~မြင့်မြတ်သော လေဓားဂိုဏ်း ၏ စည်းကမ်း ထိန်းသိမ်းရေး တောင်ထိပ် ထက်ဝယ်၊
ကျောထက်တွင် အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ဖြစ်သော မြင့်မြတ်သော လေဓား ကို လွယ်ထားလျက်၊ မူရူရွှယ်သည် သူမ၏ ထက်ရှလှသော ဓားသွားကို ကြည့်ကာ မျက်မှောင်ကို အနည်းငယ် ကြုတ်ထားမိ၏။
“ဂိုဏ်းချုပ်က မူလနတ်ဘုရား အဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီဆိုတော့... နောက်ဆိုရင် ဂိုဏ်းချုပ်ရာထူးကနေ အနားယူပြီး၊ ကျွန်မကို ဂိုဏ်းချုပ်ကိုယ်စားလှယ်အဖြစ် တာဝန်လွှဲပေးတော့မှာပဲ...”
သူမသည် တီးတိုး မှတ်ချက်ပြုလိုက်သည်။
“ဓားသခင်မလေးအတွက် ဒါက ဝမ်းသာစရာ ကိစ္စပဲလေရှင်.....” သူမ၏ နောက်ကွယ်မှ အစေခံမလေး လေးဦးမှာလည်း တညီတညွတ်တည်း ဂုဏ်ပြုလိုက်ကြကုန်၏။
“အင်... ဝမ်းသာစရာ ဟုတ်လား... ငါတော့ အဲဒီလို မထင်ဘူး...” မုရုရွှယ်သည် အကြီးအကဲချုပ် နေထိုင်ရာ အကြီးအကဲများ တောင်ထိပ် ဆီသို့ အကြည့် ပို့လွှတ်လိုက်ရာ၊ သူမ၏ မျက်ဝန်းများမှာ စူးရှထက်မြက်နေသည်။
သူမ၏ စိတ်ထဲတွင် နိမိတ်မကောင်းသော ခံစားချက်တစ်ခုကို ရရှိနေခြင်းပင်။
ဘေးအန္တရာယ်တစ်ခုမှာ မကြာမီ ကျရောက်တော့မည် ဖြစ်ချေ၏။
---
ခရိုင်ဘုရင်မြို့တော်မှာ၊
ခရိုင်ဘုရင်စံအိမ် တည့်တည့်မှနေ၍ လူပုံရိပ်တစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။
ထိုပုံရိပ်သည် ခန့်ညားထည်ဝါလှသော စစ်ဝတ်တန်ဆာများကို ဆင်မြန်းထားပြီး၊ ကောင်းကင်ယံ အမြင့်တွင် ရဲရဲဝံ့ဝံ့ ရပ်နေ၏။ ပတ်ဝန်းကျင် အရပ်မျက်နှာ အသီးသီးမှ သဘာဝ ဝိညာဉ်စွမ်းအင်များမှာ ထိုသူ့ဆီသို့ တရှိန်ထိုး စုပြုံစီးဝင်လာကြပြီး၊ သူ့ပတ်လည်တွင် ဝဲဂယက်ကြီးတစ်ခုပမာ လှည့်ပတ်နေကြတော့သည်။
ဤမြင်ကွင်းမှာ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝ စွမ်းအင်များမှာ ထိုသူ့အား ဦးညွှတ် အညံ့ခံနေကြသည့်နှယ်။
၎င်းက မူလနတ်ဘုရား အဆင့် ၏ စွမ်းပကားပင် ဖြစ်ချေတော့၏။
*
ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝ စွမ်းအင်များကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်ခြင်း။
အသိစိတ် တစ်ချက်ဖြင့်ပင် မူလနတ်ဘုရား အဆင့် အောက်ရှိ ကျင့်ကြံသူများနှင့် သဘာဝ ဝိညာဉ်စွမ်းအင်များကြားရှိ ချိတ်ဆက်မှုကို ဖြတ်တောက်နိုင်ပြီး၊ ရန်သူများကို ပြင်ပစွမ်းအားများ အသုံးမပြုနိုင်အောင် တားဆီးနိုင်သည်။
ထို့ကြောင့်ပင် မူလနတ်ဘုရား အဆင့် ရှိသူတစ်ဦးသည် ဝိညာဉ်ပင်လယ်အဆင့် အထွတ်အထိပ် ရှိသူတစ်ဦးကို ရင်ဆိုင်ရပါက၊ အဆင့်အတန်း လုံးဝ ကွာခြားလှသော တိုက်ခိုက်မှုမျိုးဖြင့် အသာလေး နှိမ်နင်းနိုင်ခြင်း ဖြစ်၏။
သေချာသည်မှာ ဝိညာဉ်ပင်လယ်အဆင့် ရှိသူတစ်ဦး၌ ဝိညာဉ်ရတနာ တစ်ခု ရှိနေမည်ဆိုပါက၊ မူလနတ်ဘုရား အဆင့် ၏ သဘာဝ ဝိညာဉ်စွမ်းအင် ထိန်းချုပ်မှုကို ဖောက်ထွက်နိုင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော်လည်း ဝိညာဉ်ရတနာ များမှာ အလွန်ပင် အဖိုးတန်လှသဖြင့်၊ သာမန် အခြေအနေမျိုးတွင် ဝိညာဉ်ပင်လယ်အဆင့် ရှိသူများမှာမူ ၎င်းတို့ကို ပိုင်ဆိုင်နိုင်ရန် ခဲယဉ်းလှသည်။
“ခရိုင်ဘုရင် က မူလနတ်ဘုရား အဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဟေ့.....”
“ဟားဟားဟား... ငါတို့ ခရိုင်ဘုရင်မြို့တော် မှာလည်း နောက်ဆုံးတော့ ဒေသခံ မဟာတန်ခိုးရှင် တစ်ယောက် ရှိလာပြီပဲ... အခုဆိုရင် ကျုပ်တို့လည်း ကြယ်သုံးပွင့် အင်အားစု ဖြစ်လာဖို့ မျှော်လင့်ချက် ရှိသွားပြီ... အနာဂတ်ကတော့ တကယ်ကို တောက်ပနေပြီ.....”
လျူမင်၊ ဘိုးဘေးနင် နှင့် အခြားသူများမှာလည်း တဟားဟား ရယ်လိုက်ကြ၏။
ခရိုင်ဘုရင် အဆင့်တက်လှမ်းနိုင်မှုကြောင့် သူတို့သည်လည်း ဘုန်းကျက်သရေကို အတူတူ ခံစားခွင့် ရရှိကြမည် မဟုတ်ပါလား။
အခြားသော စံအိမ် တစ်ခုအတွင်း၌ ဖြစ်သည်။
ကြွေထည် ဘုရင် ရှုရန်ရှန်သည် သူ၏ အခန်းအတွင်း၌ ကုတ်ကုတ်လေး ပုန်းအောင်းနေပြီး၊ ကြောက်လန့်တုန်လှုပ်စွာဖြင့် တစ်ကိုယ်လုံး တုန်ခါနေရှာ၏။
“ဒီ အကျိုးနည်းတဲ့ ခရိုင်ဘုရင် ကတော့... တကယ်ပဲ အဆင့်တက်နိုင်ခဲ့တာလား... ကြည့်ရတာ ဒီ ခရိုင်ဘုရင်မြို့တော် မှာ ဆက်နေလို့ မဖြစ်တော့ဘူး...ငါ ထွက်ပြေးမှပဲဟ...”
ကြွေထည် ဘုရင်သည် အဝတ်အစားများကို ကပျာကယာ ထုပ်ပိုးလိုက်ပြီးနောက် ထပ်မံ၍ ထွက်ပြေးပြန်လေတော့သည်။
သူသည် ယခင်က တစ်ကြိမ် ထွက်ပြေးဖူးသော်လည်း၊ ရှုဟွာမို ၏ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရသဖြင့် အခြားရွေးချယ်စရာမရှိဘဲ ခရိုင်ဘုရင်မြို့တော် သို့ ပြန်လာခဲ့ရခြင်း ဖြစ်၏။
သို့သော်လည်း ယနေ့တွင်မူ သူသည် ခရိုင်ဘုရင်မြို့တော် သို့ တစ်သက်လုံး ခြေဦးပင် မလှည့်တော့ဟု ဆုံးဖြတ်လိုက်သည်။
မဟုတ်ပါက သူသည် လူမဟုတ်ဘဲ ခွေးသာသာသာ ဖြစ်ပေလိမ့်မည်။
တောင်ပိုင်းမြစ်ဝှမ်း ဒေသ အတွင်းရှိ ကြယ်နှစ်ပွင့် အင်အားစုကြီး လေးခု၏ ဂိုဏ်းချုပ်များ မူလနတ်ဘုရား အဆင့် သို့ ရောက်ရှိသွားပြီဟူသော သတင်းမှာ လေအလျင် ဆောင်ကြဉ်းသွားခဲ့ပြီး၊ ရက်အနည်းငယ်အတွင်းမှာပင် ဒေသတွင်းရှိ မြို့ကြီးများ အားလုံးဆီသို့ ရောက်ရှိသွားခဲ့လေတော့၏။
ဖူယွင် တောအုပ်နက် ဝယ်၊
ယဲ့ဖုန်းသည် စိမ်းလန်းစိုပြေလှသော တောအုပ်ကြီး၏ အထက်သို့ နောက်ဆုံး၌ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ၊ တိမ်ထုမြူခိုးများ လွှမ်းခြုံထားသော မြူခိုးဂိုဏ်း ၏ တောင်ထိပ် လေးခုကို လှမ်း၍ မြင်တွေ့နေရပြီ ဖြစ်သည်။
“ဟိုမှာ... အဲဒါ ငါတို့ဂိုဏ်းပဲ...”
လုံထျန်းရှင်းသည် အဝေးရှိ မြူခိုးတောင်ထိပ် ကို ညွှန်ပြလိုက်၏။
“အမြင့်ဆုံးတောင်က မြူခိုးတောင်ထိပ် ပေါ့... ကျန်တဲ့ သုံးခုကတော့ ဖေးလိုင်တောင်ထိပ်၊ နတ်ဆိုးသားရဲတောင်ထိပ် နဲ့ ကျင့်ကြံရေးတောင်ထိပ် တွေပဲလေ... သြော်... ပြီးတော့ လေထဲမှာ လွင့်မျောနေတဲ့ တောင်ထိပ် ခုနစ်ခုကတော့ ‘မြောက်ပိုင်းမဟာ တောင်ထိပ် ခုနစ်ခု’ လို့ ခေါ်တယ်... အဲဒီမှာ အမွေခံတပည့်တွေ၊ အကြီးအကဲတွေနဲ့ ကြီးကြပ်သူတွေ နေထိုင်ကြတာပေါ့...”
“ကျုပ်တို့က အဲဒီ လွင့်မျောနေတဲ့ တောင်ထိပ်တွေပေါ်မှာ နေရမှာလားဗျ.....”
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရှိသော ကြီးကြပ်သူသစ် ဒါဇင်ပေါင်းများစွာမှာ စိတ်လှုပ်ရှားမှုများ တစ်ဟုန်ထိုး မြင့်တက်လာကြ၏။
“ဟုတ်တယ်... နောက်ကျရင် အပြင်စည်း တာဝန်ခံ အကြီးအကဲ ချူယွင်အာ ကို သွားရှာလိုက်ကြ..မင်းတို့ကို နေရာချပေးလိမ့်မယ်...” ယဲ့ဖုန်းက ခေါင်းညိတ် ပြောကြားလိုက်သည်။
ချူယွင်အာ မှာမူ သူ ပထမဆုံး စုဆောင်းခဲ့သော ကြီးကြပ်သူမလေး ဖြစ်၏။ သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ မမြင့်မားလှသော်လည်း၊ အလုပ်အပေါ် စိတ်စေတနာပါပြီး ကြိုးစားအားထုတ်သူ ဖြစ်သဖြင့် ရာထူးတိုးမြှင့်ပေးရန်အတွက် ထိုက်တန်လှသူ ဖြစ်၏။
အပြင်စည်း တာဝန်ခံ အကြီးအကဲ။
ဒါက ယဲ့ဖုန်းက ချူယွင်အာအား တိုးမြှင့် ခန့်အပ်လိုက်သော ရာထူးပင် ဖြစ်ပါ၏။
သူမ၏ အဆင့်အတန်းမှာ အပြင်စည်း အကြီးအကဲ တစ်ဦးနှင့် အလားတူလှ၏။
“ဂိုဏ်းချုပ်... အမွေခံတပည့် တစ်ယောက် ဖြစ်လာဖို့ ဘာတွေ လုပ်ရမလဲဟင်...” တတိယမင်းသမီး လျန်ဝမ်ဖန်း က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ကျင့်ကြံခြင်း အဆင့်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို ရောက်ရမယ်... ကျင့်ကြံရေးမျှော်စင် ရဲ့ သတ္တမမြောက် အဆင့်ကို ဖြတ်ကျော်နိုင်ရမယ်... ပြီးတော့ ဂိုဏ်းရဲ့ တာဝန် (၁၀) ခုကို ပြီးမြောက်အောင် ထမ်းဆောင်ရမယ်... အဲဒါဆိုရင်တော့ အမွေခံတပည့် အဖြစ် တိုးမြှင့်ခံရမှာပဲ...”
ယဲ့ဖုန်းက ရှင်းပြလိုက်သည်။
“ဒါပေမဲ့... လောလောဆယ် ဂိုဏ်းထဲမှာတော့ အမွေခံတပည့် အဆင့်ကို တက်လှမ်းနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူးဗျ...”
ထိုစကားကို ကြားသောအခါ လူတိုင်းမှာ အမွေခံတပည့် တစ်ဦး ဖြစ်လာရန်မှာ အမှန်တကယ်ပင် ခက်ခဲလှကြောင်း သဘောပေါက်သွားကြတော့၏။
သို့သော်လည်း မြောက်ပိုင်း မဟာ တောင်ထိပ် ခုနစ်ခု ပေါ်တွင် နေထိုင်ခွင့် ရမည်ဟူသော အတွေးကြောင့် သူတို့အားလုံးမှာ တက်ကြွမှုများ ပြန်လည် ပြည့်နှက်လာကြသည်။
“အို... ရေပေါ်ဖြူမြို့တော် ကို ထပ်ပြီး ချဲ့ထွင်နေကြပြန်ပြီပဲ...”
ယဲ့ဖုန်းသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ဖူယွင် တောအုပ်နက် ၏ အစွန်အဖျား၊ မီးပြတိုက်မြို့ မြစ်ကမ်းဘေးတစ်လျှောက်တွင် ကျယ်ပြောလှသော လမ်းမကြီးတစ်ခုကို ဖောက်လုပ်နေသည်ကို သတိပြုမိလိုက်၏။
ထိုလမ်းမကြီး၏ အထက်တွင် ဓားပျံများကို စီးနင်းကာ သွားလာနေကြသော တပည့်များစွာကို တွေ့ရသည်။
သူတို့သည် ကင်းလှည့်နေကြခြင်း ဖြစ်ပြီး၊ အနားသို့ ကပ်လာသော နတ်ဆိုးသားရဲများကို မောင်းထုတ်ပေးနေကြခြင်းပင်။
အချို့သော တပည့်များမှာမူ လမ်းဖောက်ရန်အတွက် ကူညီပေးနေကြပြီး၊ သာမန်လူသားများမှာမူ ကျောက်ပြားများကို သယ်ဆောင်ကာ ဖိသိပ်ထားသော ကျောက်စရစ်လမ်းပေါ်တွင် ခင်းကျင်းနေကြ၏။
“ဒါဆိုရင်... လမ်းဖောက်လုပ်ရေး တာဝန် ဆိုတာက ဒါပေါ့လေ...”
တောင်အောက်ခြေရှိ ရှောင်လင်းကျေးရွာ အနီးတွင်မူ အဆောက်အအုံများစွာမှာ ပိုမို ကျယ်ပြန့်လာခဲ့ပြီး၊ အချို့သော အိမ်များတွင်မူ လူများပင် စတင် နေထိုင်နေကြပြီ ဖြစ်သည်။
ထိုအချိန်တွင် မြေပြင်ပေါ်၌ အလုပ်လုပ်နေကြသော လူများမှာ မောပန်းသဖြင့် လမ်းဘေးတွင် ထိုင်ကာ အနားယူနေကြသည်။
ထိုအခိုက်၊ ခေါင်းမော့ကြည့်လိုက်သည့်
အခါတွင်တော့ သုံးထပ်ခန်းမဆောင်ကြီး တစ်ခုမှာ သူတို့ဆီသို့ ဖြည်းညှင်းစွာ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်း၏ ပတ်လည်တွင်မူ မရေမတွက်နိုင်သော ကြယ်ပွင့်ကလေးများမှာ ဝန်းရံလျက် ရှိနေ၏။
ထို ကြယ်တာရာ ဂလက်ဆီကြီး၏ အထက်တွင်မူ လူရာပေါင်းများစွာနှင့် နတ်ဆိုးသားရဲ အုပ်စုကြီး တစ်ခုမှာ ခန့်ညားစွာ ရပ်နေကြ၏။
လူတိုင်းမှာ အံ့သြမှင်သက်သွားကြရ၏။
“ဂိုဏ်းချုပ်... နောက်ဆုံးတော့ ပြန်လာပြီပေါ့နော်.....”
လူအုပ်ကြီးမှာ ထိုလူများမှာ မည်သူများ ဖြစ်မည်ကို မခန့်မှန်းနိုင်ခင်မှာပင်၊ ပန်းရောင် ပုံရိပ်တစ်ခုမှာ ကောင်းကင်သို့ ပျံတက်သွားပြီး ရှေ့ဆုံးမှ ဦးဆောင်လာသော လူငယ်လေး၏ ရင်ခွင်အတွင်းသို့ တိုးဝင်လိုက်လေတော့သည်။
“အဲဒါ ဂိုဏ်းချုပ်ယဲ့ ပဲ.....”
“ဟာ... အဲဒါ ဂိုဏ်းချုပ်ယဲ့ လား... သတင်းတွေထဲကအတိုင်း တကယ့်ကို ခန့်ညားပြီး ကြည့်ကောင်းလိုက်တာဗျာ...”
“ဟိတ်လူ... ခင်ဗျားက မိုင်ပေါင်း ဒါဇင်ချီ ဝေးတဲ့နေရာကနေ တကယ်ပဲ အဲဒီလောက် အသေအချာ မြင်ရလို့လားဗျ...”
“သေသေချာချာတော့ မမြင်ရပါဘူး... ဒါပေမဲ့ မြှောက်ပင့်ပြောရတာကို ဘယ်အရာကမှ မတားဆီးနိုင်ဘူးလေဟ...”
“ခင်ဗျားကတော့ တကယ်ကို လူတတ်ကြီးပဲ ..အဘိုးကြီးရယ်.....”
လူအုပ်ကြီးမှာ သူတို့၏ အလုပ်များကို ရပ်တန့်ကာ အံ့သြတကြီး ငေးကြည့်နေကြ၏။
“ဂိုဏ်းချုပ် ပြန်လာတာကို ကြိုဆိုပါတယ်.....”
မြူခိုးဂိုဏ်း အတွင်းမှ တပည့်ပေါင်း တစ်ရာကျော်မှာ ဓားများကို စီးနင်းကာ ပျံသန်းထွက်လာကြပြီး၊ ကောင်းကင်ယံတွင် တန်းစီလျက် တညီတညွတ်တည်း အရိုအသေပြုလိုက်ကြ၏။
ဂိုဏ်းရင်ပြင် အလယ်ဗဟိုတွင်မူ အရည်အချင်းရှိလှသော လူငယ် ရာပေါင်းများစွာမှာ ခေါင်းမော့ကြည့်နေကြပြီး၊ ကြယ်တာရာ နန်းတော် ပေါ်ရှိ ယဲ့ဖုန်းကို စူးစမ်းလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြလေ၏။
“ဂိုဏ်းချုပ် နောက်ဆုံးတော့ ပြန်လာပြီပဲ... အကြီးအကဲကုန်း ပြောတာတော့ ဂိုဏ်းချုပ်က ကျုပ်တို့ကို ကိုယ်တိုင် စာရင်းသွင်းပေးလေ့ရှိလို့၊ ဂိုဏ်းချုပ်နဲ့ တွေ့ဆုံခွင့် ရမယ်တဲ့ဗျ...”
“ဒါက ဂိုဏ်းချုပ်ကို အနီးကပ် မြင်တွေ့ရမယ့် တစ်ဦးတည်းသော အခွင့်အရေး ဖြစ်မှာပေါ့နော်...”
“ကျွန်တော်လည်း အဲဒီလိုပဲ ထင်တာပဲဗျာ...”
ထိုလူများမှာ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။
၎င်းတို့ထဲမှ အများစုမှာ အကြီးအကဲ ကုန်းချင်းချိုး က တောင်ပိုင်းမြစ်ဝှမ်းအိုင် နှင့် ပတ်ဝန်းကျင် မြို့များမှ စုဆောင်းလာခဲ့သော တပည့်လောင်းများ ဖြစ်ကြ၏။
ကျန်ရှိသော သူများမှာမူ ဂိုဏ်း၏ ဂုဏ်သတင်းကြောင့် မိမိတို့ဘာသာ လာရောက်ကြသူများ ဖြစ်ကြသည်။
ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း ၏ စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့ကြသဖြင့်၊ သူတို့သည်လည်း တပည့်လောင်းများ ဖြစ်လာကြပြီး ဂိုဏ်းရင်ပြင်၌ စောင့်ဆိုင်းနေကြခြင်းပင်။
ယခု ယဲ့ဖုန်း ပြန်လည် ရောက်ရှိလာသည်ကို မြင်သောအခါ အားလုံးမှာ မော့ကြည့်နေကြတော့၏။
“ဟင်... တပည့်လောင်းတွေက တော်တော်လေး များလာတာပဲ...” ယဲ့ဖုန်းသည် ဂိုဏ်းရင်ပြင်ဆီသို့ လှမ်းကြည့်လိုက်ပြီး အဝေးမှ ထိုလူငယ်များနှင့် အကြည့်ချင်း ဆုံလိုက်သည်။
အချို့သော သူများမှာ ခမ်းနားထည်ဝါသော ဝတ်စုံများကို ဆင်မြန်းထားကြ၏။ မြင့်မြတ်သော မိသားစုဝင်များ သို့မဟုတ် ချမ်းသာကြွယ်ဝသော နောက်ခံမှ လာသူများ ဖြစ်ကြပုံ ရကာ သူတို့၏ မျက်ဝန်းများတွင် ယုံကြည်မှုများ ပြည့်နှက်လျက် တောက်ပသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
အချို့မှာမူ စုတ်ပြဲနေသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အကြည့်ချင်း ဆုံရန် ရှောင်လွှဲနေကြသော်လည်း၊ နှုတ်ခမ်းကို တင်းတင်းစေ့ထားကြသည်မှာ ဆင်းရဲသော်လည်း ကြီးမားသော ရည်မှန်းချက်များကို ဆောင်ထားသူများ ဖြစ်ကြောင်း သိသာလှ၏။
“ငါးရာကျော်တောင် ရှိတာလား... စုစုပေါင်းဆိုရင်တော့ တပည့်အရေအတွက်က မကြာခင် တစ်ထောင် ပြည့်တော့မှာပဲ.....” ယဲ့ဖုန်းက ခန့်မှန်းကြည့်လိုက်ပြီးနောက် အနည်းငယ် ပြုံးလိုက်မိ၏။
သူသည် ရှေ့သို့ လှည့်ကြည့်လိုက်ရာ အကြီးအကဲ ကုန်းချင်းချိုးမှာ ကောင်းကင်ကို ဖြတ်သန်းကာ အနားသို့ တိုးကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
သူမ၏ မျက်နှာတွင် ပန်းလေး တစ်ပွင့်ပမာ လှပသော အပြုံးများ ပြည့်နှက်နေပြီး ပြောလိုက်၏။
ယဲ့ဖုန်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ဂိုဏ်းရင်ပြင်သို့ လှမ်းကြည့်လိုက်သည်။
“ဟိုမှာ ရှိတဲ့ တပည့်လောင်းတွေက အကြီးအကဲကုန်း အပြင်ကနေ စုဆောင်းလာခဲ့တာလားဗျ...”
“အများစုကတော့ ဟုတ်ပါတယ်ရှင်... ကျန်တဲ့သူတွေကတော့ ကျွန်မတို့ ဂိုဏ်းရဲ့ ဂုဏ်သတင်းကြောင့် တောင်ပိုင်းမြစ်ဝှမ်း ဒေသ အနှံ့အပြားကနေ လာကြတဲ့ သူတွေပါ... လူပေါင်း သောင်းနဲ့ချီတဲ့ အထဲကနေ ကံကြမ္မာ ခရမ်းရွှေ ခေါင်းလောင်း နဲ့ စစ်ဆေးပြီး ရွေးချယ်ထားတာ (၅၃၄) ယောက် ရှိပါတယ်ရှင်...”
အကြီးအကဲကုန်းက ဂိုဏ်းဝင်မှတ်တမ်း တစ်ခုကို ထုတ်လိုက်၏။
အချိန်ကုန်သက်သာစေရန်အတွက် သူမသည် ထိုတပည့်လောင်းများ၏ အချက်အလက်များကို ကြိုတင် မေးမြန်းထားပြီး အကြမ်းဖျင်း စာရင်းပြုစုထားခဲ့ခြင်းပင်။
“ကောင်းတယ်ဗျာ... တကယ်ကို တော်တယ်...” ယဲ့ဖုန်းက ချီးကျူးလိုက်သည်။
အသေးစိတ်ကအစ ဂရုတစိုက် လုပ်ဆောင်တတ်သော အကြီးအကဲ ကုန်းချင်းချိုးအား သူ အလွန်ပင် ကျေနပ်မိသည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်... ဒါတွေက ဘယ်သူတွေလဲဟင်...”
အကြီးအကဲကုန်းက မြေကြွက်ကလေး၊ လျန်ဝမ်ဖန်း နှင့် အခြားသူများကို ကြည့်ကာ အံ့သြတကြီး မေးမြန်းလိုက်၏။
ဂိုဏ်းချုပ်က အပြင်ထွက်သွားတာ လူတွေ စုဆောင်းဖို့သက်သက်ပဲလား။
“အချို့ကတော့ စာရင်းသွင်းထားတဲ့ တပည့်တွေပေါ့... အချို့က ဂိုဏ်းစောင့် ဝိညာဉ်သားရဲ တွေ... ကျန်တဲ့သူတွေကတော့ အပြင်စည်း တာဝန်ခံတွေ ဖြစ်ပြီး၊ အပြင်စည်း တာဝန်ခံ အကြီးအကဲ ချူယွင်အာ ရဲ့ လက်အောက်မှာ ရှိမှာပါ...” ယဲ့ဖုန်းက မိတ်ဆက်ပေးလိုက်သည်။
မကြာမီ ကြယ်တာရာ နန်းတော် မှာ မြူခိုးတောင်ထိပ် ၏ အထက် မီတာ တစ်ထောင်ခန့် အမြင့်တွင် ရပ်တန့်သွားခဲ့၏။
ယဲ့ဖုန်းသည် အဖွဲ့ကို ဦးဆောင်ကာ ဂိုဏ်းရင်ပြင်သို့ ဆင်းသက်လိုက်ပြီးနောက်၊ ဂိုဏ်းဝင်မှတ်တမ်း ကို ထုတ်ယူတော့သည်။ တပည့်လောင်း (၅၃၄) ဦးကို နှုတ်ဆက်လျက် စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များကို စတင်လိုက်လေတော့သည်။
စာရေးရသည်မှာ ပင်ပန်းလှသော်လည်း၊ ဂိုဏ်းသား အရေအတွက် တစ်ဟုန်ထိုး တိုးတက်လာသည်ကို ကြည့်ကာ ယဲ့ဖုန်းမှာ ပင်ပန်းရကျိုးနပ်သည်ဟု ခံစားနေရ၏။
နေဝင်ရိုးရီ အချိန်သို့ ရောက်ရှိလာသည့်အခါ၊
ယဲ့ဖုန်းသည် လက်ထဲမှ ကလောင်တံကို ချလိုက်ပြီး၊ သူ့ရှေ့ရှိ ပြောင်လက်နေသော ဦးခေါင်းနှင့် ခန့်ညားသော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။
“မင်းနာမည်က ဝူရှင်းဝမ် ဟုတ်လား... အဆင့်မြင့် အရိုးပါရမီ ရှိတာပဲ... မင်း ကျင့်ကြံတာ မစရသေးပေမယ့်လည်း တကယ့်ကို မဆိုးပါဘူးဗျာ...”
“ဂိုဏ်းချုပ်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ... ကျွန်တော် သေချာပေါက် အပတ်တကုပ် ကျင့်ကြံပါ့မယ်...” ခန့်ညားလှသော ထိပ်ပြောင်လူငယ်လေး ဝူရှင်းဝမ် က သူ၏ ဦးခေါင်းကို ကုပ်ရင်း ပြုံးလျက် ပြန်ပြောလိုက်သည်။
ယဲ့ဖုန်းသည် ဂိုဏ်းဝင်မှတ်တမ်း ကို ပိတ်လိုက်ပြီးနောက် ပြောလိုက်၏။
“ဟုတ်သားပဲ... ဂုဏ်ယူပါတယ်ကွာ... မင်းက ငါတို့ မြူခိုးဂိုဏ်း ရဲ့ ကိုးရာရှစ်ဆယ့်လေးယောက်မြောက် ဒုတိယမျိုးဆက် တပည့် ဖြစ်သလို... ဂိုဏ်းရဲ့ စုစုပေါင်း အရေအတွက်အရဆိုရင်တော့ တစ်ထောင်မြောက် တပည့်ပဲ...”
ဝူရှင်းဝမ်မှာ အံ့သြတကြီးဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။
မိမိကိုယ်တိုင် ဂိုဏ်း၏ တစ်ထောင်မြောက် တပည့် ဖြစ်လာမည့် ကံထူးရှင်ဟု သူ ထင်မထားခဲ့သည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်... ဒါဆိုရင် ကျွန်တော်က အထူး ဆုလာဘ်တစ်ခုခု ရမှာလားဟင်...” ဝူရှင်းဝမ်က ရင်းနှီးကျွမ်းဝင်စွာဖြင့် ရယ် မေးမြန်းလိုက်သည်။
“မရဘူး...” ယဲ့ဖုန်းက ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်၏။
“အော်...” ဝူရှင်းဝမ်၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။
ထိုအခိုက်အတန့်မှာပင် ယဲ့ဖုန်း၏ စိတ်ထဲ၌ စနစ်၏ အသိပေးသံမှာ ရုတ်တရက် မြည်ဟည်းသွားခဲ့၏။
“တီ..တီ... မြူခိုးဂိုဏ်း ရဲ့ တပည့်အရေအတွက် တစ်ထောင် ပြည့်မြောက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်... ‘တပည့် တစ်ထောင် အင်အားစု’ ဘွဲ့တံဆိပ် ကို ရရှိခဲ့ပြီး၊ အပိုဆောင်း ဆုလာဘ် တစ်ခုကိုလည်း ရရှိပါတယ်... ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ...”
‘အပိုဆောင်း ဆုလာဘ် တဲ့လား...’ ယဲ့ဖုန်း အံ့အားသင့်သွားရလေတော့၏။
***