~ပျော်ရွှင်စရာ ညတစ်ည ကုန်ဆုံးသွားပြီးနောက် မျက်လုံးဖွင့်လိုက်ချိန်တွင် နောက်တစ်နေ့၏ နံနက်ခင်း အလင်းရောင်သည် ကမ္ဘာလောကကို လှပစွာ ဖြန့်ကျက်ထားလေပြီ။
သိုင်းပညာရှင်တို့..မည်သည် စောစောထလေ့ ရှိသည် မဟုတ်ပါလော။ အာရုဏ်မတက်မီ အလင်းရောင်ပျပျ အချိန်၌ပင် ဆုမို သည် သူတတ်မြောက်ထားသမျှ သိုင်းပညာများကို လေ့ကျင့်ပြီးနေလေပြီ။
`စနစ်` အကူအညီဖြင့် သိုင်းပညာ အများစုကို အထွတ်အထိပ်သို့ ရောက်ရှိအောင် လုပ်ဆောင်ထားနိုင်သော်ငြား... `ဇီယန်ဂိုဏ်း`၏ သိုင်းပညာများကိုမူ ကိုယ်တိုင်ကိုယ်ကျ တဖြည်းဖြည်းချင်း ကျင့်ကြံအားထုတ်ရန် လိုအပ်ပေသည်။
`မဟာနေမင်း ဖြန့်ကျက်လက်ဝါး`သည် အပေါ်ယံကြည့်လျှင် ရိုးရှင်းသယောင် ရှိသော်လည်း... လက်တွေ့တွင် သူ အများဆုံး အသုံးပြုသော သိုင်းကွက် တစ်ခု ဖြစ်ချေ၏။
ဤသိုင်းကွက်သည် ပွင့်လင်းမြင်သာပြီး ရိုးသားဖြောင့်မတ်သည့် ပုံစံ ရှိသဖြင့်... ရန်သူကို တိုက်ခိုက်ရာတွင် အားကို လိုသလို လျှော့ချထိန်းချုပ်နိုင်သည်။ သာမန် လက်ရည်ယှဉ်ပြိုင်ရာတွင် ဖြစ်စေ၊ တကယ့် တိုက်ပွဲခွင်တွင် ဖြစ်စေ အလွန် အသုံးဝင်လှပေ၏။
ထို့ကြောင့် ဆုမို သည် ဤသိုင်းပညာကို လေ့ကျင့်ရန် မည်သည့်အခါမျှ မပေါ့ဆခဲ့ချေ။
ထို့နောက်တွင် `သက်တန့်ရောင်စဉ် နှလုံးသားဓားသိုင်း`ကိုလည်း ဆက်လက် လေ့ကျင့်လိုက်ရာ အတော်လေး တိုးတက်မှု ရှိလာခဲ့သည်။ လေ့ကျင့်ခန်း ပြီးဆုံးသောအခါ အဝတ်အစား လဲလှယ်ပြီး စာကြည့်ဆောင်သို့ ထွက်လာခဲ့လေ၏။
ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ (၂) နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဆုမို အနှစ်သက်ဆုံး နေရာမှာ `ဆုထျန်းယန်`၏ စာကြည့်ဆောင်ပင် ဖြစ်လေသည်။
ဤနေရာ၌ ဘာသာရပ်စုံ လေ့လာစရာ စာအုပ်စာပေများစွာ ရှိ၏။ အတိတ်ကာလကမူ ဆုမို သည် သိုင်းပညာဆိုင်ရာ စာပေများနှင့် သိုင်းလောက ဗဟုသုတများကိုသာ အဓိကထား ရှာဖွေဖတ်ရှုခဲ့သည်။ ဆုမိသားစု ဘိုးဘေးအဆက်ဆက်၏ ခရီးသွားမှတ်တမ်းများလည်း ပါဝင်၏။
ထိုမှတ်တမ်းများတွင် သိုင်းလောက၏ ဉာဏ်နီဉာဏ်နက်များ၊ လှည့်ကွက်များစွာကို ဖော်ပြထားသဖြင့်…
သိုင်းလောကအကြောင်း နကန်း တစ်လုံးမျှ မသိခဲ့သော သူ့အား ဗဟုသုတများစွာ တိုးပွားစေခဲ့သည်မှာ အမှန်ပင်။
သို့သော်ငြား... ယခုတစ်ဖန် စာကြည့်ဆောင်ကို ပြန်လည် ကြည့်ရှုမိသောအခါ... သူ မတွေ့ရှိသေးသော လျှို့ဝှက်ချက်များ ရှိနေဦးမည်ဟု ခံစားလိုက်ရ၏။
ဆုထျန်းယန်၏ ဘဝဖြတ်သန်းမှုများမှာ သာမန် မဟုတ်ခဲ့ပေ။ ဇီယန်ဂိုဏ်းမှ ပြန်ရောက်ပြီးနောက် သူ လုပ်ဆောင်ခဲ့သော ကိစ္စရပ်များမှာ ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။
သို့ဆိုလျှင်... စာကြည့်ဆောင်ထဲတွင် သူ ချန်ထားခဲ့သော အရာများ ရှိနေနိုင်သည် မဟုတ်ပါလော။
ဤသို့ တွေးမိသည်နှင့် ဆုမို သည် လက်ကိုပိုက်ကာ စာကြည့်ဆောင်ကို စတင် မွှေနှောက်ရှာဖွေတော့၏။
သိုင်းလောကရှိ အိမ်အများစုတွင် လျှို့ဝှက်အခန်းများ ရှိတတ်ကြပြီး... မီးအိမ်များ၊ အလှဆင်ပစ္စည်းများကို လှည့်လိုက်လျှင် ယန္တရားများ ပွင့်လာတတ်သည် မဟုတ်ပါလော။
ယခင်က ဆုမို.. ဤအချက်ကို ထည့်မစဉ်းစားခဲ့မိ။ ယခုမူ... စာကြည့်ဆောင် အတွင်းရှိ မီးအိမ်များနှင့် ပန်းအိုးများကို တစ်ခုမကျန် လိုက်လံ လှည့်ပတ် စမ်းသပ်ကြည့်လေသည်။
သို့သော်... အရာထင်မလာခဲ့ချေ။
“ဒီမှာ ဘာလုပ်နေတာလဲ...”
နောက်ကျောဘက်မှ အသံ တစ်သံ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်သောအခါ
ယန်ရှောင်ယွင်သည် တံခါးဝမှ နေ၍ စပ်စုချင်စိတ်ဖြင့် ခေါင်းပြူကြည့်နေသည်ကို တွေ့လိုက်ရ၏။
“ဦးလေးဖူက မနက်စာ စားဖို့ လာခေါ်ခိုင်းလို့လေ... နင့်ကိုပါ ခေါ်ခဲ့ဆိုလို့... အခန်းထဲမှာ မတွေ့တာနဲ့ ဒီရောက်လာတာ... ဘာတွေ လုပ်နေတာလဲ...”
ဆုမို သည် နှုတ်ခမ်းကို သပ်လိုက်ပြီး ယန်ရှောင်ယွင် အား အခန်းထဲသို့ ဆွဲခေါ်ကာ သူ့အတွေးများကို ရှင်းပြလိုက်သည်။
“အဖေ မဆုံးပါးခင်တုန်းက... အနာဂတ်အတွက် ဘာမှ ကြိုတင် မစဉ်းစားခဲ့ဘူးလို့ အစ်မ ထင်လား...”
“ကျွန်တော်က အသုံးမကျတဲ့ကောင် ဖြစ်နေခဲ့ရင်တောင်... သူက ဘာမှ စိတ်မပူဘဲ နေခဲ့ပါ့မလားဗျာ...”
“ဒါကတော့...”
ယန်ရှောင်ယွင် သည် ဆုမို ၏ လက်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်မိ၏။
“ဦးလေးဆုက နင့်ကို ကောင်းကောင်းမွန်မွန် နေထိုင်သွားစေချင်ရုံ သက်သက် ဖြစ်မှာပါ... ငါ့အဖေက ငါတို့အပေါ် မျှော်လင့်ထားသလိုမျိုးပေါ့...”
သူမစကားအား ဆုမို ခေါင်းငြိမ့်လိုက်သော်လည်း ချက်ချင်းပင် ခေါင်းပြန်ခါလိုက်သည်။
“ဒါပေမဲ့ဗျာ... သူ မရှိတော့ရင် ဖြစ်လာမယ့် ကိစ္စတွေကို ခန့်မှန်းရခက်တယ်လေ...”
“တကယ်လို့ သူ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ရင်... အရန်အစီအစဉ် မရှိဘဲ နေပါ့မလား...”
“သူ့တစ်သက်တာ လုပ်ရပ်တွေကို ကြည့်ရင်... ရိုးသားဖြူစင်တဲ့ အချိန်တွေ ရှိပေမယ့်... စိတ်လိုက်မာန်ပါ လုပ်လေ့လုပ်ထ မရှိဘူး... သူ့ရဲ့ သေဆုံးမှုအတွက် စီစဉ်ထားတာက ဒီလောက်ပဲ ရှိတယ် ဆိုရင်တော့... နည်းနည်း ပေါ့လျော့လွန်းရာ မကျဘူးလား...”
ယန်ရှောင်ယွင် က ခေါင်းကို ညင်သာစွာ ငြိမ့်လိုက်သည်။
“နင်ပြောမှပဲ... ငါလည်း တစ်ခုခု ကျန်နေသလို ခံစားရတယ်...”
“ကဲ... ဒါဆို ရှာကြတာပေါ့...”
ခေါင်းဆောင်ဆု ခေါင်းငြိမ့်လိုက်ပြီး နှစ်ဦးသား ဆက်လက် ရှာဖွေကြ၏။
ခေါင်းဆောင်ဆု သည် အခန်းတွင်းရှိ အလှဆင်ပစ္စည်းများနှင့် မီးအိမ်များကို စမ်းသပ်ပြီးပြီ ဖြစ်၍... ဘာမှ မတွေ့ခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ နှစ်ဦးသားသည် စင်ပေါ်ရှိ စာအုပ်များ အားလုံးကို အောက်ချကာ တစ်အုပ်ချင်းစီ လှန်လှော ရှာဖွေကြတော့သည်။
သူတို့နှစ်ဦး စာအုပ်ပုံကြားထဲတွင် ဗျာများနေစဉ် `ဦးလေးဖူ` ဝင်လာလေသည်။
စာအုပ်ပုံထဲတွင် နစ်မြုပ်နေသော သူတို့နှစ်ဦးကို မြင်သောအခါ ဦးလေးဖူ ကြောင်အသွား၏။
“သခင်လေး... သခင်မလေးယန်... ဘယ်များ ပျောက်သွားကြပါလိမ့်လို့ တွေးနေတာ...”
“ရုတ်တရက်ကြီး ဘာစိတ်ကူးပေါက်ပြီး စာအုပ်တွေ ထဖတ်နေကြတာလဲဗျ...”
ခေါင်းဆောင်ဆု သည် ရုတ်တရက် ခေါင်းမော့ကာ ဦးလေးဖူကို ကြည့်လိုက်သည်။ ခဏမျှ ကြောင်နေရာမှ နဖူးကို ရိုက်လိုက်မိ၏။
“ငါတို့ တုံးလိုက်တာနော်...”
ယန်ရှောင်ယွင် လည်း သဘောပေါက်သွားသည်။
“ဟုတ်ပါရဲ့... အသိဆုံးလူက ဘေးနားမှာ ရှိနေတာကို မမေးမိဘဲ... ဘာတွေ လုပ်နေမိတာပါလိမ့်...”
“ဟေ...”
ဦးလေးဖူသည် သူတို့နှစ်ဦးကို နားမလည်စွာ ကြည့်နေမိ၏။
“ဘာတွေ ဖြစ်ကုန်ကြတာလဲ...”
“ဦးလေးဖူ...”
ဆုမို ခဏစဉ်းစားပြီး မေးလိုက်သည်။
“အဖေ ဇီယန်ဂိုဏ်းကို နောက်ဆုံးတစ်ခေါက် သွားတုန်းက အကြောင်းကို ဦးလေးဖူ သိလား...”
“ဇီယန်ဂိုဏ်း...”
ဦးလေးဖူ စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်၏။
“မှတ်မိတာပေါ့... နှစ်တွေ ကြာခဲ့ပြီ ဆိုပေမယ့်... အဲဒီတုန်းက သခင်ကြီး ပြန်ရောက်လာပြီးနောက်ပိုင်း တော်တော်လေး စိတ်ဓာတ်ကျနေခဲ့တာလေ...”
“ဦးလေးဖူ... အဖေ ပြန်ရောက်လာပြီးတဲ့နောက် ထူးဆန်းတာတွေ လုပ်တာ၊ ပုံမှန် မဟုတ်တာတွေ လုပ်တာမျိုး သတိထားမိလိုက်လား...”
ဆုမို က အလျင်စလို မေးလိုက်သည်။
“အများကြီးပဲ...”
ဦးလေးဖူက ပြုံးရင်း ပြောသည်။
“ဒီနေ့မှ ဘာလို့ အတိတ်က အကြောင်းဟောင်းတွေကို စိတ်ဝင်စားနေရတာလဲ...”
ဆုမို သက်ပြင်းချလိုက်သည်။
“သားအဖ ဆိုပေမယ့်... ကိုယ့်အဖေအကြောင်း ကိုယ်သိတာ နည်းလွန်းတယ်လို့ ခံစားမိလို့ပါဗျာ...”
“အင်း... ဒါကတော့ ဟုတ်ပါတယ်...”
ဦးလေးဖူ ခေါင်းငြိမ့်လိုက်သည်။
“အရင်တုန်းက သခင်လေးရဲ့ အပြုအမူတွေက သိပ်အားရစရာ မကောင်းခဲ့တာကိုး... ဒါပေမဲ့ ထားလိုက်ပါတော့... လမ်းမှားကနေ ပြန်လှည့်လာတဲ့ သားမိုက်က ရွှေထက် တန်ဖိုးရှိပါတယ်... အခု သခင်လေးက သူရဲကောင်းဆန်ပြီး ထူးချွန်နေပြီပဲ... ရပ်ကွက်ထဲက လူတွေတောင် သခင်လေး ပြောင်းလဲသွားတဲ့ အကြောင်း ပြောနေကြတာ...”
“တချို့ဆိုရင် သူတို့ သားသမီးတွေကို ဇီယန်အာမခံဌာနထဲ ဝင်စေချင်ကြတာ... နှမြောစရာ ကောင်းတာက သခင်လေးက တပည့်လက်မခံသေးလို့သာ... မဟုတ်ရင် ကျုပ်တို့ ဇီယန်အာမခံဌာနက ဘိုးဘေးတွေ လက်ထက်ကထက်တောင် ပိုပြီး စည်ကားနေလောက်ပြီ...”
“တစ်လှမ်းချင်း သွားရမှာပေါ့ ဦးလေးဖူရာ... ထမင်းကို တစ်လုပ်ချင်း စားသလိုပေါ့... ဖြည်းဖြည်းချင်းနဲ့ မှန်မှန် သွားတာ ကောင်းပါတယ်...”
ဆုမို က စိတ်ရှည်လက်ရှည် ပြုံးပြလိုက်သည်။
“သခင်လေး ပြောတာ မှန်ပါတယ်...”
“ဒါနဲ့... သခင်ကြီး ပြန်ရောက်လာပြီးနောက်ပိုင်း လုပ်ခဲ့တဲ့ ကိစ္စတွေထဲက တချို့ကိုတော့ ကျုပ်.. မှတ်မိနေပါသေးတယ်…”
***