~“အစ်မယွင်... နေ့ခင်းကြောင်တောင်ကြီးဗျာ... အစ်မက ကျွန်တော့်ကို အခွင့်ကောင်းယူမလို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်...”
ဆုမိုသည် သူ့ရှေ့တွင် တိုးတိုးတိတ်တိတ် လုပ်နေသော ယန်ရှောင်ယွင်ကို မျက်လုံးပြူးကာ မယုံနိုင်သလို မေးလိုက်၏။
ယန်ရှောင်ယွင် အနည်းငယ် တုန်လှုပ်သွားသော်လည်း တစ်ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေသည်။
“အခွင့်ကောင်း ယူတယ်လို့ ပြောလို့ရမလားဟင်... ဒါက တရားဝင် ဖြစ်နေပြီ မဟုတ်ဘူးလား...”
“...”
‘အကျိုးကြောင်းကတော့ ဆီလျော်သားပဲ။
ဆုမို စဉ်းစားလိုက်မိသည်။ လူကြီးတွေနဲ့ တွေ့ပြီးမှတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ ဆိုတာ မှန်ပါတယ်။
ဒါပေမဲ့ ဒီလောက် မြန်မြန်ကြီး တိုးတက်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူးလေ’
“ကဲ... စကားမများနဲ့တော့... ငါ့နောက်လိုက်ခဲ့...”
ယန်ရှောင်ယွင်က ဆုမိုကို ကုတင်ဆီသို့ ဆွဲခေါ်သွားသည်။
ဆုမို အသက်ပြင်းပြင်း ရှူလိုက်သည်။
“မြန်လွန်းနေပြီ မဟုတ်ဘူးလားဗျာ...”
“မြန်စရာ ဘာရှိလို့လဲ...”
ယန်ရှောင်ယွင်က ပြန်ပြောသည်။
“သိုင်းပညာ လေ့ကျင့်တဲ့နေရာမှာ ဘယ်တော့မှ အချိန်မဆွဲရဘူး...”
“သိုင်းပညာ...”
ဆုမို အံ့အားသင့်သွားသည်။
“အစ်မက ကျွန်တော့်ကို `ယိရွှမ် နတ်ဘုရားသိုင်း` သင်ပေးမလို့လား...”
“ဘယ်လိုလုပ် သိတာလဲ...”
ယန်ရှောင်ယွင် ပိုပြီး အံ့အားသင့်သွားသည်။
“အဖေ ပြောပြလိုက်တာလား...”
“မပြောပါဘူး... နည်းနည်းလောက် စဉ်းစားကြည့်လိုက်ရင် သိသာနေတာပဲဟာ...”
ဆုမို မနေနိုင်ဘဲ `မချိပြုံး` လိုက်မိသည်။
“ကျွန်တော်က အစ်မ ကျွန်တော့်အပေါ် မရိုးသားတဲ့ အကြံအစည် ရှိနေတယ် ထင်လို့... အလကား ရင်ခုန်လိုက်ရသေးတယ်...”
“ နင် ဘာတွေ ပြောနေတာလဲဟယ်...”
ယန်ရှောင်ယွင် မျက်စောင်းထိုးလိုက်သည်။
“ရှောင်မို... ငါတို့ မင်္ဂလာမဆောင်ရသေးဘူးနော်... ဒီလို ရှုပ်ထွေးတဲ့ ကိစ္စတွေအတွက် မလောစမ်းပါနဲ့...”
“...အစ်မက လောနေတယ် ထင်လို့ပါ...”
“...ငါ လုံးဝ မလောပါဘူးနော်... ဟွန်း...”
ယန်ရှောင်ယွင်က နှာခေါင်းရှုံ့လိုက်ပြီးမှ ဆက်မေးသည်။
“ဒါနဲ့... ငါ နင့်ကို ယိရွှမ် နတ်ဘုရားသိုင်း သင်ပေးမယ် ဆိုတာ ဘယ်လို သိတာလဲ...”
“မှန်းကြည့်လိုက်တာပါ...”
ဆုမိုက ရှင်းပြသည်။
“အဲဒီညတုန်းက `ဦးလေးယန်` က အစ်မကို သီးသန့် ခေါ်ထုတ်သွားတယ်လေ... ညဉ့်နက်သန်းခေါင်ကြီး မအိပ်ဘဲ တိုးတိုးတိတ်တိတ် လုပ်နေမှတော့... အစ်မကို လျှို့ဝှက်သိုင်းပညာ တစ်ခုခု သင်ပေးနေတာ သေချာပေါက် ဖြစ်ရမယ်... နောင်ကျရင် ကျွန်တော့်အနိုင်ကျင့်တာ မခံရအောင်လို့ပေါ့...”
“အစ်မက `တာ့ရှန် ရွှမ်ထင်း သိုင်းကျမ်း`ကိုလည်း ကျွမ်းကျင်နေပြီ... `မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း ` ဆိုရင် ပြောစရာတောင် မလိုတော့ဘူး...”
“`ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း` ကတော့ လူရှေ့သူရှေ့ ထုတ်ပြလို့ မရဘူး... ဒါကြောင့် လက်ချိုးရေကြည့်လိုက်ရင် ဦးလေးယန် သင်ပေးနိုင်တာက ယိရွှမ် နတ်ဘုရားသိုင်းပဲ ရှိတော့တယ်... ပြီးတော့ သေရေးရှင်ရေး အခြေအနေ မဟုတ်ရင် ထုတ်မသုံးဖို့လည်း မှာလိုက်မှာပဲ...”
“...နင်က နတ်မျက်စိ ရနေတာလား...”
ယန်ရှောင်ယွင် စကားဆွံ့အသွားသည်။ ဆုမိုက ပါးနပ်မှန်း သိသော်လည်း... ဒီလောက်အထိ အကုန်သိနေလိမ့်မည်ဟုတော့ ထင်မထားခဲ့မိပါ။
နည်းနည်းတော့ လွန်လွန်းနေပြီ။
သူမက ဆုမို၏ လက်ကို ဆွဲကိုင်လိုက်၏။
“ကဲ... သင်မှာလား... မသင်ဘူးလား...”
ဆုမို ခဏ စဉ်းစားလိုက်သည်။
“ယိရွှမ် နတ်ဘုရားသိုင်းက သာမန် သိုင်းပညာ မဟုတ်ဘူး... အရင်ဆုံး ရွတ်ပြပါဦး... ပြီးမှ ကျင့်မကျင့် ဆုံးဖြတ်မယ်...”
“ကောင်းပြီ... သေချာ နားထောင်နော်...”
အခန်းထဲမှာ နှစ်ယောက်တည်း ရှိနေတာတောင် ယန်ရှောင်ယွင်က အသံတိုးတိုးဖြင့် ရွတ်ပြသည်။
ယိရွှမ် နတ်ဘုရားသိုင်း၏ သိုင်းကျမ်း စာသားက မရှည်လျားလှပေ။ စာလုံးရေ (၅၀၀) ခန့်သာ ရှိသဖြင့် ယန်ရှောင်ယွင်က ခဏအတွင်း ရွတ်ဆိုပြီးသွားသည်။
ဆုမို၏ သိုင်းပညာ အဆင့်အတန်းက သာမန်ထက် ကျော်လွန်နေပြီ ဖြစ်၏။ သိုင်းပညာအပေါ် သူ၏ နားလည်သဘောပေါက်မှုကလည်း သာမန်လူတွေ စိတ်ကူးမယဉ်နိုင်လောက်အောင် နက်ရှိုင်းလှသည်။
သိုင်းကျမ်းစာသားကို ကြားလိုက်တာနှင့် သူ ချက်ချင်း သဘောပေါက်သွား၏။
အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ဆုမို ခေါင်းငြိမ့်လိုက်သည်။
“ဦးလေးယန် ပြောတာ မှန်တယ်... ယိရွှမ် နတ်ဘုရားသိုင်းက တကယ်ကို ထူးခြားတာပဲ...”
“ဒါပေမဲ့... လောကသိုင်းပညာ အားလုံးရဲ့ အနှစ်သာရလို့ ပြောတာကတော့... နည်းနည်း ပိုလွန်းရာ မကျဘူးလား...”
“ဟင်...”
ယန်ရှောင်ယွင်က ပြုံးရင်း မေးလိုက်သည်။
“ဒါဆို ကျင့်မှာလား...”
“ကျင့်မယ်...”
ဆုမိုသည် ကုတင်ပေါ်သို့ ခုန်တက်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။ လက်ချောင်းများကို လှုပ်ရှားကာ အသင့်ပြင်လိုက်ပြီး သူ၏ `အတွင်းအား`များကို ယိရွှမ် နတ်ဘုရားသိုင်း၏ လမ်းကြောင်းအတိုင်း သဘာဝကျကျ စတင် လည်ပတ်စေလိုက်၏။
ဒါကို မြင်တော့ ယန်ရှောင်ယွင်က စကားမပြောတော့ဘဲ ဘေးနားတွင် အစောင့်အရှောက် အဖြစ် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။
ရုတ်တရက်... လေပြင်းတစ်ခု စတင် တိုက်ခတ်လာပြီး ဆုမို၏ ဘေးပတ်လည်တွင် လှည့်ပတ်နေသည်ကို ခံစားလိုက်ရသည်။
ယန်ရှောင်ယွင် လန့်သွားပြီး ဆုမိုကို `ကပျာကယာ` လှည့်ကြည့်လိုက်သည်။ ဆုမို၏ တစ်ကိုယ်လုံးမှ နဂါးဟိန်းသံများ ထွက်ပေါ်လာပြီး နောက်ထပ် ခေါင်းလောင်းထိုးသံကဲ့သို့ ပဲ့တင်သံများပါ ဆက်တိုက် ထွက်ပေါ်လာ၏။
ဒီရုတ်တရက် ပြောင်းလဲမှုကြောင့် ယန်ရှောင်ယွင် ဇဝေဇဝါ ဖြစ်သွားပြီး အလိုအလျောက် စိတ်ပူလာသည်။
သူမ ယိရွှမ် နတ်ဘုရားသိုင်းကို ကျင့်ကြံတုန်းက ဒီလို ဖြစ်ရပ်မျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။
ထိုအချိန်တွင် ဆုမို၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခု ပျံ့နှံ့နေသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော်၊ သေချာ အာရုံခံကြည့်လိုက်တော့ ဒီနွေးထွေးမှုက ခံစားမှုသက်သက်သာ ဖြစ်ပြီး လေထုအပူချိန်ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။
သို့သော် သူမ၏ အာရုံထဲတွင် ကုတင်ပေါ်၌ ထိုင်နေသော လူသားသည် နေမင်းကြီး တစ်စင်းအလား တောက်ပ ပူနွေးနေသကဲ့သို့ ထင်မှတ်ရ၏။
နဂါးဟိန်းသံ၊ ခေါင်းလောင်းသံနှင့်အတူ နေမင်းကြီး၏ တောက်ပသော အလင်းရောင်များ ပေါင်းစပ်သွားပြီး အသံသုံးမျိုး တစ်သားတည်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် ဆုမိုသည် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး အောက်သို့ ဖိချလိုက်သည်။ နားထဲတွင် ကြားနေရသော ဆူညံသံများ အားလုံး ပျောက်ကွယ်သွားလေ၏။
ဆုမို မျက်လုံး ဖွင့်လိုက်သည်။ သူ၏ လက်ဝါးကို တစ်ချက် ကြည့်လိုက်ပြီး စိတ်အာရုံ စူးစိုက်လိုက်ရာ လက်ဝါးရိုက်ချက် တစ်ခု ထွက်ပေါ်လာသည်။
အသုံးပြုလိုက်သော သိုင်းကွက်မှာ `မဟာနေမင်း ဖြန့်ကျက်လက်ဝါး` ပင် ဖြစ်၏။
သို့သော် ဒီလက်ဝါးချက်ထဲတွင် ပါဝင်နေသော `အတွင်းအား` သည် အလွန် ပြင်းထန်ရုံသာမက နေမင်းကြီး၏ ပူပြင်းသော အရှိန်အဝါများပါ ပါဝင်နေသည်။ နေမင်းကြီး တစ်စင်း သူတို့ရှေ့တွင် ရောက်နေသည့်နှယ်ပင်။
“`နေမင်းရောင်ခြည် နှလုံးသား ကျင့်စဉ်` လား...”
ဆုမိုတွင် မည်သည့် `ယန်`ဓာတ် သိုင်းပညာ ရှိသည်ကို ယန်ရှောင်ယွင် ကောင်းကောင်း သိသည်။
သို့သော် ဆုမို၏ နေမင်းရောင်ခြည် နှလုံးသား ကျင့်စဉ်က အထွတ်အထိပ် ရောက်နေရင်တောင် ဒီလောက် စွမ်းအားကြီးမှာ မဟုတ်ပေ။
ဆုမိုက လက်ဝါးကို ပြန်ရုပ်သိမ်းလိုက်ပြီး ခေါင်းကို အသာအယာ ငြိမ့်လိုက်သည်။
“နေမင်းရောင်ခြည် နှလုံးသား ကျင့်စဉ် တစ်ခုတည်း မဟုတ်ဘူး... ယိရွှမ် နတ်ဘုရားသိုင်းက ကျွန်တော့်ရဲ့ မူလ အတွင်းအားကို မြှင့်တင်ပေးလိုက်တာ... တကယ်ကို ထူးခြားတယ်...”
“ဒီ နတ်ဘုရားသိုင်းက လောကသိုင်းပညာ အားလုံးရဲ့ အနှစ်သာရ ဆိုတာ ဖြစ်နိုင်ချေ ရှိတယ်...”
“ကျွန်တော် သင်ယူထားတဲ့ သိုင်းပညာတွေက... အတွင်းအား သက်သက်ပဲ ဖြစ်ဖြစ်၊ အတွင်းနဲ့ အပြင် ပေါင်းစပ်ထားတာပဲ ဖြစ်ဖြစ်... အားလုံးပေါင်း သုံးမျိုး ရှိတယ်...”
“ဒါပေမဲ့ ဒီသိုင်းပညာနဲ့ ဆိုရင်... အဲဒီ သုံးမျိုးစလုံးကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစပ်လို့ ရသွားပြီ...”
“အစပျိုး အဆင့်ပဲ ရှိသေးပေမယ့်... သူ့ရဲ့ ထူးခြားမှုကိုတော့ မြင်နေရပြီ...”
“ပေါင်းစပ်လိုက်တယ် ဟုတ်လား...”
ယန်ရှောင်ယွင် အံ့ဩသွားသည်။
“ယိရွှမ် နတ်ဘုရားသိုင်းက ကိုယ်ပိုင် အတွင်းအားကိုပဲ မြှင့်တင်ပေးတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီလောက် အံ့သြစရာကောင်းတဲ့ ရလဒ်တွေ ထွက်လာရတာလဲ...”
ဆုမို ခေါင်းခါလိုက်သည်။
“အဲဒါတော့ ကျွန်တော်လည်း မသိဘူး...”
“ဒါပေမဲ့... ယိရွှမ် နတ်ဘုရားသိုင်းက ထင်ထားသလောက် မရိုးရှင်းဘူးလို့တော့ ခံစားရတယ်...”
“ဒီ `အတွင်းအား ကျင့်စဉ်` မှာ နောက်ထပ် လျှို့ဝှက်ချက်တွေ ရှိနေဦးမယ် ထင်တယ်...”
“ဒါနဲ့... ဆက်ပြောပါဦး... နင်ကရော ဘယ်အဆင့်ထိ ရောက်နေပြီလဲ…”
***