~“တကယ်တော့ တောင်းပန်ရမှာက ကျွန်တော်ပါ ခေါင်းဆောင်ဆု...”
“အိမ်တော်ထိန်းဟွမ်က အားနာစရာ ကောင်းလိုက်တာဗျာ...”
ဆုမိုသည် လက်ကို ဆန့်တန်းလျက် အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
“အထဲဝင်ပြီး စကားပြောကြတာပေါ့...”
ဟွမ်ယွမ်က ခေါင်းငြိမ့်လိုက်ပြီး ယန်ရှောင်ယွင်ကို ဂါရဝပြုလိုက်သည်။ ထို့နောက် ဆုမို၏ နောက်မှ လိုက်ပါလာလေသည်။
လမ်းလျှောက်ရင်း သူက တိုးညှင်းစွာ ရယ်လိုက်ပြီး...
“ဇီယန်အာမခံဌာနက အရင်တုန်းကလည်း ဂုဏ်သတင်း ကြီးမားခဲ့တာပါ... ကြားထဲမှာ အနည်းငယ် ယိမ်းယိုင်ခဲ့ပေမယ့် အခုတော့ ပြန်လည် ဦးမော့လာခဲ့ပါပြီ... ခေါင်းဆောင်ဆုက ငယ်ရွယ်ပေမယ့် ဂုဏ်သတင်းကတော့ နေမင်းကြီးလို တောက်ပနေပြီ... အာမခံဌာနကို ဒီထက်ပိုပြီး တိုးချဲ့နိုင်တာကို မြင်ရတာ တကယ့်ကို အားကျစရာပါဗျာ...”
“ဒါတွေအားလုံးက သိုင်းလောက မိတ်ဆွေတွေရဲ့ ကူညီမှုကြောင့်ပါ... ကျွန်တော်က လူငယ်တစ်ယောက်ပါ... အခြေခံအုတ်မြစ် သိပ်မရှိလှပါဘူး... ကံကောင်းလို့ ဒီအဆင့်ထိ ရောက်လာတာပါ...”
“ဟား... ဟား... ဟား...”
ဟွမ်ယွမ်က သဘောကျစွာ ရယ်လိုက်သည်။
“ခေါင်းဆောင်ဆုက နှိမ့်ချလွန်းနေပါပြီ... ကျွန်တော်တို့ သခင်မလေးဆိုရင် ခေါင်းဆောင်အကြောင်း ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ... သခင်ကြီး ကိုယ်တိုင်လည်း ခေါင်းဆောင်ဆုရဲ့ နာမည်ကို ကြားနေရတာ နားစည်တောင် ကွဲတော့မယ်...”
“သာမန်ကိစ္စတွေကိုတော့ `ကံတရား` လို့ ပြောလို့ရပေမယ့်... သိုင်းလောက ဂုဏ်သတင်း ဆိုတာကတော့ အတုလုပ်လို့ ရတာမှ မဟုတ်တာ...”
စကားပြောရင်း ဧည့်ခန်းမဆောင်သို့ ရောက်ရှိလာကြသည်။
ဧည့်သည်နှင့် အိမ်ရှင် နေရာအသီးသီး ယူလိုက်ကြပြီးနောက် ဆုမိုက ရေနွေးကြမ်း တည်ခင်းဧည့်ခံလိုက်သည်။
ဟွမ်ယွမ်က ရေနွေးတစ်ငုံ သောက်လိုက်ပြီး...
“ဒါဆိုရင်လည်း ရေနွေးလေး တစ်ခွက်လောက် သောက်ပြီး စကားပြောကြတာပေါ့... တကယ်တော့ ဒီနေ့ လာရတဲ့ အကြောင်းရင်းက ခေါင်းဆောင်ဆုဆီကို စာနှစ်စောင် လာပေးတာပါ...”
“စာနှစ်စောင်...”
“ဟုတ်ပါတယ်...”
ဟွမ်ယွမ်က ပြုံးလိုက်ပြီး သူ၏ ဝတ်ရုံလက်အိတ်ကပ်ထဲမှ စာနှစ်စောင်ကို ထုတ်ယူလိုက်၏။
“တစ်စောင်က ကျွန်တော်တို့ သခင်ကြီး ရေးပေးလိုက်တာပါ... `ကျုံးဖူမြို့` ကိစ္စကို သတင်းရပြီးပြီးချင်း ရေးလိုက်တာ... နောက်တစ်စောင်ကတော့... အဲဒီထက် စောပြီး ရေးထားတာပါ...”
“အဲဒါက `ထျန်းယွီမြို့` က သခင်မလေး ရေးပေးလိုက်တာ... ခေါင်းဆောင်ဆု အတွက်ပါ...”
“အရင်တုန်းက ခေါင်းဆောင်ဆု လော့ရှားမြို့ကို ခဏပြန်ရောက်တုန်းက ချက်ချင်း ပြန်ထွက်သွားတယ်လေ...”
“ကျွန်တော်တို့လည်း စာလာပို့ဖို့ အချိန်မရလိုက်ဘူး... ဒါကြောင့် ခေတ္တ သိမ်းထားလိုက်ရတာ...”
“အခုမှပဲ ခေါင်းဆောင်ဆု လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ လာပေးခွင့် ကြုံတော့တယ်...”
“စာဖတ်ပြီးရင် ပြန်စာလေး တစ်စောင်လောက် ရေးပေးပါဦး... ကျွန်တော် ပြန်ယူသွားပြီး သခင်မလေးဆီ ပို့ပေးချင်လို့ပါ...”
ဆုမို သဘောပေါက်သွားပြီး ခေါင်းငြိမ့်လိုက်သည်။
“အိမ်တော်ထိန်းဟွမ်... ဒုက္ခပေးသလို ဖြစ်သွားပြီ...”
စကားပြောနေစဉ် အစေခံတစ်ဦးက ဟွမ်ယွမ်လက်ထဲမှ စာများကို ယူပြီး ဆုမိုထံ လာရောက် ပေးအပ်လေ၏။
စာနှစ်စောင်... တစ်စောင်က အတော်လေး ထူပြီး၊ နောက်တစ်စောင်က ပါးပါးလေး ဖြစ်သည်။
ပါးလွှာသော စာသည် `ဝေရူဟန်` ရေးလိုက်သော စာဖြစ်သည်။
ဆုမို စာအိတ်ကို ဖွင့်ဖောက်ပြီး အမြန် ဖတ်ရှုလိုက်သည်။
သူ ခေါင်းကို အနည်းငယ် ငြိမ့်လိုက်မိ၏။
စာထဲတွင် ကျုံးဖူမြို့ ကိစ္စနှင့် ပတ်သက်ပြီး ဘာမှ ထည့်မရေးထားပေ။ အားပေးစကား အနည်းငယ်နှင့် ဆုမို အားလပ်သည့်ရက်တွင် မြို့စားအိမ်တော်သို့ လက်ဖက်ရည်သောက် လာခဲ့ပါရန် ဖိတ်ခေါ်ထားခြင်းသာ ဖြစ်သည်။
အတိုချုပ် ပြောရလျှင်တော့ ဖိတ်စာ တစ်စောင်ပါပင်။
ဝေရူဟန်က ဆုမိုကို တွေ့ချင်နေသည်။
သို့သော် တရားဝင် ဖိတ်စာပို့လိုက်လျှင် အခမ်းအနား ဆန်လွန်းရာ ကျနေမည်။
ဝေရူဟန်၏ ဂုဏ်ဒြပ်နှင့် ဆိုလျှင် သာမန်လူတစ်ယောက်ကို ပါးစပ်ရာဇသံ လွှတ်လိုက်ရုံဖြင့် လုံလောက်သည်။
သို့သော်၊ ဆုမိုကျတော့ ပါးစပ်ရာဇသံ လွှတ်လိုက်ပြန်လျှင်လည်း ပေါ့ပျက်ပျက် နိုင်လွန်းရာ ကျနေပြန်၏။
ထို့ကြောင့် သူသည် တလေးတစားဖြင့် စာရေးပြီး ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ တရားဝင် ဆန်သလိုလိုနှင့် ရင်းနှီးမှုလည်း ပါဝင်နေသည်။
ဆုမို ခေါင်းငြိမ့်လိုက်ပြီး စာကို ယန်ရှောင်ယွင် ဖတ်ရှုရန် ကမ်းပေးလိုက်သည်။ ထို့နောက် `ဝေဇီယီ` ၏ စာကို ဆက်လက် ဖွင့်ဖောက်လိုက်သည်။
ဒီစာထဲမှာတော့ အကြောင်းအရာတွေ အများကြီး ပါဝင်နေ၏။
ပထမဆုံး အနေဖြင့် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ပြီးခဲ့သော တစ်ခေါက်တုန်းက သူမဆီ ဝင်မတွေ့ခဲ့သည့်အတွက် စိတ်ကောက်ကြောင်း ရေးသားထားသည်။
`လမ်းငါးသွယ်ဆုံရပ်`မှ ပြန်လာစဉ် `ဟွေမြစ်` ကို ဖြတ်ကူးပြီး `ရှုလု` နှင့် တွေ့ဆုံခဲ့ရသည်။ `မန်ဒရင်းဘဲ စာရင်း` ကို လိုချင်နေကြသော မသမာသူများ၏ အကြံအစည်ကို သိခဲ့ရ၏။
ထို့ကြောင့် သူတို့သည် ထျန်းယွီမြို့ကို ဖြတ်သန်းခဲ့သော်လည်း ရပ်နားခြင်း မပြုဘဲ ခရီးဆက်ခဲ့ကြခြင်း ဖြစ်သည်။
ဒီကိစ္စက `လော့ဖုန်း မဟာမိတ်အဖွဲ့` ၏ သခင်မလေးကို စိတ်ထိခိုက်သွားစေပုံ ရ၏။
ကျန်တာတွေကတော့ အိမ်တွင်းရေးရာ ကိစ္စတွေသာ ဖြစ်ပြီး လော့ဖုန်း မဟာမိတ်အဖွဲ့၏ အတွင်းရေး နိုင်ငံရေး အရှုပ်အထွေးများအကြောင်း တစ်လုံးမှ မပါဝင်ပေ။
ဆုမိုနှင့် ထားရှိခဲ့သော ကတိကဝတ်ကို သူမ ကောင်းကောင်း မှတ်မိနေပုံ ရသည်။
ဆုမို စာကို ဖတ်ရင်း အလိုအလျောက် ပြုံးလိုက်မိသည်။ စာကို ယန်ရှောင်ယွင် လက်ထဲ ထည့်ပေးလိုက်ပြီးနောက် မင်၊ စုတ်တံနှင့် စာရွက် ယူလာရန် အစေခံကို လှမ်းခေါ်လိုက်၏။
အစေခံကို စောင့်နေရင်း ဆုမိုက ဟွမ်ယွမ်ကို မေးလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ကြီးရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိလဲ...”
“အာ... ကျန်းမာပါတယ်ဗျာ... တောင့်တောင့်တင်းတင်းပါပဲ...”
ဟွမ်ယွမ်က သက်ပြင်းချလိုက်ပြီး ဆုမိုကို ပြုံးကြည့်ရင်း ဆက်ပြောသည်။
“ခေါင်းဆောင်ဆုက လူစိမ်းမှ မဟုတ်တာ... ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ့မယ်...”
“လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ အခြေအနေ လုံးဝ တည်ငြိမ်မသွားမချင်း... မဟာမိတ်ခေါင်းဆောင်ကြီးက မျက်လုံးမှိတ်သွားမှာ မဟုတ်ပါဘူး...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီး တစ်ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။
“မဟာမိတ်ခေါင်းဆောင်ကြီးက စာထဲမှာ ကျွန်တော့်ကို ဖိတ်ထားတယ်... ကျွန်တော့်အစား ပြန်ပြောပေးပါ... မကြာခင် ဆုမို လာတွေ့ပါ့မယ်လို့...”
“ကောင်းပါပြီဗျာ...”
ဟွမ်ယွမ်က ချက်ချင်း ရယ်လိုက်သည်။
“ဒီနှစ်ပိုင်းတွေ အတွင်းမှာ မဟာမိတ်ခေါင်းဆောင်ကြီး အပျော်ရွှင်ဆုံးကိစ္စက လော့ရှားမြို့မှာ ခေါင်းဆောင်ဆုလို လူငယ်မျိုးဆက်သစ် ပေါ်ထွန်းလာတာပဲ... ခေါင်းဆောင်ဆုရဲ့ စကားကို ကြားရင် သူ သေချာပေါက် ဝမ်းသာသွားမှာပါ...”
ထိုအချိန်တွင် အစေခံက စာရေးကိရိယာများ ယူဆောင်လာသည်။ ဆုမိုသည် ဟွမ်ယွမ်နှင့် ပေါ့ပါးစွာ စကားပြောရင်း စာရေးလိုက်၏။
စုတ်တံချက် အနည်းငယ် လှုပ်ရှားရုံဖြင့် စာရေးခြင်း ပြီးဆုံးသွားသည်။
ဟွမ်ယွမ် မျက်လုံးပြူးသွားရ၏။
ပြန်စာက ဘာလို့ ဒီလောက် တိုတောင်းနေရတာလဲ။
ဆုမိုက စာကို ယန်ရှောင်ယွင်အား ပြလိုက်သည်။ ယန်ရှောင်ယွင်က တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းစွာ ရယ်လိုက်သည်။
“နင် မကြောက်ဘူးလား... သူ ကိုယ်တိုင် လာပြီး စာရင်းရှင်းလိမ့်မယ်နော်...”
“သူက အခုဆိုရင် အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ် ဖြစ်နေပြီလေ... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်၊ ထျန်းယွီမြို့ရဲ့ ဒုတိယမြို့စား... ဘယ်လိုလုပ် စိတ်ရှိတိုင်း ပြန်လာလို့ ရမှာလဲ...”
ဆုမိုက ပြုံးလိုက်ပြီး မင်ခြောက်အောင် ခါလိုက်သည်။ ထို့နောက် ဟွမ်ယွမ်ကို ပြောလိုက်သည်။
“အိမ်တော်ထိန်းဟွမ်... တစ်ချက်လောက် ဖတ်ကြည့်ချင်လား...”
“ဟာ... မဖြစ်ပါဘူး... မဖြစ်ပါဘူး...”
ဟွမ်ယွမ်က လက်ကာပြရင်း `ကပျာကယာ` ငြင်းလိုက်သည်။
“ခေါင်းဆောင်နဲ့ သခင်မလေးကြားက ကိုယ်ရေးကိုယ်တာ စာကို ကျွန်တော်က ဖတ်ကြည့်လို့ ဘယ်သင့်တော်ပါ့မလဲ... သခင်မလေး သိရင် ကျွန်တော့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး...”
“ဒါလည်း ဟုတ်တာပဲ...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီး စာအိတ်ပိတ်ကာ ဟွမ်ယွမ်ကို ကမ်းပေးလိုက်သည်။
“ရပါတယ်ခင်ဗျာ... ကိစ္စမရှိပါဘူး... ဒါဆိုရင် ကျွန်တော် ခွင့်ပြုပါဦး... ခေါင်းဆောင်ဆုရဲ့ အလည်အပတ် ခရီးစဉ်ကို မျှော်လင့်နေပါ့မယ်…”
***