၊ ၎င်းထက် ပိုမိုပြင်းထန်သော ဒေါသတရားများနှင့် သတ်ဖြတ်လိုသော ဆန္ဒများမှာ သူမ၏ စိတ်အတွင်းဝယ် ပေါက်ကွဲထွက်လာတော့၏။
“ရှောင်ဖန်း ပြန်လာတာလား...”
တာ့လျန် ဧကရီ သည် သူမ၏ မျိုးနွယ်စုဝင် အကြီးအကဲ ဒါဇင်ပေါင်းများစွာ၏ တားဆီးမှုကို ခံထားရသဖြင့် ကောင်းကင်သို့ မတက်နိုင်ဘဲ ရှိနေစဉ်၊ အရိုးစုမိစ္ဆာကြီး၏ အထက်တွင် ရပ်နေသော လျန်ဝမ်ဖန်း ကို မော့ကြည့်လိုက်မိသည်။ သူမ၏ မျက်နှာတွင် အစပိုင်း၌ ဝမ်းသာရိပ်များ ယှက်သန်းသွားသော်လည်း၊ နောက်တစ်ခဏတွင်တော့ အမူအရာ ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်။
“မြန်မြန်ပြေးတော့... နင်က အရိုးစုမိစ္ဆာ ဧကရီ ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..”
ဧကရာဇ်တစ်ပိုင်း အဆင့်ရှိသော အရိုးစုမိစ္ဆာမှာ အစွမ်းထက်လှ၏။
သို့သော်လည်း ၎င်းမှာ ဤမျှသာ ဖြစ်၏။
အဆင့်နိမ့် နတ်ဆိုးဧကရာဇ် အထွတ်အထိပ်သို့ ရောက်ရှိနေသော အရိုးစုမိစ္ဆာ ဧကရီ ၏ ရှေ့တွင်မူ၊ ဧကရာဇ်တစ်ပိုင်း အဆင့်ဆိုသည်မှာ ဘာမှ မဟုတ်ဘဲ ဓားတစ်ချက်တည်းဖြင့်ပင် အစပျောက်သွားနိုင်သည် မဟုတ်ပါလား။
“ဟဲဟဲ... နင် လွတ်မယ် ထင်နေတာလား”
အရိုးစုမိစ္ဆာ ဧကရီ က လှောင်ပြောင်လိုက်ရင်း အဖြူရောင် အရိုးဓားရှည်ကြီးကို ဝှေ့ယမ်းကာ လေထဲရှိ လျန်ဝမ်ဖန်း ဆီသို့ ဦးတည် တိုက်ခိုက်လိုက်လေတော့သည်။
သူမသည် တာ့လျန် ဧကရီ ၏ မျက်စိရှေ့မှောက်မှာတင် တတိယမင်းသမီး လျန်ဝမ်ဖန်း ကို နှိပ်စက်သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
တာ့လျန် ဧကရီ သည် သူမ၏ လူမျိုးစုဝင်များကို ကိုယ်ပိုင် သားသမီးများကဲ့သို့ ချစ်ခင်သူ ဖြစ်သလို၊ သူမ၏ သမီးတော်များကိုလည်း အလွန်ပင် ဂရုစိုက်သူ ဖြစ်၏။ အထူးသဖြင့် ပါရမီ ထူးချွန်လှသော တတိယမင်းသမီး လျန်ဝမ်ဖန်း ကို နောက်ထပ် ဧကရီ တစ်ပါး ဖြစ်လာစေရန် သူမ ကိုယ်တိုင် လေ့ကျင့်ပေးနေခြင်း ဖြစ်၏။
အရိုးစုမိစ္ဆာ ဧကရီ မှာမူ တာ့လျန် ဧကရီ အနေဖြင့် သူမ၏ သမီးတော် နှိပ်စက်ခံရသည်ကို ဒီအတိုင်း ထိုင်ကြည့်နေနိုင်မည် မဟုတ်ကြောင်း အသေအချာ သိရှိထား၏။ သူမသည် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ ဝင်္ကပါ အပြင်ဘက်သို့ ထွက်လာကာ ကယ်တင်ရန် ကြိုးစားမည်မှာ ဧကန်ပင်။
ထိုအချိန်မှာပင် တာ့လျန် ဧကရီ ကို အပြတ်ရှင်းရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လာပေလိမ့်မည်။
“နင် တော်တော် ရဲတင်းတာပဲ..”
အရိုးစုမိစ္ဆာ ဧကရီ တွက်ချက်ထားသည့်အတိုင်းပင်၊ တာ့လျန် ဧကရီ ၏ အရှိန်အဝါများမှာ တစ်ဟုန်ထိုး မြင့်တက်လာပြီး ဘေးရှိ နှင်းယုန် မျိုးနွယ်စု ဝင်များကို လွင့်စဉ်သွားစေကာ ဝင်္ကပါ ကို ဖောက်ထွက်လိုက်သည်။ သူမ၏ လက်များက လက်ကွက်များကို အလျင်အမြန် ဖော်လိုက်ပြီး သူမ ကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရား စွမ်းရည် တစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
“မိုင်တစ်ထောင် ရေခဲတံဆိပ်..”
တာ့လျန် ဧကရီ ၏ လွှမ်းမိုးထားသော အရှိန်အဝါများနှင့်အတူ၊ သူမ လက်ကွက်ဖော်ပြီးသည်နှင့် နောက်ကျောဘက်တွင် ဧရာမ မုန်တိုင်းကြီး တစ်ခု စုစည်းသွားကာ အရိုးစုမိစ္ဆာ ဧကရီ ဆီသို့ တရှိန်ထိုး တိုးဝင်သွားလေတော့၏။
“နင် နောက်ဆုံးတော့ ထွက်လာပြီပေါ့..”
အရိုးစုမိစ္ဆာ ဧကရီ က ဝမ်းမြောက်စွာ အော်ဟစ်လိုက်ပြီး၊ အဖြူရောင် အရိုးဓားရှည်ကြီးကို ဖျတ်လတ်စွာ ဝှေ့ယမ်းလျက် တိုက်ခိုက်လိုက်၏။ ပူပြင်းလှသော ဓားအရှိန်အဝါမှာ ရေခဲများကို ထွင်းဖောက်ကာ တာ့လျန် ဧကရီ ထံသို့ ရုတ်ချည်းပင် ကျရောက်သွားခဲ့၏။
“ဝုန်း.....”
တာ့လျန် ဧကရီ မှာ ထိုတိုက်ကွက်ကြောင့် နောက်သို့ လွင့်စဉ်သွားပြီး၊ မူလရှိနေခဲ့သော ဒဏ်ရာများမှာ ပိုမို ပြင်းထန်လာကာ အကာအကွယ် အမြှေးပါးပေါ်သို့ ဘုန်းခနဲ ကျရောက်သွားရရှာသည်။ သူမသည် သွေးများကိုပါ အန်ထုတ်လိုက်ရသည်။
“ဧကရီ..”
နှင်းယုန် မျိုးနွယ်စု ဝင်များ၏ မျက်နှာများမှာ ပြာနှမ်းသွားကြ၏။
ဧကရီ ဆိုသည်မှာ သူတို့၏ ကောင်းကင်ဘုံပင် ဖြစ်သည် မဟုတ်ပါလား။
ယခုအခါတွင်မူ သူတို့၏ ကောင်းကင်ဘုံမှာ ပြိုကျပျက်စီးသွားခဲ့ပြီ ဖြစ်ရာ၊ ထိုအမှန်တရားကြောင့် သူတို့အားလုံးမှာ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် တုန်လှုပ်နေကြရရှာသည်။
“မယ်တော် ဧကရီ..”
ပထမမင်းသမီး နှင့် ဒုတိယမင်းသမီး တို့မှာလည်း ဝင်္ကပါ အပြင်ဘက်သို့ ပြေးထွက်လာကြပြီး တာ့လျန် ဧကရီ ကို ဝိုင်းဝန်း ထိန်းမပေးကြ၏။
“ဆရာ... ကျွန်မရဲ့ မယ်တော်ကို ကယ်ပေးပါဦးရှင်..”
ထိုအခိုက်အတန့်တွင် အရိုးစုမိစ္ဆာကြီး၏ အထက်မှနေ၍ တတိယမင်းသမီး၏ ရင်ကွဲမတတ် စူးရှ
သော အော်ဟစ်သံ ထွက်ပေါ်လာသည်။
ထိုအသံမှာ အလွန်အမင်း ကျယ်လောင်လှသည် မဟုတ်သော်လည်း၊ ထိုနေရာရှိ လူအားလုံး၏ နားထဲသို့ ရောက်ရှိရန်မှာမူ လုံလောက်လှ၏။
ဆရာ …။
တတိယမင်းသမီးက ဆရာ တစ်ယောက် ရှာထားခဲ့တာလား။
လူအုပ်ကြီးမှာ အလိုအလျောက်ပင် အရိုးစုမိစ္ဆာကြီး၏ အထက်တွင် ရပ်နေသော ခန့်ညားထည်ဝါသော လူငယ်လေးဆီသို့ မော့ကြည့်မိကြ၏။ ထိုလူငယ်မှာ တတိယမင်းသမီး၏ ဆရာ ဖြစ်ရမည်ဟု ခန့်မှန်းလိုက်ကြ၏။
သို့သော်လည်း ဧကရာဇ်တစ်ပိုင်း အဆင့်ရှိသော အရိုးစုမိစ္ဆာပင်လျှင် အရိုးစုမိစ္ဆာ ဧကရီ ကို မယှဉ်နိုင်ပါဘဲနှင့်၊ မည်သည့် ကျင့်ကြံခြင်း အငွေ့အသက်မျှ ထွက်မနေသော ဤလူသား လူငယ်လေးက ဘယ်လိုလုပ်ပြီး အရိုးစုမိစ္ဆာ ဧကရီ ကို ပြန်တိုက်နိုင်မှာလဲ။
“ဆရာ ဟုတ်လား”
ထိုအသံကို ကြားလိုက်ရသည့်အခါ အရိုးစုမိစ္ဆာ ဧကရီ သည် အရိုးစုမိစ္ဆာကြီး၏ ထိပ်သို့ ကပျာကယာ လှည့်ကြည့်လိုက်ရာ၊ ယဲ့ဖုန်း နှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။
ယဲ့ဖုန်း ၏ တည်ငြိမ်လွန်းသော မျက်ဝန်းများကို စိုက်ကြည့်မိသည့် ခဏ၌၊ အရိုးစုမိစ္ဆာ ဧကရီ မှာ ဖော်ပြ၍မရသော မလုံခြုံမှုကို စတင် ခံစားလိုက်ရသည်။
‘ဒါ ဘာဖြစ်တာလဲ...’
အရိုးစုမိစ္ဆာ ဧကရီ ၏ နှလုံးသားထဲသို့ အေးစိမ့်သော ခံစားချက်တစ်ခု စိမ့်ဝင်လာခဲ့၏။
သူမသည် ဘာပဲဖြစ်ဖြစ် အရိုးခြောက် ဘဝမှ နတ်ဆိုးတစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ပြီး၊ မရေမတွက်နိုင်သော အလောင်းကောင်များကို နင်းခြေကာ လက်ရှိ အနေအထားသို့ ရောက်ရှိလာခဲ့သူ ဖြစ်၏။
သူမ၏ လက်များမှာ မရေမတွက်နိုင်သော သွေးကြွေးများဖြင့် စွန်းထင်းနေခဲ့ပြီဟု ဆိုနိုင်သည်။
သို့သော်လည်း သူမ၏ ရှေ့တွင်ရှိသော ဤလူငယ်မှာ သူမထက်ပင် ပိုမို များပြားသော သက်ရှိများကို သုတ်သင်ခဲ့ဖူးသူ တစ်ဦး ဖြစ်မည်ဟု သူမ ခံစားနေရခြင်းပင်။
အမှန်တကယ်တွင်မူ ၎င်းမှာ ယဲ့ဖုန်း ပိုင်ဆိုင်ထားသော သတ်ဖြတ်ခြင်း အရှိန်အဝါ ကြောင့်ပင်။
အမှန်တကယ် သတ်ဖြတ်ခဲ့သော အရေအတွက်နှင့် နှိုင်းယှဉ်မည်ဆိုပါက ယဲ့ဖုန်း သည် အရိုးစုမိစ္ဆာ ဧကရီ ကို မည်သို့မျှ မယှဉ်နိုင်ပါချေ။
“ငါ မင်းကို အညံ့ခံဖို့ အခွင့်အရေး တစ်ခု ပေးမယ်”
ယဲ့ဖုန်းက ဖြည်းညှင်းစွာ ရှေ့သို့ လှမ်းတက်ရင်း ပြောလိုက်သည်။
အရိုးစုမိစ္ဆာ ဧကရီ မှာ သူ့အပေါ် သတ်ဖြတ်လိုစိတ် မရှိသေးသဖြင့်၊ အကယ်၍သာ သူမကို ယဉ်ပါးအောင် လုပ်ပြီး ဂိုဏ်းစောင့် ဝိညာဉ်သားရဲ အဖြစ် ထားရှိနိုင်မည်ဆိုပါက ၎င်းမှာ မမျှော်လင့်ဘဲ ရရှိလာသော ကံကောင်းမှုတစ်ခု ဖြစ်ပေလိမ့်မည်။
“အညံ့ခံရမယ် ဟုတ်လား... နင့်ရဲ့ ဝိညာဉ်သားရဲ ဖြစ်ရမယ်ပေါ့လေ...”
အရိုးစုမိစ္ဆာ ဧကရီ ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီးနောက်၊ သူမ၏ အကြည့်များတွင် ဒေါသတရားများမှာ မီးတောက်များပမာ လောင်မြိုက်လာတော့သည်။
“ငါ အရိုးစုမိစ္ဆာ ဧကရီ က... ဘယ်သူ့အောက်မှာမှ အညံ့မခံဖို့အတွက် အသည်းအသန် ကျင့်ကြံလာခဲ့တာ... အခု နင်က ငါ့ကို ယဉ်ပါးအောင် လုပ်ချင်တယ် ဟုတ်လား... အိပ်မက်ယောင်နေလိုက်စမ်း..”
ထက်ရှလှသော သတ်ဖြတ်ခြင်း ဆန္ဒများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။
အရိုးစုမိစ္ဆာ ဧကရီ သည် လက်နှစ်ဖက်ဖြင့် ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ၊ အထက်မှနေ၍ အရှိန်ဖြင့် ခုတ်ချလိုက်သည်။
“နီရဲသော ကောင်းကင် ရေခဲဓားချက်..”
ထိုအခိုက်အတန့်တွင် အဖြူရောင် အရိုးဓားရှည်ကြီးမှာ သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် ဝါးမြိုလိုက်ပြီးနောက်၊ လေးလံလှသော ကြောက်မက်ဖွယ်ရာ ဝဲဂယက်တစ်ခု အဖြစ် ပြောင်းလဲကာ အောက်သို့ တရှိန်ထိုး ကျဆင်းလာခဲ့တော့သည်။
‘နှမြောစရာပဲ...’
အရိုးစုမိစ္ဆာ ဧကရီ ၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သည့် ခဏ၌၊ ယဲ့ဖုန်းသည် သူမအား ယဉ်ပါးအောင် လုပ်၍ မရတော့မှန်း သိရှိလိုက်သည်။
သူသည် လေဝိညာဉ် ပုလဲလုံး ကို တိတ်ဆိတ်စွာ ထုတ်ယူလိုက်၏။
အဆင့်နိမ့် ဝိညာဉ်ရတနာ အဖြစ် ပြောင်းလဲသွားပြီးကတည်းက၊ ၎င်း၏ စွမ်းအားမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ခြင်း ဖြစ်၏။
သိသာသည်မှာ လေဝိညာဉ် ပုလဲလုံး ကိုယ်တိုင်မှာ တိုက်ခိုက်ရေးတွင် ကျွမ်းကျင်လှသည် မဟုတ်ပေ။
သို့သော်လည်း လေဝိညာဉ် ပုလဲလုံး ထံမှ ထွက်ပေါ်လာသော လေဓာတ် ဝိညာဉ်စွမ်းအင် မှာမူ တဖြည်းဖြည်းနှင့် ပိုမို အစွမ်းထက်လာခဲ့သည်။
၎င်းမှ ထွက်ပေါ်လာသော ဓားအလင်းတန်းမှာ မူလနတ်ဘုရား အဆင့် ရှိသူများကိုပင် ပိုင်းဖြတ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်မှာ ယဲ့ဖုန်း၏ လက်ဖဝါးပေါ်မှ ဝဲပျံထွက်လာပြီးနောက်၊ ခဏအတွင်းမှာပင် ထက်ရှသော တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သည့် ဓားအလင်းတန်းတစ်ခု အဖြစ် စုစည်းသွားတော့၏။ အဖြူရောင် အရိုးဓားရှည်ကြီး၏ ဝဲဂယက်ကို ဖြတ်ကျော်လျက် ပစ်မှတ်ဆီသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားလေတော့သည်။
“အုန်း.....”
အဖြူရောင် အရိုးဓားရှည်ကြီးမှာ အပိုင်းပိုင်း ပြတ်တောက်သွားခဲ့၏။
“ဟင်.....”
အရိုးစုမိစ္ဆာ ဧကရီ မှာ ထိတ်လန့်သွားရသည်။
၎င်းမှာ သူမ၏ ဒေါသတရားများဖြင့် အစွမ်းကုန် တိုက်ခိုက်လိုက်သော တိုက်ကွက်တစ်ခု မဟုတ်ပါလော။ တာ့လျန် ဧကရီ ပင်လျှင် သူမ၏ အထွတ်အထိပ် အခြေအနေတွင်ပင် ခက်ခက်ခဲခဲ ခုခံရမည့် အရာမျိုးပင်။
သို့သော်လည်း သူမရှေ့မှ လူသားမှာမူ လက်ကို ဆန့်ထုတ်ကာ လက်ညှိုးဖြင့် ညွှန်လိုက်ရုံမျှဖြင့်၊ သူမ၏ တိုက်ကွက်ကို မှုန့်မှုန့်ညက်ညက် ကြေသွားစေသော ချီအလင်းတန်း တစ်ခုကို ထုတ်ဖော်နိုင်ခဲ့သည် မဟုတ်ပါလား။
ကြောက်ရွံ့မှု၊ အားကိုးရာမဲ့မှု နှင့် ထိတ်လန့်တုန်လှုပ်မှု အစရှိသော ခံစားချက်များမှာ သူမ၏ စိတ်အတွင်းဝယ် ပေါက်ကွဲထွက်လာတော့သည်။
အရိုးစုမိစ္ဆာ ဧကရီ သည် သူမ၏ ရှေ့မှ လူသားအား မယှဉ်နိုင်မှန်း သဘောပေါက်သွားသဖြင့်၊ အဝေးသို့ သုတ်ခြေတင်ကာ ထွက်ပြေးလေတော့၏။
တာ့လျန် ဧကရီ၊ ပထမမင်းသမီး၊ ဒုတိယမင်းသမီး၊ နှင်းယုန် မျိုးနွယ်စု ဝင်များနှင့် တာ့လျန် နန်းမြို့တော် မှ အစွမ်းထက် ကျင့်ကြံသူ အများအပြားမှာမူ အံ့သြမှင်သက်နေကြကုန်၏။
စောစောကမှ တစ်ဖက်သတ် အနိုင်ကျင့်နေခဲ့သော အရိုးစုမိစ္ဆာ ဧကရီ မှာ ယခုအခါတွင်တော့ ကြောက်လန့်တုန်လှုပ်လျက် အရှက်တကွဲ ထွက်ပြေးနေရပြီ မဟုတ်ပါလား။
ဤမြင်ကွင်းကို မျက်စိဖြင့် တပ်အပ် မမြင်တွေ့ခဲ့ရလျှင် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ပေ။
“မင်း လွတ်မယ် ထင်နေတာလား... အချိန်နှောင်းသွားပြီ..”
ယဲ့ဖုန်းက လေထဲသို့ ခုန်ပျံတက်လိုက်သည်။
လေဓာတ် ဝိညာဉ်စွမ်းအင် မှာ အရိုးစုမိစ္ဆာ ဧကရီ ကို ပိုင်းဖြတ်နိုင်စွမ်း ရှိသော်လည်း၊ သူမအား လုံးဝ ဥဿုံ ချေမှုန်းပစ်ရန်အတွက်မူ မလုံလောက်သေးပေ။
ထို့ကြောင့် ယဲ့ဖုန်းသည် “ကောင်းကင်ဘုံသို့ ခုနစ်လှမ်း” ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
“တစ်လှမ်း - ချီကျင့်ကြံ၊ စကြဝဠာ နိုးထ။”
ယဲ့ဖုန်း ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်သည့် ခဏ၌ ကောင်းကင်နှင့် မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး၊ လောကအတွင်းရှိ အဆုံးမဲ့သော ဘုန်းတန်ခိုးများကို သူ့ထံသို့ စုစည်းပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် အရိုးစုမိစ္ဆာ ဧကရီ မှာမူ သူမ ကိုယ်တိုင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရပြီး၊ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ဘဲ တိုက်ရိုက် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သဘောပေါက်လိုက်၏။
သူမသည် နောက်သို့ လှည့်ကြည့်လိုက်ရာ မျက်ဝန်းများတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။
“နင်.. ငါ့ကို သတ်နိုင်မယ်လို့ အိပ်မက် မက်မနေနဲ့..”
“ငါ အရိုးစုမိစ္ဆာ ဧကရီ က... အပိုင်းပိုင်း အပြတ်ခံရရင် ခံရမယ်... နင့်လက်ထဲမှာတော့...”
“ရွှပ်.....”
လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်မှာ ထက်ရှသော အရှိန်အဝါ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ မေးစေ့ကို ပိုင်းဖြတ်လိုက်သဖြင့် သူမ၏ စကားသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။
ထို့နောက်တွင်တော့ ယဲ့ဖုန်းသည် တစ်ဆက်တည်း ခုနစ်လှမ်း လှမ်းလိုက်သည်။
သူ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။
ထိုအခိုက်အတန့်၌ တာ့လျန် နန်းမြို့တော် ၏ မိုင်တစ်ထောင် ပတ်လည်အတွင်းရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များမှာ ရူးသွပ်စွာ တုန်ခါနေသဖြင့်၊ တာ့လျန် ဧကရီ ပင်လျှင် ဦးရေပြားများ ထုံသွားရသည်။
“ခုနစ်လှမ်း - ကောင်းကင် အရှင်မြတ်၊ စကြဝဠာမှာ ပြိုင်ဘက်ကင်း..”
စကားလုံးများကို ပြောဆိုလိုက်သည့် ခဏ၌ ကောင်းကင်နှင့် မြေကြီးမှာ တုန်ခါသွားခဲ့ပြီး၊ ယဲ့ဖုန်းသည် ခြေထောက်ကို မြှောက်ကာ သူ၏ အရှိန်အဝါ အားလုံးကို ခြေဖဝါးတွင် စုစည်းလျက် အစွမ်းကုန် နင်းချလိုက်လေတော့သည်။
အရိုးစုမိစ္ဆာ ဧကရီ ၏ ခန္ဓာကိုယ်မှာ ဖြူဖွေးသော မြူခိုးများအဖြစ် ပြိုကွဲပျက်စီးသွားခဲ့၏။
ပြင်းထန်လှသော စွမ်းအင်များမှာ ပေါက်ကွဲထွက်လာပြီး
လှိုင်းလုံးကြီးများပမာ ရိုက်ခတ်ကာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေတော့သည်။ ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် (၃) မျှင်ကို အသုံးပြု၍ ထိုစွမ်းအင်များကို နောက်ဆုံး၌ စုစည်းလိုက်ပြီး၊ လက်သီးဆုပ်အရွယ်အစားရှိသော ငွေဖြူရောင် နတ်ဆိုးအမြုတေ တစ်ခုအဖြစ် ပြောင်းလဲလိုက်၏။
ဤသည်ကား အရိုးစုမိစ္ဆာ ဧကရီ ၏ အနှစ်သာရပင် ဖြစ်ချေ၏။
၎င်း၏ တန်ဖိုးမှာ အဆင့်နိမ့် နတ်ဆိုးဧကရာဇ် တစ်ဦး၏ အမြုတေထက် မလျော့ပါချေ။
“ဝေါ.....”
ဤခြေလှမ်း၏ စွမ်းပကားမှာ ဆက်လက် ပျံ့နှံ့သွားခဲ့ပြီး၊ ကုန်းပြင်မြင့်အနီးရှိ မြစ်အတွင်းသို့ ကျရောက်သွားရာ၊ တစ်ကီလိုမီတာခန့် ရှည်လျားပြီး မီတာ တစ်ရာခန့် နက်ရှိုင်းသော ခြေရာကြီး တစ်ခု ထင်ကျန်ရစ်ခဲ့သည်။
အဝေးမှ ကြည့်လျှင်မူ ဧရာမ ဘီလူးကြီး တစ်ကောင်က မြစ်အတွင်းသို့ နင်းချလိုက်သဖြင့် ထူးခြားသော အမှတ်အသားတစ်ခု ဖြစ်ပေါ်သွားသည်နှင့်ပင် တူနေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ မြစ်ရေများမှာ ထိုခြေရာအတွင်းသို့ စီးဝင်သွားကြပြီး၊ ၎င်းမှာ ထူးခြားလှသော အိုင်ကြီး အဖြစ် ပြောင်းလဲသွားလေတော့၏။
ကြည့်ရှုနေကြသော လူအုပ်ကြီးမှာမူ ဆွံ့အလျက် မှင်သက်နေကြရရှာသည်။
တာ့လျန် ဧကရီ ပင်လျှင် မယှဉ်နိုင်သော အရိုးစုမိစ္ဆာ ဧကရီ မှာမူ၊ ယဲ့ဖုန်း ၏ ခြေတစ်ချက် နင်းရုံမျှဖြင့် အစပျောက်သွားခဲ့ရ၏။
ဤမြင်ကွင်းကို ကိုယ်တိုင် မမြင်တွေ့ခဲ့ရလျှင် ဘယ်သူကများ ယုံကြည်နိုင်ပါမည်နည်း။
ဤလူငယ်လေးမှာမူ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းလှပေသည်။
***