~“အာမခံဌာနက တပည့်တွေကို သိုင်းပညာ လက်ဆင့်ကမ်းတယ် ဆိုတာက အရင်တုန်းကလည်း လုပ်ခဲ့ဖူးကြတာပါပဲ...”
“ဒါပေမဲ့... တပည့် ဆိုတဲ့ ခေါင်းစဉ် တပ်လာပြီ ဆိုရင်တော့... ရှင်းလင်းပြတ်သားတဲ့ သတ်မှတ်ချက်တွေ ရှိဖို့ လိုတယ်...”
“အာမခံဌာနထဲ ဝင်လာတဲ့ လူတိုင်းကို သိုင်းပညာ သင်ပေးမယ် ဆိုတဲ့ သဘောမျိုးတော့ မဖြစ်သင့်ဘူး...”
“အနည်းဆုံးတော့... နင့်ကို ဆရာတင်ရမယ်... ဂိုဏ်းထဲကို တရားဝင် ဝင်ရမယ်... ရေနွေးကမ်းပြီး အရိုအသေပြုရမယ်... ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး...”
“ငါတို့ အာမခံဌာနက `ဇီယန်အာမခံဌာန` ... `ဇီယန်` ဆိုတဲ့ နာမည်ကို သုံးထားတာ... ဒါကြောင့် ဒီကိစ္စကို `ဇီယန်ဂိုဏ်း`ကို အရင် အသိပေးရမယ်...”
“နင့် သိုင်းပညာက ဇီယန်ဂိုဏ်းက မဟုတ်ဘူး ဆိုပေမယ့်... နင့်ရဲ့ လက်ရှိ ဂုဏ်သတင်းအရ သူတို့ကို ကျော်ခွပြီး လုပ်လို့မရဘူး...”
“အသိပေးပြီးရင်... သင်ပေးမယ့် သိုင်းပညာက ဇီယန်ဂိုဏ်းက ဟုတ်မဟုတ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြရမယ်...”
“တကယ်လို့ ဇီယန်ဂိုဏ်းက သိုင်းပညာ ဖြစ်နေခဲ့ရင်... ဇီယန်ဂိုဏ်းက လက်မခံရင် သင်ပေးလို့ မရဘူး...”
“တကယ်လို့ သူတို့ သဘောတူတယ် ဆိုရင်တော့... ဝမ်းသာစရာပေါ့...”
“ဇီယန်ဂိုဏ်းက သိုင်းပညာ မဟုတ်ဘူး ဆိုရင်လည်း... သူတို့ကို ရှင်းပြလိုက်ရင် သူတို့က ဘာမှ ကန့်ကွက်မှာ မဟုတ်ပါဘူး...”
“ဘာပဲဖြစ်ဖြစ်... ဇီယန်ဂိုဏ်းနဲ့ အငြင်းပွားစရာ ကိစ္စတွေ မဖြစ်အောင် ကြိုတင် ကာကွယ်ထားတာ အကောင်းဆုံးပဲ...”
ဆုမိုက ယန်ရှောင်ယွင်၏ စကားများကို နားထောင်ရင်း ခေါင်းကို တရစပ် ငြိမ့်နေမိသည်။
“အစ်မယွင် ပြောတာ အကျိုးကြောင်း ဆီလျော်ပါတယ်...”
“နောက်တစ်ခုက... တပည့် လက်ခံမယ် ဆိုရင် သူတို့ရဲ့ စိတ်နေသဘောထားကို အရင်ဆုံး သေချာ စောင့်ကြည့်ရမယ်...”
“ဒီအချက်ကို တခြား အာမခံအဖွဲ့မှူးတွေကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြထားရမယ်...”
“ဂိုဏ်းထဲ ဝင်မယ့်လူကို သေချာ ရွေးချယ်ရမယ်... လူတိုင်းကို လိုက်သင်ပေးနေရင် ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်...”
“တပည့်ရွေးတယ် ဆိုတာက နှစ်ဖက်စလုံး သဘောတူမှ ဖြစ်တာ... ဆရာတင်ပြီး ဂိုဏ်းဝင်ချင်တဲ့လူကို သင်ပေးမယ်... မဝင်ချင်တဲ့လူကလည်း အပြစ်ပြောလို့ မရဘူး...”
“ဒီလို လုပ်လိုက်ရင်... တခြား အာမခံအဖွဲ့မှူးတွေ အနေနဲ့လည်း ဂိုဏ်းဝင်ခွင့်ရဖို့ အာမခံဌာနအတွက် ပိုကြိုးစားလာကြလိမ့်မယ်...”
ယန်ရှောင်ယွင်က စကားကို ခဏရပ်လိုက်ပြီး...
“ဒါ့အပြင်... အသေးစိတ် အချက်အလက်တချို့ ရှိသေးတယ်...”
ယန်ရှောင်ယွင်က ဆက်လက် ရှင်းပြနေသည်။ အသေးစိတ် အချက်အလက်များ၊ ထောင့်ပေါင်းစုံမှ စဉ်းစားရမည့် ကိစ္စများကို အကုန်အစင် ဆွေးနွေးတင်ပြ၏။
ထိုအခါမှသာ ဆုမို သဘောပေါက်လိုက်သည်။
‘သိုင်းပညာ သင်ပေးတယ်.. ဆိုတာက တပည့်ခံပြီး ရေနွေးကမ်းရုံနဲ့ ပြီးတာမှ မဟုတ်ဘဲ။
အာမခံဌာန ဆိုတာက စီးပွားရေးလုပ်ငန်း တစ်ခုလေ။ အာမခံအဖွဲ့မှူးတွေကို သိုင်းသင်ပေးမယ် ဆိုရင်... ဆွေးနွေးစရာတွေ အများကြီး ရှိသေးတာပဲ’
ဒီကိစ္စနှင့် ပတ်သက်လျှင် ဆုမို၏ နားလည်မှုက အပေါ်ယံလောက်သာ ရှိသေးသည်။
ယန်ရှောင်ယွင်၏ အကူအညီနှင့် ပြန်လည် တည့်မတ်ပေးဖို့ လိုအပ်နေ၏။
ဆုမို၏ ကိုယ်ပိုင် အကြံဉာဏ်တွေနှင့် ပေါင်းစပ်ပြီး... နှစ်ယောက်သား ညနေစောင်းသည့်အထိ မနားတမ်း ဆွေးနွေး တိုင်ပင်ကြပြီးမှ နောက်ဆုံး အဖြေတစ်ခု ထွက်လာကြသည်။
ဆုမို သင်ပေးမည့် သိုင်းပညာမှာ `လုံရှန်း ဉာဏ်ဖွင့် နတ်ဘုရားကျင့်စဉ်` ဖြစ်သည်။
ဆွေးနွေးပြီးနောက် ဆုံးဖြတ်လိုက်ကြသည်မှာ... ဇီယန်ဂိုဏ်းကို အသိပေးပြီးမှ အာမခံအဖွဲ့မှူးများကို စတင် သင်ကြားပေးမည် ဖြစ်၏။
သို့သော် ၊... ပထမအဆင့် ကိုပဲ သင်ပေးမည်။
နောက်ထပ် အဆင့်တွေကို ဆက်လက် သင်ယူချင်သည် ဆိုလျှင်တော့... ဆုမို၏ တပည့်အရင်းအဖြစ် တရားဝင် ခံယူမှသာ သင်ပေးမည် ဖြစ်သည်။
စကားပြောနေရင်း ညနေစောင်းလာ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ဆွေးနွေးမှု အဆုံးသတ်ခါနီးတွင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။
မတ်တတ်ရပ်ပြီး တံခါးဖွင့်ကြည့်လိုက်သောအခါ အစေခံမလေး တစ်ယောက် အပြေးအလွှား ရောက်လာသည်ကို တွေ့လိုက်ရ၏။
ဆုမိုကို မြင်လိုက်တော့ အစေခံမလေး မျက်နှာ ရဲသွားသည်။ တစ်စုံတစ်ခုကို တွေးမိသွားပုံ ရပြီး အသံတိုးတိုးဖြင့် ပြောသည်။
“ခေါင်းဆောင်... ဒုခေါင်းဆောင်... အဖွဲ့မှူးလျို.. ပြန်ရောက်လာပါပြီ... ဦးလေးဖူက လာခေါ်ခိုင်းလိုက်လို့ပါ... အဖွဲ့မှူးလျိုက လူတွေ အများကြီး ခေါ်လာတယ်လို့ ပြောပါတယ်...”
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပြီး ကပျာကယာ ထွက်သွားကြ၏။
အိမ်တော်ဝင်းအတွင်းရှိ သိုင်းလေ့ကျင့်ရေး ကွင်းပြင်သို့ ရောက်သောအခါ လူအများအပြား စကား ပြောဆိုကာ ရယ်ရယ်မောမော ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
ဆုမို တစ်ချက် ဝေ့ကြည့်လိုက်ရာ... `ဝမ်ရှင်း ကုန်သွယ်ရေး အဖွဲ့အစည်း`၏ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ဖြစ်နေကြောင်း သိလိုက်ရ၏။
ဆုမိုတို့ ရောက်လာသည်ကို မြင်သောအခါ အားလုံးက လက်သီးဆုပ် အရိုအသေ ပြုကြသည်။
“ခေါင်းဆောင်ဆု... ဒုခေါင်းဆောင်ယန်..မဂ်လာပါ...”
လျိုမိုက ရှေ့ထွက်လာ၏။
“ခေါင်းဆောင်... ကျွန်တော် ဒီတစ်ခေါက် အပြင်ထွက်တာ... ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်မိတယ်... အပြစ်ရှိရင် ပေးပါခင်ဗျာ...”
“ဟေ...”
ဆုမို ပြုံးလိုက်သည်။
“အဖွဲ့မှူးလျူက ဘာဆုံးဖြတ်ချက်များ ချလိုက်လို့လဲ...”
“ဒီတစ်ခေါက် လော့ရှားမြို့ကို ပြန်ရောက်တာက... ဝမ်ရှင်း ကုန်သွယ်ဌာနက တာဝန်ခံကြီးတို့ကို တရားဝင် နှုတ်ဆက်ဖို့ပါ... ခေါင်းဆောင် သိတဲ့အတိုင်းပဲ... `ကောင်းကင်ဓားဂိုဏ်း` ကိစ္စတွေ ရှုပ်ထွေးနေတုန်းက ကျွန်တော် ဒီကိစ္စတွေကို ဖြေရှင်းဖို့ အချိန်မရခဲ့ဘူးလေ...”
“အခု ပြန်ရောက်ပြီဆိုတော့... ရှောင်နေလို့ မဖြစ်တော့ဘူး...”
“ဆိုင်တာဝန်ခံကြီးလည်း ရှိနေတုန်းဆိုတော့... လက်ဖက်ရည်ဝင်သောက်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်တယ်... ဝမ်ရှင်း ကုန်သွယ်ရေး အဖွဲ့အစည်းနဲ့ လမ်းခွဲတာကို ကောင်းကောင်းမွန်မွန် အဆုံးသတ်ခဲ့ပါတယ်...”
လျိုမိုက ဆက်ပြောသည်။
“ဒါပေမဲ့ မထင်မှတ်ထားတာက... ကျွန်တော်.. မိတ်ဆွေဟောင်းတွေကို သွားနှုတ်ဆက်တော့... သူတို့ထဲက အများစုက ကျွန်တော်နဲ့အတူ ဇီယန်အာမခံဌာနကို လိုက်လာချင်ကြတယ်...”
“ကျွန်တော် သူတို့ကို ရှင်းပြပါတယ်... ကျွန်တော်က အာမခံအဖွဲ့မှူးပဲ ရှိသေးတာ... ရာထူးတောင် တရားဝင် မရသေးဘူးလို့...”
“ကျွန်တော့်နောက် လိုက်လာရင် ခေါင်းဆောင်က လက်ခံပါ့မလား မသေချာဘူးလို့...”
“တကယ်လို့ အာမခံဌာနကို ဝင်ချင်ရင်... ကိုယ့်သဘောနဲ့ ကိုယ် လာလျှောက်သင့်တယ်လို့...”
“ဒါပေမဲ့ ဒီကောင်တွေက ပြောကြတယ်... သူတို့ ကိုယ့်သဘောနဲ့ ကိုယ် လာချင်ပါတယ်တဲ့... ဒါပေမဲ့ ခေါင်းဆောင်ဆုက အရိပ်မပြ အကောင်မမြင် ဖြစ်နေတော့... သူတို့ လာလျှောက်တာ ခဏခဏ ရှိပြီ... အာမခံဌာနက လူတွေက လက်မခံရဲကြဘူးတဲ့...”
“အခု ကျွန်တော်က အာမခံအဖွဲ့မှူး ဖြစ်သွားပြီဆိုတော့... သူတို့ကိုပါ တပါတည်း ခေါ်လာခဲ့တာပါ... ခေါင်းဆောင်ဆီမှာ ထမင်းတစ်လုပ်လောက် တောင်းစားလို့ ရမလားလို့ပါ...”
“ခေါင်းဆောင်ကို ကြိုမပြောဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်မိတဲ့အတွက်... ကျော်ခွမိသလို ဖြစ်သွားရင် အပြစ်ပေးပါခင်ဗျာ...”
“ဟား... ဟား... ဟား...”
ဆုမိုက သဘောကျစွာ ရယ်လိုက်ပြီး လျိုမို၏ ပခုံးကို ပုတ်လိုက်သည်။
“ဘာစကား ပြောတာလဲ အဖွဲ့မှူးလျူရာ... ဇီယန်အာမခံဌာနက ပြန်လည် ဦးမော့လာဖို့ ကြိုးစားနေတဲ့အချိန်... လူအင်အား လိုအပ်နေတဲ့အချိန်ပဲဗျ...”
“ဒါပေမဲ့ လူတိုင်းက စောင့်ကြည့်နေကြတော့... နောက်ကွယ်ကနေ ဒုက္ခပေးမယ့်သူတွေ ပါလာမှာ စိုးလို့... တံခါးဖွင့်ဖို့ အချိန်ဆွဲနေခဲ့ရတာပါ...”
“အခု ခင်ဗျား ခေါ်လာတဲ့ ညီအစ်ကိုတွေက... `လမ်းငါးသွယ်ဆုံရပ်` မှာ အတူတူ ခရီးသွားခဲ့ဖူးတဲ့သူတွေပဲ...”
“အခု ဇီယန်အာမခံဌာနကို ရောက်လာမှတော့... မကြိုဆိုစရာ အကြောင်း မရှိပါဘူး...”
“ဒါပေမဲ့... တစ်ခုတော့ ကြိုပြောထားရမယ်...”
ဆုမိုက ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ဝေ့ကြည့်လိုက်သည်။
ထိုလူစုက ဆုမို၏ စကားကို နားထောင်ရင်း ခါးမတ်လိုက်ကြပြီး ဆုမို၏ ဆုံးမစကားကို စောင့်မျှော်နေကြသည်။
“ခင်ဗျားတို့ကို ကြိုဆိုပါတယ်... တံခါးဖွင့်ပေးလိုက်ပါပြီ...”
“ဒါပေမဲ့ အာမခံဌာန ဆိုတာက ကာကွယ်ရေး တပ်ဖွဲ့နဲ့ မတူဘူး...ကျွန်တော်တို့ အာမခံဌာနက သိုင်းလောကထဲမှာ ကျင်လည်ပြီး ဂုဏ်သတင်း တည်ဆောက်ရတာ... ကျွန်တော်တို့ရဲ့ စည်းကမ်းတွေက ကာကွယ်ရေး တပ်ဖွဲ့ထက် ပိုတင်းကျပ်တယ်...”
“ဝင်လာပြီးရင်... ကျွန်တော်တို့ရဲ့ စည်းကမ်းတွေကို တိတိကျကျ လိုက်နာရမယ်... တကယ်လို့ ချိုးဖောက်ခဲ့ရင်...ကျွန်တော့်ကို သဘောထားတင်းမာတယ်လို့ အပြစ်မတင်ကြနဲ့နော်...”
“သေချာပေါက် လိုက်နာပါ့မယ်...”
“ခေါင်းဆောင်ရဲ့ အမိန့်ကို နာခံပါ့မယ်...”
“ခေါင်းဆောင်က ကျွန်တော်တို့ကို လက်ခံလိုက်ပြီလား...”
ဆုမို၏ စကားကို ကြားလိုက်ရသောအခါ ထိုလူစုက စည်းကမ်းလိုက်နာမည် ဖြစ်ကြောင်း တညီတညွတ်တည်း ကတိပေးကြသည်။
ဒါကို မြင်တော့ ဆုမိုက သဘောတကျ ရယ်လိုက်၏။
“ကောင်းပြီ... ဒါဆိုရင် ဒီနေ့ကစပြီး ကျွန်တော်တို့က ထမင်းအိုး တစ်လုံးတည်းက ထမင်းကို အတူတူ နှိုက်စားကြတော့မယ်...”
“လာကြ... လာကြ... ဒီည စားသောက်ပွဲ ကျင်းပမယ်... အရက်တွေ မကုန်မချင်း မပြန်ကြေး...”
ဦးလေးဖူက ညနေခင်း တစ်လျှောက်လုံး ပြင်ဆင်ထားသမျှကို ဆုမို စကားအဆုံးတွင် စားပွဲဝိုင်းများ ချခင်းပြီး တည်ခင်း
ဧည့်ခံလိုက်လေသည်။
အစားအသောက်များ၊ အရက်သေစာများ ပေါများလှသဖြင့် အားလုံး ပျော်ပျော်ပါးပါး စားသောက်နေကြစဉ်... ဆုမိုက အခန်းထဲတွင် အိပ်ပျော်နေသော ကျန်းရှောင်ရှောင်ကို သတိရသွား၏။
သူမကို သွားနှိုးပြီး စားသောက်ပွဲသို့ ခေါ်လာသောအခါ... လူတိုင်း `ပါးစပ်အဟောင်းသား` ဖြစ်သွားကြရသည်။
စိတ်လှုပ်ရှားလွန်းပြီး ဘေးနားက လူတွေကိုပါ ပါးစပ်ထဲ ကောက်ထည့်လိုက်မှာ စိုးရိမ်ရသည့် အနေအထားပင်...။
***