~ယဲ့ဖုန်းသည် အနီးကပ် အကဲခတ်ကြည့်ရာမှ
တစ်ဆင့် သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိသွား၏။
‘ဒီနတ်ဆိုးသားရဲတွေရဲ့ အရိုးစုတွေက တစ်နေရာမဟုတ် တစ်နေရာမှာ အစိတ်အပိုင်းတွေ လိုနေတာပဲ။ အကယ်၍ ဒါတွေကိုသာ အကုန်ပြန်ဆက်ကြည့်မယ်ဆိုရင် ဆယ်မီတာလောက်မြင့်တဲ့ လူရိုးစုတစ်ခု ဖြစ်လာနိုင်တယ်။ ဒါက အရိုးစုမိစ္ဆာ ဧကရီ ရဲ့ မူလကိုယ်ထည်ပဲ မဟုတ်လား။’
ယဲ့ဖုန်းသည် ရုတ်တရက် သဘောပေါက်သွားလေတော့သည်။
အမှန်စင်စစ် အရိုးစုမိစ္ဆာ ဧကရီ ဆိုသည်မှာ နတ်ဆိုးဧကရာဇ်များနှင့် နတ်ဆိုးဘုရင် အဆင့်ရှိ ပညာရှင်များစွာ၏ အရိုးအနှစ်သာရများကို ပေါင်းစပ်ဖန်တီးထားသည့် ထူးဆန်းသော သတ္တဝါတစ်ကောင်သာ ဖြစ်ချေ၏။
သို့သော်လည်း ယဲ့ဖုန်းသည် အရိုးစုမိစ္ဆာ ဧကရီ၏ ဇာစ်မြစ်ကို စိတ်မဝင်စားပေ။
သူ ပို၍ အလေးထားသည်မှာ သူမ၏ ပင်မဂူ မည်သည့်နေရာတွင် ရှိသနည်း ဆိုသည်ပင် ဖြစ်သည်။
ဂူကို မရှာတွေ့လျှင် ရတနာများကို မည်သို့ ရရှိနိုင်ပါမည်နည်း။
‘ဟင်... ဒီမှာပဲ...’
မကြာမီမှာပင် ယဲ့ဖုန်းသည် ဥက္ကာခဲ ကျရောက်ရာ ချိုင့်ဝှမ်းကြီး၏ အလယ်ဗဟိုတွင် မာကျောသော ပုံဆောင်ခဲတစ်ခုကို တွေ့ရှိလိုက်ရ၏။
၎င်းမှာ ဥက္ကာခဲကျရောက်စဉ်က ဖြစ်ပေါ်ခဲ့သော အလွန်မြင့်မားသည့် အပူချိန်ကြောင့် အရည်ပျော်ပြီး ပြန်လည်ခဲသွားသည့် အရာဖြစ်ပုံရကာ၊ လက်နက်သွန်းလုပ်ရန်အတွက် အလွန်အဖိုးတန်သော ကုန်ကြမ်းတစ်ခုလည်း ဖြစ်၏။
ထိုပုံဆောင်ခဲကို ကောက်ယူလိုက်သည့်အခါ၊ သူ့လက်ထဲရှိ ငွေဖြူရောင် နတ်ဆိုးအမြုတေမှာ တစ်စုံတစ်ခု၏ ဆွဲဆောင်မှုကို ခံရသလို တုန်ခါလာသည်ကို ယဲ့ဖုန်း တွေ့လိုက်ရသည်။
ဝှစ်...
ငွေဖြူရောင် နတ်ဆိုးအမြုတေမှာ မြေအောက်သို့ တရှိန်ထိုး ငုပ်လျှိုးဝင်ရောက်သွားတော့၏။
ယဲ့ဖုန်းသည် မထိတ်လန့်သွားပေ။
တည်ငြိမ်စွာဖြင့် လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်ကို အသုံးပြု၍ မိမိကိုယ်ကို လွှမ်းခြုံလိုက်ပြီးနောက်၊ နတ်ဆိုးအမြုတေ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလျက် မြေအောက်သို့ ဆင်းသက်သွားသည်။
မြေအောက် မိုင်ပေါင်း ဒါဇင်ချီသော နေရာတွင်မူ၊
ထိုနေရာ၌ ဧရာမ ဟောင်းလောင်းဖြစ်နေသော ဟင်းလင်းပြင်ကြီးတစ်ခု ရှိနေ၏။
လက်သီးဆုပ်အရွယ် ဥက္ကာခဲလေးများစွာမှာ ကောင်းကင်ယံထက်တွင် တဖျပ်ဖျပ် လက်နေကြပြီး ကြယ်တာရာပင်လယ်ကြီးလို ဖြစ်ပေါ်နေကြ၏။ ၎င်းတို့သည် လေထဲတွင် လွင့်မျောနေသော သုံးထပ်အရိုးနန်းတော်ကြီးတစ်ခုကို ဗဟိုပြု၍ လှည့်ပတ်နေကြခြင်းပင်။
“မင်း ဘယ်သူလဲ...”
“အရိုးစုမိစ္ဆာ ဧကရီ ရော ဘယ်မှာလဲ...”
နန်းတော်အတွင်းမှနေ၍ အံ့သြတကြီး မေးမြန်းသံတစ်ခု ထွက်ပေါ်လာသည်။
“အရိုးစုမိစ္ဆာ ဧကရီ လား... ငါ့ခြေထောက်အောက်မှာ ပြားသွားပြီလေ...” ယဲ့ဖုန်းက အေးဆေးစွာပင် ပြန်ပြောလိုက်၏။
“မင်းက ဒီနန်းတော်ကနေ မွေးဖွားလာတဲ့ ဝိညာဉ်လား... ရှာတွေ့ပြီ...”
ယဲ့ဖုန်းသည် ဝုန်းခနဲ ခုန်တက်လိုက်ပြီး လေထဲတွင် လွင့်မျောနေသော ငွေဖြူရောင် နတ်ဆိုးအမြုတေကို ဖမ်းယူကာ စနစ်ဟင်းလင်းပြင် အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ထို့နောက် သူသည် အကာအကွယ် အမြှေးပါးကို အတင်းအဓမ္မ ရိုက်ခွဲလိုက်ပြီး နန်းတော်၏ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လိုက်၏။ ပလ္လင်၏ ဘေးတွင်မူ မရေမတွက်နိုင်သော အရိုးစလေးများဖြင့် ဖွဲ့စည်းထားသည့် ထူးဆန်းသော အပင်တစ်ပင် ပေါက်ရောက်နေသည်ကို တွေ့ရှိလိုက်ရသည်။
၎င်းသည် နန်းတော်၏ အောက်ခြေတွင် အမြစ်တွယ်နေပြီး ပတ်ပတ်လည်တွင်မူ အဖိုးတန် ရတနာပုံကြီးများ ရှိနေ၏။
ထိုအပင်ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အရိုးစုမိစ္ဆာ ဧကရီနှင့် ဆင်တူသော်လည်း ပို၍ ရှေးကျလှ၏။
သို့သော်လည်း စွမ်းအားမှာမူ မမြင့်မားလှဘဲ ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နေရသလိုသာ ခံစားရသည်။
“မင်း... မင်းက သူ့ကို တကယ်ပဲ သတ်လိုက်တာလား...”
ထိုထူးဆန်းသော အရိုးပင်ကြီးမှာ တုန်ခါသွားရ၏။
၎င်းမှာ သူကိုယ်တိုင် ဖန်တီးပြီး မွေးမြူခဲ့သော အားကိုးရဆုံးသော လက်ရုံးဖြစ်ပြီး၊ ကျင့်ကြံခြင်း အဆင့်မှာလည်း အဆင့်နိမ့် နတ်ဆိုးဧကရာဇ် အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့် အလွန်ပင် စွမ်းအားကြီးမားသူ ဖြစ်သည် မဟုတ်ပါလား။
သို့ပါသော်လည်း ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်မှာ သူ့ရှေ့ရှိ လူငယ်လေး၏ ခြေထောက်အောက်တွင် မှုန့်မှုန့်ညက်ညက် ကြေသွားခဲ့ရသည်ဆိုသည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာ ဖြစ်နေရရှာသည်။
“ကျွန်တော့်ကို မသတ်ပါနဲ့...”
ယဲ့ဖုန်း၏ လက်ဝါးချက်အောက်တွင် အသက်ပျောက်သွားမှာကို ကြောက်လန့်သဖြင့် ထိုအရိုးပင်ကြီးမှာ အသဲအသန် အသက်တောင်းတော့သည်။ “ကျွန်တော့်အသက်ကို ချမ်းသာပေးမယ်ဆိုရင်... ဂိုဏ်းချုပ် သိချင်တဲ့ သတင်းမှန်သမျှကို အကုန်ပြောပြပါ့မယ်...”
“ဟင်...”
ယဲ့ဖုန်း ခေတ္တမျှ တုံ့ဆိုင်းသွားသည်။
သူက ခြိမ်းတောင် မခြိမ်းခြောက်ရသေးပါဘဲနှင့် တစ်ဖက်လူက အညံ့ခံနေပြီ မဟုတ်ပါလား။
တကယ့်ကို အသက်ရှင်ချင်စိတ် ပြင်းပြနေတဲ့ ကောင်ပဲ။
ယဲ့ဖုန်း.. ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်၏။
“ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှာကို ကာကွယ်တဲ့ အနေနဲ့... မင်းကို အရင်ဆုံး ဖိချေပစ်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...”
ဤထူးဆန်းသော အပင်မှာ အရိုးစုမိစ္ဆာ ဧကရီနှင့် တစ်သျှူးတည်း ဖြစ်နေသဖြင့် သေချာပေါက် ကောင်းမွန်သော အရာတစ်ခု မဟုတ်ပေ။ ၎င်းအား သတ်ပစ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ယဲ့ဖုန်း လက်ကို မြှောက်လိုက်သည့်အခါ၊ သူရဲကောင်း ဝိညာဉ်စွမ်းအား များ ပေါက်ကွဲထွက်ပေါ်လာပြီး၊ ရွှေရောင် လက်ဝါးပုံရိပ်ကြီးတစ်ခု အဖြစ် ပြောင်းလဲကာ ရိုက်ချလိုက်သည်။ ၎င်း၏ ဘုန်းတန်ခိုးမှာ မြင့်မားလှသော တောင်ကြီးတစ်လုံးပမာ လေးလံလှ၏။
အက်ကွဲသံများနှင့်အတူ၊ ထိုအရိုးပင်ကြီးမှာ အစိပ်စိပ်အမွှာမွှာ ကြေမွသွားခဲ့၏။
သို့သော်လည်း လေထဲတွင် ခြောက်ခြားဖွယ်ရာ လူသားမျက်နှာကြီး တစ်ခု ပေါ်ထွက်လာပြီး ဟိန်းဟောက်လိုက်သည်။
“ငါ အကြာကြီး စုစည်းခဲ့ရတဲ့ ခန္ဓာကိုယ်ကို မင်းက ဖျက်ဆီးပစ်ရဲတယ်ပေါ့... သေစမ်း.. ဒါဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ကိုပဲ ငါ သိမ်းပိုက်တော့မယ်.....”
ထို ထိတ်လန့်ဖွယ် လူသားမျက်နှာကြီးမှာ မီးတောက်များဖြင့် လောင်မြိုက်လျက် ယဲ့ဖုန်းဆီသို့ တရှိန်ထိုး ပြေးဝင်လာလေတော့သည်။
ယဲ့ဖုန်းက လက်ညှိုးဖြင့် ခပ်ဖွဖွ တောက်လိုက်၏။
လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်မှာ ဝဲပျံထွက်သွားပြီး မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ၊ ထိုထူးဆန်းသော လူသားမျက်နှာကြီးအား ပြာဖြစ်သွားသည်အထိ လောင်ကျွမ်းပစ်လိုက်သည်။
“အား.....”
နန်းတော်အတွင်း၌ စူးရှလှသော အော်ဟစ်သံကြီး တစ်ချက် ပဲ့တင်ထပ်သွားခဲ့၏။
ထို့နောက်တွင်တော့ ယဲ့ဖုန်းသည် ထိုလူသားမျက်နှာကြီး ပျောက်ကွယ်သွားချိန်တွင် ကျန်ရစ်ခဲ့သော ပုံရိပ်များစွာကို မြင်တွေ့လိုက်ရ၏။
၎င်းမှာ ထိုလူသားမျက်နှာကြီး၏ ဘဝနောက်ဆုံးပိုင်း အတွေ့အကြုံများပင် ဖြစ်ချေသည်။
၎င်းသည် ကောင်းကင်ပြင်ပမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပြီး၊ မူလက မူလနတ်ဘုရား အဆင့် ရှိသော နတ်ဆိုးဧကရာဇ် တစ်ပါး ဖြစ်၏။ သို့သော်လည်း အစွမ်းထက်သော ရန်သူတစ်ဦး၏ ဒဏ်ရာပေးခြင်းကို ခံခဲ့ရသဖြင့် ဥက္ကာခဲတစ်ခုကို စီးနင်းကာ ရှန်ကျိုး တိုက်ကြီး ဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
ထိုနေ့က ဤနယ်မြေအတွင်း၌ နတ်ဆိုးဧကရာဇ် နှစ်ပါး၊ ဧကရာဇ်တစ်ပိုင်း အဆင့်ရှိသူ အချို့နှင့် နတ်ဆိုးဘုရင် ဒါဇင်ပေါင်းများစွာတို့သည် ရတနာ တစ်ခုအတွက် အသည်းအသန် တိုက်ခိုက်နေကြစဉ် ဖြစ်၏။
ကြောက်မက်ဖွယ် စွမ်းအားများ လွှမ်းခြုံထားသော ဥက္ကာခဲကြီးမှာ တရှိန်ထိုး ကျဆင်းလာခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များကို လောင်ကျွမ်းစေခဲ့ရာ၊ ချိုင့်ဝှမ်းကြီး၏ အပေါ်ယံတွင် အရိုးစုပုံကြီးသာ ကျန်ရစ်ခဲ့လေတော့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော မျက်နှာကြီးမှာ ထိုအရိုးစုပုံကြီးကို တွေ့ရှိသွားခဲ့ခြင်းပင်။ ပြီးနောက်၊ သူ၏ မျိုးနွယ်စုဝင်များသာ တတ်မြောက်သည့် “ဖန်ဆင်းရှင် နတ်ဘုရား စွမ်းရည်” ကို အသုံးပြုကာ ထိုအရိုးများ၏ အနှစ်သာရကို ထုတ်ယူ၍ အရိုးစုမိစ္ဆာ ဧကရီကို ဖန်တီးခဲ့ပြီး သူမအား တဖြည်းဖြည်းနှင့် ကြီးထွားလာစေရန် ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်၏။
နှစ်ပေါင်းများစွာအတွင်း အရိုးစုမိစ္ဆာ ဧကရီသည် ထိုမျက်နှာကြီး၏ အမိန့်များကို နာခံလျက် ပုန်းအောင်းနေခဲ့သည်။ မိမိကိုယ်ကို လေ့ကျင့်ရန်အတွက် တစ်ခါတစ်ရံမှသာ အစွမ်းထက်သော ပညာရှင်များကို သတ်ဖြတ်လေ့ ရှိခဲ့ခြင်းပင်။
မကြာသေးမီကမှ ထိုမျက်နှာကြီးသည် ရှေးဟောင်း နတ်ဆိုး စစ်မြေပြင် ရှိ ဝိညာဉ်ဝါးမြို မျိုးနွယ်စု က တည်ဆောက်ထားသော နေရာရွှေ့ပြောင်းခြင်း အမှတ်အသား ပျက်စီးသွားသည်ကို အာရုံခံမိလိုက်သည်။
ထိုအခါမှသာ မိမိအတွက် အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း ထိုမျက်နှာကြီး သိရှိသွားခဲ့၏။
သူသည် အရိုးစုမိစ္ဆာ ဧကရီအား တာ့လျန် ဧကရီကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခိုင်းလိုက်သည်။ သူမ၏ နေရာကို သိမ်းပိုက်ရန်နှင့် တာ့လျန် နန်းတော် နှင့် တာ့လျန် နတ်ဆိုးနိုင်ငံ တစ်ခုလုံးကို ထိန်းချုပ်ရန် ကြံစည်ခဲ့ခြင်းပင်။
အောင်မြင်သွားသည်နှင့် သူသည်လည်း အသစ်တစ်ဖန် ပြန်လည် မွေးဖွားနိုင်မည် မဟုတ်ပါလား။
‘သြော်... ဒါဆိုရင် ငါက ဝိညာဉ်ဝါးမြို မျိုးနွယ်စု ရဲ့ နေရာရွှေ့ပြောင်းခြင်း အမှတ်အသားနဲ့ လက်ရှစ်ဖက် မိစ္ဆာနတ်ဘုရား ရုပ်တုကို ဖျက်ဆီးလိုက်လို့ ဒီကိစ္စတွေ ဖြစ်လာတာပေါ့လေ...’
‘ဒါကို ကြည့်ရင်လည်း ဒီမျက်နှာကြီးက ဝိညာဉ်ဝါးမြို မျိုးနွယ်စု ကို ကြောက်နေတာ သိသာတယ်... တစ်ဖက်လူ ရှိနေသရွေ့ သူ မလှုပ်ရဲခဲ့ဘူးလေ...’
‘ကြည့်ရတာ ဟိုအပြင်ကမ္ဘာမှာလည်း ဝိညာဉ်ဝါးမြို မျိုးနွယ်စု က တကယ့်ကို အထင်သေးလို့ မရတဲ့ အင်အားစုကြီး တစ်ခု ဖြစ်ပုံ ရတယ်...’
ယဲ့ဖုန်းသည် လက်ကို ဝှေ့ယမ်းကာ ထိုမျက်နှာကြီး၏ မှတ်ဉာဏ်ပုံရိပ်များကို ဖျောက်လိုက်သည်။
ထို့နောက်တွင်တော့ လေထဲတွင် ပုံဆောင်ခဲတစ်ခု လွင့်မျောနေသည်ကို တွေ့လိုက်ရ၏။
သူက လက်လှမ်းပြီး ထိတွေ့လိုက်သည့်အခါ၊ သတင်းအချက်အလက် စီးကြောင်း တစ်ခုမှာ သူ၏ စိတ်ထဲတွင် စာလုံးရေ သုံးထောင်ခန့် ရှိသော သိုင်းကျမ်း တစ်ခုအဖြစ် စုစည်းသွားလေတော့သည်။
ရေးသားထားသည်မှာ…
“ဖန်ဆင်းရှင် နတ်ဘုရား စွမ်းရည်... အရာရာကို အခြေခံအဖြစ် အသုံးပြုကာ လုံးဝ အသစ်စက်စက် ဖြစ်သော သတ္တဝါများကို ဖန်တီးနိုင်သည်။ ဖန်တီးသူသည် အကြွင်းမဲ့ ထိန်းချုပ်ပိုင်ခွင့် ရှိပြီး၊ ကျင့်ကြံခြင်း အဆင့် မြင့်မားပါက လူတစ်ယောက်တည်းဖြင့်ပင် အစွမ်းထက်သော စစ်တပ်ကြီးတစ်ခုကို စီမံခန့်ခွဲနိုင်သည်...”
ယဲ့ဖုန်းက ဤနတ်ဘုရား စွမ်းရည်၏ မိတ်ဆက်ကို အကြမ်းဖျင်း ဖတ်ကြည့်လိုက်သည်။
နှမြောစရာ ကောင်းသည်မှာ ၎င်းမှာ နဝမအဆင့် မန္တန်များကို ကျော်လွန်သော နတ်ဘုရား စွမ်းရည် တစ်ခု ဖြစ်နေသဖြင့်၊ လောလောဆယ်တွင် မြူခိုးဂိုဏ်းမှ မည်သူမျှ ကျင့်ကြံနိုင်ဦးမည် မဟုတ်ပေ။
ယဲ့ဖုန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး နန်းတော်အတွင်းရှိ ရတနာပုံများကြားတွင် ရှာဖွေလေတော့သည်။
“ဝိညာဉ်စွမ်းအား ပုံဆောင်ခဲတွေ... လွင့်ပျံကြယ်တာရာ ပုလဲတွေ...”
ဤရတနာများကို မြင်လိုက်ရသည့်အခါ ယဲ့ဖုန်းမှာ စိတ်လှုပ်ရှားသွားရ၏။
အရိုးစုမိစ္ဆာ ဧကရီ၏ ဂူအချို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွင်တော့၊ သူသည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို သွန်းလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ အားလုံးကို နောက်ဆုံး၌ စုဆောင်းနိုင်ခဲ့လေပြီ။
ထို့အပြင် နန်းတော်အတွင်း၌ နတ်ဆိုးအမြုတေ အမြောက်အမြားကိုလည်း တွေ့ရှိလိုက်ရသေး၏။
မူလနတ်ဘုရား အဆင့် ရှိသော နတ်ဆိုးဧကရာဇ်၏ နတ်ဆိုးအမြုတေ (၂) ခု။
ဝိညာဉ်ပင်လယ်အဆင့် ရှိသော နတ်ဆိုးဘုရင်၏ နတ်ဆိုးအမြုတေ (၂၅) ခု။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး (၅) တုံး။
၎င်းတို့အပြင် အမျိုးမျိုးသော ကောင်းကင်နှင့် မြေကြီး ရတနာများစွာလည်း ပါရှိနေသေးသည်။
နတ်ဆိုးဧကရာဇ် တစ်ပါး၏ ကြွယ်ဝမှုမှာ အမှန်တကယ်ပင် မမျှော်လင့်ထားသော ဝမ်းသာစရာတစ်ခုပင် ဖြစ်ပါ၏။
“ဒီတစ်ခေါက် ခရီးစဉ်ကတော့ အကျိုးအမြတ် တကယ့်ကို ကြီးတာပဲ.....”
ယဲ့ဖုန်းသည် ရတနာများ အားလုံးကို စနစ်ဟင်းလင်းပြင် အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက်၊ နန်းတော်အတွင်း ဆက်လက် လှည့်လည်ကြည့်ရှုသော်လည်း၊ ထိုမျက်နှာကြီး၏ မှတ်ဉာဏ်ထဲ၌ နတ်ဆိုးဧကရာဇ်များ လုယူခဲ့ကြသော ရတနာကိုမူ ရှာမတွေ့ခဲ့ပေ။
“မဟုတ်ဘူး... ဒီနန်းတော်ကြီးကိုယ်တိုင်က ရတနာ ဖြစ်နေတာဟ.....”
ယဲ့ဖုန်းသည် လေထဲတွင် ပျံဝဲနေရင်း လွင့်မျောနေသော နန်းတော်ကြီးနှင့် ၎င်းကို လှည့်ပတ်နေသော ကြယ်ပွင့်ကလေးများကို ကြည့်ကာ ရုတ်တရက် သဘောပေါက်သွားသည်။
ထိုအချိန်မှာပင် စနစ်က ရှင်းပြလာ၏။
“ဒါက ‘ကြယ်တာရာ နန်းတော်’ လို့ အမည်ရတဲ့ အဆင့်နိမ့် ဝိညာဉ်ရတနာ ပဲ ဖြစ်ပါတယ်... အကယ်၍ ဂိုဏ်းချုပ် အနေနဲ့ ကြယ်တာရာ နန်းတော် ကို သန့်စင်နိုင်မယ်ဆိုရင်... မူလနတ်ဘုရား အဆင့် ပညာရှင်တွေကိုတောင် ပိတ်လှောင်ထားနိုင်တဲ့ ကြယ်တာရာ ဝင်္ကပါ တစ်ခုကို တည်ဆောက်နိုင်မှာပါ...”
ယဲ့ဖုန်း၏ မျက်လုံးများမှာ အရောင်တောက်သွားပြီး မေးလိုက်သည်။ “စနစ်... ဒါကို သန့်စင်ဖို့ နည်းလမ်း ရှိလားဟင်...”
သူသည် ကြယ်တာရာ နန်းတော် ကို မည်သို့ သန့်စင်ရမည်ကို မသိရှိသေးပေ။
“ဂိုဏ်းချုပ် အနေနဲ့ လေဝိညာဉ် ပုလဲလုံး ကို သုံးပြီး သန့်စင်ဖို့ ကြိုးစားကြည့်နိုင်ပါတယ်...” စနစ်က တိုတိုလေး အကြံပြုလိုက်ပြီးနောက် ပြန်လည် တိတ်ဆိတ်သွားသည်။
ယဲ့ဖုန်းသည် လက်ကို မြှောက်လိုက်ပြီး လေဝိညာဉ် ပုလဲလုံး ကို ထုတ်ယူလိုက်ကာ၊ အဆင့်နိမ့် ဝိညာဉ်ရတနာ ၏ စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်၍ ကြယ်တာရာ နန်းတော် နှင့် ချိတ်ဆက်လိုက်သည်။
“ဝီ…”
နန်းတော်တစ်ခုလုံးမှာ အသက်ဝင်လာသလို အနည်းငယ် တုန်ခါသွားသော်လည်း၊ ၎င်းအား သန့်စင်ရန်အတွက်မူ မလုံလောက်သေးပေ။
ယဲ့ဖုန်းသည် လေဓာတ် ဝိညာဉ်စွမ်းအင် (၃) မျှင်ကို အသုံးပြုလိုက်ပြီးနောက်၊ နောက်ဆုံးတွင်တော့ ကြယ်တာရာ နန်းတော် ၏ ကာကွယ်ရေးကို ဖောက်ထွင်းနိုင်ခဲ့ပြီး ၎င်း၏ အနှစ်သာရ ဗဟိုချက်တွင် မိမိ၏ သွေးအမှတ်အသားကို ထားရှိနိုင်ခဲ့သည်။
“ထစမ်း.....”
ယဲ့ဖုန်းသည် နန်းတော်ကြီး၏ အထက်တွင် ရပ်လျက်၊ ဟင်းလင်းပြင် သံလိုက်အိမ်မြှောင် ကို အသက်သွင်းလိုက်သည်။
မိမိနှင့် ကြယ်တာရာ နန်းတော် တစ်ခုလုံးကို ဥက္ကာခဲ ချိုင့်ဝှမ်းကြီး၏ အထက်သို့ နေရာရွှေ့ပြောင်းလိုက်၏။
သူသည် ကြယ်တာရာ နန်းတော် ၏ ထိပ်တွင် ရပ်လျက်၊ ထို ခန်းမဆောင်ကြီးအား တာ့လျန် နန်းတော် ရှိရာဘက်သို့ ဦးတည် ပျံသန်းစေလိုက်သည်။
နန်းတော်ကြီးအား မိုင်တစ်ရာကျော် ကျယ်ဝန်းသော ကြယ်တာရာ ပတ်လမ်းကြောင်းကြီး တစ်ခုက ကာကွယ်ထားသည်။ အဝေးမှ ကြည့်လျှင်မူ ဂလက်ဆီကြီးတစ်ခု၏ အထက်တွင် နန်းတော်ကြီးတစ်ခု လွင့်မျောနေသလိုပင် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှ၏။
မြေပြင်ပေါ်တွင်မူ၊ နတ်ဆိုးမျိုးနွယ်မှ အစွမ်းထက် ပညာရှင်များနှင့် ကျင့်ကြံသူ အများအပြားမှာ မော့ကြည့်လိုက်ကြသည်။
ကြယ်တာရာ နန်းတော် ပေါ်တွင် ရပ်နေသော ယဲ့ဖုန်းကို မြင်တွေ့လိုက်ရသည့် ခဏ၌၊ ကောင်းကင်ဘုံမှ နတ်မင်း တစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသည်နှင့်ပင် တူနေသဖြင့် အားလုံးက ဒူးထောက်ကာ ဂါရဝပြုလိုက်ကြလေတော့သည်။
“နတ်ဘုရားကြီး ကြွလာပြီဟေ့.....”
လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြလေတော့၏။
***