~ယဲ့ဖုန်းသည် ကြယ်တာရာ နန်းတော်၏ အထက်တွင် ဝတ်ရုံစများ တဖျပ်ဖျပ် လွင့်လျက် ခန့်ညားထည်ဝါစွာ ရပ်နေသည်။
တာ့လျန် နတ်ဆိုးနိုင်ငံသို့ လာခဲ့သော ဤခရီးစဉ်အတွင်း သူသည် တပည့်သစ် ရာပေါင်းများစွာကို ရရှိခဲ့ရုံတင်မကဘဲ အရိုးစုမိစ္ဆာ ဧကရီနှင့် ထူးဆန်းသော လူသားမျက်နှာကြီးကိုပါ သုတ်သင်နိုင်ခဲ့ကာ ရတနာ အမြောက်အမြားကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် အဆင့်နိမ့် ဝိညာဉ်ရတနာ ဖြစ်သော ကြယ်တာရာ နန်းတော်ကိုပါ ပိုင်ဆိုင်ခွင့် ရရှိခဲ့သည် မဟုတ်ပါလား။
နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါအတွက် လိုအပ်သော ကုန်ကြမ်းများမှာလည်း အစုံအလင် ရှိနေပြီ ဖြစ်သည်။
'ငါ့ရဲ့ ကံတရားကတော့ တဖြည်းဖြည်းနဲ့ ပိုပိုပြီး ကောင်းလာတာပဲ...'
ယဲ့ဖုန်းသည် မိမိကိုယ်ကို ကျေနပ်စွာဖြင့် ရေရွတ်လိုက်မိ၏။
"ဂိုဏ်းဂုဏ်သတင်းတန်ဖိုး မြင့်တက်လာတာနဲ့အမျှ မြူခိုးဂိုဏ်း တစ်ခုလုံးရဲ့ ကံကြမ္မာ ကောင်းချီးပေးမှုကလည်း ပိုပြီးတော့ အစွမ်းထက်လာမှာပါ"
စနစ်ကလည်း အသိပေးလာသည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိ၏။
သည်အချက်ကို သူ အမှန်တကယ်ပင် မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
ယခင်က ဂိုဏ်းဂုဏ်သတင်းတန်ဖိုး မမြင့်မားစဉ်က ကံကြမ္မာ ကောင်းချီးပေးမှုမှာ သိသာထင်ရှားခြင်း မရှိသော်လည်း၊ ယခုအခါ ဂုဏ်သတင်းတန်ဖိုးမှာ ဆယ်သန်းကျော်သွားပြီ ဖြစ်ရာ ကံကြမ္မာ အကျိုးပေးမှုမှာ အလွန်ပင် သိသာလှ၏။
'ကြည့်ရတာ ငါ့အနေနဲ့ ဂုဏ်သတင်းတန်ဖိုးတွေကို ဆက်ပြီး တိုးအောင် လုပ်ရဦးမှာပဲ...'
ယဲ့ဖုန်းသည် တီးတိုးဆိုရင်း ကြယ်တာရာ နန်းတော်ကို စီးနင်းကာ လူအုပ်ကြီး၏ အံ့သြကြည်ညိုသော အကြည့်များအောက်တွင် တာ့လျန် နန်းမြို့တော်ဆီသို့ ပျံသန်းသွားလေတော့သည်။
---
မိုင်ပေါင်း သောင်းချီ ဝေးကွာသော နေရာတွင်မူ၊
တောင်ပိုင်းမြစ်ဝှမ်းအိုင်၏ ကမ်းပါးယံတွင် ကုန်းချင်းချိုးသည် သူမရှေ့ရှိ လူငယ် ရာပေါင်းများစွာကို ကြည့်ရင်း မျက်နှာတွင် အပြုံးများ ဝေဆာနေ၏။
ဤကာလအတွင်း သူမသည် ဟူဖေးဖေး၊ နင်ရှန်ရှန်၊ လေရှောင်ဟူ၊ မုစီစီ နှင့် အခြားသူများနှင့်အတူ ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း၏ အစွမ်းကို အသုံးချကာ တောင်ပိုင်းမြစ်ဝှမ်းအိုင် ပတ်လည်ရှိ မြို့ပေါင်း ဒါဇင်ချီမှ အရည်အချင်းရှိသော တပည့်လောင်း ရာပေါင်းများစွာကို စုဆောင်းနိုင်ခဲ့ပါသည်။
ယခု အောက်ဘက်ရှိ မြို့မှာမူ တောင်ပိုင်းမြစ်ဝှမ်းအိုင်၏ နောက်ဆုံး မြို့တစ်မြို့ပင် ဖြစ်ချေတော့သည်။
စုစုပေါင်းဆိုလျှင် သူတို့သည် တပည့်လောင်း (၃၀၀) ခန့်ကို စုစည်းနိုင်ခဲ့ပြီ ဖြစ်၏။
"ကျွန်မတို့ အပြင်ထွက်လာတာလည်း ကြာပြီဆိုတော့... ဂိုဏ်းကို ပြန်ကြရင် ကောင်းမယ် ထင်တယ်..."
ကုန်းချင်းချိုးသည် နဖူးမှ ချွေးစများကို သုတ်လိုက်ရင်း၊ ကောင်းကင်ယံရှိ တောက်လောင်နေသော နေမင်းကို ကြည့်ကာ တပည့်များနှင့်အတူ မြူခိုးဂိုဏ်းရှိရာ အရပ်ဆီသို့ ဦးတည် ပျံသန်းခဲ့ကြ၏။
မိုင်ပေါင်း ရာချီ ဝေးကွာသော နေရာတွင်မူ၊ စက္ကူယပ်တောင် သခင်လေးသည် ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ထိုင်နေပြီး၊ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် လှပသော အမျိုးသမီးငယ်လေး နှစ်ဦးက ပုခုံးနှင့် ကျောပြင်ကို နှိပ်နယ်ပေးနေကြ၏။
"အား... နာလိုက်တာ... ဘာလို့ ဒီလောက် အားနဲ့ ညှစ်နေတာလဲ..."
ရုတ်တရက် စက္ကူယပ်တောင် သခင်လေးသည် ပုခုံးတွင် နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူ၏ ပန်ကာကို ချက်ချင်း သိမ်းလိုက်ပြီး မျက်နှာ ဖြူဖျော့နေသော အမျိုးသမီးကို ဒေါသတကြီး ကြည့်လိုက်သည်။
"သခင်လေး... အသက်ချမ်းသာပေးပါရှင်....."
ထိုအမျိုးသမီးမှာ ချက်ချင်းပင် ဒူးထောက်ကာ အသနားခံနေ၏။
"သေစမ်း....."
စက္ကူယပ်တောင် သခင်လေးသည် အမျိုးသမီး၏ လည်ပင်းကို ညှစ်ကာ အားဖြင့် ချိုးပစ်လိုက်ပြီးနောက်၊ ပေပေါင်း သောင်းချီ မြင့်မားသော ကောင်းကင်ယံထက်မှနေ၍ အသာအယာပင် အောက်သို့ ပစ်ချလိုက်လေတော့သည်။
ကျန်ရှိနေသော အခြား အမျိုးသမီးမှာမူ သူမကိုပါ အောက်သို့ ပစ်ချမည်ကို ကြောက်လန့်သဖြင့် တုန်တုန်ယင်ယင်နှင့် ဒူးထောက်နေရှာ၏။
"ရှေးစကားပုံ ရှိတယ်လေ... ကောင်းတဲ့ အရာဆိုတာ နှစ်ခု တွဲလာတတ်တယ်တဲ့... ဒါကြောင့် နင်လည်း သွားတော့....."
စက္ကူယပ်တောင် သခင်လေးက ခြေဖြင့် ကန်ထုတ်လိုက်ရာ ထိုအမျိုးသမီးမှာလည်း ကောင်းကင်မှ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားသည်။ သူမ၏ အော်ဟစ်သံမှာ မြေပြင်သို့ ရောက်သည်နှင့် တိတ်ဆိတ်သွားပြီး အစိပ်စိပ်အမွှာမွှာ ကြေမွသွားခဲ့၏။
"ဟင်း... ပျင်းစရာကြီး..."
စက္ကူယပ်တောင် သခင်လေးက သမ်းဝေလိုက်၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းမှ ထွက်လာပြီးကတည်းက သူသည် တောင်ပိုင်းမြစ်ဝှမ်း ဒေသတစ်ခွင်တွင် လှည့်လည်ကာ အမျိုးသမီးငယ် ရာပေါင်းများစွာကို ဖျက်ဆီးခဲ့သော်လည်း၊ တဖြည်းဖြည်းနှင့် ငြီးငွေ့လာပြီး ဤကဲ့သို့သော ဘဝမှာ စိတ်လှုပ်ရှားစရာ မရှိတော့ဟု ခံစားနေရခြင်းပင်။
"တကယ့်ကို ပျင်းစရာကောင်းတယ်... ထူးခြားတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ယောက်မှ မတွေ့ရဘူး..."
သူ နောက်တစ်ကြိမ် ထပ်မံ သမ်းဝေလိုက်ပြန်၏။ ပတ်ဝန်းကျင်တွင် လူသူမရှိသည်ကို မြင်သောအခါ သူသည် ဦးခေါင်းစွပ်ကို ချွတ်လိုက်ပြီး၊ သူ၏ ထိပ်ပြောင်ပြောင် ဦးခေါင်းမှ ချွေးများကို သုတ်ကာ ပြန်လည် ဝတ်ဆင်လိုက်သည်။
မကြာမီ သူ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ မျက်လုံးများ အရောင်တောက်သွားရ၏။ အောက်ဘက်ရှိ ဧရာမ ဝိညာဉ်လှေကြီးပေါ်တွင် ပန်းရောင်ဆံပင်နှင့် အလွန်လှပသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသဖြင့် သူ၏ မျက်ဝန်းများတွင် ရမ္မက်ဇောများမှာ တောက်လောင်လာတော့သည်။
"ဟောဒီ ခန္ဓာကောက်ကြောင်း... ဒီဆံပင်အရောင်... ဒီနှုတ်ခမ်းလွှာတွေ... တကယ့်ကို အဆင့်အတန်း မြင့်မားလှပေတယ်....."
စက္ကူယပ်တောင် သခင်လေးသည် ဟူဖေးဖေး၊ ကုန်းချင်းချိုးနှင့် သူတို့အဖွဲ့ကို ချက်ချင်းပင် ကြားဖြတ် တားဆီးလိုက်သည်။ သူသည် ဝိညာဉ်ပင်လယ်အဆင့်ရှိ အရှိန်အဝါများကို ဖြန့်ကြက်လိုက်ရာ၊ ထိုနေရာရှိ လူအားလုံးကို လွယ်ကူစွာပင် ဖိနှိပ်လိုက်နိုင်၏။
"ရန်သူ တိုက်ခိုက်နေပြီ....."
ကုန်းချင်းချိုး၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားရသည်။ သူမ၏ လက်ရှိ စွမ်းအားဖြင့်မူ ဝိညာဉ်ပင်လယ်အဆင့်ရှိသူကို ယှဉ်နိုင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
သို့သော်လည်း သူမဘေးရှိ ဟူဖေးဖေးကို သတိရသွားသောအခါ စိတ်အေးသွားပြီး ရောက်ရှိလာသူကို မော့ကြည့်လိုက်သည်။
"တကယ့်ကို ထူးခြားတဲ့ အလှနတ်ဘုရားမလေးတွေပဲ... ရင့်ကျက်တဲ့သူရော၊ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိတဲ့သူရော... သိပ်ကောင်းတာပဲဗျာ... တကယ့်ကို သိပ်ကောင်းတာပဲ....."
စက္ကူယပ်တောင် သခင်လေးက ယုတ်မာသော အကြည့်များဖြင့် တဟားဟား ရယ်လိုက်သည်။
"ဘယ်က ရဲတင်းလှတဲ့ လူယုတ်မာလဲ... မြူခိုးဂိုဏ်းရဲ့ အဖွဲ့ကို ကြားဖြတ်တားရဲရုံတင်မကဘဲ၊ ဒီလောက် ရိုင်းစိုင်းတဲ့ စကားတွေကိုပါ ပြောရဲတယ်ပေါ့...နင် ဘယ်သူလဲ..."
ကုန်းချင်းချိုးက ပြင်းထန်စွာ အော်ဟစ် မေးမြန်းလိုက်၏။
စက္ကူယပ်တောင် သခင်လေးက ယုတ်မာစွာ ပြုံးလိုက်ရင်း ပြန်ပြောသည်။
"မြူခိုးဂိုဏ်းလား... သိပ်ကောင်းတာပေါ့... သခင်လေးဖြစ်တဲ့ ငါက ယောက်ျားတွေ အကုန်လုံးကို သတ်ပြီး၊ မိန်းမတွေကိုတော့ ကျင့်ကြံဖော် အဖြစ် သိမ်းပိုက်ရတာပေါ့....."
ထို့နောက် သူသည် ဟူဖေးဖေး ဘက်သို့ လှည့်ကြည့်လိုက်သည့် ခဏ၌ သူ၏ မျက်ခုံးများမှာ တွန့်ချိုးသွားရ၏။
'တစ်ခုခုတော့ မှားနေပြီ.....'
'ဒီမိန်းမက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် နဲ့ တူနေသလိုပဲ.....'
စက္ကူယပ်တောင် သခင်လေးသည် ဟူဖေးဖေးကို တစ်ခါမှ မမြင်ဖူးသော်လည်း သူမ၏ တန်ခိုးထွားသော သတင်းများကိုမူ ကြားဖူးထားသည်။ သတင်းများအရ ဤ ပန်းရောင်ဆံပင်နှင့် အလှနတ်ဘုရားမမှာ အမှန်တကယ်တွင် ကြောက်စရာကောင်းသော မူလနတ်ဘုရား အဆင့် ပညာရှင်တစ်ဦး ဖြစ်ပြီး၊ အလွန်ပင် ရက်စက်တတ်သူ ဖြစ်သည်ဟု ဆိုကြ၏။
"ပြေးမှ ဖြစ်တော့မယ်....."
ဤလူမှာ ဟူဖေးဖေး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူ၏ ဘေးကင်းရေးအတွက် စက္ကူယပ်တောင် သခင်လေးမှာ ကပျာကယာ လှည့်ထွက်ကာ ထွက်ပြေးလေတော့သည်။
“ဝှစ်…”
ဟူဖေးဖေးသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူမ၏ ပေါက်ကွဲစေသော တုတ်ကြီးဖြင့် ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်၏။ စက္ကူယပ်တောင် သခင်လေးမှာ ဝိညာဉ်ပင်လယ်အဆင့်ရှိသူ ဖြစ်ရုံတင်မကဘဲ အနာဂတ်ဟောကိန်းထုတ်သူ တစ်ဦးဖြစ်သဖြင့် အန္တရာယ်ကို ဖျတ်လတ်စွာ အာရုံခံနိုင်ကာ ရှောင်တိမ်းလိုက်နိုင်၏။
သို့သော်လည်း...၊
"ဂွမ်း....."
သူ၏ ဦးခေါင်းမှာ ကြေမွသွားခြင်း မရှိသော်လည်း၊ သူ၏ ဦးခေါင်းစွပ်မှာမူ တုတ်ချက်ကြောင့် လေထဲတွင် အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့၏။
"ငါ့ဆံပင်တွေ....."
စက္ကူယပ်တောင် သခင်လေးမှာ ဒေါသတကြီး အော်ဟစ်လိုက်မိပြီး မျက်နှာမှာလည်း နာကျင်မှုကြောင့် တွန့်လိမ်သွားရသည်။ သို့သော်လည်း သူသည် ဦးခေါင်းစွပ်အတွက် ပူပန်နေရန် အချိန်မရှိသဖြင့် အသည်းအသန် ဆက်လက် ထွက်ပြေးရတော့၏။
မြူခိုးဂိုဏ်းမှ တပည့်များသည် စက္ကူယပ်တောင် သခင်လေး၏ ပြောင်လက်နေသော ထိပ်ပြောင်ပြောင် ဦးခေါင်းကို မြင်လိုက်ရသည့်အခါ ခေတ္တမျှ ကြောင်အသွားကြရသည်။ ဟူဖေးဖေးက ဤမျှလောက်အထိ ပြင်းထန်လွန်းသဖြင့် တစ်ဖက်လူ၏ ဆံပင်များကို တုတ်ဖြင့် ရိုက်ချွတ်လိုက်သည်ဟုပင် သူတို့ ထင်မိသွားကြခြင်း ဖြစ်၏။
သေသေချာချာ ပြန်စဉ်းစားကြည့်မှသာ ထိုလူမှာ မူလကတည်းက ထိပ်ပြောင်နေခြင်းဖြစ်ပြီး ဦးခေါင်းစွပ်ကိုသာ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်ကြောင်း အားလုံး သဘောပေါက်သွားကြတော့သည်။
"သူ့ကို အပြတ်ရိုက်ပစ်....."
ကုန်းချင်းချိုးက အမိန့်ပေးလိုက်၏။
ဟူဖေးဖေးမှာ တွန့်ဆုတ်ခြင်း မရှိပေ။ သူမသည် ရှေ့သို့ ဝုန်းခနဲ ခုန်တက်လိုက်ရာ စက္ကူယပ်တောင် သခင်လေးကို လွယ်ကူစွာပင် အမီလိုက်နိုင်သွားပြီး၊ သူမ၏ ပေါက်ကွဲစေသော တုတ်ကြီးကို အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်လေတော့သည်။
"ဟင်းလင်းပြင် ကြေးမုံ....."
စက္ကူယပ်တောင် သခင်လေးမှာ လက်ကွက်များကို အလျင်အမြန် ဖော်လိုက်ရာ၊ သူ၏ ရှေ့တွင် အရောင်တလက်လက်နှင့် မှန်တစ်ချပ် ပိတ်ဆို့လာ၏။ တုတ်ချက်၏ စွမ်းအား ကိုးဆယ်ရာခိုင်နှုန်းကို တန်ပြန် ဖယ်ရှားလိုက်သည်။
"ချွင်....."
ဟူဖေးဖေးမှာမူ တန်ပြန်လာသော အရှိန်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သို့သော်လည်း တုတ်ချက်၏ ဆယ်ရာခိုင်နှုန်းသော စွမ်းအားမှာ စက္ကူယပ်တောင် သခင်လေး၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သဖြင့်၊ သူ၏ ခန္ဓာကိုယ်မှာ အက်ကွဲကြောင်းများ ပြည့်နှက်သွားရပြီး အသက်ပျောက်မလို ဖြစ်သွားခဲ့ရ၏။
'ဒီလောက် ကြောက်စရာ ကောင်းတဲ့ တိုက်ခိုက်မှု စွမ်းအားမျိုးဆိုရင်... ဒါ သေချာပေါက် ဟူဖေးဖေး ပဲ ဖြစ်ရမယ်.....'
အသည်းအသန် အခြေအနေတွင် စက္ကူယပ်တောင် သခင်လေးသည် စက္ကူအဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူကာ သူ၏ ရင်ဘတ်တွင် ကပ်လိုက်သည်။ ထိုအချိန်မှာပင် ဟူဖေးဖေးက ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး ဒုတိယအကြိမ် တုတ်ဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်၏။
"ဝုန်း....."
စက္ကူယပ်တောင် သခင်လေးမှာ လှပသော မီးပန်းများပမာ ပေါက်ကွဲထွက်သွားလေတော့သည်။
"ဟင်း... ထင်သလောက် မကြမ်းပါဘူး..."
ဟူဖေးဖေးသည် သူမ၏ ပေါက်ကွဲစေသော တုတ်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပုခုံးပေါ်တွင် တင်လိုက်ကာ၊ လက်တစ်ဖက်ဖြင့် သူမ၏ နှာခေါင်းထိပ်ကို ဂုဏ်ယူစွာ သုတ်လိုက်၏။
"ဝိညာဉ်ပင်လယ်အဆင့်ရှိတဲ့ ပညာရှင်တစ်ယောက်တောင်မှ... ဂိုဏ်းစောင့်ရဲ့ တုတ်ချက်တစ်ချက်တည်းနဲ့တင် အသတ်ခံလိုက်ရတာလား... တကယ့်ကို အားကျစရာပဲ....."
ဒုတိယမျိုးဆက် တပည့်ဖြစ်သော နင်ရှန်ရှန်မှာ အံ့သြကြည်ညိုမှုများ ပြည့်နှက်နေသည်။
အစမ်းခန့်တပည့်များမှာမူ ဟူဖေးဖေး၏ စွမ်းအားကို မတွက်ချက်နိုင်သော်လည်း၊ သူမမှာ အလွန်ပင် အစွမ်းထက်ကြောင်း ခန့်မှန်းမိကြသဖြင့် လေးစားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြကုန်၏။
"ဂိုဏ်းစောင့် ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်... ရှင်သာ မပါလာရင် ကျွန်မတို့ ဒီနေ့ တကယ့်ကို အန္တရာယ်ကြီးနဲ့ ကြုံရတော့မှာပါ..."
ကုန်းချင်းချိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိ၏။ အစပိုင်းတွင် သူမသည် ဟူဖေးဖေးကို ခေါ်မလာရန် ကြံရွယ်ခဲ့ခြင်း ဖြစ်၏။ ယခု ပြန်စဉ်းစားကြည့်မှသာ သူမ ပါလာခဲ့ခြင်းမှာ တကယ့်ကို ကံကောင်းခြင်းတစ်ခုဖြစ်ပြီး၊ မဟုတ်ပါက ယနေ့တွင် သူတို့အားလုံးမှာ ဘေးဒုက္ခနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင်။
ဝှစ်...
ဝိညာဉ်လှေကြီးသည် ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းရင်း မြူခိုးဂိုဏ်းရှိရာ အရပ်ဆီသို့ ပြန်လည် ထွက်ခွာသွားလေတော့၏။
မိုင်ပေါင်း ဒါဇင်ချီ ဝေးကွာသော နေရာတွင် ၊
စက္ကူအဆောင်လက်ဖွဲ့ တစ်ခု ပေါ်ထွက်လာပြီးနောက် ပြာအဖြစ် လောင်ကျွမ်းသွားသည်။ ထိုပြာပုံများကြားမှနေ၍ ထိပ်ပြောင်ပြောင်နှင့် စက္ကူယပ်တောင် သခင်လေးသည် အပြင်သို့ ထွက်လာပြီးနောက်၊ ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ကာ နာကျည်းစွာဖြင့် မျက်နှာ ရှုံ့မဲ့သွားရ၏။
'ငါ့မှာ ကိုယ်စားလှယ် အဆောင်လက်ဖွဲ့ သာ မရှိခဲ့ရင်... အခုဆိုရင် ငါ အလောင်းတောင် ရှာရမှာ မဟုတ်ဘူး... သေစမ်း မြူခိုးဂိုဏ်း.. ကြည့်ရတာ ငါ ဒီအတိုင်း ထိုင်စောင့်နေလို့ မဖြစ်တော့ဘူးပဲ... ငါ အမြန်ဆုံး ဂိုဏ်းကို ပြန်ပြီး၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ကို အဲဒီဂိုဏ်းကို အပြတ်ရှင်းဖို့အတွက် တိုက်တွန်းရတော့မယ်.....'
ဒေါသတရားများ ပြည့်နှက်နေသော စက္ကူယပ်တောင် သခင်လေးသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အဖြူရောင် ခေါင်းပေါင်းတစ်ခုကို ထုတ်ယူကာ သူ၏ ထိပ်ပြောင်ပြောင် ဦးခေါင်းကို ပတ်လိုက်၏။ ပြီးနောက်၊ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း ရှိရာ အရပ်ဆီသို့ ပျံသန်း ထွက်ခွာသွားလေတော့၏။
တာ့လျန် နန်းမြို့တော်တွင် ဖြစ်သည်။
ယဲ့ဖုန်းသည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့ပြီး ကြယ်တာရာ နန်းတော်၏ အထက်တွင် ရပ်နေသဖြင့်၊ မရေမတွက်နိုင်သော လူအုပ်ကြီး၏ အံ့သြကြည်ညိုသော အကြည့်များကို ရရှိနေသည်။
"ဟိုမှာကြည့်စမ်း... မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ပြန်လာပြီဟေ့....."
"ဒီ နန်းတော်ကြီးက ကြယ်တာရာ ပတ်လမ်းကြောင်းတွေနဲ့ ဝန်းရံနေတာပဲ... အရှိန်အဝါကလည်း တကယ့်ကို နက်နဲလှပေတယ်... ဒါက အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် တစ်ခုများလား..."
"ဟမ့်.. မြူခိုးဂိုဏ်းချုပ်လို မူလနတ်ဘုရား အဆင့် ပညာရှင်ကြီးက... အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက်လောက်ကို ဂရုစိုက်ပါ့မလားဗျာ... ဒါက အနည်းဆုံးတော့ ဝိညာဉ်ရတနာ တစ်ခုပဲ ဖြစ်ရမယ်....."
"ဟင်... ဝိညာဉ်ရတနာ တဲ့လား....."
လူအုပ်ကြီးမှာ တစီစီနှင့် ပြောဆိုနေကြပြီး မျက်နှာများတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေလေ၏။
*
အကောင်းစား စားသောက်ဆိုင် တစ်ခု၏ အထက်တွင်၊
လုံထျန်းရှင်း၊ ကျီဇီလင်း၊ ချောင်ကျားရှီး၊ ဝမ်ဖင်းအန်းနှင့် အခြားသူများသည် ခန့်ညားထည်ဝါလှသော ကြယ်တာရာ နန်းတော်ကို မော့ကြည့်ရင်း မှင်သက်နေကြရ၏။
"ဂိုဏ်းချုပ်က အပြင်ကို ခဏသွားတာတောင်... ဒီလောက် အဖိုးတန်တဲ့ ရတနာကြီးကို ရလာတာလား... ဒါက တကယ့် ဝိညာဉ်ရတနာ တစ်ခုများလားဟင်..."
ကျီဇီလင်းသည် စိတ်ထဲမှ အလွန်အမင်း တုန်လှုပ်သွားရရှာသည်။ သူမသည် ကြယ်တာရာ နန်းတော်၏ အရှိန်အဝါမှာ အလွန်ပင် နက်နဲပြီး ကောင်းကင်၊ မြေကြီးတို့နှင့် တစ်သားတည်း ဖြစ်နေသည်ကို အာရုံခံမိလိုက်ရာ၊ ၎င်းမှာ ရှေးဟောင်းသိုင်းကျမ်းများထဲတွင် ဖော်ပြထားသော ဝိညာဉ်ရတနာများနှင့် တစ်ထပ်တည်းပင် ဖြစ်ချေသည်။
ကျီဇီလင်းတို့အဖွဲ့သာ အံ့သြသွားကြခြင်း မဟုတ်ဘဲ၊ တာ့လျန် နန်းတော်ရှိ နှင်းယုန် မျိုးနွယ်စုမှ အစွမ်းထက် ပညာရှင်များပင်လျှင် အံ့သြလွန်းသဖြင့် အသက်ရှူပင် မှားသွားကြရသည်။
"ဒါ... ဒါက ကြယ်တာရာ နန်းတော် ပါလား....."
"ဒါက ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ ဝိညာဉ်ရတနာ တစ်ခုလို့ ကြားဖူးတယ်... အရင်တုန်းက ဒီရတနာကြောင့် နတ်ဆိုးဧကရာဇ်ကြီး နှစ်ပါးကြားမှာ စစ်ပွဲကြီးတစ်ခုတောင် ဖြစ်ခဲ့ဖူးတာလေ..."
"ဒီ ဝိညာဉ်ရတနာကြီးက နောက်ဆုံးမှာ ဂိုဏ်းချုပ်ယဲ့ ရဲ့ လက်ထဲကို ရောက်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲဗျာ..."
နှင်းယုန် မျိုးနွယ်စုဝင်များမှာ အံ့သြတကြီး ရေရွတ်နေကြ၏။ ဒဏ်ရာများကို ကုသရန်အတွက် တံခါးပိတ် ကျင့်ကြံနေသော တာ့လျန် ဧကရီပင်လျှင် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ နံရံများကို ထွင်းဖောက်ကာ ကောင်းကင်တွင် လွင့်မျောနေသော ကြယ်တာရာ နန်းတော်ကို စိုက်ကြည့်ရင်း မှင်သက်နေမိလေ၏။
ကောင်းကင်ယံထက်တွင်၊
ယဲ့ဖုန်း၏ အမူအရာမှာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် အောက်ဘက်ရှိ ကျီဇီလင်းနှင့် အခြားသူများကို လှမ်းကြည့်ကာ မေးလိုက်၏။
"မင်းတို့အားလုံး အဝစားပြီးကြပြီလား... မပြီးသေးရင်လည်း မြန်မြန် ပစ္စည်းသိမ်းပြီး ထွက်ခွာဖို့ ပြင်ကြတော့... အခုချက်ချင်း ဂိုဏ်းကို အမြန်ဆုံး ပြန်ကြမယ်....."
ယဲ့ဖုန်း၏ အသံထွက်ပေါ်လာသည်နှင့် အစားအသောက်များကို အားပါတရ စားသောက်နေကြသော ဝက်ဝံနတ်ဆိုးများ၊ မြေကြွက်ကလေးနှင့် အခြားသော ဝိညာဉ်သားရဲများမှာ ခေတ္တမျှ ကြောင်အသွားကြပြီးနောက်၊ အလျင်အမြန်ပင် အငမ်းမရ ဆက်လက် စားသောက်ကြလေတော့၏။
ကျီဇီလင်းနှင့် အခြားတပည့်များ၏ မျက်နှာတွင်မူ ဇဝေဇဝါ ဖြစ်နေသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
ယဲ့ဖုန်း၏ မျက်နှာမှာ အလွန်ပင် လေးနက်တည်ငြိမ်နေပြီး တစ်စုံတစ်ခုသော အရေးကြီးကိစ္စနှင့် ကြုံတွေ့နေရသလို ဖြစ်နေသည်ကို သူတို့ အထင်အရှား မြင်တွေ့နေရသည် မဟုတ်ပါလား။
"ဘာများ ဖြစ်လို့ပါလိမ့်..."
သူတို့အားလုံး၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ကြီးစိုးလာခဲ့ရ၏။
***