~“ဒီလူက... တကယ့်ကို ယုံနိုင်စရာ မရှိပါလား... ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အောက်တန်းကျရတာလဲ...”
“လွန်လွန်းတယ်... တကယ့်ကို လွန်လွန်းတယ်...”
ဦးလေးဖူသည် ဒေါသထွက်လွန်းသဖြင့် ခြေကိုဆောင့်ကာ အကြိမ်ကြိမ် ရေရွတ်နေလေသည်။
“သူ ပြန်ရောက်ပြီလား... သူ အခု ဘယ်မှာလဲ... ကျုပ် ဒီအဘိုးကြီး ကိုယ်တိုင် သွားတွေ့ပြီး ရှင်းမေးမယ်ဗျာ... သူ့ရဲ့ သံမဏိသွေး နဂါးလှံ က ကျုပ်ရဲ့ ကျောရိုးလောက် မာရဲ့လား ဆိုတာ စမ်းကြည့်ရသေးတာပေါ့...”
ပြောပြောဆိုဆိုနှင့် ဦးလေးဖူသည် တံခါးပေါက်ဆီသို့ ဒေါသတကြီး ထွက်သွားရန် ပြင်လေသည်။
ဆုမိုနှင့် ကပျာကယာ ဝင်ရောက် တားဆီးလိုက်ကြရသည်။ ယန်ရှောင်ယွင်က သက်ပြင်းချရင်း ပြောလိုက်၏။
“ဦးလေးဖူ... စိတ်လျော့ပါဦး... သူ အခု ဟောက်ရန် ကျောင်းတော် မှာပဲ ရှိနေဦးမှာပါ... ဦးလေးဖူ အခု သံမဏိသွေး အာမခံဌာန ကို သွားလည်း တွေ့ရမှာ မဟုတ်ပါဘူး...”
“သူ ပြန်မရောက်သေးဘူးလား...”
ဦးလေးဖူ ခေါင်းငြိမ့်လိုက်သည်။
“ဒါဆိုရင်... တကယ်တမ်း ဘာတွေ ဖြစ်ခဲ့ကြတာလဲ...”
ယန်ရှောင်ယွင်သည် မတတ်သာတော့ဘဲ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည် ပြောပြလိုက်ရသည်။
သို့သော် သူမ ပြောပြသည်မှာ ဟောက်ရန် ကျောင်းတော်ကို သွားခဲ့သည့်နေ့အကြောင်းနှင့် ယန်ရီဇီနှင့် ဘယ်လို အဆင်မပြေဘဲ လမ်းခွဲခဲ့ရသည် ဆိုတာလောက်သာ ပါဝင်သည်။
နောက်ပိုင်း ယန်ရီဇီ သုံးခဲ့သော နည်းဗျူဟာများ၊ လှည့်ကွက်များ အကြောင်းကိုမူ ပါးနပ်စွာ ချန်လှပ်ထားခဲ့သည်။ ဦးလေးဖူကို ဒီလောက်အများကြီး ပြောပြစရာ မလိုပေ။
ဇာတ်လမ်းကို နားထောင်ပြီးနောက် ဦးလေးဖူ၏ ရင်ထဲတွင် ဒေါသအိုးကြီး ပေါက်ကွဲသွားလေ၏။ ဘေးနားတွင် ယန်ရှောင်ယွင် ရှိနေသည်ကိုပင် ဂရုမစိုက်တော့ဘဲ အိမ်တော်ဝင်းထဲတွင် ယန်ရီဇီကို အော်ဟစ် ဆဲဆိုနေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဆုမိုက ဝင်ရောက် ဖျောင်းဖျလိုက်ပြီး ခရီးပန်းလာကြသဖြင့် မျက်နှာသစ်ရန် ရေနွေး ပြင်ဆင်ခိုင်းလိုက်မှ ဦးလေးဖူ အနည်းငယ် ငြိမ်ကျသွားသည်။
ထိုအခါမှသာ ဦးလေးဖူသည် ဆုမို၏ နောက်တွင် ပါလာသူများအကြောင်းကို မေးမြန်းရန် သတိရသွား၏။
ဆုမိုက တစ်ယောက်ချင်းစီကို မိတ်ဆက်ပေးလိုက်ပြီး မကြာမီမှာပင် ရေနွေး ရောက်ရှိလာသည်။
ဆုမို ဦးဆောင်၍ အားလုံး မျက်နှာသစ် သန့်စင်လိုက်ကြသည်။ ခရီးလမ်းတစ်လျှောက်မှ ဖုန်မှုန့်များနှင့် ပင်ပန်းနွမ်းနယ်မှုများ၊ စိတ်မချမ်းမြေ့စရာများကို ရေနှင့်အတူ ဆေးကြောပစ်လိုက်ကြ၏။
ထို့နောက် လျိုမိုနှင့် အခြားသူများ နားနေရန်အတွက် အခန်းများ စီစဉ်ပေးရန် ဦးလေးဖူကို တာဝန်ပေးလိုက်တော့သည်။
လျိုမို၊ ဖုဟန်ယွမ်နှင့် ကျန်းရှောင်ရှောင်တို့ အတွက်တော့ ဤအာမခံဌာနသို့ ပထမဆုံး အကြိမ် ရောက်ဖူးခြင်း ဖြစ်ရာ အရာအားလုံးက ဆန်းသစ်နေသည်။
အာမခံဌာနမှ လူများကလည်း သူတို့ကို စိတ်ဝင်တစား ကြည့်ရှုနေကြ၏။
လျိုမိုကိုတော့ တချို့က မှတ်မိကြသည်။ သို့သော် ဖုဟန်ယွမ်ကိုတော့ ဘယ်သူမျှ မသိကြပေ။
ကျန်းရှောင်ရှောင် ဆိုသည်မှာကတော့ မိန်းကလေးမှန်း ယောကျ်ားလေးမှန်းတောင် ခွဲမရ။
ဆုမိုက ကျန်းရှောင်ရှောင်၏ အခန်းကို ယန်ရှောင်ယွင်၏ အဆောင်ဘက်တွင် စီစဉ်ပေးရန် ပြောလိုက်သောအခါ ဦးလေးဖူက သဘောမတူပေ။
မသင့်တော်ကြောင်း၊ တကယ်လို့ အဲဒီဘက်မှာ အခန်းစီစဉ်ပေးမည် ဆိုလျှင်တောင် ဆုမို၏ အခန်းကို ယန်ရှောင်ယွင်၏ အဆောင်ဘက် ပြောင်းပေးတာမျိုး၊ သို့မဟုတ် ယန်ရှောင်ယွင်၏ အခန်းကို ဒီဘက် ပြောင်းပေးတာမျိုးပဲ ဖြစ်သင့်ကြောင်း ငြင်းဆန်သည်။
ဆုမို မချိပြုံး ပြုံး လိုက်မိပြီး ကျန်းရှောင်ရှောင်က မိန်းကလေးပါဗျာ ဟု ရှင်းပြလိုက်ရသည်။
ဒီစကားကို ကြားတော့ ဦးလေးဖူ ကြောင်အသွားပြီးမှ အခန်းစီစဉ်ပေးဖို့ သဘောတူလိုက်တော့သည်။
သို့သော် သူ ကျန်းရှောင်ရှောင်ကို ကြည့်လိုက်တိုင်း မိန်းကလေး ဆိုသည့် စကားလုံးနှင့် ဘယ်လိုမှ မကိုက်ညီဘူးဟု ခံစားနေရတုန်းပင်။
ခရီးဝေးက ပြန်လာကြတာဆိုတော့ ညစာကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ပေးဖို့က သဘာဝကျပါသည်။
နေမဝင်သေးသည်ကို မြင်တော့ လျိုမိုက ဆုမိုကို ခွင့်တောင်းပြီး ကိစ္စလေးတစ်ခု ရှိလို့ အပြင်ခဏ ထွက်ချင်ကြောင်း ပြောလာ၏။
ဖုဟန်ယွမ်ကလည်း လော့ရှားမြို့၏ စည်ကားပုံကို လေ့လာချင်သည်ဆိုပြီး လိုက်သွားဖို့ ပြင်သည်။
ဆုမိုက ငြင်းစရာ အကြောင်းမရှိသဖြင့် နှစ်ယောက်သားကို အတူတူ လွှတ်လိုက်ပါသည်။
ကျန်းရှောင်ရှောင်ကတော့ စပ်စုချင်စိတ်ဖြင့် ဝင်းထဲတွင် ဟိုကြည့်ဒီကြည့် လျှောက်ကြည့်နေပြီး နောက်ဆုံးတွင် အစေခံမလေးတွေ ခေါ်သွားရာ သူမ၏ အခန်းဆီသို့ လိုက်သွားလေ၏။
မကြာမီမှာပင် အစေခံမလေးတွေက ထူးဆန်းသော မျက်နှာထားတွေနှင့် ဆုမိုဆီ ပြန်ရောက်လာကြသည်။
“သခင်လေး... သခင်လေး ခေါ်လာတဲ့ သိုင်းမယ်ကြီးကလေ... သူ... သူက ကုတင်ပေါ်မှာ မအိပ်ဘူးတဲ့...”
“ဒါဆို ဘယ်မှာ အိပ်မှာလဲ...”
“ကြမ်းပြင်ပေါ်မှာ အိပ်ရာခင်းပြီး အိပ်နေတယ်... သူက အရမ်းလေးလို့ ကုတင်ကျိုးသွားမှာ စိုးလို့တဲ့...”
အစေခံမလေးတွေခမျာ ဤမျှ ထူးဆန်းသော ဖြစ်ရပ်မျိုး တစ်ခါမှ မကြုံဖူးသဖြင့် ကြောင်တောင်တောင် ဖြစ်နေကြသည်။
ဆုမို လက်ကာပြလိုက်၏။
“ထားလိုက်ပါ... သူ့သဘောအတိုင်း နေပါစေ...”
ကျန်းရှောင်ရှောင် ဆိုတာက သာမန် မိန်းကလေးမှ မဟုတ်သည်ကိုး။ ကုတင်ပေါ်မှာ အိပ်လျှင် အိပ်လို့တော့ ရကောင်းရမည်။ သို့သော် အိပ်ရင်း လူးလိုက် လှိမ့်လိုက် လုပ်လျှင် ကုတင် ကျိုးသွားဖို့က သေချာသလောက် ရှိသည်။
အစေခံမလေးတွေ ခေါင်းကုတ်ပြီး ပြန်ထွက်သွားကြ၏။
ယွီကျောက်တီ လေးကတော့...
သူမ၏ အဖြစ်ဆိုးကို ဦးလေးဖူ သိလိုက်ရသောအခါ သနားကရုဏာ သက်သွားပြီး ကျန်းမာရေး အခြေအနေကို နွေးနွေးထွေးထွေး မေးမြန်းကာ ကောင်းကောင်း အနားယူနိုင်မည့် အခန်းတစ်ခန်းကို ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးလေသည်။
အာမခံဌာနသို့ ပြန်ရောက်ပြီး အထွေထွေ ကိစ္စရပ်များကို ရှင်းလင်းပြီးနောက် ဧည့်ခန်းမဆောင်ထဲတွင် ဆုမိုနှင့် ယန်ရှောင်ယွင် နှစ်ယောက်တည်း ကျန်ရစ်ခဲ့ကြသည်။
နှစ်ယောက်သား အကြည့်ချင်း ဖလှယ်လိုက်ပြီး ပြိုင်တူ ပြုံးမိသွားကြ၏။
ဆုမို လက်ခုပ်တီးလိုက်သည်။
“ကဲ... ပြီးပါပြီ... အစ်မယွင်... ခရီးပန်းလာတာ နားလိုက်ပါဦး...”
ယန်ရှောင်ယွင်က စကားပြောရန် ပြင်လိုက်စဉ်မှာပင် အလျင်အမြန် လျှောက်လာသော ခြေသံများကို ကြားလိုက်ရ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အစေခံတစ်ယောက် တံခါးဝသို့ ရောက်ရှိလာပြီး လက်သီးဆုပ် အရိုအသေ ပြုလိုက်သည်။
“ခေါင်းဆောင်... ဒုခေါင်းဆောင်... အပြင်မှာ လာတွေ့တဲ့ ဧည့်သည် ရှိပါတယ်...”
“ဘယ်သူလဲ...”
“သူ့နာမည်က ဟွမ်ယွမ် ပါတဲ့...”
“ဟွမ်ယွမ်...”
ယန်ရှောင်ယွင်က ဆုမိုကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။ ဆုမို၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အပြုံး တစ်ခု ပေါ်လာရ၏။
“မြန်မြန် ဖိတ်ခေါ်လိုက်...”
“ဟုတ်ကဲ့ပါ...”
အစေခံက ခေါင်းငြိမ့်ပြီး ပြန်ထွက်သွားသည်။
ထိုအခါမှ ယန်ရှောင်ယွင်က စကားစလိုက်သည်။
“အိမ်တော်ထိန်းဟွမ်က တော်တော် မြန်တာပဲ...”
“ကျွန်တော် တံခါးပေါက်က ဝင်တာနဲ့ သူက ခြေရာထပ်ပြီး ရောက်လာတာပဲ... ကြည့်ရတာ ကျွန်တော်တို့ကို စောင့်နေတာ ကြာပြီ ထင်တယ်...”
ဆုမို ပြုံးရင်း ခေါင်းခါလိုက်၏။
“ဘာပဲပြောပြော ဒါက လော့ဖုန်း မဟာမိတ်အဖွဲ့ ရဲ့ နယ်မြေလေ... သတင်းစီးဆင်းမှုက သာမန်ထက် အများကြီး ပိုမြန်မှာပေါ့...”
ပေါ့ပေါ့ပါးပါး စကားပြောရင်း ဆုမို မတ်တတ်ရပ်လိုက်ပြီး ယန်ရှောင်ယွင်ကို ခေါ်ကာ ဧည့်သည်ကို ကြိုဆိုရန် အပြင်သို့ ထွက်လာခဲ့သည်။
သိပ်ဝေးဝေး မသွားလိုက်ရပေ။ မနေ့ညကမှ တစ်ခေါက် ဆုံဖူးသော မြို့စားအိမ်တော်မှ အိမ်တော်ထိန်း ဟွမ်ယွမ်သည် အစေခံနောက်မှ လိုက်ပါလာရင်း အာမခံဌာန ဝင်းအတွင်းကို စိတ်ဝင်တစား လိုက်လံကြည့်ရှုနေသည်ကို တွေ့လိုက်ရသည်။
အဝေးမှနေ၍ ဆုမိုက လက်သီးဆုပ် နှုတ်ဆက်လိုက်၏။
“အိမ်တော်ထိန်းဟွမ်... လူကိုယ်တိုင် ကြွရောက်လာတာ ဂုဏ်ယူစရာပါဗျာ... အဝေးကြီးထိ ထွက်မကြိုမိတာကို ခွင့်လွှတ်ပါ...”
“ဟာ... ရပါတယ်... ရပါတယ်...”
ဟွမ်ယွမ်က ကပျာကယာ ခြေလှမ်းကျဲကျဲဖြင့် ရှေ့တိုးလာပြီး ဆုမိုရှေ့သို့ အရောက်တွင် ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင်ဆုက အခုမှ ခရီးက ပြန်ရောက်တာဆိုတော့... ကျွန်တော်တို့က လာပြီး အနှောင့်အယှက် မပေးသင့်ပါဘူး...”
“ဒါပေမဲ့... ကွမ်ချွမ်း တစ္ဆေငါးကောင် ကို မြို့တံခါးဝမှာ ချိတ်ဆွဲထားတဲ့ ကိစ္စရယ်... ကျိုးချင်ချွမ် ကို သာဓကအနေနဲ့ သတ်ပြလိုက်တဲ့ ကိစ္စရယ်ကြောင့်...”
“ကျွန်တော့်သခင်က အရမ်းကို ဝမ်းသာအားရ ဖြစ်နေလို့ပါဗျာ...”
“သူက စောင့်တောင် မစောင့်နိုင်တော့ဘဲ... ကျွန်တော့်ကို အမြန်ဆုံး လာခေါ်ခိုင်းလိုက်တာပါ…”
***